Sunday, March 30, 2014

ပျောက်သောသူ ရှာရင်တွေ့၊ သေသောသူ ကြာရင်မေ့ဟုဆိုသော်လည်း

ထက်အောင်ကျော်
တနသာင်္ရီ အပတ်စဉ် ၄၃။ (မတ်လ ၃၁- ဧပြီလ ၆)
စာမျက်နှာ ၁၁ တွင်ကြည့်ရန်...။ 


(မင်းသမီးစခန်းမှ အာဇာနည်ကုန်း)

''ပျောက်သောသူ ရှာရင်တွေ့၊ သေသောသူ ကြာရင်မေ့'' ဟုဆိုရိုးစကားရှိပေမယ့် ၂၅ နှစ်ကြာတဲ့အထိ ပြန်ရှာ မတွေ့သေးတဲ့သူတချို့၊ မေ့လို့မရသေးတဲ့သူတချို့ရှိနေပါတယ်။ အဲဒီလို ထူးခြားတဲ့ လူတချို့ အတွက် အမျှဝေပွဲနဲ့ ဂုဏ်ပြုပွဲတွေကို တနဿင်္ရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ ပုလောနဲ့ မြိတ်မြို့ တွေမှာ ဧပြီလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပမယ်လို့သိရပါတယ်။

ထပ်ရှင်းအောင်ပြောရရင် ၁၉၈၈ ကဖြစ်ပွါးခဲ့တဲ့ ၈ လေးလုံးအရေးတော်ပုံကို စစ်တပ်က ပစ်ခတ် ဖြိုခွင်း ပြီးတဲ့နောက် အဲဒီစစ်တပ်ကို လက်နက်ကိုင်တော်လှန်မှရမယ်ဆိုတဲ့ ခံယူချက်နဲ့ တောခိုသွားကြတဲ့ တနဿင်္ရီတိုင်း ကျောင်းသားတွေထဲက ပျောက်ဆုံး၊ ကျဆုံး၊ သေဆုံးသွားသူတွေအတွက် အခုလို အခန်းနားကျင်းပဖို့ ပြင်နေကြတာပါ။

မြန်မာအစိုးရသစ်နဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကနေ အလားတူအခန်းနားတွေကို ရန်ကုန်၊ တောင်ကြီး၊ လွိုင် ကော်နဲ့ တချို့မြို့ကြီးတွေမှာကျင်းပခဲ့ပြီးဖြစ်ပေမယ့် တနသာင်္ရီတိုင်းမှာတော့ အခုမှ စတင်ကျင်းပနိုင်တာ ဖြစ်ပါတယ်။

ABSDF ဗဟိုရဲ့ထုတ်ပြန်ချက်အရ ၂၅ နှစ်တာကာလအတွင်း ကျဆုံး-သေဆုံးဦးရေ ၇၀၀ နီးပါးရှိပြီး ထိခိုက်ဒဏ်ရာရသူဦးရေက ၄၀၀ ကျော်ရှိတယ်လို့သိရပါတယ်။ အဲဒီထဲမှာ တနဿင်္ရီတိုင်း ထားဝယ် ခရိုင် ထီးခီးဒေသအနီးရှိ မင်းသမီးစခန်းအခြေစိုက် အမှတ် ၂၀၁၊ ၂၀၂ နဲ့ ၂၀၃ တပ်ရင်း ၃ ခုက ကျဆုံး -သေဆုံးသူပေါင်း ၂၀၀ နီးပါး ပါဝင်ပါတယ်။

အဲဒီ ၂၀၀ နီးပါးထဲမှာ ထားဝယ်ခရိုင် (ထားဝယ်၊ လောင်းလုံး၊ ရေဖြူနဲ့ သရက်ချောင်း) ၄ မြို့နယ်မှ ၂၂ ဦး။ ပုလောမြို့နယ်မှ ၄၅ ဦးနဲ့ မြိတ်ခရိုင်မှ ၁၂၀ ဦးရှိတယ်လို့ အခန်းနားဖြစ်မြောက်ရေးအတွက် တာဝန် ယူဆောင်ရွက်နေသူ ABSDF ရဲဘော်ဟောင်းတွေကပြောပါတယ်။

