Thursday, March 7, 2024
“KIA နဲ့မဟာမိတ်တွေက စစ်ကောင်စီစခန်း ၁၀ ခုကို တပြိုင်တည်း သိမ်းပိုက်... ရ...
Sunday, February 11, 2024
“ပြည်ထောင်စုပြိုကွဲမှာ စိုးရိမ်သတဲ့လား...”
“ပြည်ထောင်စုပြိုကွဲမှာ စိုးရိမ်သတဲ့လား...”
(ထက်အောင်ကျော်)
(၁) ပြည်ထောင်စုနေ့ဆိုတာ ဘာလဲ
ပြည်ထောင်စုနေ့ နီးလာပြီဆိုတော့ ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ပွဲမှာ ဘယ်တိုင်းရင်းသားဝတ်စုံက အလှဆုံးလဲ၊ ဘယ်ပြည်နယ်က ကတာ အကောင်းဆုံးလဲ၊ ပြည်ထောင်စုနေ့ ညစာစားပွဲ ဘယ်သူတွေ တက်သလဲ... စသဖြင့် ပြောသံကြားရပေဦးမည်ပေါ့...
ဒါက လွတ်လပ်ရေးရပြီး နှစ် ၇၀ အတွင်း၊ အတိအကျပြောရမယ်ဆိုရင် ၁၉၆၂ မှာ
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ထောင်စုနေ့ကို လူအများစု
နားလည်ထားတဲ့ ရေဘူယျ ပုံစံဖြစ်ပါတယ်။
ပြည်ထောင်စုနေ့ဆိုတဲ့အသံကိုကြားလိုက်တာနဲ့ တိုင်းရင်းသားလူငယ်ပေါင်းစုံ ရိုးယာဝတ်စုံတွေဝတ်ပြီး ကခုန်နေကြတဲ့ပုံ၊ ဒါမှမဟုတ် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊
ရခိုင်၊ ရှမ်း တိုင်းရင်းသားတွေက ရိုးရာဝတ်စုံတွေဝတ်ပြီး မြန်မာပြည်မြေပုံကို ဝန်းရံနေတဲ့ပုံတွေကိုပဲ နိုင်ငံပိုင် မီဒီယာတွေက ဖေါ်ပြလေ့ရှိပါတယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ခေတ်မှာ လူဖြစ်လာတဲ့ စာရေးသူကိုယ်တိုင်လည်း ဒီလိုပါပဲ။ ပြည်ထောင်စုနေ့ဆိုရင် ပြည်ထောင်စုအလံတော်ကြီး နိုင်ငံတဝှမ်းပတ်ပြီး
ထားဝယ်လေဆိပ်ကိုရောက်လာတာ၊ တိုင်း-အားကစားကွင်းမှာ အဲဒီအလံကို
ခဏထားပြီး ပျော်ပွဲရွှင်ပွဲ ကျင်းပတာ၊ ပြည်ထောင်စုနေ့ စက်ဘီးပွဲမှာ ဝင်ပြိုင်ဖူးတာ စသဖြင့် ဒါတွေကိုပဲ သတိရနေပါတယ်။
ဆိုလိုတာက ဗမာလူများစုကြီးစိုးခဲ့တဲ့ ဗဟိုအစိုးရအဆက်ဆက်က ဝါဒဖြန့်ထားတဲ့ အပေါ်ယံပြည်ထောင်စုနေ့ ပျော်ပွဲရွှင်ပွဲမှာပဲ စိတ်ကရောက်နေပြီး ပြည်ထောင်စုရဲ့ အနှစ်သာရက ဘာလဲ၊ ပင်လုံစာချုပ်ကနေ ပြည်ထောင်စုနေ့ပေါ်လာတယ်ဆိုတာကို ကျောင်းစာအုပ်ထဲဖတ်ဖူးပေမယ့် ပင်လုံစာချုပ်အကြောင်း အသေးစိပ်အချက်အလက်တွေ၊ နောက်ခံသမိုင်းတွေကို
စဉ်းစားဖို့ စိတ်မဝင်စားခဲ့ပါဘူး။
ရှေ့မှာပြောခဲ့တဲ့ ပြည်ထောင်စုနေ့ ပွဲလမ်းသဘင်တွေမှာလည်း ပြည်ထောင်စု အနှစ်သာရအကြောင်း ဘာမှမပါဘူးရယ်။ “စည်းလုံးခြင်းရဲ့ခွန်အား” ဆိုတဲ့ သီချင်းနဲ့ ဆောင်ပုဒ်တွေကိုတော့ နေရာအတော်များများမှာတွေ့ရပြီး ထင်းစည်းပုံတခုကို လူတယောက်က ဒူးနဲ့တိုက် ချိုူးနေတဲ့ပုံ၊
တချောင်းချင်းဆိုရင် အချိုးခံရမယ်၊ အစည်းလိုက်ဆိုရင် အချိုးမခံရဘူး။ ဒါကြောင့် စည်းလုံးညီညွတ်ဖို့လိုတယ်ပေါ့... ဒီလိုအမြင်နဲ့ ရာစုနှစ်တဝက်ကျော် ဖြတ်သန်းခဲ့ပေါ့...
အခုကော ဘာထူးလို့လဲ... ပြည်ထောင်စုနေ့ကျရင် အာဏာသိမ်းစစ်ကောင်စီနဲ့ သူ့ကိုထောက်ခံသူတွေ၊ မလွန်ဆန်နိုင်သူတွေက အလားတူပွဲတွေကျင်းပပြီး ရှေးရိုးဆန်စွာ ဆက်သွားနေဦးမှာပါပဲ။
ညစာစားပွဲတက်တဲ့ နိုင်ငံရေးသမားဆိုသူတွေ၊ တိုင်းရင်းသားခေါင်းဆောင်ဆိုသူတွေကကော ဒီနှစ်သောက်ရတဲ့ ဝိုင်က မနှစ်ကလောက်မကောင်းဘူးဆိုပြီး ဆက်ပြောနေမှာလား၊ ရှေ့နှစ်ကျရင် ပြည်ထောင်စုနေ့က ဒီနှစ်တဲ့မတူနိုင်တော့ဘူး၊ အနာဂတ်ပြည်ထောင်စုပုံစံက
ဘယ်လိုဖြစ်သင့်တယ် စသဖြင့် ပြောဆိုဆွေးနွေးဖို့ သတ္တိရှိလာနေပြီလား...
သေချာတာကတော့ အခု ၂၀၂၄ ခုနှစ် ပြည်ထောင်စုနေ့အခြေအနေဟာ လွန်ခဲ့တဲ့ နှစ် ၆၀
အခြေအနေနဲ့မတူတော့ပါဘူး။ ဒီနေ့နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့လူငယ်တွေရဲ့အမြင်ဟာ မဆလ ခေတ်မှာလူဖြစ်လာတဲ့ စာရေးသူတို့ ငယ်ငယ်တုန်းကလို ရှေးရိုးစွဲအမြင်အောက်မှာ
ပိတ်မိနေသူတွေ မဟုတ်တော့ပါဘူး။ ဖက်ဒရယ်ပြည်ထောင်စုတွေ၊ ဗမာပြည်နယ်တွေကို ပွင့်လင်းစွာပြောဆိုနေကြသူတွေဖြစ်နေပါပြီ။
အဲ... လူငယ်တွေရဲ့အမြင်တွေတင် ပြောင်းသွားတာမဟုတ်ပါဘူး။ မြေပြင် ပထဝီအနေအထားတွေကလည်း ပြောင်းလဲသွားပါပြီ။ စစ်အုပ်စု ထိန်းချုပ်မှုအောက်နေ နယ်မြေတွေ တခုပြီး တခုလွတ်မြောက်ကုန်ပါပြီ။ ဒါကို ဘယ်လို အသိအမှတ်ပြုကြမလဲ၊ ပြည်ထောင်စုရှေ့ရေး
ဘယ်လိုသွးကြမလဲ... ဒါတွေကို အခုလို ပြည်ထောင်စုနေ့မှာ မဆွေးနွေးရင်
ဘယ်အချိန် သွားဆွေးနွေးမှာလဲ...။
------
(၂) ပြည်ထောင်စုပြိုကွဲမှာ စိုးရိမ်သတဲ့လား...
နယ်မြေသစ်တွေပေါ်ထွက်လာတဲ့အပေါ် “ပြည်ထောင်စုပြိုကွဲမှာ စိုးရိမ်မိတယ်”
လို့ ပထမ ဆုံး တရားဝင်ထုတ်ပြောသူကတော့ စစ်ကောင်စီ ဒုသမ္မတ ဦးမြင့်ဆွေပါပဲ။ အသက်ငင်နေတဲ့ စစ်ကောင်စီကို ၆ လတကြိမ် သက်တန်းတိုးခြင်းအခမ်းအနားတခုရဲ့ ကာ-လုံ အစည်းအဝေးမှာ ပြောသွားတာပါ။
အာဏာသိမ်းထားတဲ့ စစ်ကောင်စီထံက ဒီစကားထွက်လာတာ ဘာမှအံ့သြစရာမရှိပါဘူး။
ဒါပေမယ့် ဒီလိုစိုးရိမ်သူဟာ သူတယောက်တည်းဟုတ်ရဲ့လား။ ရှေ့မှာတင်ပြခဲ့တဲ့ စာရေးသူတို့လို မဆလ ခေတ်မှာ ကြီးလာတဲ့လူတွေ၊ မဆလ ခေတ် ကျောင်းသမိုင်းစာအုပ်ပါ အချက်အလက်တွေကို အမှန်လို့ထင်ခဲ့သူတွေထဲမှာလည်း ဦးမြင့်ဆွေလိုပဲ နိုင်ငံပြိုကွဲသွားမလားဆိုပြီး တွေးပူနေသူတွေအများကြီးရှိနေနိုင်ပါတယ်။
အချို့ဆို သူတိုရဲ့ စိုးရိမ်ပူပန်မှုကို ဆိုရှယ်မီဒီယာပေါ် တက်ရေးတဲ့အထိ တွေ့နေရပါတယ်။ ဒါကို အပြစ်မပြောလိုပါ။ ဒါပေမယ့် တကယ်စိုးရိမ်သင့် မသင့်တော့ ဆွေးနွေးရပါလိမ့်မယ်။ ခက်တာက ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း မဆလ ခေတ်မှာ လူဖြစ်လာသူတွေဆိုတော့ ဖက်ဒရယ်အရေး၊ ခွဲရေး-တွဲရေး၊ လက်နက်ကိုင်တော်လှန်ရေးအကြောင်း ပွင့်ပွင့်လင်းလင်း မပြောရဲကြ...
ဒါကိုပြောမိ၊ ဆွေးနွေးမိရင် ရာဇဝတ်မှုတခုကို ကျုးလွန်မိသလိုလို ကျောမလုံတဲ့ ခံစားချက်မျိုး ဒီလူတွေမှာ ရှိနေလေရဲ့...။
ဟော... အခုက မဆွေးနွေးလို့မဖြစ်တော့ဘူး။ ခင်ဗျားစိုးရိမ်ရိမ် မရိမ်ရိမ် ဟိုမှာ လွတ်မြောက်နယ်မြေအသစ်တွေ တခုပြီးတခုပေါ်လာနေပြီ။ ဒီအပေါ် ခင်ဗျား ဘယ်လိုမြင်သလဲ... ထောက်ခံသလား၊ ကန့်ကွက်သလားလောက်ကတော့ ပြောရဲမှ ဖြစ်မှာပေါ့...။
မဆလ ခေတ် ကျောင်းစာအုပ်ထဲမှာ ပြည်ထောင်စုနဲ့ပတ်သက်ပြီး ဘယ်လိုရေးထားသလဲ... အသေချာမမှတ်မိတော့ပေမယ့် စိတ်ထဲစွဲနေတာကတော့ ပြည်ထောင်စုထဲကနေ ဘယ်သူမှ ခွဲမထွက်ရ၊ တိုင်းရင်းသားအားလုံး ဥမကွဲ-သိုက်မပျက် နေထိုင်ရမယ်၊ ပြည်ထောင်စုနယ်မြေကို တလက်မမှ အကျမခံပဲ ကာကွယ်ရမယ်... စသဖြင့် ဒီလိုစိတ်ထဲ စွဲနေပါတယ်။
တခါ ပြည်ထောင်စုကြီးတခုလုံးကို လူများစု ဗမာတွေကပဲ ပိုင်ဆိုင်သလိုလို၊ ဗမာက ပေးမှ ကျန်တဲ့တိုင်းရင်းသားတွေက ရမယ်ဆိုတဲ့သဘောမျီုးလည်း စိတ်ထဲစွဲနေပြန်ပါတယ်။ ဒါဟာ ကျောင်းက သင်ပေးလိုက်တဲ့ သမိုင်းနဲ့ဆိုင်သလား... စာရေးသူကိုယ်တိုင်(ထားဝယ်ကို ဗမာမဟုတ်ဘူး၊ တိုင်းရင်းသားတမျိုးဖြစ်တယ်လို့ပြောနေသည့်တိုင်) ဗမာဖြစ်နေလို့လား...
