Wednesday, April 6, 2016

အစိုးရသစ်နှင့် စတုတ္တမဏ္ဍိုင်ရဲ့အခန်းကဏ္ဍ

The Voice Daily, 06-04-2016

အစိုရသစ်နှင့် နိုင်ငံပိုင်မီဒီယာများ

စစ်တပိုင်းအစိုးရရဲ့ သမ္မတဦးသိန်းစိန်ကနေ NLD အစိုးရရဲ့ သမ္မတဦးထင်ကျော်ဆီ တာဝန်လွဲပြောင်း ပြီးပြီးချင်း ပထမ ဆုံးမြင်လိုက်ရတဲ့ အပြောင်းအလဲကတော့ နိုင်ငံပိုင်သတင်းစာတွေရဲ့ သတင်းရွေးချယ်ခြင်း မူဝါဒပါပဲ။ အရင်က ယူနီဖောင်းဝတ်စစ်ဗိုလ်ပုံတွေနဲ့ပြည့်နေတဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေရဲ့ မျက်နှားဖုံးဟာ ပင်နီဝတ် အစိုးရသစ်ဝန်ကြီးတွေရဲ့ပုံနဲ့ ချက်ချင်းပြည့်သွားခဲ့ပါတယ်။ အဲဒီနေ့ (မတ်လ ၃၁ ရက်)က ၀ယ်သူများလွန်းလို့ သတင်းစာတောင် ပြတ်သွားတယ်လို့ဆိုပါတယ်။


ဘီဘီစီ အပါဝင် ပြည်ပအသံလွှင့်ဌာတွေက ဒီအကြောင်းသတင်းလုပ်တဲ့အပြင် ဆိုရှယ်မီဒီယာတွေပေါ်မှာ လည်း အတော်လူပြောများတဲ့ သတင်းတခုဖြစ်ခဲ့ပါတယ်။ သာမန်နိုင်ငံသားအများစုက နိုင်ငံပိုင်သတင်းစာတွေ ဒီလို မူဝါဒပြောင်းလာတာကိုကြိုဆိုကြပေမဲ့ သတင်းသမားတွေနဲ့ ဆန်းစစ်ဝေဖန်သူတချို့ကတော့ ဒါဟာ နိုင်ငံပိုင် မီဒီယာတွေ မူဝါဒပြောင်းတာဟုတ်ရဲ့လား။ တက်လာတဲ့အစိုးရအကြိုက်ဖြစ်အောင် လိုက်ရေးတာမျိုးလားဆိုပြီး မေးခွန်းထုတ်ကြပါတယ်။

ဘီဘီစီ မှာကြားလိုက်ရတဲ့ ကြေးမုံအယ်ဒီတာရဲ့အပြောတိုင်းဆိုရင်တော့ ဒါဟာ NLD အစိုးရ ပြန်ကြားရေးဝန်ကြီးသစ်ရဲ့လမ်းညွှန်မှုအရ လုပ်လိုက်တာလို့သိရပါတယ်။ အဓိပ္ဗာယ်က ရွေးကောက်ခံ အစိုးရသစ်တက်လာလို့ နိုင်ငံပိုင်သတင်းစာတွေ အယ်ဒီတာမူဝါဒ လွတ်လပ်သွားတာမျိုးမဟုတ်။ အစိုးရပြောင်းသွားလို့ အစိုးရသစ်အကြိုက် အယ်ဒီတာတွေက လိုက်ရေးတဲ့သဘောသာဖြစ်တယ်လို့ နားလည်မိပါတယ်။

ဒါက ပုံနှိပ်မီဒီယာဖက်မှာ မြင်ရတဲ့အပြောင်းအလဲ။ အသံလွှင့်မီဒီယာဖြစ်တဲ့ မြန်မာ့အသံနဲ့ မြန်မာ့ရုပ်သံ ဖက်မှာ ဘယ်လိုအပြောင်းအလဲရှိသလဲဆိုတာကိုတော့ မသိနိုင်သေးပါ။ အရင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ခေတ်ကတော့ နိုင်ငံပိုင်မီဒီယာတွေကို အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ် အသွင်ပြောင်းရေး ဆိုပြီး စီမီနာတွေလုပ်တာတွေ့ခဲ့ဖူးပါတယ်။

