Wednesday, 05 March 2014 ။ The Voice။
Written by ထက်အောင်ကျော်
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ဟာ မြန်မာသမ္မတတစ်ဦး ပထမဆုံးအကြိမ်
နော်ဝေနိုင်ငံဆီ ရောက်ရှိခြင်း တစ်နှစ်ပြည့်နေ့ ဖြစ်ပါတယ်။ မြန်မာနဲ့
နော်ဝေအကြား အရင်ကတည်းက သံတမန် ဆက်ဆံရေး ရှိခဲ့တယ် ဆိုပေမယ့် ၁၉၈၈ မှာ
စစ်တပ်က အာဏာသိမ်းပြီး ကတည်းက ခပ်တင်းတင်း ဖြစ်နေခဲ့တာပါ။ ဒါပေမဲ့
သမ္မတဦးသိန်းစိန် ရောက်လာပြီး နောက်မှာတော့ ၁၈၀ ဒီဂရီအထိ လုံးဝ ပြောင်းလဲ
သွားခဲ့ပါတယ်။
အရင်က
ဒီမိုကရေစီ အင်အားစုတွေကို ကိုယ်စားပြုတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်
ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) နဲ့ ဒီမိုကရက်တစ်
မြန်မာ့အသံ (DVB) ကိုသာ အလေးပေး ကူညီခဲ့တဲ့ နော်ဝေအစိုးရဟာ သမ္မတ
ရောက်လာပြီးချိန်မှာတော့ အစိုးရဘက်ကိုသာ ဇောင်းပေး ကူညီပါတော့တယ်။ပထမဆုံးအနေနဲ့ နော်ဝေနိုင်ငံဆီ ပြန်လည် ပေးဆပ်ရန် ကျန်နေတဲ့ ကြွေးမြီ ခရိုနာ သုံးဘီလီယံ (အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၄၀ ခန့်) ကို လျှော်ပေးလိုက်ပါတယ်။ တကယ်ကတော့ နော်ဝေတင် မကပါဘူး။ သမ္မတဦးသိန်းစိန်ရဲ့ ပထမဆုံး ဥရောပခရီးစဉ် ငါးနိုင်ငံအတွင်း ပါဝင်တဲ့ ဖင်လန်ကလည်း ကြွေးမြီ ၅၀ ရာခိုင်နှုန်းကို ပယ်ဖျက်ပေးခဲ့ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ယူရိုငွေ ခြောက်သန်းခွဲ အကူအညီပေးမယ်လို့ ကတိပေး လိုက်ပါတယ်။
တစ်ခါ သြစတီးယားနဲ့ အီတလီတို့ကလည်း အကူအညီတွေ ပေးမယ်လို့ သဘောတူခဲ့ပါတယ်။ အီးယူဌာနချုပ် တည်ရှိရာ ဘရပ်ဆဲလ်ကို ရောက်တဲ့ အခါမှာတော့ ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ တောင်းဆိုနိုင်ခဲ့ပြီး အကူအညီတွေ ထပ်ရအောင်လည်း နှိုးဆော် နိုင်ခဲ့ပါတယ်။ ဧပြီလမှာ စီးပွားရေး ပိတ်ဆို့မှု လုံးဝရုပ်သိမ်းပေးလိုက်ပြီး လူသားချင်း စာနာတဲ့ အကူအညီနဲ့ ဖွံ့ဖြိုးရေး အကူအညီတွေ စတင်ပေးအပ်ခဲ့ပါတယ်။
ပထမဆုံး ထွက်လာတဲ့ ဥရောပခရီးစဉ် ထင်တာထက် ပိုအောင်မြင်တာကို သိလိုက်တဲ့ အခါမှာတော့ ဦးသိန်းစိန်နဲ့အဖွဲ့ဟာ နောက်ထပ် အနောက်တိုင်း ခရီးစဉ်တွေကို ဆက်တိုက် စီစဉ်ခဲ့ပါတယ်။ မတ်လအတွင်းမှာ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေဆီ သွားခဲ့ပါတယ်။ မြန်မာနိုင်ငံဆီ ပေးအပ်နေတဲ့ သြစတြေးလျနိုင်ငံရဲ့ အထောက်အပံ့တွေဟာ ၂၀၁၅ ရောက်ရင် ဒေါ်လာသန်း ၁၀၀ အထိ မြင့်တက်လာစေမယ်လို့ သြစတြေးလျဘက်က ကတိပေးလိုက်ပါတယ်။