သတိထားမိသလောက်ကတော့ နယ်မြေသစ်တွေပေါ်လာတဲ့အပေါ်၊ ပြည်ထောင်စုပြိုကွဲမယ်ဆိုပြီး စိုးရိမ်သူအများစုဟာ ဗမာတွေဖြစ်နေတာပါပဲ။ တိုင်းရင်းသားတွေနဲ့ပြောမိသလောက်တော့ ဒါကို မစိုးရိမ်ပါဘူး။ အပြန်အလှန်အသိအမှတ်ပြုရေး၊ အချင်းချင်းနားလည်မှုရှိရေးသာ အဓိကဆိုတဲ့သဘောမျိုး သူတို့ဆီက ကြားခဲ့ရပါတယ်။
ပြသာနာက အခုပြောနေတဲ့ နယ်မြေသစ်တွေဆိုတာ နိုင်ငံခြားတပ်တွေက လာရောကျုးကျော် သိမ်းပိုက်သွားတာမဟုတ်ဘူး။ ဒေသခံ ဌာနေတိုင်းရင်းသားတွေက သူတို့နယ်မြေ သူတို့ ပြန်ယူခြင်းသာဖြစ်ပါတယ်။ ဒါကို ကျောင်းသင်ခန်းစာထဲမှာ ရှင်းပြမထားဘူးရယ်။
ဒီတော့ နယ်မြေအားလုံဟာ စစ်တပ်အောက်မှာပဲရှိနေရမယ်။ စစ်တပ်ကို တွန်းလှန်ပြီး နယ်မြေတွေယူသွားရင် ဒါဟာ ပြည်ထောင်စုကို ကျုးကျော်တိုက်ခိုက်သူတွေဖြစ်တယ်ပေါ့။ ဒီလိုအမြင်ဝင်နေအောင် မဆလ ခေတ်ပညာရေးက ဂျင်း ထည့်ထားလေရဲ့...
“ဒါတို့ပြေ ဒါတို့မြေ တို့ကာကွယ်မလေ.”... ဆိုတာ နိုင်ငံခြားက ကျုးကျော်လာရင် ကာကွယ်ရမယ်လို့ ပြောလိုခြင်းသာဖြစ်ပါတယ်။ ဌာနေတိုင်းရင်းသားတွေက စစ်တပ်ဆီကနေ သူ့နယ်သူပြန်ယူတာ ကာကွယ်စရာလား...။ စစ်တပ်က ကျုးကျော်သူလား... ဒေသခံ တော်လှန်ရေးသမားတွေက ကျုးကျော်သူလား... ဒါ ဒီနေ့ ခင်ဗျားကိုယ်တိုင် (စာဖတ်သူ တဦးချင်းကိုယ်တိုင်-
နိုင်ငံသားတဦးချင်းကိုယ်တိုင်) စဉ်းစားဆုံးဖြတ်ရမယ့် အချိန်ဖြစ်ပါတယ်။
------
(၃) ဘယ်လိုပြည်ထောင်စုကို လိုချင်တာလဲ...
မနက်ဖန် စစ်ကောင်စီက ဦးစီးကျင်းပမယ့် ၇၇ ကြိမ်မြောက် ပြည်ထောင်စုနေ့
အခမ်းအနားကတော့ ခေတ်ဟောင်းစနစ်ဟောင်းကအတိုင်း ပုံစံခွက်ထဲမှာပဲ
အဝတ်အစား အလှအပ၊ အကအခုန် အနုအရွ၊ ညစာစားပွဲ တက်ခွင့်ရလည်း
နည်းလားဆိုတဲ့ လူတွေနဲ့ပဲ အရင် နစ် ၇၀ လိုပဲ စခန်းသွားနေဦးမှာဖြစ်ပါတယ်။
ဒါပေမယ့် ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း နေပြည်တော်က အခြေအနေနဲ့ အခြားဒေသက
အခြေအနေတွေ မတူတော့ပါဘူး။ တနည်းအားဖြင့် ရှေ့နှစ် ဒီအချိန်ကျရင်ကျင်းပမယ့် ၇၈ ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားဟာ ဒီနေ့ စစ်အာဏာရှင်က ကျင်းပနေသလို မဟုတ်တော့မှာကတော့ သေချာပါတယ်။
ဆိုတော့ ဒီလိုပြည်ထောင်စုနေ့ပုံစံမျိုးမဟုတ်ဘူးဆိုရင် ဘယ်လိုပြည်ထောင်စုနေ့ ပုံစံမျိုးဖြစ်လာမှာလဲ... ဒါကို အဓိကဆွေးနွေးချင်တာပါ။
အခု ရှိပြီးသား နယ်မြေသစ်တွေထဲမှာဆိုရင် နွေဦးတော်လှန်ရေးမတိုင်ခင်က
ရှိနေပြီးသားဖြစ်တဲ့ ၀ (UWSA) နယ်မြေနဲ့ မိုင်းလား (NDAA) နယ်မြေကို
လေ့လာသင့်ပါတယ်။
ပြီးရင်တော့ အခု အသစ်စက်စက် ထပ်ပေါ်လာတဲ့ ကိုးကန့် (MNDAA) နယ်မြေ၊
တအာင်း (TNLA) နယ်မြေ၊ ရခိုင် (AA) နယ်မြေ၊ ချင်း (NCA, CDF) နယ်မြေ၊
ကချင် (KIA) နယ်မြေ၊ စစ်ကိုင်းတိုင်းအတွင်းက လွတ်မြောက်မြု့ိနယ် အချို့၊
ကရင်နီပြည်နယ် ကြားကာလအစိုးရ အုပ်ချုပ်ဒေသ၊ ကရင်ပြည်နယ်
ကော်သူးလေအစိုးရ အုပ်ချုပ်ဒေသ... စသဖြင့် နယ်ပယ်သစ်တွေကို
လေ့လာသင့်ပါတယ်။
ဘယ်နယ်မြေရဲ့ အုပ်ချုပ်ရေးပုံစံက အကောင်းဆုံးလဲ။ ဒေသခံလူထု အခြေအနေ
ဘယ်လိုရှိသလဲ၊ ဘယ်လောက်လွတ်လပ် ပျော်ရွှင်နေကြသလဲ...။ အခုက
စစ်ပွဲကြီးဖြစ်နေဆဲဆိုတော့ အုပ်ချုပ်ရေးအသေချာမလုပ်နိုင်သေးတဲ့အတွက်
အတိအကျပြောဖို့ ခက်ပါလိမ့်မယ်။
၀ နဲ့ မိုင်းလား အခြေကိုပဲ ကြည့်ပါ။ စစ်ကောင်စီအုပ်ချုပ်မှု အောက်မှာနေရတာထက်တော့ သာတာ သေချာပါတယ်။ ရန်ုကုန်၊ မန္တလေးအပါဝင် မြို့ကြီးကလူတွေ ၀ နဲ့ မိုင်းလားနယ်မှာ သွားပြီး အလုပ်လုပ်နေတာတွေရှိတယ်ဆိုကတည်းက အဲဒီဒေသတွေဟာ စစ်အုပ်စု
အုပ်ချုပ်ရေးအောက်က နယ်မြေထက် ပိုကောင်းလို့ပေါ့...
ဒါပေမယ့် ပြသာနာက နိုင်ငံသစ်တခုကို တည်ဆောက်မယ်ဆိုရင် ဒီလို ကွက်ကြားကောင်းလို့ မရဘူး။ ဒီလိုကွက်ကြားမိုးရွာနေလို့ မဖြစ်ဘူး။ ပြည်နယ် သို့မဟုတ် ဒေသတွေအားလုံးဟာ
ဖွဲ့စည်းပုံအခြေခံဥပဒေတခုအောက်မှာ အခွင့်အရေး ညီတူညီမျှ ရှိနေရမှာဖြစ်ပါတယ်။
၀ (UWSA) က လက်နက်ကိုင်အင်အားများလို့ အခွင့်အရေးများများပေးစေ၊ ၀ ခေါင်းဆောင် နေမကောင်းဖြစ်ရင် စစ်ကောင်စီဥက္ကဌကိုယ်တိုင် ငှက်သိုက်-ဆန်ပြုတ်သွားတိုက်စေ၊ မိုင်းလား (NDAA) က လက်နက်ကိုင်အင်အားနည်းလို့ ၀ လောက်အထိ အလေးထားစရာမလိုဘူး... စသဖြင့်... လက်ရှိ စစ်ကောင်စီက (ဦးသိန်းစိန်အစိုးရ၊ NLD အစိုးရ
ခေတ်အပါဝင်) ကိုင်တွယ်နေတဲ့ပုံစံနဲ့ ဆက်သွားလို့မရပါ။
ဒါဖြင့် ဘယ်လိုသွားသင့်သလဲ...
၀ (UWSA) နဲ့ မိုင်းလား (NDAA) ဒေသက လူထုကို အရင်ဆုံးမေးကြည့်ပါ။
ပြီးရင် အခု နွေဦးတော်လှန်ရေးနဲ့အတူ လွတ်မြောက်လာတဲ့ ဒေသသစ်တွေက
လူထိုကို မေးကြည့်ပါ။ ပြီးရင် ခင်ဗျားနေတဲ့အရပ်က လူထု သို့မဟုတ်
ခင်ဗျားရဲ့ မိတ်ဆွေတွေကို မေးကြည့်ပါ။ ပြီးရင် ခင်ဗျားကိုယ် ခင်ဗျား
ပြန်မေးပါ။ ဘယ်လို ပြည်ထောင်စုပုံစံကို ခင်ဗျားလိုချင်လဲ...
ဒါဟာ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေ၊
နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေ၊ ဆန်းစစ်ဝေဖန်သူတွေ၊ သတင်းစာဆရာတွေရဲ့
အလုပ်သက်သက်မဟုတ်ပါဘူး။ နိင်ငံသားတိုင်းနဲ့ ဆိုင်တဲ့ကိစ္စ၊
နိုင်ငံသားတဦးချင်းက ရွေးချယ်ဆုံးဖြတ်ရမယ့် ကိစ္စ ဖြစ်ပါတယ်။
------
(၄) ဘယ်လိုပြည်ထောင်စုပုံစံကိုပဲ ကြိုက်ကြိုက် စစ်ကောင်စီကို မဖြုတ်ချနိုင်ရင်တော့ ဘာမှမရနိုင်ဘူး...
အဲတော့ စာရေးသူလည်း အနီးနားကို မိတ်ဆွေတွေကို မေးကြည့်ပါတယ်။ ခင်ဗျားတို့က ဘယ်လိုဖက်ဒရယ်ပုံစံကိုကြိုက်လဲ...ပေါ့။ နွေဦးတော်လှန်ရေးအောင်မြင်လို့ မြန်မာပြည်ပြန်ခွင့်ရရင် ဘယ်ပြည်နယ်၊ ဘယ်ဒေသမှာ သွားနေကြမလဲပေါ့...။
ကိုယ့်မိတ်ဆွေအများစုကလည်း ၈၈ ကျောင်းသားဟောင်းတွေ၊ ABSDF ရဲဘော်ဟောင်းတွေ၊ တတိယ နိုင်ငံတွေမှာ နေထိုင်ကြသူတွေများပါတယ်။
...ဆိုတော့ သူတို့ဆီက ပြန်ကြားရတဲ့ တုန့်ပြန်ချက်က အမေရိကန်ပြည်ထောင်စုလိုမျိုး လူမျိုးကို အခြေမခံပဲ နယ်မြေကိုခြေခံတဲ့ ဖက်ဒရယ်ပုံစံမျိုး၊ လူတဦးချင်းရဲ့ လွတ်လပ်ခွင့်ကို အလေးပေးတဲ့ နိုင်ငံရေးစနစ်မျိုး၊ သာဘာရေး၊ လူမျိုးရေး၊ အသားအရောင်၊ လိင် ခွဲခြားမှုမရှိတဲ့ နိုင်ငံမျိုးလို့ ဆိုကြပါတယ်။
ဒါက အနောက်နိုင်ငံတွေမှာ အနေကြာလို့ စဉ်းစားပုံက အနောက်တိုင်းဆန်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလူတွေက မြန်မာနိုင်ငံသားမဟုတ်တော့ဘူး။ တနည်းအားဖြင့် ဒီနေ့ မြန်မာနိုင်ငံမှာ ဘယ်လိုဖက်ဒရယ်ပုံစံနဲ့သွားသင့်သလဲဆိုတာကို ဒီလူတွေက
ဆုံးဖြတ်ပေးနိုင်တဲ့ ၊ မဲပေးနိုင်တဲ့ အခွင့်အရေးမရှိတော့ပါ။ အကြံပေးချင်ရင် ... အပေးခံရသူဖက်ကလည်း လိုလားရင်တော့ အကြံပေးခွင့်၊ အတွေ့အကြုံဝေငှခွင့်လောက်တော့ ရှိဦးမယ်ထင်ပါတယ်။
ဒါပေမယ့် ဒီလူတွေအများစုဟာ နွေဦးတော်လှန်ရေးရဲ့ ထောက်ပို့တပ်သားတွေဖြစ်နေတဲ့အတွက် အနာဂတ်ပြည်ထောင်စုအတွက် အကြံပေးခွင့်ရှိမယ်၊ ပေးလည်း ပေးနေကြတယ်လို့ ထင်ပါတယ်။
စာရေးသူကတော့ ပြည်ပရောက်နေတယ်ဆိုပေမယ့် ပြည်တွင်းနဲ့လည်း နေစဉ်အဆက်အသွယ်ရှိနေတယ် (အင်တာနက် ခေတ်မဟုတ်ပါလား)၊ တာဝန်အရ တိုက်ပွဲ သတင်းမေးတာအပြင်၊ ထောက်ပို့တပ်သားကလည်း တပိုင်းဖြစ်နေပြန်တော့ သက်ဆိုင်ရာ တော်လန်ရေးအဖွဲ့တွေရဲ့ အွန်လိုင်း အစည်းအဝေးတွေကိုလည်း အခါအားလျော်စွာ တက်ဖြစ်တယ်ဆိုပါတော့...