NLD အစိုးရဖက်ကတော့ ဒီမိုကရေစီခေတ်မှာ ပြန်ကြားရေးဝန်ကြီးဌာနမလိုတော့ဘူးလို့ ပထမ ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဒီဌာနကိုဆက်ထားပြီး ၀ါဒဖြန့်ချီရေးအစား အစိုးရရဲ့ လုပ်ဆောင်မှုတွေကို အများပြည်သူသိအောင် သတင်းထုတ်ပြန်ရေးအတွက် အသုံးပြုသွားမယ်လို့ ပြောပါတယ်။ နိုင်ငံပိုင်မီဒီယာတွေရဲ့ အဓိကတာဝန်က ဘာလဲ၊ အများပြည်သူဝန်ဆောင်မှု မီဒီယာအဖြစ် တကယ်အသွင်ပြောင်းမှာလား။ လာမဲ့ ရက် ၁၀၀ အတွင်း တိကျတဲ့မူဝါတခုခုတော့ ကြားလာရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အစိုးရသစ်နှင့် ပုဂ္ဂလိက မီဒီယာများ

နိုင်ငံပိုင်သတင်းစာတွေက အခုလိုအသွင်ပြောင်းသွားတဲ့အချိန်မှာ ပုဂ္ဂလိက သတင်းစာတွေမှာကော ဘယ်လို အသွင်ပြောင်းမှုရှိသလဲ။ NLD အစိုးရသစ်အပေါ် စစ်တပ်ကလွှမ်းမိုးမှုရှိနေဆဲဆိုတာတွေ၊ ရခိုင်လွှတ်တော်ထဲကနေ အမတ်တချို့ သပိတ်မှောက်ထွက်သွားတာတွေ၊ တိုင်းရင်းသားပါတီတွေအပေါ် အစိုးရသစ်ဖက်က အလေးထားမှု အားနည်းတာတွေအပေါ် ကာတွန်းပုံတွေ၊ ထင်မြင်ချက်တွေနဲ့ ဝေဖန် တာမျိုးတွေ့ရပေမဲ့ သိပ်မပြင်းထန်လှဘူးလို့ လေ့လာသူတွေကဆိုပါတယ်။


အာဏာလွဲမှုမတိုင်ခင် ရက်ပိုင်းလေးမှာပြုလုပ်တဲ့ ဗွီအိုအေ (တိုက်ရိုက်လေလှိုင်း) ဆွေးနွေးခန်းတခုမှာ ဆိုရင် ‘'မီဒီယာသမားတွေဟာ ဦးသိန်းစိန်အစိုးရကို ပက်ပက်စက်စက် ဝေဖန်ရဲပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်ကိုတော့ အဲဒီလိုမဝေဖန်ရဲဘူးဗျ’' လို့ ရန်ကုန်က သတင်းစာဆရာတဦးက ဆွေးနွေးသွား တာကြားလိုက်ရပါတယ်။ ပြည်သူအများစုကမဲပေးရွေးချယ်ထားတဲ့အစိုးရကို ဝေဖန်ရင် အဲဒီလိုဝေဖန်တဲ့ သတင်းစာကို မဲဆန္ဒရှင်တွေက မကြိုက်မှာ (၀ယ်မဖတ်ပဲ ဆန္ဒပြမှာစိုးလို့) စိုးလို့ဖြစ်ပုံရပါတယ်။

တနည်းအားဖြင့် ပုဂ္ဂလိကသတင်းစာတွေဟာ အယ်ဒီတာမူဝါဒ လွတ်လပ်ပေမဲ့ သတင်းစာကိုဝယ်ယူ အားပေးနေတဲ့ ဈေးကွက်ထဲကပြည်သူတွေအကြိုက်ကို လွန်ဆန်ပြီး ယုံကြည်တဲ့အတိုင်းမရေးရဲသေးတဲ့ သဘောပါ။ ကြော်ညာနဲ့ သတင်းစာရောင်းအားပေါ်မှာသာ အခြေခံထားရတဲ့ ပုံနှိပ်မီဒီယာတွေ လွတ်လပ်စွာ ရှင်သန်နိုင်ဖို့အတွက် နည်းလမ်းသစ်တခုခု ရှာဖွေရေး စတင်စဉ်းစားဖို့လိုနေပြီဖြစ်ပါတယ်။ အယ်ဒီတာမူဝါဒ လွတ်လပ်တဲ့အပြင် သတင်းစာဆရာတွေရဲ့ တာဝန်အရဝေဖန်မှုကို အများပြည်သူလက်ခံလာအောင် ကြိုးစားဖို့လိုအပ်နေဆဲဖြစ်ပါတယ်။

