Monday, March 10, 2014

''လမ်းပြင်ပေးပါ၊ မီးဆင်ပေးပါ''

ထက်အောင်ကျော်
တနသာင်္ရီ အပတ်စဉ် ၄၀။ (မတ်လ ၁၀- ၁၆)
စာမျက်နှာ ၁၁ တွင်ကြည့်ရန်...။

စစ်အုပ်ချုပ်ရေးစနစ်ကနေ အရပ်သားအုပ်ချုပ်ရေးစနစ်ဆီ အသွင်ကူးပြောင်းနေပါတယ်ဆိုတဲ့ မြန်မာနိုင် ငံမှာ နေ့စဉ်လိုလိုကြားနေရတဲ့အသံကတော့ ဆန္ဒပြပွဲက ကြွေးကြော်သံတွေပါပဲ။ ဟိုး အပေါ်ဆုံး ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေးကနေ ကျေးလက်တောရွာမှာ စစ်တပ်ကသိမ်းထားတဲ့ လယ်ယာ မြေတွေပြန်ပေးရေးအထိ လူထုလူတန်းစားပေါင်းစုံက ဆန္ဒပြနေကြတာဖြစ်ပါတယ်။

(ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က ကံပေါက်ဒေသခံတို့ ဆန္ဒပြနေစဉ်-ဓာတ်ပုံ-DW)

ဒီလိုဆန္ဒပြတဲ့အထဲမှာ တနသာင်္ရီတိုင်းသားတွေလဲ ဘယ်ကျန်နေပါ့မလဲ။ တနသာင်္ရီတိုင်းရဲ့ မြို့တော် ထားဝယ်မှာဆိုရင် သိမ်းထားတဲ့လယ်ယာမြေတွေပြန်ပေးဖို့ တောင်းဆိုဆန္ဒပြနေတာ နှစ်ကြိမ်တောင် ရှိသွားခဲ့ပါပြီ။ ဒါပေမဲ့ သူတို့တောင်းတဲ့အတိုင်း အစိုးရကပြန်ပေးတယ်လို့တော့ မကြားရသေးပါ။ တခါ သရက်ချောင်းမြို့နယ်မှာလဲ အလားတူဆန္ဒပြပွဲတခု ပြီးခဲ့တဲ့လအတွင်းက ထပ်လုပ်ခဲ့တယ်လို့သိရ ပါ တယ်။

ဒါက တနိုင်ငံလုံးမှာ မကြာခဏကြားနေရတဲ့ ဆန္ဒပြပွဲတွေမျိုးဖြစ်တာကြောင့် သိပ်မထူးတော့ဘူးလို့ တောင် ပြောနိုင်ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး တနသာင်္ရီတိုင်း ထားဝယ်ခရိုင် ကံပေါက်ဒေသက ထွက်လာတဲ့ ဆန္ဒပြပွဲကတော့ နည်းနည်းထူးနေပါတယ်။ တောင်းဆိုချက်က ''လမ်းပြင်ပေးပါ'' တဲ့။

အဲဒီထက်ပိုထူးတာကတော့ ဆန္ဒပြတောင်းဆိုခံရသူတွေဟာ လက်ရှိအစိုးရအာဏာပိုင်တွေမဟုတ်ပဲ ကံပေါက်ဒေသမှာအခြေစိုက်ထားတဲ့ နိုင်ငံခြားစွမ်းအင်ကုပ္ပဏီကြီးတွေဖြစ်နေပါတယ်။ ၁၉၉၀ ပြည့်လွန် နှစ်တွေကတည်းက ဒီဒေသမှာအခြေစိုက်ပြီး မြန်မာ့ကမ်းလွန်ပင်လယ်ပြင်ကထွက်တဲ့ သဘာဝဓာတ် ငွေ့တွေကို ထိုင်းနိုင်ငံဆီ ပိုက်လိုင်းသွယ်ရောင်းချရေးစီမံကိန်းအတွင်း ပါဝင်နေတဲ့ ပြင်သစ်ပိုင် TOTAL၊ ထိုင်းအစိုးရပိုင် PTTEP နဲ့ မလေးရှားပိုင် PETRONAS စွမ်းအင်ကုပ္ပဏီတွေကို အခုလို ဆန္ဒပြနေကြ တာပါ။

