|Dawei Watch| မြိတ်၊ မတ် ၁၄
လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည် မြိတ်လူမျိုးဟု
ပြန်ဖြေရမည်ကို လက်ရှိအချိန် သန်းခေါင်စာရင်း ကောက်ယူရန်
နှစ်ပတ်ကျော်အလိုအထိ မြိတ်ဒေသခံ အများစု မသိသေးဟု မြိတ်ဒေသခံများထံမှ
သိရသည်။
(မြိတ်မြို့ နာရီစင်အနီးကျင်းပသည့် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း အကြိုလှုံ့ဆော်ဖျော်ဖြေပွဲမြင်ကွင်း- ဓာတ်ပုံ - ဇော်ဇော် / Dawei Watch)
မြိတ်လူမျိုးအများစုသည် မြိတ်သည် လူမျိုးတစ်မျိုးဖြစ်သည်ကိုပင် မသိကြဘဲ
ဗမာလူမျိုးဟုသာ သိထားကြသည့်အတွက် သန်းခေါင်စာရင်း ကောက်ယူသည့်အချိန်တွင်
ဗမာလူမျိုးဟုသာ ဖြေကြမည်ဟု ထင်ကြောင်း မြိတ်ဒေသခံ ဦးမောင်ဇော်ဇော်က
မှတ်ချက်ပြုသည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုး ၁၃၅ မျိုးအတွက် ကုတ်နံပါတ်များ
သတ်မှတ်ထားသည်အနက် ဗမာစုတွင် ဗမာလူမျိုးအတွက် ကုတ်နံပါတ် ၅၀၁၊
ထားဝယ်လူမျိုး ၅၀၂၊ မြိတ်လူမျိုး ၅၀၃၊ ဆလုံ ၅၀၈ စသဖြင့် အသီးသီး
သတ်မှတ်ထားသည်။
“လူမျိုးရေးနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လူသိများအောင်
ထားဝယ်လူမျိုးတွေပဲ လှုပ်ရှားမှုရှိတယ်၊ မြိတ်မှာ ဘာလှုပ်ရှားမှုမှ မတွေ့ဘူး”
ဟု ဦးမောင်ဇော်ဇော်က ပြောသည်။
မြိတ်လူမျိုးရှိသည်ကို ဒေသခံများ ပိုမိုကျယ်ပြန့်စွာ သိရှိလာအောင်
သန်းခေါင်စာရင်း အကြောင်းသိကောင်းစရာ ကျပန်းစကားပြောပြိုင်ပွဲတွင်
ပြိုင်ပွဲဝင်တစ်ဦးမှ မြိတ်လူမျိုးစုရှိတယ်ဆိုသော ခေါင်းစဉ်ဖြင့်
ဝင်ရောက် ယှဉ်ပြိုင်ခဲ့သဖြင့် ဒေသခံအချို့ မြိတ်လူမျိုးရှိသည်ကို
သိသွားလောက်မည်ဟု ထင်ကြောင်း မြိတ်မြို့ခံ ဦးကိုကိုထွေးက ပြောသည်။
အဆိုပါ သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာများ ဖျော်ဖြေပွဲကို မတ်လ ၁၂
ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြိတ်မြို့ ဆိပ်ငယ်ရပ်ရှိ
နာရီစဉ်အနီးတွင် သီးလေးသီးအဖွဲ့နှင့် အဆိုတော် ဘန်နီဖြိုးတို့မှ
တင်ဆက်ခဲ့သည်ဟု သိရသည်။

0 comments:
Post a Comment