အစိုးရသစ်နှင့် ဆိုရှယ်မီဒီယာများ

Mainstream media လို့ခေါ်ကြတဲ့ ရုပ်-သံ၊ ရေဒီယို၊ သတင်းစာတွေက အစိုးရသစ်အပေါ် ဝေဖန်ဖို့ တုန့်ဆိုင်းဆိုင်း ဖြစ်နေချိန်မှာ တကိုယ်စာယုံကြည်ရာကို လွတ်လပ်စွာပြောနိုင်တဲ့ Social Media ခေါ် လူမှုကွက်ရက် မီဒီယာ၊ အထူးသဖြင့် မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်တဲ့ Facebook ပေါ်မှာတော့ ဝေဖန်ချက်မျိုးစုံ၊ ထင်မြင်ချက်မျိုးစုံကို အချိန်နဲ့တပြေးညီ မြင်ခွင့်၊ ကြားခွင့်ရနေပါတယ်။


ပိုထူးခြားတာကတော့ ရှေ့မှာတင်ပြခဲ့တဲ့ ပုဂ္ဂလိကသတင်းစာက သတင်းဝေဖန်ချက်ရေးသားသူတချို့ဟာ အယ်ဒီတာမူဝါဒလွတ်လပ်ပါတယ်ဆိုတဲ့ သူတို့ရဲ့သတင်းစာမှာ မတင်ရဲတဲ့ (မတင်သင့်သေးဘူးလို့ ယူဆတာလဲဖြစ်နိုင်ပါတယ်) သတင်းဝေဖန်ချက်တွေကို ဆိုရှယ်မီဒီယာပေါ် လာတင်ထားတာမျိုးတွေ့ရ ပါတယ်။ တချို့သတင်းဝေဖန်သူတွေကတော့ ကိုယ်တိုင်ဝေဖန်ချက်မရေးပဲ နိုင်ငံတကာသတင်းစာတွေက ဝေဖန်ချက်တွေကို ဆိုရှယ်မီဒီယာပေါ်မှာ Share ထားတာတွေ့ရပါတယ်။ 

မတ်လ ၂၉ ရက်စွဲနဲ့ထွက်လာတဲ့ ‘’စစ်မှန်တဲ့အမျိုးသား ပြန်လည်သင့်မြတ်ရေးအစိုးရ ဟုတ်ရဲ့လား’’ ဆိုတဲ့ NLD အစိုးရသစ်အပေါ် ဝေဖန်ထောက်ပြထားတဲ့ ဆောင်းပါးဟာ အတော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမဲ့ ပြည်တွင်းထုတ် သတင်းစာတွေ၊ ဂျာနယ်တွေက မထည့်ရဲတဲ့အတွက် ထိုင်း-အခြေစိုက် ရှမ်းသံတော်ဆင့် အွန်လိုင်း သတင်းစာမျက်နှာပေါ် တင်လိုက်ရတယ်လို့ အဲဒီဆောင်းပါးရှင်ကပြောပါတယ်။ 

တခါ အဲဒီရက်ပိုင်းအတွင်းထွက်ပေါ်လာတဲ့ http://asia.nikkei.com/ ပါ  Andrew Selth ရဲ့ The Lady and authoritarianism in Myanmar ဆိုတဲ့ ဆောင်းပါးကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါပေမဲ့ ပြည်တွင်းထုတ် သတင်းစာတွေ ဂျာနယ်တွေမှာ ပြန်လည်ဖေါ်ပြတာမတွေ့ရပဲ ဆိုရှယ်မီဒိယာပေါ် Share ထားကြတာကိုသာတွေ့ရပါတယ်။

ဒါတွေဟာ အစိုးရသစ်အပေါ်ဝေဖန်ရေးနဲ့ပတ်သက်ပြီး မီဒီယာသမားတွေကိုယ်တိုင် Self Censor ဖြစ်သွားတဲ့သဘောလား။ honeymoon period ရက် ၁၀၀ အတွင်းတော့ မဝေဖန်သင့်သေးဘူးဆိုပြီး ရေငုံထားတဲ့ သဘောလား။ သေချာတာကတော့ အစိုးရသစ်အပြောင်းအလဲရဲ့ ပဲ့တင်သံကို Mainstream media ထက် Social Media မှာ ပိုတွေ့လာနေရပါတယ်။