ဒီလိုသံတမန်ရေးအရ ဆက်တိုက်
အောင်မြင်မှုရနေတဲ့ သမ္မတနဲ့အဖွဲ့ဟာ မေလမှာတော့ တစ်ချိန်က မြန်မာအစိုးရအပေါ်
အပြင်းထန်ဆုံး ဝေဖန်ခဲ့ဖူးတဲ့ အမေရိကန်နိုင်ငံဆီ ခရီးထွက်ပြီး
သမ္မတအိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံတဲ့အဆင့်ထိ ရောက်လာပါတယ်။ USAID
(အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေး အစီအစဉ်) ကနေ အကူအညီတွေ
ပေးမယ်လို့ ကတိစကားတွေ ရရှိခဲ့ပါတယ်။
ဇူလိုင်လ အတွင်းမှာတော့ ဥရောပရဲ့ အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေဆီ သမ္မတနဲ့အဖွဲ့ ဆက်လက်ခရီးထွက်ခဲ့ ပြန်ပါတယ်။ ခြောက်လကျော် သံတမန်ရေး စစ်ဆင်မှု အပြီးမှာတော့ ဦးသိန်းစိန် အစိုးရကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တကယ်လုပ်မယ့် အစိုးရအဖြစ် အနောက် ကမ္ဘာတစ်ခုလုံးက လုံးဝအသိမှတ်ပြုလိုက်ပြီး လူသားချင်းစာနာတဲ့ အကူအညီနဲ့ ဖွံ့ဖြိုးရေး အကူအညီတွေ စတင်ပေးပို့ခဲ့ပါတယ်။
၂၀၁၃ အတွင်း မြန်မာ့နိုင်ငံရေးလောကရဲ့ အဓိက ကစားကွက် တစ်ခုဖြစ်ခဲ့တဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စအတွက် နော်ဝေနဲ့ ဥရောပသမဂ္ဂကနေ ဒေါ်လာသန်းရာနဲ့ချီ ကူညီပေးခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ တစ်စုံတစ်ရာအထိ ခရီးရောက်ခဲ့ပေမယ့် နှစ်ကုန်ပိုင်း ရောက်တဲ့အခါမှာတော့ တုံ့ဆိုင်းဆိုင်း ဖြစ်လာခဲ့ပြီး တိုင်းရင်းသားတွေဘက်က ဝေဖန်သံတွေ ထွက်လာနေရပါတယ်။
ဖွံ့ဖြိုးရေး အကူအညီအတွက် ဘယ်လောက်ရပြီး ဘယ်မှာသုံးနေသလဲ ဆိုတာကိုတော့ အစိုးရဘက်က သတင်းထုတ်ပြန်တာ မကြားရသေးပါ။ သေချာတာကတော့ သမ္မတဦးသိန်းစိန်ရဲ့ ဥရောပနဲ့ အမေရိကန်ခရီးစဉ် နောက်ပိုင်းမှာ INGO (အစိုးရနဲ့ မသက်ဆိုင်တဲ့ နိုင်ငံတကာ ကူညီရေး အဖွဲ့များ) အတော်များများ မြန်မာနိုင်ငံဆီ ဝင်လာကြပါတယ်။
ဦးသိန်းစိန်အစိုးရရဲ့ ခြောက်လတာ သံတမန် ထိုးစစ်အတွင်း အနောက်နိုင်ငံ အစိုးရတွေနဲ့အတူ အဆစ်ပါသွားတဲ့ အုပ်စုတစ်ခုကတော့ အဲဒီနိုင်ငံတွေမှာ ဆယ်စုနှစ်နဲ့ချီ ခိုလှုံနေကြတဲ့ တော်လှန်ရေး သမားဟောင်းတွေ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ၊ စစ်အစိုးရကို ဆန့်ကျင်ခဲ့သူတွေပဲ ဖြစ်ပါတယ်။
အခု ဒီဆောင်းပါးကို ရေးနေတဲ့ နော်ဝေမှာ နေထိုင်သူ ကျွန်တော်တောင် ၂၀၁၃ အတွင်း မြန်မာနိုင်ငံဆီ နှစ်ခေါက် ရောက်ခဲ့ပါတယ်။ အလားတူ မြောက်အမေရိက၊ ဥရောပနဲ့ သြစတြေးလျတိုက်ရောက် တော်လှန်ရေး သမားဟောင်းတွေ ရာနဲ့ချီပြီး ပြည်တော်ပြန် လေ့လာရေး လုပ်ခဲ့ကြတာ တွေ့ရပါတယ်။