ဆန္ဒပြသူတွေရဲ့အပြောတိုင်းဆိုရင် ကံဘောက်ကျေးရွာအဝင် သစ်တောလမ်းဆုံကနေ ပင်လယ်ကမ်း စပ် ဓမင်းဆိပ်လမ်းဆုံအထိ ၁၅ မိုင်ခန့် (၂၄ ကီလိုမီတာ) အနက် ၄.၅ ကီလိုမီတာကို ကွက်ကျား ကွန် ကရစ်လမ်းခင်းပေးခဲ့ပြီး ကျန်ရှိနေတဲ့ ၁၂.၂ မိုင် (၁၉.၅ကီလိုမီတာ)ကို မခင်းပေးပဲချန်ထားတဲ့အတွက် အဲဒီအပိုင်းကိုပါ ကွန်ကရစ်ခင်းပေးဖို့ တောင်းဆိုဆန္ဒပြကြတာဖြစ်ပါတယ်။

ဒါဟာ ဒီကုပ္ပဏီတွေအပေါ် ပထမဆုံအကြိမ်လမ်းမပေါ်ထွက်ဆန္ဒပြမှုဖြစ်ပြီး လူအင်အား ၁၅၀၀ ခန့် အထိရှိတယ်လို့သိရပါတယ်။ ဒီလိုဆန္ဒပြတောင်းဆိုမှုအပေါ် နိုင်ငံခြားပုပ္ပဏီတွေနဲ့ အစိုးရတာဝန်ရှိသူ တွေဖက်က ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတဲ့ တုန့်ပြန်ချက်ကိုတော့ အခုချိန်ထိ ဘာမှမကြားရသေးပါ ဘူး။ ဆန္ဒပြခွင့်ပဲရှိပြီး ဆန္ဒပြသူတွေတောင်းဆိုချက်အတိုင်း ဆောင်ရွက်ပေးလေ့မရှိသေးတဲ့ ပြောင်းလဲ စ မြန်မာနိုင်ငံမှာ ဒီဆန္ဒပြပွဲဟာလဲ အများထဲက တခုလိုပဲ အဖျားရှုးသွားမလား။
တကယ်အရေးယူ ဆောင်ရွက်ပေးတဲ့အဆင့်ထိရောက်လာာမလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ထားဝယ်ကနေရရှိတဲ့ နောက်ထပ်ခပ်ဆန်းဆန်းဆန္ဒပြပွဲတခုကလဲ ကံပေါက်ဒေသကနေဖြတ်သွားတဲ့ ဒီ ဓာတ်ငွေ့ပိုက်လိုင်းတွေနဲ့ ဆက်စပ်နေပြန်ပါတယ်။ တောင်းဆိုချက်က သဘာဝဓာတ်ငွေ့ကထွက်တဲ့ စွမ်းအင်ကိုအခြေခံပြီး တနသာင်္ရီတတိုင်းလုံးအတွက် ''မီးဆင်ပေးပါ'' တဲ့။ ဆန္ဒပြပွဲဆိုပေမဲ့ လမ်းမပေါ် ထွက် တန်းစီဆန္ဒပြတဲ့အဆင့်ထိမရောက်သေးပဲ လူထုသဘောထားတွေကို လက်မှတ်စုဆောင်း ကောက်ယူနေတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။

“ဧပြီလ ၃၀ ရက်နေ့အထိ လက်မှတ်စုဆောင်းပြီး တောင်းဆိုဖို့ရှိတယ်။ အဲဒီကြားထဲမှာ အစိုးရဖက်က တုံ့ပြန်မှု တခုခုမရှိဘူးဆိုရင် မေလမှာ ၈၈ အဖွဲ့ကဦးဆောင်ပြီး တတိုင်းလုံးမှာ ဆန္ဒပြမယ်” လို့ တန င်္သာရီ သယံဇာတအကျိုးခံစားခွင့် ရရှိရေးကော်မတီအဖွဲ့ဝင်တဦးဖြစ်သူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ထားဝယ်) မှ ဦးကျော်ကျော်သက်က သတင်းမီဒီယာတွေကို ပြောဆိုထားပါ တယ်။

