Monday, March 3, 2014

စာပေဟောပြောပွဲမှ နိုင်ငံရေးဟောပြောပွဲသို့ ဘယ်တော့ တက်နိုင်မလဲ

ထက်အောင်ကျော်
တနသာင်္ရီအပတ်စဉ် ၃၈ မှ။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းမှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီနဲ့အဖွဲ့ တနဿင်္ရီ တိုင်းဆီရောက်နေပြီး သတင်းတပတ်ကျော်ကြာ စာပေဟောပြောပွဲတွေ လုပ်မယ်ဆိုတဲ့သတင်းကိုကြား တော့ ဘာတွေပြောမှာပါလိမ့်လို့ စိတ်ဝင်စားမိပါတယ်။ တခါ ဒီပွဲကိုလာတက်တဲ့ ပရိသတ်တွေကကော သူတို့ဆီက ဘာတွေကြားရဖို့မျော်လင့်ပြီး တက်လာကြသလဲ။ စာပေအကြောင်းလား၊ နိုင်ငံရေး အ ကြောင်းလားပေါ့။
အဲဒီပွဲတွေက ဟောပြောတဲ့အသံဖွိုင်တွေ၊ ဗွီဒီယိုဖွိုင်တွေကိုမကြည့်ရသေးပေမဲ့ ထားဝယ်ကပွဲကိုတက်ခဲ့ သူ နယ်ခံစာပေ၀ါသနာရှင်တဦးကတော့ စာပေအကြောင်းထက် နိုင်ငံရေးအကြောင်းကိုသာ ဦးစားပေး ပြောသွားတာ ကြားမိတယ်လို့ ပြောပါတယ်။ တခါ အရင်ကလုပ်ခဲ့တဲ့ ပွဲအတော်များများရဲ့ အသံဖွိုင်၊ ဗွီဒီယိုဖွိုင်တွေကို လေ့လာကြည့်တဲ့အခါမှာလဲ သူတို့ရေးသားထုတ်ဝေခဲတဲ့ စာအုပ်ထဲကအကြောင်း တွေထက် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေနေအပေါ်ကိုသာ ဦးစားပေးပြောသွားတာတွေ့ခဲ့ရပါ တယ်။

ဒါဖြင့် စာပေဟောပြောပွဲလို့ခေါင်းစဉ်တပ်မနေတော့ပဲ နိုင်ငံရေးဟောပြောပွဲလို့ ပေါ်တင်ခေါင်းစဉ်တပ် လိုက်ရင် ပိုမကောင်းဘူးလား။ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းနေတဲ့အချိန်မှာ လွတ်လပ်ပွင့်လင်းစွာဟောပြော ဆွေးနွေးခွင့်ပေးထားတယ်လို့ အစိုးရက ပြောထားတယ်မဟုတ်ပါ လား။ Freedom of Speech, Freedom of Expression တွေ မြန်မာနိုင်ငံမှာ ရနေပြီမဟုတ်ပါလား။

''အဲဒါတော့ မသိဘူးဗျ။ စာပေဟောပြောပွဲခေါင်းစဉ်နဲ့တောင် မနည်းရအောင် လုပ်ထားရတာ၊ နိုင်ငံရေး ဟောပြောပွဲဆိုပြီးပေါ်တင်သွားတောင်းလို့ကတော့ ခွင့်ပြုချက်မပေးလောက်သေးဘူး ထင်တယ်'' လို့ နောက်ထပ် နယ်ခံတဦးကပြောပါတယ်။ ဒါဖြင့် Freedom of Speech, Freedom of Expression ကို အစိုးရက တကယ်မပေးသေးတဲ့သဘောပေါ့။