ဒီအခန်းနားဆီ ABSDF ဗဟိုက တာဝန်ရှိသူတွေအပြင် KNU (ကရင့်အမျိုးသားအစည်းရုံး) နဲ့ တခြား မဟာမိတ်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုရေးအသင်းအဖွဲ့တွေက ကိုယ်စားလှယ်တွေလဲ တက် ရောက်လိမ့်မယ်လို့ ယူဆရပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ ဒီလို ကျဆုံး-သေဆုံး-ပျောက်ဆုံး သွားတဲ့ ရဲဘော် ၂၀၀ နီးပါးကိစ္စကို သူတို့ရဲ့မိသားစုတွေဆီ ABSDF တာဝန်ရှိသူတွေက ဘယ်လိုရှင်းပြမလဲ။ အထူးသဖြင့် အခုချိန်ထိ ပျောက်ဆုံးစာရင်းသွင်းထားရဆဲဖြစ်တဲ့ မင်းသမီးစခန်းရောက် ထားဝယ် ကျောင်းသားသမဂ္ဂဥက္ကဌ ကို တင်လေး၊ ရှေနေကိုမြင့်သိမ်းအပါဝင် ကျောင်းသား ၆ ဦးပျောက်ဆုံးမှုကိစ္စ၊ တခါ ၂၀၃ တပ်ရင်းမှ ကျောင်းသား ၁၃ ဦး သေဆုံးမှုကိစ္စတွေကို ဘယ်လိုရှင်းပြမလဲ ဆိုတာဟာ မေးခွန်းတခုအဖြစ်ရှိနေ ဆဲပါ။


(ကိုတင်လေးနဲ့ ကိုမြင့်သိန်းအပါဝင် မင်းသမီးစခန်းမှာပျောက်ဆုံးသွားသူ ၈ ဦးထဲက တချို့)

၂၅ နှစ်တောင်ကြာသွားပြီဖြစ်လို့ ဒီကိစ္စတွေကိုပြန်မပြောချင်တော့ဘူးဆိုပေမဲ့ အဲဒီကာလက အမှန် တကယ် ဘာတွေဖြစ်ခဲ့သလဲ။ ဘယ်သူတွေမှာတာဝန်ရှိသလဲဆိုတာကို ထုတ်ပြောဖို့ ABSDF ခေါင်း ဆောင်ပိုင်းမှာ တာဝန်ရှိနေပါတယ်။ အရင်တုန်းကတော့ ဒါတွေကို ထုတ်ပြောလိုက်ရင် မဟာမိတ်နဲ့ ဆက်ဆံရေးပျက်ပြီး အချင်းချင်းပဋိပက္ခဖြစ်လာနိုင်တယ်။ စစ်အစိုးရအကြိုက်ဖြစ်သွားနိုင်တယ်ဆိုပြီး စိုး ရိမ်မှုလွန်ကဲခဲ့တယ်ဆိုတာကို နားလည်ပေးနိုင်ပေမဲ့ အခုလို ပွင့်လင်းကာလမှာတော့ ဒါတွေကို အတိုင်း တာတခုအထိ ထုတ်ပြောဖို့ လိုအပ်လာနေပြီဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မဟာမိတ်တွေဖက်ကလဲ ဒီကိစ္စတွေအပေါ် တစုံတရာ ထုတ်ပြောဖို့ တာဝန်ရှိပါတယ်။ ဘာမှသက်သေအထောက်ထားမရှိဘူးဆိုပြီး ဘူး ကွယ်မနေသင့်တော့ပါ။ တောတွင်းနိုင်ငံရေးကနေ မြို့ တွင်းနိုင်ငံရေး အခင်းအကျင်းဆီပြန်ဝင်တဲ့အခါ တောထဲကဖြစ်စဉ်တွေကို အားလုံးအမြင်ရှင်းအောင် ရှင်းပြဖို့လိုအပ်လာပါတယ်။ သေချာတာကတော့ ABSDF တောင်ပိုင်း မင်းသမီးဒေသက ကျောင်း သားတွေပျောက်ဆုံးမှုဟာ ABSDF မြောက်ပိုင်း ကချင်ဒေသမှာဖြစ်ခဲ့တာနဲ့ လုံးဝမတူပါ။

ဒါပေမယ့် ABSDF တာဝန်ရှိသူတွေဖက်ကရော၊ မဟာမိတ်တာဝန်ရှိသူတွေဖက်ကပါ ဒီဖြစ်စဉ်ကို ရှင်း ရှင်းလင်းလင်းထုတ်မပြောတဲ့အခါကျတော့ လူထုတွေကြား အမြင်တွေေ၀၀ါးနေပါတယ်။

