|Dawei Watch| ထားဝယ်၊ မတ် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ကျင်းပပြုလုပ်မည့်
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး
(ABSDF)ကျောင်းသားတပ်မတော်ဖွဲ့စည်းထူထောင်ခြင်း ၂၅ နှစ်မြောက် ငွေရတု
အထိမ်း အမှတ်အခမ်းအနားတွင် ပြခန်းများကို ထည့်သွင်း
ပြသသွားမည်ဖြစ်ကြောင်း ကျောင်းသားတပ်မတော် ၂၀၁ တပ်ရင်းမှ ဒုတိယ
တပ်ရင်းမှူးဟောင်း ဦးအောင်မြင့်က ပြောကြားသည်။
ယင်းအခမ်းအနားကို တိုင်းအတွင်းရှိ မြို့သုံးမြို့တွင် ကျင်းပမည်ဖြစ်ပြီး
ထားဝယ်မြို့တွင် ဧပြီလ ၁ ရက်နေ့၌ လည်းကောင်း၊ ပုလောမြို့တွင် ဧပြီလ ၃
ရက်နေ့၌ လည်းကောင်း၊ မြိတ်မြို့တွင် ဧပြီလ ၆ ရက်နေ့၌ လည်းကောင်း
အသီးသီး ပြုလုပ်သွားမည် ဖြစ်သည်။
၈၈ သမိုင်းပြခန်း၊ ABSDF သမိုင်းပြခန်း၊ ABSDF ကျောင်းသားတပ်မတော်မှ
ကျဆုံးသေဆုံးသွားသော ရဲဘော်များ ပြခန်း၊ ကာတွန်း၊ ပန်းချီ၊
ဆောင်းပါးပြခန်းနှင့် ယူနီဖောင်း အပြည့်အစုံဝတ်ဆင်ထားသော ABSDF
ကျောင်းသားတပ်မတော်မှ ရဲဘော်ရုပ်ထုတစ်ခုကိုပါ
ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီမိုကရေစီသူရဲကောင်းတွေရဲ့ လှုပ်ရှားလာခဲ့သော သမိုင်းမှတ်တမ်းများကို
ဂုဏ်ပြုတဲ့အနေနဲ့ ပြသတာပါ”ဟု ဦးအောင်မြင့်က ဆိုသည်။
မြိတ်-ထားဝယ်ခရိုင်ကျောင်းသားတပ်မတော်တွင် တာဝန်ထမ်းဆောင်ရင်း
တိုက်ပွဲအတွင်း ကျဆုံးသွားသူနှင့် ရောဂါ(သို့) အခြားအကြောင်း
အမျိုးမျိုးကြောင့် ထားဝယ်ခရိုင်မှ သေဆုံးကျဆုံး ရဲဘော် ၂၂ဦး၊
ပုလောမြို့မှ ၄၅ ဦးနှင့် မြိတ်ခရိုင်မှ ၁၂၀ ဦး ကျော်ရှိပြီး
ယင်းအခမ်းအနားတွင် ကျဆုံး သေဆုံးရဲဘော်များအား ရည်စူး၍ ရေစက်သွန်းချ
အမျှပေးဝေသွားမည်ဖြစ်ကြောင်း ဦးအောင်မြင့်ထံမှ သိရသည်။
ယင်းအခမ်းအနားသို့ ABSDF ဗဟိုမှ ကျောင်းသားခေါင်းဆောင်များ
တက်ရောက်မည်ဖြစ်ပြီး မြိတ်-ထားဝယ် ကျောင်းသားတပ်မတော်၌ တာဝန်ထမ်း
ဆောင်ခဲ့သော ရဲဘော်များကို ဒီမိုကရေစီသူရဲကောင်း ဂုဏ်ပြုမှတ်တမ်းလွှာ
ချီးမြှင့်ခြင်းနှင့် တွေ့ဆုံဆွေးနွေးခြင်းကို လုပ်ဆောင်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)ကျောင်းသားတပ်မတော်ကို
၁၉၈၈ခုနှစ် နိုဝင်ဘာလ(၁) ရက်နေ့တွင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။
.......................................................
အမှတ် ၁ တပ်ရင်း (အမှတ် ၁၀၁။ ၂၀၁ နဲ့ ၂၀၃) အကြောင်း အမှတ်တရကြည့်ချင်သူများအတွက်...

0 comments:
Post a Comment