''နိုင်ငံရေးဟောပြောပွဲဆိုပြီး ဖိတ်လိုက်ရင်လူတွေက သိပ်မလာရဲကြသေးဘူးဗျ။ စာပေဟောပြောပွဲ ဆိုရင်တော့ ကျောင်းသားတွေရော၊ ၀န်ထမ်းတွေပါ လူတိုင်းလာလို့ရတယ်လေ။ အာဏာပိုင်တွေကလဲ ပြဿနာရှာလို့မရဘူးပေါ့'' လို့ မင်းကိုနိုင် ကိုယ်တိုင်က ပြောဖူးပါတယ်။ အဲဒါ လွန်ခဲ့တဲ့နှစ် ဒီလိုအချိန် ၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီ တတိယ သတင်းပတ်အတွင်း မင်းကိုနိုင်နဲ့ ကိုပြုံးချိုတို့ အော်စလိုရောက်စဉ်က ပြောခဲ့ဖူးတဲ့ စကားပါ။

ဒါဆိုရင် အခု တနှစ်ကြာပြီးတဲ့အထိ၊ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲအလွန် တနှစ်ကြာနိုင်ငံရေးအခြေနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ တနှစ်အလိုကြား နိုင်ငံရေးအ ခြေနေက ဘာမှတိုးတက်ပြောင်းလဲခြင်းမရှိသေးတဲ့သဘော။ Freedom of Speech, Freedom of Expression အခြေနေက ဒုံရင်းအတိုင်းရှိနေဆဲလို့ပြောရတော့မလား။

အဲဒီလိုအတိအကျပြောဖို့လဲခက်နေပြန်ပါတယ်။ ဘာကြောင့်လဲဆိုရင် အတိုက်ခံတွေဖက်က နိုင်ငံရေး ဟောပြောပွဲလုပ်ခွင့်တင်တာကို အစိုးရက တားဆီးပိတ်ပင်နေတယ်လို့ တရားဝင်သတင်းထုတ်ပြန်တာ မျိုး မကြားရသေးလို့ပါ။ ဒါဖြင့် အစိုးရဖက်က ခွင့်ပြုချက်ပေးထားရဲ့နဲ့ အတိုက်ခံတွေဖက်က ပေါ်တင် မလုပ်ရဲသေးတဲ့သဘောလား။ ပေါ်တင်တောင်းလိုက်ရင် အစိုးရနဲ့မျက်နှာပျက်ရမှာစိုးလို့၊ မီးစင်ကြည့် ကနေရတဲ့ နိုင်ငံရေးအခြေနေမျိုးကိုရောက်နေတဲ့သဘောလား။

''တကယ်က ၈၈ ခေါင်းဆောင်တွေဟာ နိုင်ငံရေးသမားတွေပဲဗျာ။ သူတို့ကိုနိုင်ငံရေးခေါင်းဆောင်တွေ အဖြစ် ၈ လေးလုံးကတည်းက လူထုကရွေးထားပြီးသားပဲ။ စာရေးဆရာလိုလို၊ အနုပညာရှင်လိုလို လုပ် မနေပဲ နိုင်ငံရေးကိုပဲ တစိုက်မတ်မတ်လုပ်သင့်တာပေါ့'' ဆိုတဲ့ ဝေဖန်သံတွေဟာ လွန်ခဲ့တဲ့နှစ် မင်းကို နိုင်တို့ နော်ဝေးကိုလာတဲ့အချိန်ကစပြီး ဒီနေ့အထိ ကျယ်ကျယ်လောင်လောင် ကြားနေရဆဲဖြစ်ပါတယ်။

တကယ်တော့ ၈၈ အဖွဲ့ဟာ စာပေဟောပြောပွဲပုံစံနဲ့ ဒီလိုအမြဲတန်း သွားနေတာမျိုးတော့မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ် ဇန်နာဝါရီလ ၁၃ ရက်နေ့ကမှ အကျဉ်းထောင်အသီးသီးကနေ ပြန်လွတ်လာတဲ့ မင်းကိုနိုင် တို့အဖွဲ့ဟာ အဲဒီနှစ် မေလတုန်းကသွားခဲ့တဲ့ ထားဝယ်ခရီးစဉ်ကို စာပေဟောပြောပွဲအဖြစ် ခေါင်းစဉ်မ တပ်ခဲ့ပါ။ အဲဒီခရီးစဉ်တုန်းက ပြည်သူလူထု ထောင်နဲ့ချီပြိး သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြတဲ့ ဓာတ်ပုံ မှတ်တန်းတွေရှိပါတယ်။