ဒီလိုထုတ်ဖေါ်ရှင်းလင်းပြီး ကျဆုံး-သေဆုံး-ပျောက်ဆုံးသွားသူတွေအတွက် ဆွမ်းသွပ်အမျှဝေပွဲ၊ ဂုဏ် ပြုပွဲတွေလုပ်ပေးတာအပြင် သူတို့အတွက် အမှတ်တရ အာဇာနည်ဗိမာန်လိုမျိး တခုခုလုပ်ပေးထားသင့် တယ်လို့ထင်ပါတယ်။ ဒီလူတွေဟာ အလကားနေရင်း သေဆုံးသွားသူတွေမဟုတ်ပါ။ ဒီမိုကရေစီရရှိ အတွက် အသက်စွန့်တိုက်ပွဲဝင်သွားသူတွေဖြစ်ပါတယ်။

၈ လေးလုံးအရေးတော်ပုံအတွင်း ကျဆုံးသွားသူတွေကိုစာရင်းကောက်ပြီး ရန်ကုန်မှာ ၈ လေးလုံးပြ တိုက်လုပ်ဖို့ပြင်သလိုမျိုး ဒီရဲဘော်တွေအတွက်လဲ ပြခန်းတွေ၊ ဂူဗိမာန်တွေ ဆောက်လုပ်ပေးသင့်ပါ တယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ကယန်းပြည်သစ်ပါတီက တည်ဆောက်ထားတဲ့ ရှမ်း-ကယားနယ်စပ် ဆီးဘူးမြို့ရှိ အာဇာနည်ဗိမာန်တခုကလွဲရင် တခြားဘယ်တော်လှန်ရေးအဖွဲ့ကမှ ဒီကိစ္စအပေါ် အရေးတ ယူဆောင်ရွက်တာ မတွေ့ရသေးပါဘူး။

(ထီးခီးနယ်စပ်ဂိတ်အနီးရှိ တချိန်က မင်းသမီးစခန်း)

အခုအခန်းနားကျင်းပမဲ့ တနဿင်္ရီတိုင်းက ABSDF ရဲဘော် ၁၈၇ ဦးအတွက်ဆိုရင် သူတို့အခြေစိုက်ခဲ့ တဲ့ မင်းသမီးစခန်းမှာ ကျဆုံး-သေဆုံးရဲဘော်တချို့ကို မြှုပ်နှံထားတဲ့ အာဇာနည်ကုန်းဆိုတာရှိပါတယ်။ အဲဒီ အာဇာနည်ကုန်းဟာ အစိုးရတပ်တွေ လက်အောက်မှာရောက်တယ်လို့ယူဆရပေမဲ့ အခုလို ငြိမ်း ချမ်းရေးကာလမှာ ဒီအာဇာနည်ကုန်းကို ပြန်လည်ဖေါ်ထုတ်ရေးအတွက် အစိုးရနဲ့ ABSDF တာဝန်ရှိသူ တွေ ညှိနိုင်းသင့်ပါတယ်။

ဒီလိုလုပ်ပေးခြင်းဟာ အနာဟောင်းကို ပြန်ဆွနေတာမဟုတ်ဘဲ ဒီမိုကရေစီတော်လှန်ရေး၊ အမျိုးသား လွတ်မြောက်ရေးအတွက် အသက်ပေးလှူသွားသူတွေကို ဂုဏ်ပြုခြင်း၊ မှတ်တန်းတင်ခြင်းဖြစ်တယ်လို့ နားလည်ပေးသင့်ပါတယ်။ ဒီလိုအသိမှတ်ပြုခြင်းအားဖြင့် အနာဂတ် တိုင်းပြည်တည်ဆောက်ရေး၊ ယုံ ကြည်မှုတည်ဆောက်ရေးတွေမှာ ပိုမိုအထောက်ကူဖြစ်လာနိုင်တယ်လို့မျှော်လင့်မိပါတယ်။    ။
.........................................

၁၉၉၇ မင်းသမီးခစန်းကျစမှာ ၂၀၁ ရဲဘော်များစုပေါင်းထုတ်ဝေတဲ့ မှတ်တန်းစာအုပ်...

 

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More