လက်ရှိအခြေနေအရ ထားဝယ်ခရိုင်အတွင်းမှာ ပုဂ္ဂလိကပိုင်မီးစက်ကိုသာအားကိုးနေရပြီး မီတာခက တယူနစ်ကို ၄၇၀ ကျပ်အထိပေးနေရတယ်လို့သိရပါတယ်။ ကံပေါက်ဒေသမှာဆိုရင် ၆၇၀ ကျပ်အထိ ပေးရပြီး အခြားကျေးလက်ဒေသအများစုမှာတော့ ၆၀၀ ၀န်းကျင်ပေးနေရတယ်လို့ဒေသခံတွေကပြော ပါတယ်။ ဒါပေမဲ့ ပြည်ထောင်စုအစိုးရက တနိုင်ငံလုံးမှာတပြေးညီကောက်တဲ့မီတာခက တယူနစ်မှ ၃၅ ကျပ်သာရှိတဲ့အတွက် အဲဒီနှုန်းထားအတိုင်း တနသာင်္ရီတိုင်းမှာပါ ကောက်ခံပေးဖို့ တနသာင်္ရီ သယံဇာ တ အကျိုးခံစားခွင့်ရရှိရေးကော်မီတီကတောင်းဆိုနေတာဖြစ်ပါတယ်။

တကယ်လို့ ကံပေါက်ဒေသကနေ ထိုင်းနိုင်ငံဆီပို့နေတဲ့ ရတနာနဲ့ ရဲတံခွန်ဓာတ်ငွေ့ပိုက်လိုင်းထဲကပဲ ဖြစ်ဖြစ်၊ ဇောတိကတွင်းကတဆင့် မြန်မာနိုင်ငံအထက်ပိုင်းဆီပို့နေတဲ့ပိုက်လိုက်ကပဲဖြစ်ဖြစ် ဓာတ်ငွေ့ တချို့ကိုသာ ဒေသတွင်းရှိ လူထုအတွက်အသုံးပြုခွင့်ရမယ်ဆိုရင် လျှပ်စစ်မီးနဲ့ လျှပ်စစ်မီတာခကိစ္စက အဆင်ပြေသွားနိုင်တယ်လို့ ထားဝယ်ဒေသခံတွေကမျောလင့်နေပါတယ်။ အစိုးရဖက်ကသာ ဒီလိုခွင့်ပြု ချက်ပေးမယ်ဆိုရင် သူတို့ဖက်ကနေ ၈ လ အတွင်းရအောင်လုပ်ပေးနိုင်တယ်လို့ APU (Admin Power and Utility Co.Ltd) ကုမ္ပဏီက ပြောထားတယ်လို့လဲ သိရပါတယ်။

ဒါက ထားဝယ်ဒေသမှာ အခုတလောသတင်းကြီးနေတဲ့ ''လမ်းပြင်ပေးပါ၊ မီးဆင်ပေးပါ'' ဆိုတဲ့ ဆန္ဒပြမှု ဖြစ်ပါတယ်။ ထားဝယ်ကိုကျော်ပြီး၊ ဒါမှမဟုတ် ရှေ့မှာပြောခဲ့တဲ့ ရတနာနဲ့ ရဲတံခွန်ဓာတ်ငွေ့ပိုက်လိုင်း တလျောက်လိုက်လာပြီး နတ်အိမ်တောင်စခန်းကနေ ထိုင်းနယ်စပ်ထဲကိုဝင်လိုက်မယ်ဆိုရင်တော့ ဒါ တွေဟာ တောင်းဆိုစရာမလိုပဲ သူ့အလိုလိုရနေရမဲ့ အခြေခံရပိုင်ခွင့်တွေ။ မူလရပိုင်ခွင့်တွေဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။

မော်တော်ကားလမ်းနဲ့ လျှပ်စစ်မီးဆိုတာဟာ နိုင်ငံတခုရဲ့အခြေခံလိုအပ်ချက်တွေပါ။ နိုင်ငံသားတွေက အခုလိုလမ်းမပေါ်အထိထွက်ပြီး လက်သီးလက်မောင်းတန်းကာ ဆန္ဒပြတောင်းဆိုဖို့လိုအပ်တဲ့ကိစ္စ မဟုတ်ပါဘူး။ သက်ဆိုင်ရာအာဏာပိုင်တွေ၊ အစိုးရတွေမှာလုပ်ပေးရဖို့တာဝန်ရှိပါတယ်။ ဒီဟာတွေလုပ် ပေးဖို့အတွက်အစိုးရကို ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတယ်မဟုတ်ပါလား။ ဒီဟာတွေလုပ်ဖို့ အတွက် နိုင်ငံသားတွေဆီကနေ အစိုးရက အခွန်ငွေတွေ ကောက်ယူထားတယ်မဟုတ်ပါလား။