အခု ၂၀၁၄ ဖေဖေါ်ဝါရီ ခရီးစဉ်နဲ့ ၂၀၁၂ မေလခရီးစဉ်ကြား ဘာတွေ ဘာကြောင့်ပြောင်းလဲသွားသလဲ ဆိုတာကို ဆန်းစစ်သင့်ပါတယ်။ နိုင်ငံရေးခရီးစဉ်လို့ခေါင်းစဉ်မတတ်ပဲ စာပေဟောပြောပွဲလို့ခေါင်းစဉ် တပ်လိုက်တဲ့အတွက် သာမန်ခရီးစဉ်တခုလိုဖြစ်သွားတာလား။ ဒါမှမဟုတ် ၈၈ မျီုးဆက်ရဲ့ နိုင်ငံရေး လှုပ်ရှားမှုပုံသဏ္ဍန်ကို အသွင်ပြောင်းလိုက်လို့ လူထုစိတ်ဝင်စားမှု နည်းသွားတာလား။

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ၈၈ မျိုးဆက်ရဲ့နိုင်ငံရေးအနာဂတ် အခန်းကဏ္ဍကို လူထုက ဘယ် လိုမျှော်လင့်ထားသလဲ။ ၈၈ မျိုးဆက်တွေကိုယ်တိုင်ကကော အနာဂတ်ကို ဘယ်လိုပုံသဏ္ဍန်နဲ့သွားဖို့ စိတ်ကူးထားသလဲ။ လူထုရဲ့မျှော်လင့်ချက်နဲ့ ၈၈ မျိုးဆက်ရဲ့စိတ်ကူးတွေ တထပ်တည်းမကျသေးလို့ အားလုံးက အားမလိုအားမရဖြစ်နေတဲ့သဘောလား။

အနှစ်ပြန်ချုပ်ရမယ်ဆိုရင်တော့ ၈၈ ကျောင်းသားခေါင်းဆောင်တွေ (အခု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း) ထဲမှာ နိုင်ငံရေးထက် စာပေ၊ အနုပညာကိုသာ ပိုစိတ်ဝင်စားသူတွေ ရှိကောင်းရှိ နေနိုင်ပါတယ်။ ဒါပေမဲ့ ဒီအချိန်ဟာ ကိုယ်တဦးတည်းစိတ်ဝင်စားတဲ့အလုပ်ကို ဦးစားပေးရမဲ့အချိန် မ ဟုတ်သေးပါ။ ကိုယ်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ။ လူထုက ကိုယ်ကိုနိုင်ငံရေးခေါင်းဆောင် အဖြစ်ရွေးထားပြီးဖြစ်တဲ့အတွက် လတ်တလောကလာမှာတော့ လူထုရဲ့တာဝန်ပေးမှုကို မလွဲမရှောင် ထမ်းရွက်ဖို့လိုနေပါတယ်။

ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေနေအရ ၈၈ မျိးဆက်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုနည်းဗျုဟာပြောင်းလိုက်တာ ကို အပြစ်မဆိုသာပေမဲ့ နိုင်ငံရေးကို နိုင်ငံရေးအဖြစ် ပေါ်တင်လုပ်ဖို့တော့လိုနေပါတယ်။ ၂၀၁၅ ရွေး ကောက်ပွဲကျင်းပဖို့ တနှစ်တောင်မလိုတော့တဲ့အချိန်မှာ စာပေပြောပွဲလုပ်မနေတော့ပဲ နိုင်ငံရေးဟော ပြောပွဲအဖြစ် ပေါ်တင်လုပ်ဖို့လိုနေပါတယ်။ ၈ လေးလုံးအရေးတော်ပုံကနေစတင်ခဲ့တဲ့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးတာဝန်ကို ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ ဦးစီးဆောင်ရွက်ဖို့ ၈၈ အဖွဲ့အား သမိုင်းက တောင်းဆိုနေ ပြီဖြစ်ပါတယ်။    ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More