“ကျနော်တို့က လောင်းလုံးကျွန်းစွယ်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်တယ်။ အခြားဒေသက အဖွဲ့တွေကိုလည်း မဟာမိတ်အဖြစ် တန်းတူရည်တူ ဆက်ဆံနေပါတယ်” ဆိုတဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ ဆွေးနွေးချက်ကို စာရေးသူ ကြားခဲ့ရပါတယ်။
ဆိုလိုတာက နိုင်ငံခြားရောက် ဆရာသမားတွေပြောနေတဲ့ ဘယ်လိုဖက်ဒရယ်ပုံစံက ကောင်းတယ်၊ မကောင်းဘူးဆိုတာ ခနထားဦး၊ “လောလောဆယ်ကတော့ ကိုယ့်ဒေသ ကိုယ့်လက်ထဲရောက်အောင် အရင်တိုက်ယူရမယ်။ ကိုယ်တိုက်မှ ကိုယ်ရမယ်” ဆိုတဲ့ သဘောထား အဲဒီလူငယ်တွေမှာရှိတာကို သတိထားမိပါတယ်။
ဒါဟာ ၁၀၂၇ စစ်ဆင်ရေးရဲ့ အရှိန်အဟုန်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ညီနောင်
၃ ဖွဲ့ ဒေသတွေ စစ်ကောင်စီအောက်က လွတ်မြောက်သလိုမျိုး သူတို့ဒေသကိုလည်း
လွတ်မြောက်အောင် တိုက်မယ်ဆိုတဲ့ ခံယူချက်ဖြစ်ပါတယ်။
ဒါပေမယ့် ပြသာနာက အဲဒီ တခုချင်း၊ မြို့နယ် တခုချင်း လွတ်မြောက်သွားတဲ့ဒေသတွေကို ဒေသအလိုက်၊ ခရိုင်အလိုက်၊ ပြည်နယ်အလိုက် ဘယ်လို ပေါင်းစပ် စုဖွဲ့ကြမလဲ...
အခုဆိုရင် ချင်းပြည်နယ်မှာ ဒီလို ဒေသအလိုက် ကွဲပြားမှုကို ဘယ်လိုပြန်စုမလဲ၊ ချင်းအစိုးရအောက်မှာ ချင်းပြည်တခုလုံး တစုတစည်းတည်းဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ အရေးတကြီး စမ်းသပ်နေပြီဖြစ်ပါတယ်။
ဒါပေမယ့် ဒါတွေဟာ အရင်က တခါမှမကြုံဖူးသေးတဲ့ အသစ်ဖြစ်ပေါ်တိုးတက်မှုတွေပါ။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ လက်ရှိအခြေအနေဟာ ဦးသိန်းစိန်အစိုးရခေတ် နှောင်းပိုင်း၊ NLD အစိုးရခေတ် အစောပိုင်းမှာ မြန်မာလူထု နှစ် ၆၀ တွင်း ပထမ ဆုံးအကြိမ် ဒီမိုကရေစီအခွင့်အရေးတွေ (တင်းကျပ်မှုတွေလျော့ပေး) စတင်ရရှိစဉ်က အခြေအနေမျိုးနဲ့ သွားတူနေတယ်လို့ထင်ပါတယ်။
လက်ကိုင်တယ်လီဖုန်းသုံးစွဲခွင့် ပိတ်ပင် (အလွန်တရာကန့်သတ်) ထားရာကနေ လူတိုင်း စမတ်ဖုန်းကိုင်နိုင်တဲ့အထိ။ လိုင်းဖုန်းတွေ၊ အီးမေးလ်တွေသုံးတဲ့အဆင့်ကို ခုန်ပျံကျော်လွှားပြီး စမတ်ဖုန်းနဲ့ ဆိုရှယ်မီဒီယာ တန်းသုံးတဲ့အဆင့်အထိ ခုန်တက်သွားတဲ့အခါမှာ အလွန်အကျွံလွတ်လပ်မှုတွေရပြီး ပွတ်တိုက်မှုများစွာကို မြင်ခဲ့ရသလိုမျိုးပေါ့...
အခုလည်း စစ်အာဏာရှင်အောက်ကနေ လွတ်မြောက်တဲ့ဒေသတွေမှာ ဖက်ဒရယ်အခွင့်အရေးတွေက ထင်တာထက်ပိုရနေပြီ၊ ပိုထူးခြားတာက ရှေ့မှာပြောခဲ့တဲ့ ဦးသိန်းစိန်ခေတ်နဲ့ NLD ခေတ်မှာ ဒီမိုကရေစီအခွင့်အရေး (တင်းကျပ်မှုတွေကို လျော့ပေးတာ) ရတယ်ဆိုတာက စစ်အစိုးရ၊ ဒီမိုကရေစီတပိုင်းအစိုးရတွေက ပေးလို့ရတာမျိုးပါ...
အခုက လက်နက်ကိုင်ပြီး အနိုင်တိုက်ခဲ့လို့ရတာ၊ သူများပေးမှ ရတာမဟုတ်ဘူး၊ တိုက်ယူထားတာ... ဆိုတော့ ပိုတန်ဖိုးကြီးတာပေါ့။ ငါတို့အသက်တွေနဲ့ ရင်းပြီး တိုက်ထားရတဲ့နယ်မြေမှာ ငါတို့ စိတ်ကူးနဲ့ ငါတို့လုပ်မယ်၊ အပြင်ကလူတွေ လာမပြောနဲ့... ဒါမျီုးလည်း ရှိနေနိုင်ပါတယ်။
နိဂုံးပြန်ချုပ်ရမယ်ဆိုရင် ... အရင်က ကျနော်တို့ ၈၈ တောခိုကျောင်းသားတွေပြောနေကြ စကားလုံး...“ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေးကို တပြိုင်တည်းဆောင်ရွက်ရမယ်” ဆိုတဲ့နေရာမှာ အခုတော့ “ဖက်ဒရယ်အရေးနဲ့ ဒီမိုကရေစိအရေးကို တပြိုင်တည်းဆောင်ရွက်ရမယ်” လို့ပြောင်းရမလို အခြေနေအနေတွေက ရှေု့နောက် ပြောင်းကုန်ပြီဖြစ်ပါတယ်။
လွတ်မြောက်ဒေသတွေမှာ စစ်ကောင်စီလုံးဝမရှိတော့တဲ့အတွက် လွတ်လပ်တဲ့ဒေသတွေ၊ လွတ်လပ်တဲ့ ပြည်နယ်တွေ ဖြစ်လာတော့မှာပါ။ ဒါပေမယ့် အဲဒီသေတွင်းရှိ လူတဦးချင်းစီရဲ့ ဒီမိုကရေစီအခွင့်အရေးအပြည့်အဝရရှိဖို့၊ တနိုင်ငံလုံးက လူတွေ ဒီမိုကရေစီအခွင့်အရေးရဖို့ ကျနော်တို့ ဆက်လုပ်ရဦးမှာပါ။
တနိုင်ငံလုံးကလူတွေအတွက် ဒီမိုကရေစီအခွင့်အရေးရအောင် လုပ်ပေးဖို့ဆိုရင် နယ်မြေတခုချင်း၊ ဒေသတခုချင်း လွတ်မြောက်နေရုံနဲ့မရသေး။ စစ်ကောင်စီကို နေပြည်တော်ကနေ ဖယ်ရှားနိုင်မှ ရမှာပါ...
ဒီတော့ တဖက်မှာ ကိုယ့်ဒေသ လွတ်မြောက်အောင်လည်းလုပ်၊ ဒေသတွင်းအုပ်ချုပ်ရေးမှာ ဒီမိုကရေစီနည်းကျအောင်လည်းကြိုးစားရင်း နေပြည်တော်က စစ်ကောင်စီကို ဖြုတ်ချနိုင်ရေးအတွက် တနိုင်ငံလုံးရှိ တော်လှန်ရေးတပ်တွေ လက်တွဲမပျက် ဆက်လက်ချီတက်ဖို့ လိုနေပါကြောင်း တင်ပြလိုက်ရပါတယ်။
(ထက်အောင်ကျော်)
(၁၁- ၂- ၂၀၂၄)
Tuesday, January 23, 2024
ဆိုရှယ်မီဒီယာမှာ ဘယ်သူ အယ်ဒီတာလဲ
ဆိုရှယ်မီဒီယာမှာ ဘယ်သူ အယ်ဒီတာလဲ
(ဆိုရှယ်မီဒီယာနှင့် မြန်မာ့သတင်းစီးဆင်းမှု လမ်းကြောင်းသစ် အကန့်အသတ်)
Dawei Watch| ဆောင်းပါး
(၁) ဆိုရှယ်မီဒီယာဆိုတာ ဘာလဲ
ဆိုရှယ်မီဒီယာမှာ ဘယ်သူ အယ်ဒီတာလဲ၊ သတင်းဌာနတွေက စိစစ်ပြီးသားသတင်းတွေကို ကွန်မြူနတီစတန်းဒတ်နဲ့ညီ-မညီ ဆုံးဖြတ်ချက်ချနေတဲ့ ဆိုရှယ်မီဒီယာဝန်ထမ်းတွေဟာ သတင်းအယ်ဒီတာတွေထက် ပိုတတ်ကျွမ်းသူတွေလားဆိုတာကို မဆွေးနွေးခင် ဆိုရှယ်မီဒီယာဆိုတာ ဘာလဲဆိုတာကို အရင် တင်ပြချင်ပါတယ်။
မီဒီယာမှတ်တမ်းတွေအရ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ စတင်ပေါ်လာတဲ့ Facebook, Youtube, Twitter (X), အပါဝင် အင်တာနက်နဲ့ လျှပ်စစ် နည်းပညာကိုအခြေခံတဲ့၊ ကွန်ပြူတာ၊ စမတ်ဖုန်းတို့ကို အခြေခံပြီးအသုံးပြုတဲ့ မီဒီယာတွေကို ဆိုရှယ်မီဒီယာလို့ခေါ်တယ်ဆိုရင် လိုရင်းကို ခြုံငုံမိမယ်ထင်ပါတယ်။
နောက်ထပ် ထူးခြားချက်တခုကတော့ ဆိုရှယ်မီဒီယာဆိုတာဟာ အစဉ်အလာမီဒီယာ၊ အဓိကရေစီးကြောင်းမီဒီယာတွေဖြစ်တဲ့ သတင်းစာ၊ ရေဒီယို၊ TV တွေလို သတင်းဌာနကြီးတွေ မဟုတ်ပါ။ တဦးချင်းအခြေခံနဲ့သုံးတဲ့ မီဒီယာလို့ပြောသင့်တယ်ထင်ပါတယ်။
ဒါကြောင့် ဆိုရှယ်မီဒီယာမှာ ရေးတာ၊ ဖေါ်ပြတာတွေဟာ အစဉ်အလာမီဒီယာကြီးတွေလို အယ်ဒီတာအဆင့်ဆင့်ကို ဖြတ်သန်းလာတာမဟုတ်တဲ့အတွက် တာဝန်ခံမှု တာဝန်ယူမှုရှိတဲ့ သတင်းတွေ၊ တင်ပြချက်တွေမဟုတ်ဘူးလို့ မှတ်ယူကြပါတယ်။ ဒါက အနှစ်ချုပ် အဓိပ္ပါယ်ဖွင့်ဆိုချက်ပါ။
အခုနောက်ပိုင်းမှာတော့ ရှေ့မှာတင်ပြခဲ့တဲ့ Facebook, Youtube, Twitter (X) တွေအပြင် TikTok, WhatsApp, Telegram, Signal အပါဝင် နောက်တိုးတွေအများကြီးပါပဲ။
အဲ... မြန်မာပရိသတ်အတွက်ဆိုရင်တော့ Facebook က အဓိကပေါ့။ မြန်မာလူဦးရေ သန်း ၅၀ ကျော်မှာ အရွယ်ရောက်ပြီးသူ သန်း ၃၀ ရှိတယ်ပဲထား။ အဲဒီ သန်း ၃၀ စလုံး Facebook အကောင့်မရှိရင်တောင် တနည်းမဟုတ်တနည်း Facebook ကနေ သတင်းအချက်အလက်ရနေတယ်၊ မက်ဆင်ဂျာကနေ ဆက်သွယ်ရေးလုပ်နေကြတယ်လို့ ယူဆရပါတယ်။