ဒါပေမယ့် ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းပေါ်တက်ကာစ မြန်မာနိုင်ငံမှာတော့ အခုမှ လမ်းပြင်ပေးဖို့၊ မီး ဆင်ပေးဖို့တောင်းဆိုနေရတဲ့အဆင့်မှာပဲရှိပါသေးတယ်။ လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်၊ တောခိုကျောင်းသား တွေ နတ်အိမ်တောင်စခန်းဆီရောက်ရှိချိန်က နတ်အိမ်တောင်-ထုံပါဖုံကားလမ်းဟာ မြေနီလမ်းအဆင့် ပဲ ရှိပါသေးတယ်။ အခု နှစ် ၂၀ ကျော်ကြာပြိးတဲ့အခါမှာ အဲဒီလမ်းဟာ အဝေးပြေး ကတ္တရာလမ်းဖြစ်နေ ပါပြီ။

တခါ ထားဝယ်-ထီးခီးလမ်းကနေ ထိုင်းထဲထွက်လာမယ်ဆိုရင်လဲ ထီးခီး-ဘန်းကောင်-ကန်ချနပူရီကား လမ်းဟာ အဝေးပြေးကတ္တရာလမ်းဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီလမ်းဟာလဲ ၁၉၈၈ ၀န်းကျင် တောခိုကျောင်းသားတွေ ထီးခီးရောက်စဉ်က မြေနီလမ်းအဆင့်မှာပဲရှိနေခဲ့တာပါ။
ဒါပေမယ့် ဒီလမ်းတွေရဲ့နယ်စပ်မျဉ်းတဖက်ချမ်းရှိ ထားဝယ်ခရိုင်တွင်းမှာတော့ လမ်းသစ်တိုးချဲ့ဖေါက် လုပ်ဖို့နေနေသာသာ ကိုလိုနီခေတ်ကတည်းကရှိခဲ့တဲ့ ကားလမ်းတွေကိုတောင် မနည်းဖာထေးပြုပြင် နေရပါတယ်။

၂၅ နှစ်တာအတွင်း ထူးထူးခြားခြားတိုးတက်လာတဲ့လမ်းဆိုလို့ လူတွေထောင် သောင်းချီပြီး လုပ်အား ပေးခဲ့ရတဲ့ ထားဝယ်-ရေး ရထားလမ်းတခုပဲတွေ့ရပါတယ်။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ။ အဲဒီရထားကို စီးသူအတော်နဲပါတယ်။ လူတွေရဲ့လုပ်အားတွေအလားကားဖြစ်သွားတဲ့အပြင် မီးရထားဌာနရဲ့ဘတ်ဂျက် မှာလဲ ဒီလမ်းကအရှုံးပြနေလိမ့်မယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ဒီလမ်းအတွက် ရင်းနှီးခဲ့ရတဲ့ အသက် သွေး ချွေးတွေ၊ ကုန်ကျစရိတ်တွေနဲ့ ပြန်ရတဲ့စရိတ်စကတွေကာမိ မကာမိအကြောင်းကိုတော့ မီးရထားဌာန ကရော။ အစိုးရဖက်ကပါ သတင်းထုတ်ပြန်တာ တခါမှမကြားရသေးပါ။

ဒါက အရင်စစ်အစိုးရခေတ်က အခြေနေကိုပြောတာပါ။ အခုအစိုးရသစ်လက်ထက်မှာ၊ အထူးသဖြင့် ၂၀၁၃ ခုနှစ်ထဲမှာတော့ ရှေ့မှာပြောခဲ့တဲ့ ကိုလိုနီခေတ်လက်ကျန်လမ်းတွေကို တိုးချဲ့ပြုပြင်တာအပြင် မွန်ပြည်နယ်အစပ် ရေဖြူမြို့နယ်ကနေ သရက်ချောင်းမြို့နယ်အထိအဝေးပြေးကားလမ်းကိုပြုပြင် တိုးချဲ့ နေတာ၊ တခါ လောင်းလုံးမြို့နယ်နဲ့ မောင်းမကန်ကမ်းခြေဖက်သွားတဲ့လမ်းတွေကို အထူးတလည်တိုးချဲ့ ပြု ပြင်နေတာကို ၀မ်းမြောက်ဘွယ်တွေ့ခဲ့ရပါတယ်။

(File photo by HAK in Thom-pa-phom in 1996, သဘာဝပတ်ဝန်းကျင်ချစ်သူများက ရတနာ ဓာတ်ငွေ့ပိုက်လိုင်းကိုဆန္ဒပြနေစဉ်-၁၉၉၆)