တော်လှန်ရေး သမားဟောင်းတွေ
ပြည်တော်ပြန်ခွင့်ရလို့ သူတို့အတွက် ဘာတွေ ထူးလာသလဲဆိုတာ မသေချာလှပေမယ့်
ဦးသိန်းစိန် အစိုးရဘက်က နိုင်ငံရေး အမြတ်ထွက် သွားတာကတော့ သေချာပါတယ်။
ဒါပေမဲ့ နိုင်ငံရေး လုပ်တယ်ဆိုတာ ဒီလိုအရှုံးအမြတ် တွက်နေရုံနဲ့ မပြီးပါဘူး။
သန်း ၆၀ သော ပြည်သူတွေရဲ့ဘဝ လွန်ခဲ့တဲ့ တစ်နှစ်တာအတွင်း ဘယ်လောက်အထိ
တိုးတက် ပြောင်းလဲလာသလဲ ဆိုတာကိုသာ အဓိက ကြည့်သင့်ပါတယ်။
ကျွန်တော်သွားခဲ့တဲ့ ခရီးစဉ် နှစ်ခေါက်အတွင်း ကျေးလက်ဒေသ အတော်များများဆီအထိ ရောက်ခဲ့ပေမယ့် သိသာတဲ့ တိုးတက်မှုကို မတွေ့ခဲ့ရပါဘူး။ နယ်စပ်ဒေသမှာ တိုက်ပွဲနည်းသွားလို့ ဒေသခံတွေ သွားလာရေး လွတ်လပ် လွယ်ကူလာပေမယ့် စားဝတ်နေရေး ကိစ္စတွေကတော့ ခက်ခဲနေဆဲပါ။ ရွာသူကြီးနဲ့ စစ်တပ်ကို အရင်ကလောက် ကြောက်စရာ မလိုတော့တာကလွဲရင် နေ့စဉ်ကိစ္စတွေကတော့ ဒုံရင်းမှာ ရှိနေဆဲ ဖြစ်ပါတယ်။ နိုင်ငံတကာ အကူအညီတွေ ကျေးလက်က ဆင်းရဲသားတွေဆီ ရောက်တာ မတွေ့မိသေးပါ။
ဒီလိုတစ်နှစ် ကြာတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် မေးစရာ ဖြစ်လာတဲ့ ကိစ္စတစ်ခုကတော့ နော်ဝေ အပါဝင် နိုင်ငံတကာဘက်က လျှော်ပေးလိုက်တဲ့ သန်းထောင်နဲ့ချီရှိတဲ့ ဒေါ်လာငွေတွေဟာ ဘယ်တုန်းက ဘာအတွက် ချေးငှားထားတာလဲ။ ဘယ်နေရာတွေမှာ သုံးစွဲခဲ့သလဲ ဆိုတာပါပဲ။
ဘာကြောင့်လဲဆိုရင် အဲဒီလို လျှော်ပေးနေတဲ့ အကြွေးစာရင်းဟာ အခုတစ်နှစ်ပြည့်တဲ့အထိ မကုန်သေးပါဘူး။ အခုနှစ် ဖေဖော်ဝါရီလ ဒုတိယ သီတင်းပတ်အတွင်း မြန်မာနိုင်ငံဆီ ရောက်လာတဲ့ ဂျာမနီသမ္မတ Joachim Gauck က မြန်မာနိုင်ငံအပေါ် တင်နေတဲ့အကြွေး ယူရိုသန်းပေါင်း ၁၀၈၄ ကျော်ရှိပြီး ထိုငွေအနက် ၅၀ ရာခိုင်နှုန်းကို လျှော်ပေးခဲ့ကြောင်း၊ ကျန် ၅၀ ရာခိုင်နှုန်းဖြစ်တဲ့ ယူရို ၅၄၂ သန်းကျော်ကို အတိုးနှုန်း ၃ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ခုနစ်နှစ်၊ ပြန်ဆပ်ကာလ ရှစ်နှစ် စုစုပေါင်း ၁၅ နှစ်ဖြင့် ပြန်လည် ပေးဆပ်ရမယ်လို့ နေပြည်တော်က လက်မှတ်ထိုးပွဲမှာ သဘောတူခဲ့တာကို တွေ့ခဲ့ရလို့ ဖြစ်ပါတယ်။
အရင်အစိုးရဟောင်းက ချေးထားတာဆိုတော့ လက်ရှိ အစိုးရသစ်နဲ့ မဆိုင်ဘူးလို့ ငြင်းချက် ထုတ်ကြလေမလား။ ဒါဆိုရင် လက်ရှိ အစိုးရသစ်မှာ အရင်အစိုးရဟောင်းက လူတွေ တစ်ဦးမှ မပါတော့ဘူးလား။ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် အရင်အစိုးရတုန်းက ဝန်ကြီးချုပ်တာဝန် ထမ်းခဲ့သူ ဆိုတာကို အားလုံးက သိနေတယ်ဆိုတော့ ဒီလို ''ဘူး'' ခံလို့ဘယ်ဖြစ်မလဲ။