အခုနောက်ပိုင်းမှာတော့ Facebook မှာ ကန့်သတ်ချက်တွေများလာနေတဲ့အတွက် Telegram ကို ပိုအသုံးများလာတာ၊ အထူးသဖြင့် လူငယ်တွေနဲ့ တော်လှန်ရေး ပေ့ချ်တွေဟာ တယ်လီဂရန်ဖက်ကို ပိုအသုံးများလာနေတာ သတိထားမိပါတယ်။
ဒါက မြန်မာပရိသတ်အတွက် ဆိုရှယ်မီဒီယာအကြောင်း မိတ်ဆက်ဖြစ်ပါတယ်။
(၂) ဆိုရှယ်မီယာနှင့် မြန်မာ့သတင်းစီးဆင်းမှူ
ဆိုရှယ်မီဒီယာတွေ ပေါ်ကစကတော့ အဓိကရေးကြီးကြောင်း မီဒီယာကြီးတွေက သိပ်အလေးမထားခဲ့ပါဘူး။ စာရေးသူကိုယ်တိုင် အဲလိုစိတ်မျိုးရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဆိုရှယ်မီဒီယာရဲ့ကြီးထွားမှုက ကြောက်စရာကောင်းလောက်အောင်ကို မြန်ဆန်ပါတယ်။ “ခေတ်မီသူတိုင်း ဆိုရှယ်မီဒီယာသုံးသည်” ဆိုသလိုဖြစ်လာပြီး လူတိုင်း ဆိုရှယ်မီဒီယာအကောင့်တွေဖွင့်ကြပါတယ်။ အချို့ဆို အကောင့်တခုမက ရှိပါတယ်။
ကိုယ်ရေးချင်တာ၊ ပြောချင်တာတွေ တင်ပါတယ်။ နောက်တော့ အဓိကရေစီးကြောင်း မီဒီယာကြီးတွေကပါ သူတို့ရဲ့သတင်းတွေကို ဆိုရှယ်မီဒီယာပေါ် တင်ပြလာကြပါတော့တယ်။ ဒါက တကမ္ဘာလုံးရဲ့အခြေအနေကို ခြုံပြောတာပါ။ မြန်မာအခြေအနေကတော့ အဲဒီထက် ပိုထူးပါတယ်၊ ဆိုရှယ်မီဒီယာကြီးထွားမှု၊ လွှမ်းမိုးမှု အလွန်များတယ်လို့ပြောချင်ပါတယ်။ အခြေခံအဆောက်အဦ ဖွံ့ဖြိုးမှုနောက်ကျတာ၊ လိုင်းဖုန်းအဆင့်ကိုကျော်ပြီး စမတ်ဖုန်းကို တန်းရောက်သွားတာတွေကြောင့်လည်း ဒီလိုဖြစ်လာတာလို့ ယူဆပါတယ်။
နောက်တချက်ကတော့ ဆိုရှယ်မီဒီယာ စပေါ်တဲ့ ၂၀၀၀ ပြည့်လွန်နှစ်တွေကနေ အခု ၂၀၂၃ နှစ်ကုန်တဲ့အထိ (ဦးသိန်းစိန်အစိုးရခေတ်နှင့် NLD အစိုးရခေတ်မှာ တစုံတရာလျော့ပေးသည့်တိုင်) မြန်မာနိုင်ငံမှာ စစ်အစိုးရအဆက်ဆက်က သတင်းအမှောင်ချထားတာ၊ ဆင်ဆာများလွန်းတာတွေကြောင့် အစိုးရမီဒီယာ၊ အဓိကရေကြီးကြောင်း မီဒီယာတွေအစား ဆိုရှယ်မီဒီယာကို ပြည်သူတွေက ပိုအလေးထားလာတာဖြစ်ပါတယ်။
အခု ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီမှာ စစ်တပ်က အာဏာသိမ်းပြီးချိန်မှာတော့ မြန်မာလူထုအတွက် အဓိက သတင်းရယူတဲ့နေရာဟာ ဆိုရှယ်မီဒီယာဆိုတာ ဘယ်သူမှ မငြင်းနိုင်တော့ပါ။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ အဓိကရေစီးကြောင်း (သတင်းစာ၊ ရေဒီယို၊ တီဗွီ) မီဒီယာတွေကို ဘယ်သူမှ အလေးမထားတော့သလို (ဦးသိန်းစိန်ခေတ်နဲ့ NLD ခေတ်က) အရင်က တစုံတရာ လွတ်လပ်မှုရှိပြီး ပရိသတ်တွေလည်း အားပေးခဲ့ကြဖူးတဲ့ လွတ်လပ်တဲ့ ပုဂ္ဂလိကပိုင် အဓိက ရေစီးကြောင်း မီဒီယာဆိုတာလည်း အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာ မရှိတော့ပါ။
ဒီတော့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာဆိုတာဟာ နာရေးနဲ့ ကြော်ငြာဖတ်ဖို့၊ တီဗွီ ဆိုတာ ဘောလုံးပွဲနဲ့ ဖျော်ဖြေရေးအစီအစဉ်ကြည့်ဖို့ (ရေဒီယိုကတော့ နားထောင်သူ အတော့်ကိုနည်းသွားပြီလို့ ယူပါတယ်) ဆိုတဲ့ အဓိပ္ပါယ်ဖြစ်လာနေပါတယ်။ သတင်းမှန်၊ သတင်းမြန်လိုချင်ရင်တော့ ပြည်ပနဲ့ နယ်စပ်လွတ်မြောက်နယ်မြေတွေကနေ တင်ပြနေတဲ့ လွတ်လပ်တဲ့သတင်းဌာနတွေရဲ့ ဆိုရှယ်မီဒီယာအခြေခံ သတင်းတွေကိုပဲ မြန်မာလူထုက အဓိကအားထားနေရတာဖြစ်ပါတယ်။
ခေတ်သစ်၊ ဧရာဝတီ၊ မဇ္ဈိမ၊ ဒီဗွီဘီ၊ မြန်မာနောင်း စသဖြင့် စစ်တပ် အာဏာသိမ်းချိန်မှာ ပြည်ပကို ပြန်ထွက်လာရတဲ့ အွန်လိုင်းအခြေခံ (မဇ္ဈိမ၊ ဒီဗွီဘီက TV စလောင်းတွေလည်းရှိပါတယ်) မီဒီယာတွေ၊ ပြီးတော့ နိုင်ငံတကာ အစိုးရကြီးတွေရဲ့ ဘတ်ဂျက်နဲ့လည်ပတ်နေတဲ့ BBC, VOA, RFA မြန်မာပိုင်းအစီစဉ်တွေ၊ အာဏာသိမ်းပြီးမှ အသစ်စက်စက်ပေါ်လာတဲ့ အွန်လိုင်းအခြေခံ မီဒီယာအသေးလေးတွေ၊ ဒေသ- လူမျိုးစုအခြေခံ ဆိုရှယ်မီဒီယာ လင့်ခ်တွေဟာ ဒီနေ့ မြန်မာပိတ်သတ်အတွက် အဓိက သတင်းရရှိတဲ့ လမ်းကြောင်းဖြစ်နေပါတယ်။
နိုင်ငံတကာအစိုးရကြီးတွေရဲ့ ဘတ်ဂျက်နဲ့လည်ပတ်နေတဲ့ BBC, VOA, RFA မြန်မာပိုင်းအစီစဉ်တွေကနေ လှိုင်းတို ရေဒီယိုလွှင့်နေဆဲဖြစ်ပေမယ့် ရေဒီယိုကို စောင့်နားထောင်သူ အတော်နည်းသွားပြီဆိုတာ သေချာပါတယ်။ အရင် နဝတ-နအဖ ခေတ်ကလို ည ၈ နာရီ ၁၅ မိနစ်မှာ BBC စောင့်နားထောင်မယ်။ ၉ နာရီမှာ VOA နားထောင်မယ်ဆိုတာမျိုးမရှိတော့ပါ။
သတင်းတွေက အခုဖြစ်၊ အခု ဆိုရှယ်မီဒီယာပေါ်ရောက်နေပြီဖြစ်တဲ့အတွက် သမရိုးကျ မီဒီယာတွေက ပြတဲ့အထိ၊ လွှင့်တဲ့အချိန်အထိ စောင့်နေဖို့မလိုတော့ပါ။ ဘယ်မီဒီယာက ဘယ်သတင်းကို ပရိသတ်ဘယ်နှစ်ယောက်ဖတ်တယ်၊ ဘယ်ဗီဒီယို ပရိုဂရမ်က ပရိသတ်ဘယ်လောက်ကြည့်တယ်ဆိုတာတွေကလည်း တခါတည်းပေါ်နေတဲ့အတွက် ပရိသတ်ရဲ့ အားပေးမှု အများဆုံးမီဒီယာက ဘာတွေလည်းဆိုတာ အငြင်းပွားဖွယ်မရှိဘဲ ကိန်းဂဏန်းနဲ့ တခါတည်းပေါ်နေပါတယ်။
(မှတ်ချက် - အခုနောက်ပိုင်း Reach အချခံရတာတွေများလာနေတဲ့အတွက် Facebook ပေါ်နေတဲ့ ပရိသတ်ဦးရေကို အမှန်လို့ပြောဖို့ ခက်လာနေပါတယ်)
(၃) ဆိုရှယ်မီဒီယာနှင့် Self-Sensor
ဒီလို မြန်မာပရိတ်သတ်အတွက် သတင်းစီးဆင်းမှုအားကောင်းလှတဲ့ ဆိုရှယ်မီဒီယာမှာ ဖေါ်ပြနေတဲ့သတင်းတွေကို ဘယ်သူက တာဝန်ယူသလဲ၊ သတင်းဌာနတွေက တင်သမျှသတင်း၊ တင်သမျှ ဗီဒီယို အားလုံးကို ပရိသတ်က မြင်ရရဲ့လား၊ အကန့်အသတ်တွေ၊ ဆင်ဆာတွေရှိသလား...ဆိုတာဟာ ဒီနေ့ မေးစရာဖြစ်လာနေပါတယ်။
နိဒါန်းမှာ တင်ပြခဲ့တဲ့အတိုင်း ဆိုရှယ်မီဒီယာမှာ အယ်ဒီတာမရှိပါဘူး။ ကိုယ်တင်တာ ကိုယ်တာဝန်ယူမှူစနစ်နဲ့ပဲသွားနေတယ်ဆိုပေမယ့် အခုတော့ ကွန်မြူနတီစတန်းဒတ်နဲ့မညီလို့ဆိုပြီး မကြာခဏဖြုတ်ချခံရတာ၊ ပရိသတ်အကြည့်နည်းအောင် Reach အချခံရတာ၊ ကြော်ငြာအခြေခံနဲ့မညီလို့ဆိုပြီး ကြော်ငြာ ပိတ်တာ၊ Reach အချခံရတာတွေက ခပ်စိပ်စိပ်ဖြစ်လာနေတာကို ကိုယ်တိုင်ရော၊ လုပ်ဖေါ်ကိုင်ဖက် သတင်းသမားတွေဆီကပါ မကြာခဏကြားနေရပါတယ်။
ဒီအချက်တွေအတွက် ကိုယ်တွေ့အချက်အလက်အချို့ကို တင်ပြချင်ပါတယ်။ ဆိုရှယ်မီဒီယာကနေ ကြော်ငြာရဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ပို့စ်တခု၊ ဗီဒီယိုတခုကို အနည်းဆုံး ပရိသတ် တသိန်းခန့်ကြည့်ဖို့လိုပါတယ်။ မီဒီယာအသစ်တခုအနေနဲ့ ပရိသတ် တသိန်း ချက်ခြင်းရဖို့မလွယ်ပါဘူး။ ဒါပေမယ့် ပရိသတ် သိသွားရင်လည်း တသိန်းရဖိုက မခက်ပြန်ဘူး။ ဒီလိုနဲ့ ခုနကပြောတဲ့ မီဒီယာအသစ်တွေ ကြော်ငြာကနေ ဝင်ငွေတစုံတရာ ရလာကြပေါ့။
အဲ... အဲဒီလို ဝင်ငွေပေးပြီးတော့မှ ကြော်ငြာမူဝါဒမှာပါတဲ့ ဘယ်အချက်အရ ဘယ်ပုံကတော့ ဘာမူနဲ့ငြိတယ်၊ ဘယ်ပုံကတော့ မူရင်းပုံမဟုတ်ဘူး၊ ဘယ်ပုံကတော့ သေနတ်ပုံ၊ ယူနီဖောင်းပုံ၊ ဒဏ်ရာရပုံတွေပါနေတယ်... စသဖြင့် ကန့်သတ်ချက်တွေအများကြီး ရှိလာနေပါတယ်။