လမ်းပြင်ရေးကနေ မီးဆင်ရေးဖက်ကို လှည့်ရမယ်ဆိုရင်တော့ တိုင်းအစိုးရဟာ လမ်းပြင်ဖို့ပဲ အမိန့်ရပြိး မီးဆင်ဖို့အမိန့်မရသေးဘူးလားလို့ မေးချင်စရာကြီးဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုရင် ထားဝယ်မြို့ တဖက်ကမ်းရှိ လောင်းလုံးမြို့နယ်ထဲကကျေးရွာတွေမှာတောင် အခုချိန်ထိ ၂၄ နာရီ ''မီး'' မပေးနိုင် သေးပါ။

အစိုးရကစီစဉ်ပေးတာမဟုတ်ပဲ ပုဂ္ဂလိကပိုင်မီးစက်ကနေ တယူနစ် ၆၀၀ ကျော်ပေးတာကို တောင် ၂၄ နာရီမပေးနိုင်သေးတဲ့ အခြေနေမှာရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့်လဲ ထားဝယ်ဒေသခံတွေ က အခုလို လမ်းပေါ်ထွက်ပြီး၊ လက်မှတ်စုဆောင်းပြီး လမ်းပြင်ပေးဖို့၊ မီးဆင်ပေးဖို့ တောင်းဆိုနေရတာ ပေါ့။

အိမ်နီးချင်းထိုင်းနိုင်ငံမှာ လမ်းတွေကောင်း၊ မီးတွေကောင်း၊ အိမ်တိုင်းမှာ ရေခဲသေတ္တာတွေ၊ တီဗွီ တွေရှိ နေချိန်မှာ နယ်စပ်မျဉ်းတဖက်ချမ်းက ကျနော်တို့ထားဝယ်မှာ အဲဒါတွေရှိအောင်မလုပ်ပေးနိုင်တာ ဘာ ကြောင့်လဲ။ လျှပ်မီးရအောင်ထုတ်ပေးနိုင်တဲ့ သဘာဝအရင်းအမြစ်မရှိလို့လား။ လျှပ်စစ်ဓာတ်အားထုတ် လုပ်နည်းကို မသိလို့လား။ ဒါမှမဟုတ် ရှိရဲ့သား။ သိရဲ့သားနဲ့ တမင်အညစ်ခံထားရတာမျိုးလားဆိုတာ ဟာစဉ်းစားစရာဖြစ်လာနေပါတယ်။

လွန်ခဲ့တဲ့ စစ်အစိုးရခေတ်ကိုတော့ ထားလိုက်ပါတော့။ အခုက လူထုကရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ မဟုတ်ပါလား။ လူထုမှာ ဘာတွေ အခက်ခဲရှိနေတယ်။ လူထုမှာ ဘာတွေမရှိမဖြစ် လိုအပ်နေတယ်ဆိုတာကို ဒီအစိုးရသစ် (တိုင်းအစိုးရအပါဝင်) က မသိဘူးလား။ သိအောင်မကြိုးစား သေးဘူးလား။

ဒါမှမဟုတ် သိရဲ့သား၊ ရှိရဲ့သားနဲ့ အရင်အစိုးရဟောင်းခေတ်က ကျန်နေတဲ့ ပုံသေအတွေးခေါ်တွေ၊ ဥာဉ် ဆိုးတွေကို မဖျောက်နိုင်သေးလို့ လုပ်ပေးနိုင်ရဲ့သားနဲ့ မလုပ်ပေးပဲ တမင်အချိန်ဆွဲနေတာလား။
နှစ် ၅၀ ၀န်းကျင်လုံးလုံး အပေါ်ကအမိန့်ပေးတဲ့စနစ်နဲ့သာယဉ်ပါးလာတဲ့အတွက် နေပြည်တော်က အမိန့်မရရင် တိုင်းအစိုးရက ဘာမှကိုယ်တိုင်ဦးစီးမဆောင်ရွက်နိုင်၊ မဆောင်ရွက်တတ်ပဲဖြစ်နေတာလား ဆိုတာဟာ ဒီနေ့လို အသွင်ကူးပြောင်းမှုကာလမှာ မဖြစ်မနေမေးသင့်တဲ့ မေးခွန်းတခုဖြစ်လာနေပါ တယ်။     ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More