အစိုးရသစ်နှင့် စတုတ္တမဏ္ဍိုင်ရဲ့အခန်းကဏ္ဍ

အစိုးရတရပ် ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုရှိ မရှိ၊ တနည်းအားဖြင့် အာဏာခွဲဝေမှု စနစ်တကျရှိမရှိကို တိုင်းတဲ့အခါ အစိုးရ (အုပ်ချုပ်ရေး) ပါလီမန် (ဥပဒေပြုရေး) နဲ့ တရားရုံး (တရားစီရင်ရေး) တွေ သီးခြားစီ လွတ်လပ်စွာရှိရဲ့လားဆိုတဲ့ ပေတံနဲ့ တိုင်းလေ့ရှိကြပါတယ်။ အခု NLD အစိုးရသစ်လက်ထက်မှာ အရင် စစ်တပိုင်းအစိုးရထက် ပိုလွတ်လပ် ပြီး ပိုတရားမျှတမှုရှိလာမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။


ဒါပေမဲ့ ပါတီတခုတည်းက အမတ်နေရာအများစုအနိုင်ရထားတာကြောင့် ဒီမဏ္ဍိုင် ရပ်ဟာ သီးခြားစီ ရပ်နိုင်စွမ်း ရှိသေးရဲ့လားဆိုတာကတော့ မေးခွန်းထုတ်စရာရှိလာပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် ရွေးကောက်ပွဲမှာ အရေးနိမ့်သွားတဲ့ ကြံ့ခိုင်ရေးပါတီဟာ အတိုက်အခံပါတီဖြစ်လာရမှာပါ၊ အခုတော့ သူ့ပါတီက လူတွေလည်း အစိုးရထဲမှာပါနေတဲ့ အတွက် ပါလီမန်ထဲမှာ အတိုက်အခံပါတီ မရှိတော့ သလိုဖြစ်နေပါတယ်။ 

ပါလီမန်အသစ်မှာ NLD အမတ်တွေဖက်က ပထမ ဆုံးတင်သွင်းတဲ့ အရေးကြီးအဆိုကို တပ်မတော်သား ကိုယ်စားလှယ်တချို့နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တချို့က ကန့်ကွက်တယ်လို့ကြားရတဲ့အတွက် သူတို့ကိုပဲ အတိုက်အခံအဖြစ် သဘောထားသင့်သလားဆိုပြီးလဲ ပြောဆိုမှုတွေ ကြားလာနေရပါတယ်။ 


ဒါက ပါလီမန်အတွင်းကအခြေနေအနေပါ။ ပါလီမန်အပြင်ဖက်ကိုကြည့်မယ်ဆိုရင်တော့ အရင် စစ်တပိုင်းအစိုးရခေတ်မှာ စတင်အားကောင်းလာတဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း သို့မဟုတ် CSO ခေါ် အရပ်ဖက်အဖွဲ့အစည်းတွေရဲ့အသံလည်း လောလောဆယ် ငြိမ်နေတာကို သတိထားမိပါတယ်။ NLD ပါတီနဲ့ ဒီအဖွဲ့အစည်းတွေဟာ အရင်အတိုက်အခံဘ၀က အတူတကွလှုပ်ရှားခဲ့ဖူးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။


ဒီလိုအနေအထားမှာ အာဏာ ရပ်၊ သို့မဟုတ် မဏ္ဍိုင် ရပ်စလုံးကို အဓိကထောက်ပြဝေဖန်၊ ထိမ်းကြောင်းရမဲ့တာဝန်ဟာ စတုတ္တမဏ္ဍိုင်ဖြစ်တဲ့ လွတ်လပ်တဲ့သတင်းမီဒီယာ သမားတွေရဲ့ပခုံးပေါ် ကျလာနေပြီလို့ စာရေးသူက မြင်ပါတယ်။ အရှိကိုအရှိအတိုင်း၊ အမြင်ကိုအမြင်အတိုင်း တာဝန်သိစွာ ထုတ်ပြောဆိုရဲတဲ့ မီဒီယာသမားတွေ ပိုလိုလာပါတယ်။ ဒီအတွက် လွတ်လပ်ပွင့်လင်းပြီး အရည်အသွေးရှိတဲ့ မီဒီယာသမားတွေ၊ မီဒီယာ အင်စတိကျုးရှင်းတွေကို ၀ိုင်းဝန်းအားပေးကြဖို့ တိုက်တွန်း တင်ပြလိုက်ရပါ တယ်။

ထက်အောင်ကျော် (၀၂-၀၄-၂၀၁၆)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More