စာရေးသူကြုံဖူးတဲ့အထဲက ဥပမာ နှစ်ခုကို ဒီနေရာမှာ တင်ပြချင်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ဗိုလ်နဂါးနဲ့ အင်တာဗျုးတခုဟာ ကွန်မြူနတီစတန်းဒတ်နဲ့မညီလို့ဆိုပြီး ဖြုတ်ချခံရဖူးပါတယ်။ ဘာကြောင့်မှန်း မသိဘူး။ ထင်တာကတော့ သူ့ဘေးမှာ ငှက်ကြီးတောင် ဒါကြီးချထားတာကြောင့်ဖြစ်မယ်လို့ ယူဆရပါတယ်။ မနှစ်ကတော့ ဗိုလ်သံမဏိ နဲ့ဗျုးတဲ့ ဒုတိယပိုင်း ဖြုတ်ချခံရပါတယ်။ ထင်တာကတော့ လူသတ်မှု၊ လူသတ်ကောင်အဖြစ်စွပ်စွဲခံရတယ်ဆိုတာကို ထပ်ကာထပ်ကာ ပြောမိတာတာကြောင့်လို့ ထင်ပါတယ်။ ဆိုလိုတာက ပထမ တကြိမ်က ပုံကြောင့်၊ ဒုတိယအကြိမ်က အသံကြောင့်... ဒီလို ကိုယ်ဘာသာ နားလည်မိပါတယ်။
သူတို့ဖက်က အကြောင်းပြန်ချက်ကတော့ ကွန်မြူနတီစတန်းဒတ်နဲ့မညီလို့- ဒါပဲ ပြောပါတယ်။ အသေးစိပ်ပြောတာမရှိပါဘူး။ ကွန်မြူနတီစတန်းဒတ်ထဲမှာ ဘာတွေပါလဲဆိုတော့... အမုန်းပွားစေတာတွေ၊ ပေါက်ကွဲစေတဲ့ လက်နက်ခဲယမ်းတွေ၊ အကြမ်းဖက်မှုကို အားပေးတာတွေ၊ သွေးထွက်သံယိုပုံတွေ၊ ထိရှလွယ်တဲ့ကိစ္စတွေ...စသဖြင့် ယေဘုယျအတော်ဆန်တဲ့ အချက်တွေကိုသာ ဖေါ်ပြထားပါတယ်။
အဲဒီတော့ ပြဿနာတက်နိုင်တဲ့ပုံတွေကိုရှောင်၊ စကားလုံးတွေကိုရှောင်ရင်းနဲ့ သတင်းသမားဟာ self-sensor ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။ အဲလို ဖိအားတွေများလာရင်းနဲ့ အခုဆိုရင် သတင်းအဖွင့်အတွက် အကောင်းဆုံး ဓာတ်ပုံကိုရွေးမလား- ပြဿနာမရှိတဲ့ပုံကို ရွေးမလားဆိုတာ စဉ်းစားလာရပါတယ်။ သတင်းအဖွင့်အတွက် ခွန်အားအရှိဆုံးအသံကိုရွေးမလား- သေတာ-သတ်တာ-တိုက်တာ- မပါတဲ့ စကားလုံးကိုပဲရွေးရမလားဆိုတာ စဉ်စားနေရပါတယ်။
ဆိုတော့ ဆိုရှယ်မီဒီယာမှာ တကယ့်ကို self-sensor ရှိလာနေပြီဖြစ်ပါတယ်။
(၄) ဆိုရှယ်မီဒီယာမှာ ဘယ်သူ အယ်ဒီတာလဲ
ကမ္ဘာကြီးရဲ့ အခြားဒေသတွေမှာလည်း မြန်မာနိုင်ငံမှာလိုပဲ ဆိုရှယ်မီဒီယာ၊ အထူးသဖြင့် Facebook လူသုံးများလား၊ မြန်မာလိုပဲ သတင်းသမားတွေ self-sensor မိနေလား စာရေးသူ အသေချာမသိပါ။ နိုင်ငံတကာ သတင်းဌာနအတော်များများကတော့ သတင်း လင်ခ် လောက်ကိုပဲ ဆိုရှယ်မီဒီယာပေါ်တင်ပြီး အပြည်အစုံကို ဝက်ဆိုက်ထဲ ဝင်ဖတ်ရပါတယ်။
မြန်မာမှာတော့ အဲဒီလိုမရ၊ ဝက်ဆိုက်ထဲအထိဝင်ဖတ်သူအတော်နည်းတဲ့အတွက် သတင်း-စတိုရီ တပုဒ်လုံးကို ဆိုရှယ်မီဒီယာပေါ် အပြီးတင်နေကြတာတွေ့ရပါတယ်။ မြန်မာတခုတည်း ကွက်ဖြစ်နေတာမဟုတ်ပေမယ့် မြန်မာ့အခြေအနေက အားလုံးထက် ပိုထူးနေတာဖြစ်နိုင်ပါတယ်။
အဲတော့ ဒီပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်သလဲ။ ပထမ ဆုံးရှင်းဖို့လိုတာကတော့ မြန်မာမီဒီယာ ပေ့ချ်တွေကို ဒီလို ကန့်သတ်နေတာဟာ စစ်ကောင်စီဖက်ကနေ ရီပုဒ်ထုလို့လား...။ ဒါဆိုရင်တော့ ဆွေးနွေးစရာသိပ်မရှိပါ။ မြန်မာ့ဒီမိုကရေစီ အရေးတိုက်ပွဲမှာ Facebook ဘယ်ဖက်က ရပ်တည်ခဲ့သလဲဆိုတာ သမိုင်းက ဆုံးဖြတ်ပါလိမ်မ့ယ်။
ဒါပေမယ့် စစ်ကောင်စီက ဖိအားပေးတာကြောင့်မဟုတ်ဘူး။ အော်တို App နဲ့ ချက်ကင် လုပ်လို့ (အရင် ဦးသိန်းစိန်း ခေတ်က ကုလားဆို အကုန်ပယ်-ဆိုပြီး ကုလားထိုင်၊ ကုလားပဲ၊ ကုလားကာတွေပါ ဖျက်ရတာမျီုး) သတ်၊ သေ၊ တိုက်၊ စစ်ပွဲ သဖြင့် အကုန် အော်တို ပိတ်နေတာမျိုးလား။ ပုံဆိုရင်လည်း သေနတ်ပါရင်၊ ယူနီးဖောင်းပါရင်၊ အလံပါရင်၊ ဒဏ်ရာပုံပါရင် အကုန်ပိတ် စနစ်နဲ့ အော်တို သွားနေတာမျိုးလား...ဒါဆိုရင်တော့ ဆွေးနွေးစရာရှိပါတယ်။
မြန်မာနိုင်ငံမှာ စစ်ဖြစ်နေချိန်ဆိုတော့ ဒီချိန်မှာ တင်ပြတဲ့သတင်းမှာ တိုက်ပွဲ၊ စစ်ပွဲ၊ သေနတ်၊ သေတာ၊ သတ်ခံရတာ ... ဒီစကားလုံးတွေက ရှောင်လို့မရပါဘူး။ သေနတ်ပုံ၊ ဗုံးသီးပုံ၊ ယူနီဖောင်း၊ ဒဏ်ရာပုံတွေကလည်း ရှောင်လို့မရပါဘူး။ တကယ်လို့ App နဲ့ အော်တို စစ်နေတာဆိုရင်တော့ သာမန်တဦးချင်းတင်တာကို အဲလို လုပ်ရင် လုပ်ပါ။
သတင်းဌာနတွေက တင်တာကိုတော့ လူကိုယ်တိုင် ချက် စေချင်ပါတယ်။ Facebook မှာ မြန်မာဝန်ထမ်းတွေ ခန့်ထားတယ်လို့လည်း ကြားရပါတယ်။ ဒါပေမယ့် အဲဒီဝန်ထမ်းတွေက သတင်းတွေ၊ ပုံတွေကို စိစစ်နိုင်တဲ့ အယ်ဒီတာအဆင့်ရှိတဲ့ ဝန်ထမ်းတွေဟုတ်ရဲ့လား။ မဟုတ်သေးရင် အယ်ဒီတာအဆင့် ဝန်ထမ်းတွေကို ခန့်ပြီး ဆိုရှယ်မီဒီယာပေါ်က မြန်မာ့သတင်းစီးဆင်းမှုကို ချောမွေ့အောင် ဆောင်ရွက်ပေးစေချင်ပါတယ်။
ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း စစ်တပ်က အာဏာသိမ်းထားချိန်မှာ လူထုတရပ်လုံးက ဆိုရှယ်မီဒီယာပေါ်က သတင်းကိုသာ အဓိကအားထားနေရတဲ့အတွက် Facebook တာဝန်ရှိသူတွေ၊ မြန်မာဝန်ထမ်းတွေအနေနဲ့ အခုတင်ပြချက်တွေကို အလေးထား စဉ်းစားပေးချင်ပါတယ်။ ဒီတင်ပြချက်တွေကိုအလေးမထားရင်တော့ လွတ်လပ်တဲ့သတင်းဌာနတွေက တင်ပြတဲ့ သတင်းတွေကို လူထုရရှိမှုတဖြေးဖြေးကျဆင်းသွားပြီး စစ်ကောင်စီဖက်က ဝါဒဖြန့်ချိရေး မီဒီယာတွေကို အားပေးအားမြောက်ပြုသလို ဖြစ်သွားနိုင်ပါတယ်။
အနည်းဆုံးအားဖြင့်တော့ ကြော်ညာခ လျော့ရင်လျော့ပါ။ ဒါပေမယ့် ပရိသတ်ဆီ သတင်းရောက်နှုန်းကို မထိခိုက်အောင် Reach ကိုမချဘဲ အခြားနည်းနဲ့ ဒဏ်ခတ်တာမျိုး ပြောင်းလုပ်စေချင်ပါတယ်။ ဒါဟာ စာရေးသူတဦးတည်းကြုံတွေ့နေရတာမဟုတ်ပါဘူး။ သတင်းဌာနအားလုံးနည်းပါး ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒါပေမယ့် ဒါကို တင်ပြလိုက်ရင် Reach ထပ် အချခံရလေမလားဆိုပြီး စိုးရိမ်တဲ့အတွက် မတင်ပြရဲဘဲဖြစ်နေတယ်လို့ မိတ်ဆွေအချို့က ပြောပါတယ်။
ဒါကြောင့် အခုတင်ပြချက်ကို ကွင်းထဲက သတင်းသမားတဦးရဲ့တင်ပြချက်အဖြစ် အလေးအနက်ထားပြီး Facebook တာဝန်ရှိသူ၊ မြန်မာဝန်ထမ်းတွေ၊ လုပ်ပိုင်ခွင့်ရှိသူ အားလုံး မြန်မာ့သတင်းလောကအတွက် အကောင်းဆုံးဖြစ်မယ့် လမ်းကြောင်းတခု ဝိုင်းစဉ်းစားပေးပါရန် အလေးအနက် တင်ပြလိုက်ရပါတယ်။
■ ထက်အောင်ကျော်
Monday, October 23, 2023
နှစ် ၃၀ ဧရာဝတီ ခရီးရှည်အပေါ် အကဲဖြတ်ခြင်း
နှစ် ၃၀ ဧရာဝတီ ခရီးရှည်အပေါ် အကဲဖြတ်ခြင်း
--------------
(၂၃- ၁၀- ၂၀၂၃)
ဧရာဝတီ သတင်းဌာန နှစ် ၃၀ ပြည့်အတွက် အမှတ်တရဆောင်းပါး၊ ဂုဏ်ပြုဆောင်းပါးတွေ ဖတ်ရင်းနဲ့ ကိုယ်လည်း တခုခု ရေးချင်စိတ်ပေါ်လာပါတယ်။
ဒါပေမယ့် ကိုယ်ရေးမှာက ကိုယ့်စတိုလ်နဲ့ကိုယ်ရေးမှာဆိုတော့ သဝဏ်လွှာလို၊ ဂုဏ်ပြုဆောင်းပါးလို လိုတိုရှင်း မဟုတ်ပဲ ရှည်လျားထွေပြားတော့ ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် သမိုင်းလေ့လာသူတွေ၊ မီဒီယာသမားတွေအတွက် အသုံးတည့်မယ်လို့ယူဆပါတယ်။
အမှန်တိုင်းပြောရရင် လွန်ခဲ့တဲ့ နှစ် ၃၀ ကာလအတွင်း DVB ဟာ ကျနော်တာဝန်ထမ်းဖူးတဲ့ ပထမ ဆုံး တော်လှန်မီဒီယာဖြစ်ပြီး ဧရာဝတီဟာ ဒုတိယ တော်လှန်မီဒီယာလို့ဆိုချင်ပါတယ်။
(၁)- ဧရာဝတီကို စတင်ဖတ်မိခြင်း...