ဒါဆိုရင် အနောက်တိုင်း ခေါင်းဆောင်တွေ မြန်မာနိုင်ငံဆီ လာတိုင်း ဒါမှမဟုတ် သမ္မတဦးသိန်းစိန် အနောက်နိုင်ငံတွေဆီ သွားတိုင်း ထိပ်တန်း ဦးစားပေးအဖြစ် လုပ်နေရတဲ့ အကြွေးလျှော်ပေးနေရတဲ့ ကိစ္စကို အစိုးရဘက်က တစ်စုံတစ်ရာ ရှင်းပြသင့်တာပေါ့။
ဒုတိယကတော့ လွန်ခဲ့တဲ့ တစ်နှစ်တာအတွင်း နိုင်ငံတကာဘက်က ရထားတဲ့ အကူအညီနဲ့ လုပ်ထားတဲ့ စီမံကိန်းတွေရဲ့အခြေအနေတွေကို အများပြည်သူဆီ အသိပေး တင်ပြသင့်ပါတယ်။ ဒီအကူအညီတွေဟာ ကျေးလက်ဒေသဆီ မရောက်သေးတဲ့အတွက် ဒေသခံတွေရဲ့ဘဝ အခုလို ပြောင်းလဲ တိုးတက်မှုမရှိဘဲ ဒုံရင်းဖြစ်နေတာလား ဆိုတာကို ဆန်းစစ်ဖို့ လိုနေပါတယ်။
တတိယကတော့ သမ္မတဦးသိန်းစိန်နဲ့ အဖွဲ့ဟာ မနှစ်က ခရီးထွက်သလိုမျိုး ဘာကြောင့် ဒီနှစ်မှာ မထွက်တော့တာလဲ။ မနှစ်က နှစ်ဦးပိုင်းမှာ သံတမန်ရေးအရ အပြကောင်းတဲ့ အကွက်တွေ အတော်များများ တိုးတက် ဖြစ်ထွန်းခဲ့ပေမယ့် ဒီနှစ်မှာတော့ တိုးတက်မှု သိပ်မရှိတော့ပါ။ ရှေ့မတိုးနိုင်တဲ့အပြင် ဘေးထွက် ပြဿနာတွေဖြစ်တဲ့ ဘာသာရေး ပဋိပက္ခတွေ၊ အမျိုးသားရေး အစွန်းရောက်မှုတွေကြောင့် ပြုပြင်ပြောင်းလဲရေးဟာ နောက်ပြန်ဆုတ်ဖွယ် ရှိနေတယ်လို့ အကဲခတ်တွေက ဝေဖန်နေပါတယ်။
တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် ဆိုတာဟာ အနောက်ကမ္ဘာက ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေးလောက်ကိုသာ ရည်ရွယ်တဲ့အတွက် အခုချိန်မှာ အဲဒီရည်ရွယ်ချက် ပြည့်သွားပြီ ဖြစ်လို့ ပြုပြင်ရေး ထပ်လုပ်ပြစရာ မလိုတော့ဘူးဆိုတဲ့ သဘောများ ဖြစ်သွားပြီလား။
စစ်မှန်တဲ့
ပြည်ထောင်စုစနစ်နဲ့ ဒီမိုကရေစီ အခွင့်အရေး အပြည့်အဝရတဲ့အထိ
အသွင်ကူးပြောင်းရေး လုပ်ဖို့၊ တစ်ဖက်သတ် ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ဖို့၊ လူထုက ရွေးချယ်တဲ့ အရပ်သား
အစိုးရစစ်စစ်တွေဆီ ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာ အာဏာလွှဲပေးဖို့၊
ခရိုနီတွေအပြင် သာမန်ပြည်သူ အားလုံးရဲ့ စားဝတ်နေရေးကိစ္စ တိုးတက်လာအောင်
ဆောင်ရွက်ပေးဖို့ လက်ရှိ အာဏာရထားတဲ့ ပုဂ္ဂိုလ်တွေဆီမှာ တကယ်ကော
ဆန္ဒရှိရဲ့လား ဆိုတာဟာ အခုလို အနောက်ကမ္ဘာနဲ့ တင်းပြည့် သံတမန်ဆက်ဆံရေး
တစ်နှစ်ပြည့်ကာလမှာ မပျက်မကွက် မေးသင့်တဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။
0 comments:
Post a Comment