ကျနော်အမှတ်မမှားဘူးဆိုရင် ၁၉၉၂ လောက်မှာ ဧရာဝတီစာစောင်ကို စတင်ဖတ်ဖူးတယ်ထင်ပါတယ်။ အဲဒီကာလက ကိုယ်တောင် DVB သတင်းထောက်တောင်မဖြစ်သေး၊ ABSDF ရဲဘော်အဖြစ် တောတွင်းကနေ ဘန်ကောက်ကို တက်လိုက်-ဆင်းလိုက်လုပ်ရင်း ဖတ်မိတာပါ။
စာစောင်ဆိုပေမယ့် အခုထုတ်နေတဲ့ မဂ္ဂဇင်းလိုမဟုတ်သေးဘူး။ ဘန်ကောက်ပို့စ်၊ နေရှင်း သီတင်းစာဖြတ်ပိုင်းတွေအပါဝင် မြန်မာနိုင်ငံအကြောင်းရေးထားတဲ့ နိုင်ငံတကာသတင်းတွေကို စုပြီး စာစောင်အဖြစ် ထုတ်ဝေထားတာမျိုးပါ။ အဲဒီစာစောင်ရဲ့အောက်မှာ ဖေါ်ပြထားတဲ့အမည်ကလည်း ဧရာဝတီမဟုတ်သေး။ BIG (Burma Information Group) ဖြစ်ပါတယ်။
ဒီလို ခရီးသွား ဟန်လွဲဖတ်မိတဲ့စာစောင်ဟာ နောက် ၅ နှစ်လောက်ကြာရင် ကိုယ်တိုင် ဆောင်းပါးဝင်ရေးဖြစ်မယ့် စာစောင်၊ ဘန်ကောက်အခြေစိုက် အထူးသတင်းထောက်အဖြစ် တာဝန်ယူရမယ့် စာစောင်ဖြစ်လာလိမ့်မယ်လို့ အဲဒီကာလက လုံး၀ ထင်မထားခဲ့ပါ။
တခါ ဒီစာစောင်ကို စိတ်ဝင်စားရခြင်း နောက်ထပ်အကြောင်းတခုကတော့ ဒီစာစောင်ရဲ့ အယ်ဒီတာ အောင်ဇော်ပါ။ သူဟာ ဧရာဝတီအယ်ဒီတာဖြစ်တဲ့အပြင် နာမည်ကြီး ထိုင်းသတင်းစာတွေဖြစ်တဲ့ ဘန်ကောက်ပိုစ်နဲ့ သီနေရှင်းသီတင်းစာတွေမှာ အင်္ဂလိပ်ဘာသာနဲ့ ဆောင်းပါးတွေ အပတ်စဉ်လိုလို ဆက်တိုက်ရေးနေသူပါ။
ပြီးတော့ ၁၉၉၇ လောက်မှာ ဝါရှင်တန်အခြေစိုက် လွတ်လပ်တဲ့အာရှအသံ RFA ရဲ့ သတင်းထောက်လည်းဖြစ်ပါတယ်။ (DVB ကို ၁၉၉၂ မှာ စတင်အသံလွှင့်ပြီး RFA က ၁၉၉၆ လောက်မှာ စတင် အသံလွှင့်ပါတယ်)။
(၂)- ကိုအောင်ဇော်နှင့် တွေ့ဆုံခြင်း
ဧရာဝတီအယ်ဒီတာ ကိုအောင်ဇော်ကို ပထမ ဆုံးလူချင်းတွေ့ဖူးတာက ၁၉၉၈ နှစ်ဦးပိုင်း မယ်ဟောင်ဆောင်က မီဒီယာသင်တန်းတခုမှာပါ။ DVB က စီစဉ်တဲ့ အဲဒီသင်တန်းမှာ DVB သတင်းထောက်တွေ၊ DVB တိုင်းရင်းသားအစီစဉ်က သတင်းထောက်တွေ၊ ဘန်ကောက်ဗျုရို၊ နယူးဒေလီဗျုရို တာဝန်ရှိသူတွေအပြင် ထူးထူးခြားခြား RFA သတင်းထောက် ကိုအောင်ဇော်ကိုလည်း တွေ့ရပါတယ်။
“အောင်ဇော် ဆိုတာ ကျနော်က ဆရာဦးတင့်ဇော်တို့လို တက္ကသိုလ်ဆရာဟောင်း အဖိုးကြီးလို့ထင်တားတာ” ဆိုပြီး ကျနော်က ပြောတော့ အားလုံးက ဝိုင်းရယ်ကြပါတယ်။ တကယ်က ကျနော် နောက်ပြောတာမဟုတ်ပါ။ ကိုအောင်ဇော်ကို လူချင်းမတွေ့ခင်အထိ ကျနော်စိတ်ထဲ အဲလိုပဲ ထင်ထားတာပါ။
ကျနော်တို့လို ၈၈ မှာ အတူတူထွက်လာတဲ့ ကျောင်းသားတဦးက နိုင်ငံတကာသတင်းစာတွေမှာ အင်္ဂလိပ်ဘာသာနဲ့ ဒီလိုဆောင်းပါးတွေ ရေးနေနိုင်လိမ့်မယ်လို့ ကျနော် ထင်မထားခဲ့ပါ။ အတော်လေးစားသွားပြီ ဆိုပါတော့...
အဲဒီ သင်တန်းကာလ သီတင်းပတ် ၂ ပတ်တာအတွင်း ကျနော်တို့ကြား အတော်အငြင်းပွားမှုဖြစ်ခဲ့တာကိုလည်း အမှတ်ရနေပါသေးတယ်။ သင်တန်းဆရာ ၂ ဦးက အနောက်တိုင်း ဝါရင့်သတင်းစာဆရာတွေ၊ တယောက် ရေဒီယိုသတင်းကျွမ်းကျင်သူဖြစ်ပြီး တယောက် ရုပ်-သံ ကျွမ်းကျင်သူပါ။
အဓိက အငြင်းပွားတဲ့ကိစ္စက “ဝါဒဖြန့်ချီရေးသတင်းနဲ့ သတင်းစစ်စစ် ဘာကွာသလဲ” ဆိုတဲ့ ခေါင်းစဉ်ပါ။ ကျနော်အပါဝင် DVB သတင်းသမားတွေက သူပုန်ကနေ သတင်းထောက်ဖြစ်လာသူတွေ၊ ပြီးတော့ ကျနော်ဆို လက်ရှိ ABSDF မှာ တာဝန်ထမ်းဆဲဖြစ်သလို အခြားလူ အတော်များများကလည်း သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူတွေ... ဆိုတော့ “ဝါဒဖြန့်ချီရေးသတင်းနဲ့ သတင်းစစ်စစ်” ကို ကွဲကွဲပြားပြား မသိပါဘူး။
သတင်းတင်ပြီဆိုတာနဲ့ ကိုယ့်ဖက်ကအသာ စစ်ကောင်စီဖက်ကအနာ (အဲဒီကာလကတော့ နဝတ- နအဖ ခေတ်ပေါ့) ဒီလိုတင်တာ၊ ကိုယ့်ဖက်က အားနည်းချက်တွေကိုချန်ထားပြီး နဝတ အားနည်းချက်တွေချည်း နင်းကန်တင်တာမျိုးပေါ့။
အဲဒီအချိန်မှာ ကိုအောင်ဇော်ရဲ့ ဆွေးနွေးမှုတွေက သင်တန်းဆရာတွေနဲ့အတော်တူနေတာ တွေ့ရပါတယ်။ ဆိုလိုတာက ကျနော်တို့က စင်ပြိုင်အစိုးရရဲ့ ရေဒီယိုသတင်းထောက်ဖြစ်နေချိန်မှာ သူက နိုင်ငံတကာတန်းဝင် ပရိုသတင်းသမားဖြစ်နေပြီဆိုတဲ့သဘောပါ။
သဘောတရားသက်သက်ပြောတာမဟုတ်ပါ။ RFA သတင်းထောက်တွေက အဲဒီအချိန်မှာကတည်းက သတင်းတပုဒ်အတွက် ဒေါ်လာ ၁၀၀ လောက်ရနေချိန်ပါ။ သင်တန်းပြီးလို့ ကွင်းဆင်းသတင်းယူတဲ့အချိန်မှာလည်း ပရိုသတင်းသမားနဲ့ ကျနော်တို့လို သတင်းသမား ပေါက်စတွေကြား ပြန်လည်တင်ပြတဲ့သတင်းကွာလတီက သီသာပါတယ်။
အနှစ်ပြန်ချုပ်ရရင်တော့ အဲသင်တန်းအပြီးမှာ ပရိုသတင်းသမားဖြစ်အောင်ကြိုးစားဖို့၊ အင်္ဂပ်ဘာသာနဲ့သတင်းဆောင်းပါးတွေရေးဖို့ ကိုအောင်ဇော်ဆီကနေ ကျနော် အားဆေးတွေရခဲ့ပါတယ်။
(၃)- ကိုအောင်ဇော်နှင့်အတူ သတင်းယူခြင်း
အဲဒီသင်တန်အပြီးမှာ ကျနော်ဟာ ABSDF တာဝန်တွေကိုလျော့ချပြီး သတင်းသမားတာဝန်ကို များများယူခဲ့ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ဆောင်းပါးတွေလည်း စတင်ရေးဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ သတင်းစာရှင်းပွဲတွေ၊ စီမီနာတွေဆီ သတင်းယူဖူးတာကတော့ ၁၉၉၉ DVB ရုံးချုပ်ရှိရာ နော်ဝေနိုင်ငံကို ၃ လတာသွားအပြီး အပြန် မြန်မာနိုင်ငံကူးစာအုပ် အတု ရှိလာချိန်မှပါ။ (ဘာအထောက်ထားမှမရှိရင် နိုင်ငံတကာကပွဲ တက်ဖို့မလွယ်ပါ)
နော်ဝေကအပြန် ၉ လေးလုံးအကြိုကာလ ထူးခြားသတင်းတွေရယူဖို့အတွက် ကျနော်မဲဆောက်ရောက်နေချိန်မှာ ကိုအောင်ဇော်နဲ့ ထပ်တွေ့ပါတယ်။ “အုန်းဖျံစခန်းဖက်သွားမယ်၊ ခင်ဗျားလိုက်မလား”တဲ့...။ သူက ကိုယ်ပိုင်ကားတွေ၊ ထိုင်းကားဆရာတွေ ဘာတွေနဲ့ဆိုတော့... မိုက်ကရိုဖုန်းတလုံး၊ ရီကော်ဒါတခုကလွဲပြီး ဘာမှမရှိလို့ ဘယ်မှမသွားနိုင်ဖြစ်နေတဲ့ ကိုယ့်အတွက် ကွက်တိပေါ့။
သူ့ကားသမားကလည်း ဒေသအခြေအနေကျွမ်းသလားမမေးနဲ့၊ လမ်းတယောက် ထိုင်းရဲတွေက မေးတာကို အုန်းဖံျဒုက္ခသည်စခန်းသွားမယ်လို့မပြောဘူး။ အုန်းဖျံရေတံခွန်သွားမယ်တဲ့...။ ဆိုလိုတာက ဒုက္ခသည်စခန်းသွားမယ်ဆိုရင် ခွင့်မပြုဘူး၊ သတင်းထောက်တွေဆိုရင် ခွင့်မပြုပါဘူး။ ...ဆိုတော့ သတင်းသမားတွေအတွက် သတင်းရရေးဟာ အဓိကဖြစ်ပြီး ကျန်တာတွေကို သင့်သလိုပြောနိုင်ရမယ်၊ ပြသာနာမဖြစ်အောင် ရှောင်ရှားနိုင်ရမယ်ပေါ့...
“ဟေ့လူ ခင်ဗျား သတင်းမေးတာက ဒုက္ခသည်ကို Torture လုပ်သလိုဖြစ်နေပြီ” ဆိုတဲ့ ကိုအောင်ဇော်ရဲ့ သတိပေးချက်ကိုလည်း ကျနော်အမှတ်ရနေပါတယ်။ အုန်းဖျံကိုရောက်ပြီး စခန်းထဲလှည့်ပတ်သတင်းမေးနေတုန်း အင်ဖက်အမိုးတွေကို ကျော်ကုန်းပေါ်ထမ်းပြီးလာနေတဲ့ ကရင်ရွာသားတဦးကို ကုန်းတက်လမ်းတလျောက် မိုက်ထိုးပြီး အတင်းလိုက်မေးနေတဲ့ ကျနော်ကို သူက နောက်တာပါ။
ကိုအောင်ဇော်နဲ့အတူ ဒုတိယ အကြိမ်တွေ့ဆုံ သတင်းယူဖူးတာက ၁၉၉၉ နှောင်းပိုင်း ဘန်ကောက်က အာဆီယံ အစည်းအဝေးမှာပါ။ ဘီဘီစီက ဒေါ်ကြည်ကြည်မေလည်းပါပါတယ်။ BBC, RFA, DVB ၃ ဦးတွဲသတင်းယူတယ်ဆိုပါတော့။ အဲဒီအချိန် နဝတ နိုင်ငံခြားရေးဝန်ကြီးက ဦးဝင်းအောင်။
မီဒီယာကို လုံး၀ စကားပြောလေ့မရှိတဲ့ စစ်ကောင်စီဝန်ကြီးတွေဟာ မီဒီယာသမားတွေကို အသေရှောင်ပါတယ်။ ဒါပေမယ့် ကံဆိုးရှာတဲ့ ဦးဝင်းအောင်ဟာ တက်ကြွလွန်သတင်းသမားတွေဖြစ်နေတဲ့ ကျနော်တို့ ၃ ဦးကို မရှောင်နိုင်ပဲ ဓာတ်လှေခါးဝတခုမှာ ပိတ်မိသွားပါတယ်။
“ဝန်ကြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ဝေဖန်ချက်တွေနဲပတ်သက်ပြီး တခုခုပြောနိုင်မလား”... ဆိုတော့... “ကျေးဇူးတင်ပါတယ်။ ကျနော်မှာ အထူးအထွေပြောစရာမရှိပါဘူး”..တဲ့။ သေရော... အချိန်ကုန်ခံပြီး အသဲအသန်လိုက်ဖမ်းခဲ့ရတဲ့ ကျနော်တို့ သတင်းသမားတွေ ဘာမှ သုံးစားလို့မရတဲ့ -Sound bite - ပဲ ရလိုက်ပါတယ်။ ကံကောင်းထောက်မပြီး ဧရာဝတီ ဓာတ်ပုံဆရာက မှတ်တမ်းရိုက်နိုင်လို့ ဓာတ်ပုံလေးတပုံရခဲ့ပေါ့...။
ကိုအောင်ဇော်နဲ့ နောက်ထပ်တကြိမ် သတင်းယူစဉ်တွေ့မိတာက ၉ လေးလုံးအလွန် ဘန်ကောက်သံရုံးကို မြန်မာကျောင်းသား (စွမ်းအားမြင့် စစ်သည်တော်များအဖွဲ့) က စီးနင်းထားစဉ်မှာပါ။ အဲဒီအချိန်မှာ DVB ရေဒိယိုက အသံအတော်ကြည်နေပြီဖြစ်တဲ့အတွက် (DVB က RFA လို ကိုယ်ပိုင်အသံလွှင့်စက်မရှိပဲ အာဖရိကရှိ စက်တွေကတဆင့်ငှားရမ်းလွှင့်ရတဲ့အတွက် အသံမကြည်ပါ) ကျနော်လည်း သံရုံးစီး သေနတ်သမား ကိုဂျော်နီနဲ့ အင်တာဗျုး၊ ကိုဂျောနီတို့ ရဟတ်ယာဉ် ပြန်ထွက်ခွာသွားပုံတွေကို လိုက်ဖ် စတိုင်လ်နဲ့ ပထမ ဆုံး သတင်းပို့ခွင့်ရလိုက်ပါတယ်။
အဲဒီပွဲမှာ သတင်းပို့ကောင်းလွန်းလို့ ထိုင်းထောက်လှမ်းရေးတွေရဲ့ အလိုရှိသူ စာရင်းဝင်သွးတဲ့ ကျနော်ဟာ ဘန်ကောက်မြေကနေ အော်စလိုမြေကို ထွက်မှရမယ်ဆိုတဲ့အခြေအနေဖြစ်လာပါတယ်။
တဖက်မှာကလည်း ကျနော်ဟာ DVB အပြင် ဧရာတီမှာလည်း လစဉ် ပုံမှန် သတင်းဆောင်းပါးတွေရေးနေပြီး ဘန်ကောက်အခြေစိုက် အထူးသတင်းထောက်ဆိုပြီး စာစောင်ထဲမှာ ဖေါ်ပြထားတဲ့အထိ နေရာရနေပါတယ်။
ဒါပေမယ့် အခြေအနေက ဘန်ကောက်မှာ ဆက်နေဖို့အဆင်မပြေတော့ပါ။ တနည်းအားဖြင့် ဧရာဝတီမှာ (ဆောင်းပါးတွေကို အော်စလိုကနေ ဆက်ရေးနိုင်ပေမယ့်) ဘန်ကောက်အခြေစိုက် အထူးသတင်းထောက်ဆိုတဲ့ တာဝန်ကို ဆက်မယူနိုင်တော့ပဲ အော်စလိုကို ထွက်ခွာလာခဲ့ရပါတယ်။
(၄)- ဧရာဝတီနှင့် သူပုန်ကျောင်းသား
၂၀၀၀ ခုနှစ်နှောင်းပိုင်းမှာ ဧရာဝတီကိုစွန့်ခွာပြီး DVB အော်စလိုရုံးချုပ်ဆီ ခြေစုံပစ်ဝင်ခဲ့တဲ့ ကျနော်ဟာ ၁၀ နှစ်ခန့်အကြာ ၂၀၁၁ မှာ DVB အာဏာပိုင်တွေရဲ့ အလုပ်ထုတ်ခြင်းကို ခံလိုက်ရပါတယ်။ အဲဒီ ၁၀ နှစ်တာကာလအတွင်း DVB ရဲ့ များပြားလှတဲ့ ရေဒီယို၊ တီဗွီ သတင်းတွေလုပ်နေရင်းနဲ့ ဧရာတီအတွက် သတင်းဆောင်းပါးတွေ အတော်များများရေးဖြစ်ခဲ့ပါသေးတယ်။
ဒီတကြိမ် ဧရာဝတီ ကိုအောင်ဇော်နဲ့ ပြန်တွေ့တာကတော့ အရင်လို အင်္ဂလိပ်ဆောင်းပါး ရေးဖို့မဟုတ်တော့ပါ။ (ဧရာဝတီဟာ အရင်က အင်္ဂလိပ်ဘာသာနဲ့သာ ထုတ်ဝေရာကနေ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ မြန်မာဘာသာနဲ့ပါ သတင်းတွေရေးသားဖေါ်ပြလာတာတွေ့ရပါတယ်)။ မြန်မာပိုင်း “အောက်မေ့ဖွယ်” ကဏ္ဍအတွက် ABSDF အကြောင်း၊ တောတွင်းဘ၀ ဖြတ်သန်းမှုအကြောင်း...“သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး” ရေးသားဖို့ဖြစ်ပါတယ်။
တပတ်တပုဒ်နှုန်းနဲ့ ၅၂ ပိုင်းရေးတာဆိုတော့ တနှစ်ခွဲ၊ ၂ နှစ်လောက် ဧရာဝတီ မှာ ဆောင်းပါးတွေ ဆက်တိုက်ပါခဲ့ပါတယ်။ တချိန်တည်းမှာပဲ သတင်းနဲ့ သတင်းဆောင်းပါးတွေကို မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာနဲ့ ဧရာဝတီအတွက် ပြန်ရေးပြီး သတင်းထောက်ကဒ်လည်း ယူထားတဲ့အတွက် ဧရာဝတီ အချိန်ပိုင်းဝန်ထမ်း ပြန်ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးရာသီဥတုပြောင်းတော့ DVB၊ ဧရာဝတီအပါဝင် မီဒီယာအတော်များများ ပြည်ပကနေ ရန်ကုန်မှာ ပြန်အခြေစိုက်ကြပေါ့။ ကျနော်လည်း ၂၀၁၃ မှာ ပြည်တော်ပြန်ဝင်တော့ ဧရာဝတီ တာဝန်ရှိသူတွေပဲ ရန်ကုန်မှာ နေထိုင်ရေးကိစ္စတွေ စိစဉ်ပေးခဲ့ပါတယ်။
အဲ... အခု အာဏာသိမ်းပြီးချိန်မှာတော့ အခုမြင်နေရတဲ့အတိုင်း မီဒိယာတွေ၊ မီဒီယာသားတွေရဲ့ ရပ်တည်ချက်တွေကို ပိတ်သတ်တွေ မြင်တွေ့နိုင်ပါတယ်။
(၅)- ဘက်မလိုက်ရပ်တည်ခဲ့တဲ့ ဧရာဝတီ နှစ် ၃၀...
နှစ် ၃၀ စာကို အနှစ်ပြန်ချုပ်ရမယ်ဆိုရင်....
၁- ဧရာဝတီဟာ သတင်းသမားတွေ၊ ဆောင်းပါးရှင်တွေကို စာမူခပေးတဲ့ ပထမဆုံး စာစောင်၊ မဂ္ဂဇင်းဖြစ်ပါတယ်။
(၁၉၉၀၊ ၂၀၀၀ ခုနှစ်တွေတုန်းက ပြည်ပထုတ် ဘယ်စာစောင်မှ စာမူခ ပေးခြင်းမရှိပါ)
၂- အချက်အလက်ပေါ်သာ အခြေခံပြီး နိုင်ငံရေးဘက်လိုက်မှု၊ ဝါဒဖြန်ချီမှု မရှိသလောက်ပါ။
ဒီလိုကောက်ချက်ဆွဲဖို့ သိပ်မလွယ်ပါ။ ဒါပေမယ့် ဝေဖန်စရာရှိရင် စစ်ကောင်စီကိုရော ဒီမိုကရေစီအင်အားစုတွေကိုပါ ဧရာဝတီကဝေဖန်ခဲ့တာ ၂၀၀၀ ခုနှစ် ဝန်းကျင်ကတည်းက ဖြစ်ပါတယ်။ အဲဒီခေတ်က သြဇာကြီးခဲ့တဲ့ ABSDF, NUGUB, FTUB, KNU စသဖြင့် အဖွဲ့တွေကို ဝေဖန်ထောက်ပြဖို့ဆိုတာ အဲဒီခေတ်က မလွယ်ပါ။
“တော်လှန်ရေးထဲကနေ ပေါက်ဖွားလာတဲ့ တော်လှန်ရေးမီဒီယာက တော်လှန်ရေးအဖွဲ့အချင်းချင်း ဝေဖန်စရာလား၊ ဒီကောင်တွေက ဘာတွေလဲ” စသဖြင့် ဝေဖန်သံတွေကြားထဲကနေတောင် ဘက်မလိုက်ရပ်တည်ပြီး ဝေဖန်ထောက်ပြလာတာ ဒီနေ့အထိပဲလို့ ဆိုချင်ပါတယ်။
၃- နေပြည်တော်ကို ခြေစုံပစ်မဝင်ပဲ ချင်းမိုင်မှာ ရုံးခွဲချန်ထားခြင်းကလည်း အားသာချက်တခု လို့မြင်မိပါတယ်။ နိုင်ငံရေးခေတ်ပြောင်းချိန်မှာ ပြည်ပ အခြေစိုက် မီဒီယာ အားလုံးနိးပါး နေပြည်တော်ကို ခြေစုံပစ်ဝင်သွားပေမယ့် ဧရာဝတီဟာ ချင်းမိုင်ရုံးခွဲကို စနစ်တကျ ချန်ထားခဲ့တာ၊ တဖက်ဝင် တဖက်ချန် ထားတာတွေရပါတယ်။
ဒါဟာ ချင်းမိုင်မှာ အခြေချထားပြီးသားမို့ ချန်ထားတာဖြစ်နိုင်သလို စစ်တပ်အပေါ် အကဲဖြတ်ချက် မှန်တယ်။ စစ်တပ်ဟာ တချိန်မှာ အရင်လမ်းကို ပြန်လျောက်မယ့်သူတွေ၊ တရားဟောနေရုံနဲ့ အမြင်မှန်ရလာမယ့်လူတွေမဟုတ်ဘူးဆိုတာကို ကြိုတင်အကဲဖြတ်ထားနိုင်ခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။
၄- မြန်မာဘာသာအပြင် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေခြင်းက သြဇာပိုရှိစေတယ် လို့ ကျနော်က ယူဆပါတယ်။ မြန်မာဘာသာတခုတည်းနဲ့ရေးသားထုတ်ဝေမယ်ဆိုရင် ဧရာဝတီ အခုလောက်အထိ သြဇာရှိမယ်မထင်ပါ။
မြန်မာနိုင်ငံတင်မကပဲ ဒေသတွင်းနိုင်ငံတွေ၊ မြန်မာနဲ့ ဆက်စပ်နိုင်ငံတွေ၊ သံတမန်တွေကြားမှာပါ သြဇာရှိတာဖြစ်ပါတယ်။ မြန်မာအကြောင်း အကိုးအကားလုပ်မယ်ဆိုရင် အင်္ဂလိပ်ဘာသာနဲ့လောက်လောက်လားလား၊ စဉ်ဆက်မပြတ်ရေး ရေးသားထုတ်ဝေနေတာဆိုလို့ ဧရာဝတီပဲရှိပါတယ်။
အခြား မီဒီယာတွေက အင်္ဂလိပ်ဘာသာနဲ့ ရေးသားကြတယ်ဆိုပေမယ့် ဧရာဝတီလို တစိုက်မတ်မတ်၊ ထဲထဲဝင်ဝင် မရှိပါဘူး။
၅- အကိုးအကားအတွက် အဆင်ပြေဆုံး သတင်းဌာန၊ သတင်းဝက်ဆိုက်- လို့လည်း ဆိုချင်ပါတယ်။
အခုချိန်မှာ ဧရာဝတီနဲ့ကျနော် ဘာမှအဆက်အစပ်မရှိ (ဆောင်းပါးမရေး၊ သတင်းမရေး တော့တာကိုဆိုလို) တော့ဘူးဆိုပေမယ့် ဧရာဝတီကို နေစဉ် ဝင်ဖန်နေရဆဲဖြစ်ပါတယ်။
နောက်ပေါ်တဲ့ သတင်းဌာနတွေမှာ သတင်းတွေသိပ်မြန်ပေမယ့် မှန်ကန်တိကျမှုနဲ့ ကိုယ်ပိုင်ဆိုစ် သတင်းတွေက ဧရာဝတီက သာပါတယ်။ တခါ အခုခေတ်က FB ခေတ်ဆိုတော့ အချို့သတင်းဌာနတွေက တနေကို့ သတင်းပုဒ်ရေ ၃၀ လောက်အထိ တင်ကြတယ်ထင်ပါတယ်။
ကိုယ်တွေက အချက်အလက်လိုချင်ရင်၊ ဓာတ်ပုံအထောက်အထားလိုချင်ရင် ဘယ်လိုမှ ပြန်ရှာဖို့မလွယ်ပါ။ ဝက်ဆိုက် ဝင်ကြည့်တဲ့အခါမှာလည်း ရှုတ်ထွေးနေပြီး ဧရာတီဝက်ဆိုက်လို ရှင်းရှင်းလင်းလင်းမရှိပါ။ ဒါကြောင့် ဧရာဝတီ ဝက်ဆိုက်ကိုပဲ နေ့စဉ်ဝင်ဖတ် ရှာဖွေနေရဆဲ ဖြစ်ပါတယ်။
ဒီလို ထူးခြားချက်တွေရှိတဲ့ ဧရာဝတီ... နှစ် ၃၀ ခရီးမှသည်... ရှေ့သို့ ဆက်လက်ချီတက်နိုင်ပါစေ...
ဝင်းထိန် @ ထက်အောင်ကျော်
(၂၃- ၁၀-၂၀၂၃)
အော်စလို၊ နော်ဝေ။
Monday, September 19, 2022
ဗိုလ်မှူးကြီး ဂျိမ်းစ် လန်ဒေါင်း သို့ သတိရခြင်း...
ဗိုလ်မှူးကြီး ဂျိမ်းစ် လန်ဒေါင်း သို့ သတိရခြင်း...
------------------------------
(၁၉ - ၉ -၂၀၂၂)
KIO နိုင်ငံခြားဆက်ဆံရေး ဒုတာဝန်ခံဟောင်း ဗိုလ်မှူးကြီး ဂျိမ်းစ် လန်ဒေါင်း James Lum Dau ကွယ်လွန်တယ်။ သူ့ဈာပနအခမ်းအနားကို ချင်းမိုင်မှာလုပ်တယ်၊ တော်လှန်ရေးသမားတွေ တက်ရောက်ကြတယ်ဆိုတဲ့သတင်းကို မနေ့က တွေ့မိပါတယ်။
တကယ်ဆို ဟိုး...မြန်မာပြည်မြောက်ဖျား ပူတာအိုဖက်က ကချင်သူပုန်တဦးနဲ့ ဟိုး... မြန်မာပြည်တောင်ဖျား ကော့သောင်းကျွန်းစုနားက ထားဝယ်သူပုန်တဦး လူချင်းတွေ့ဖို့ဆိုတာ ဖြစ်နိုင်ခြေသိပ်နည်းပါတယ်။
ဒါပေမယ့် ထူးထူးခြားခြား ဗိုလ်မှူးကြီး ဂျိမ်းစ်ကို ကျနော် စတွေ့ဖူးတာ ၁၉၈၉ နှောင်းပိုင်း။ ၈၈ တော်လှန်ရေး အရှိန်ကောင်းနေစဉ်အချိန်တုန်းကပေါ့...။
မာနယ်ပလော၊ ကလက်ဒေး၊ ဝမ်ခ၊ သေဘောဘိုး၊ မောကဲ... မဲဆောက်ဖက်မှာ KNU နယ်မြေကော်မီတီ တာဝန်ပြီးဆုံးလို့ မဲဆောက်ကနေ မင်းသမီးစခန်းအပြန် ဘန်ကောက်ကို ခနဝင်စဉ် သူနဲ့ စတွေ့ဖူးတာပါ။
မဲဆောက်ကနေ ဘန်ကောက်ကို လိုက်ပို့ပေးတဲ့ ထိုင်းထောက်လှမ်းရေးက ဘန်ကောက်မြို့လယ် ပန်ထစ်ပလာဇာက သူ့ရုံးခန်းဆီ ကျနော်နဲ့အခြား ရဲဘော်တဦးတို့ကို ပို့ပေးထားခဲ့တာ။ အဲတုန်းက သူဟာ နိုင်ငံခြားရေးအပြင် စီးပွားရေးဌာနကိုလည်း တာဝန်ယူထားရတယ် ထင်ပါတယ်။
အနောက်တိုင်းဝတ်စုံနဲ့ ဗိုလ်မှူးဂျိမ်းစ်ကို KIO အရာရှိမှန်း ကျိုးဖိုး ၂ ဦးက မသိပါဘူး။ ကချင်တွေ အဝတ်အစား အနေအထိုင် စမတ်ကျမှုက ကျိုးဖိုးတွေအများစုနေတဲ့ ကရင်ဒေသက ပဒိုတွေနဲ့မတူဘူးရယ်။
ခင်ဗျားတို့ဆာနေမှာပေါ့ဆိုပြီး ကုန်တိုက်ပေါ် ထမင်းလိုက်ကျွေးတော့... ကိုယ်တွေက တအားဆွဲခဲ့တာ အမှတ်ရနေဆဲ..။ ဝမ်ခမှာ မီးသွေးဖုတ်၊ ကျည်ခွံကောက် ရောင်းပြီး အမိုးဆိုင်မှာ ကော်ဖီတခွက်ရဖို့အရေး ကြိုးစားခဲ့ရပုံ၊ မဲဆောက်က ဒေါက်တာစင်သီယာ ဆေးခန်းမှာ တန်းစီပြီး ထမင်းဆွဲခဲ့တာတွေကို ပြန်သတိရမိ။
ဒါဟာ ဗိုလ်မှူးကြီး ဂျိမ်းစ်ကို ပထမ ဆုံးတွေ့ဖူူးခြင်းပါ။ လမ်းကြုံလို့ ခနဆုံဖူးခြင်းပဲ ဆိုတော့ ထူးထူးခြားခြား ဆွေးနွေးမှုလည်းမရှိပါ။ တောကတက်လာတဲ့ ရဲဘော်လေး ၂ ဦးကို အရာရှိတဦးက ခဏတွေ့ပြီး ကူညီပေးလိုက်တဲ့သဘောလောက်ပါပဲ။
--------------
ဒါပေမယ့် မဲဆောက်နဲ့ ဘန်ကောက်မှာတွေ့မိတဲ့ KNU အရာရှိတွေ၊ KIO အရာရှိတွေကို ကြည့်ပြီး တော်လှန်ရေးဆိုတာ ဒီလို ရေရှည်လုပ်ရတဲ့အမျိုးလား၊ စီးပွားရေးလုပ်ငန်းတွေ၊ ဝင်ငွေရတဲ့အလုပ်တွေရှာပြီး ဆယ်စုနှစ်နဲ့ချီ လုပ်ရတဲ့အမျိုးလား... ဒါတွေက နောက်မှ စဉ်းစားမိတာပါ။
အဲတုန်းကတော့ တော်လှန်ရေးပြီးရင် အိမ်ပြန်မယ်။ ကျောင်းပြန်တက်မယ်- စက်ဘီး ပြန်စီးမယ်ပေါ့...။ မကြာခင် ရွေးကောက်ပွဲလည်းရှိတယ်၊ ဒေါ်အောင်ဆန်းစုကြည်ပါတီ နိုင်ရင် ငါတို့ အိမ်ပြန်လို့ရပြီ၊ နောက်ထပ်ကြာလှ တနှစ်ပေါ့... ၃ နှစ်အတွင်း အိမ်ပြန်ရမယ်ဆိုတဲ့... ကလေးအတွေးပဲ ရှိနေခဲ့တာပါ။
အဲဒါ ၁၉၈၉- ၉၀ လက်နက်ကိုင်တော်လှန်ရေး အရှိန်ကောင်းစဉ်အခါကပေါ့...။ ဒီလိုနဲ့ ဗိုလ်မှူးဂျိမ်းစ်ကို ဒုတိယ အကြိမ် ကျနော်ပြန်တွေ့တော့ ၂၀၀၄ ဝန်းကျင်လို့ထင်ပါတယ်။ တကယ်တော့ လူချင်းတွေ့တာမဟုတ်ပါဘူး။ တယ်လီဖုန်းနဲ့ စကားပြောတာပါ။
သူက KIO နိုင်ငံခြားရေး ဒုတိယ တာဝန်ခံအဖြစ် ဆက်တာဝန်ထမ်းနေဆဲဖြစ်ပေမယ့် ကျနော်က သူနဲ့ ပထမအခေါက် တွေ့စဉ်ကလို ABSDF ရဲဘော် မဟုတ်တော့ဘူူး။ နော်ေ၀ အခြေစိုက် DVB သတင်းထောက်ဖြစ်နေပြီ။
မေးတဲ့အကြောင်းအရာက ညောင်နှစ်ပင်ညီလာခံကို KIO, NMSP အပါဝင် ငြိမ်း အဖွဲ့တွေ တက်နေတဲ့အပေါ် မတက်သင့်တဲ့ လေသံနဲ့ သွားမေးမိတာ။ သူက ကျနော်နဲ့ လွန်ခဲ့တဲ့ ၁၀ နှ်ကျော်က တွေ့ခဲ့ဖူးတာကို မမှတ်မိဘူးရယ်။
နိုင်ငံရေးလုပ်တယ်ဆိုတာ အဖြူ-နဲ့ အမည်း ပဲရှိတာမဟုတ်ဘူး။ အညိုရောင်လည်းရှိတယ်။ ကိုယ်ဖြစ်ချင်တာချည်း ဦးစားပေးလို့မရဘူး။ လက်တွေ့ကျဖို့လည်းလိုသေးတယ်၊ ကျနော်ပြောတာတွေကို မူရင်းအတိုင်း ထည့်ပေးပါ- လိုတာကိုပဲ ဖြတ်မသုံးပါနဲ့...ဆိုပြီး ဝါရင့် တော်လှန်ရေး ခေါင်းဆောင်က သူပုန်လူထွက် သတင်းထောက်ပေါက်စကို တယ်လီဖုန်းထဲကနေ အချိန်အကြာကြီး တရားဟောခဲ့ပါတယ်။
ကိုယ်လည်း သူနဲ့တွေ့မှ မတူကွဲပြားတဲ့ မူလ အသံတွေကို မူလအတိုင်း ထည့်ပေးဖို့လိုတယ်ဆိုတာကို နည်းနည်းသဘောပေါက်လာပါတယ်။ အရင်ကတော့ သူပုန်လူထွက် သတင်းထောက်ဆိုတဲ့အတိုင်း နဝတ-နအဖ ကို အသေဆော်မှ ကြိုက်တာ။ မတင်မကျ ပြောတဲ့ လေသံတွေဆို ဖြတ်ထုတ်ပြီး နဝတ ကို အထိနာစေမယ့် အသံတွေကိုပဲ ရွေးပြီး တမင်တကာ ထုတ်ခဲ့ဖူးပေါ့။
--------------------------
နောက်ဆုံး သူ့ကို လူချင်းတွေ့ဖူးတာက ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမဖြစ်ခင် ကာလလေးမှာလို့ ထင်ပါတယ်။ နယ်စပ်ဖက်ကို သတင်းကိစ္စနဲ့သွားရင်း ဘန်ကောက်က FCCT မှာတွေ့တာ။ အဲဒီအချိန်မှာ DVB က ရေဒီယိုအပြင် TV ပါ လွှင့်နေပြီဆိုတော့ Video အင်တာဗျုးလုပ်ဖြစ်ခဲ့ပါတယ်။
အခု ဗိုလ်မှူးဂျိမ်းစ် အကြောင်း အမှတ်တရရေးဖို့ အဲဒီပုံတွေ ပြန်ရှာတော့ တခုမှ မတွေ့ဘူး။ TV ကလွှင့်တာအပြင် Youtube မှာလည်း တင်ထားပေမယ့် ကိုယ်ပိုင်ချာနယ်မှာ တင်ထားတာမဟုတ်တော့ အခုထိ ပြန်ရှာမတွေ့သေး...။
၂၀၁၀ နောက်ပိုင်းမှာတော့ အခြေအနေတွေ တစုံတရာပွင့်လင်းလာတဲ့အတွက် KIO လိုင်ဇာ ဌာနချုပ်အထိ မီဒီယာတွေသွားခွင့်ရတာ၊ နေပြည်တော်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပြောခွင့်ရလာတဲ့အတွက် တချိန်က ဗိုလ်မှုူးဂျိမ်းစ် ဆီ ကျနော်တို့ မဆက်သွယ်ဖြစ်တော့ပါဘူး။
ဟော...အခု ငြိမ်း ခေတ်ကုန်ပြီး စစ်ပွဲခေတ်ကို တခါပြန်ရောက်လာချိန်မှာ ဗိုလ်မှူးဂျိမ်းစ်က ထာဝရ အနားယူသွားခဲ့ပါပြီ။
အနှစ်ပြန်ချုပ်ရရင်တော့ ဗိုလ်မှူးဂျိမ်းစ် အပါဝင် KIO အရာရှိတွေဟာ စမတ်ကျတယ်၊ သက်ဆိုင်ရာ ဘာသာရပ်မှာ ကျွမ်းကျင်တယ်၊ စည်းရုံးရေး အားကောင်းတယ်၊ နိုင်ငံရေးအမြင်ကျယ်တယ်၊ ရေရှည်အတွက်လည်း ပြင်ဆင်ထားကြသူတွေဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။
အခု နွေဦးတော်လှန်ရေးမှာလည်း KIO/KIA ဟာ အရေးကြီးတဲ့အခန်းကနေ တခါ ပြန်လည် ပါဝင်နေတယ်မဟုတ်ပါလား။ တော်လှန်ရေးဆိုတာ ရေတိုစီမံကိန်းအပြင် ရေရှည်စီမံကိန်းလည်း စနစ်တကျပြင်ထားဖို့လိုမယ်လို့ တွေးမိရင်း...
ဗိုလ်မှူးဂျိမ်းစ်-ကို အလေးပြုလိုက်ပါတယ်။
ထက်အောင်ကျော်
(၁၉-၉ -၂၀၂၂)
Sunday, August 30, 2020
ကမ္ဘာ့မြောက်ဖျားအငူ North Cape သို့ ခရီးသွားခြင်း (၃)
နော်ဝေ-ဖင်လန်-ရုရှား ၃ နိုင်ငံနယ်စပ် တြိဂံဒေသသို့...
ဒီနေ့ ဇူလိုင် ၂၃- ကြာသပတေးဆိုတော့ ခရီးထွက်လာတာ ၅ ရက်ထဲဝင်လာပြီ။ အဓိက ဦးတည်ချက်ဖြစ်တဲ့ Nordkapp ကို ဒီနေ့ တက်မလား၊ ဒါမှမဟုတ် နော်ဝေ-ဖင်လန်-ရုရှား ၃ နိုင်ငံနယ်စပ် တြိဂံဒေသကို အရင်သွားပြီးမှ တက်မလားပေါ့။ လမ်းတလျောက်လုံး ကျနော်တို့ ၃ ဦးကြား အငြင်းပွားမှုမရှိပေမယ့် ဒီကိစ္စမှာတော့ နည်းနည်းသဘောထားကွဲပါတယ်။ အဓိက ဦးတည်လာတာကိုပဲ ဦးစားပေးပါ။ ရုရှား နယ်စပ်မှာ ဘာတွေထူးတာရှိလို့လဲ၊ အဲမှာ မတော်တဆ တခုခုဖြစ်ရင် (ကားပျက်-တာယာပေါက် စသဖြင့်) ခရီးစဉ်တခုလုံး လွဲကုန်မယ်ဆိုပြီး တဦးက ကန့်ကွက်ပါတယ်။
......................