Monday, March 31, 2014

ဘုံရည်မှန်းချက် မထူထောင်နိုင်သေးတဲ့ လွှတ်တော်နိုင်ငံရေး

သူ့အတွေး သူ့အမြင်

ဧရာဝတီ။
 
ကြားဖြတ်ရွေးကောက်ပွဲ, NLD, USDP, လွှတ်တော်များ, တရားဥပဒေ
ကြားဖြတ်ရွေးကောက်ပွဲ အပြီး လွှတ်တော်သို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ဧပြီလ ၁ ရက်နေ့ကို April Fools’ Day ဆိုပြီး ကမ္ဘာ့နိုင်ငံ အတော်များများက ပျော်ပွဲရွှင်ပွဲနေ့ အဖြစ် သဘောထားကြ ပေမယ့် မြန်မာနိုင်ငံမှာတော့ အဲဒီလို သဘောထားလို့ မဖြစ်ပါ။ ဘာကြောင့်လဲ ဆိုရင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ အတွက် အရေးကြီးတဲ့ ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပခဲ့လို့ ဖြစ်ပါတယ်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ဆိုတာဟာ ၂၀၁၀ ရွေးကောက်ပွဲရဲ့ အဆက်ဖြစ်လို့ နိုင်ငံရေးအနှစ်သာရ သိပ်မထူးလောက် ဘူး ဆိုပြီး အစောပိုင်းက ထင်ထားခဲ့ပေမယ့် ၁၉၉၀ ရွေးကောက်ပွဲကို အနိုင်ရထားတဲ့ နိုဗဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အာင်ဆန်း စုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက အဲဒီကြားဖြတ် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်လိုက်တဲ့ အခါမှာတော့ မြန်မာ့နိုင်ငံရေးအခြေနေ ဟာ တခေတ်ပြောင်းသွားတယ် လို့ ပြောရတဲ့ အထိ နိုင်ငံရေး အမြင်တွေ၊ နိုင်ငံရေးအယူအဆ တွေက ပြောင်းလဲ ကုန်ကြပါတယ်။

စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်
အရင်က “ဘုံရန်သူ စစ်အာဏာရှင်” ဆိုပြီး အစိုးရကို ၀ိုင်းတိုက်နေတဲ့ ဒီမိုကရေစီ အင်အားစုတွေကြား အမြင်တွေ ကွဲပြား ကုန်ပြီး ကြားဖြတ် ရွေးကောက်ပွဲဝင်သူနဲ့ မ၀င်သူ၊ အပစ်အခတ် ရပ်စဲရေး လုပ်သူနဲ့ မလုပ်သူ၊ ပြည်တွင်း ပြန်ဝင်သူနဲ့ မ၀င်သူ စသဖြင့် နယ်ပယ် အတော်များများမှာ အမြင်တွေ၊ လုပ်ဟန်တွေ ကွဲသွား ကြတာကို သိသာစွာ တွေ့လာရ ပါတယ်။

ဒီမိုကရေစီ အင်အားစုတွေကြား အဲဒီလို အမြင်ကွဲပြားမှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ တာဟာ  မနက်ဖြန်ဆိုရင် ၂ နှစ် တင်းတင်းရှိပါပြီ။ အဲဒီ ၂ နှစ် တာကာလအတွင်း NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် အတွင်း ဘာတွေ လုပ်နိုင်ခဲ့သလဲ။ မြန်မာ့နိုင်ငံရေး အခြေအနေကော ရှေ့ကို ဘယ်လောက် အထိ တိုးတက် လာခဲ့သလဲ။

၂၀၁၂ ဧပြီ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲဟာ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲရဲ့ အဆက် ဖြစ်တာ ကြောင့် ၂၀၁၀ ရလဒ်ကို အရင် လေ့လာသင့် ပါတယ်။ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်/တိုင်း လွှတ်တော် အမတ် နေရာ ၁၁၅၄ မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP)က နေရာ ၈၈၀ ကျော်၊ သို့ မဟုတ် ၇၆ ရာခိုင်နှုန်း ကျော်နဲ့ အနိုင်ရခဲ့တယ် လို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။

USDP က ပြည်​သူ့လွှတ်တော် အမတ်နေရာ ၃၃၀ နေရာမှာ ၂၅၉ နေရာ အနိုင်ရပြီး အမျိုးသားလွှတ်တော် အမတ်နေရာ ၁၆၈ နေရာမှာ ၁၂၉ နေရာ ရရှိပါတယ်။ ပြည်နယ်/တိုင်း လွှတ်တော် အမတ်နေရာ ၆၀၀ ကျော်မှာတော့ USDP ပါတီ က ၄၈၇ နေရာ အနိုင်ရတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလို အနိုင်ရပြီး ၂ နှစ်တာ ကာလအတွင်း သူတို့ ပါတီက အမတ်တချို့ သမ္မတ ရာထူးအပါအ၀င် ၀န်ကြီး နေရာတွေကို တာဝန် ယူလိုက်ရလို့ လစ်လပ်သွားတဲ့ အမတ်နေရာ ၄၀ ကျော် အတွက် ၂၀၁၂ ဧပြီလမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေး ခဲ့တာပါ။

တနည်းအားဖြင့် ပြောမယ် ဆိုရင်တော့ NLD ပါတီက ၀င်ပြိုင်ခွင့်ရတဲ့ အမတ်နေရာ အားလုံးပေါင်း ဟာ ၄၅ နေရာသာ ရှိတဲ့ အတွက် NLD က ၄၃ နေရာ အနိုင်ရခဲ့ ပါတယ်။ အားလုံးနိုင်ရင်တောင် ကြံ့ခိုင်ရေးပါတီ အမတ် ၈၈၀ နေရာရဲ့ အဆ ၂၀ ပုံ ၁ ပုံ သို့မဟုတ် အမတ်နေရာ ၄ ရာခိုင်နှုန်း လောက်ကိုသာ ရရှိမှာ ဖြစ်ပါတယ်။

ဒါတောင် စစ်တပ်က  ခွဲတန်းရထားတဲ့ အမတ်နေရာ ၂၅ ရာခိုင်နှုန်းထဲက ပြည်သူ့လွှတ်တော် အတွက် ၁၁၀ ဦး၊ အမျိုးသား လွှတ်တော် အတွက် ၅၆ ဦးနဲ့ ပြည်နယ်/တိုင်း လွှတ်တော် အတွက် ၂၂၂ ဦးကို ထည့်မတွက် ရသေးပါ။ စစ်တပ်က ခွဲတန်းအမတ် စာရင်းကိုပါ USDP ပါတီဘက်မှာ ထည့်လိုက်ရင် အခြေနေက ပိုဆိုးသွား နိုင်ပါတယ်။ ဒါကြောင့် ဝေဖန်သူ တချို့က NLD ဟာ နိုင်ခြေ မရှိတဲ့ ပွဲတခုကို အရဲစွန့်ပြီး ၀င်ပြိုင်ခဲ့ တာလို့ မှတ်ချက် ပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို အရဲစွန့် မ၀င်ရင် ဘာ ဆက်လုပ်မလဲ ဆိုတဲ့ မေးခွန်းက ပိုကြီးပါတယ်။ မ၀င်တာထက် ၀င်တာက တိုင်းပြည် အတွက် ပိုအကျိုးရှိတယ် လို့ အမြင် ရှိသူတွေကလည်း အများကြီး ရှိနေပြန်ပါတယ်။ ဘာပဲ ပြောပြော အခုလို ၂ နှစ်ပြည့် ကာလမှာတော့ ဒီအမြင် ၂ ခုမှာ ဘယ်အမြင်က ပိုမှန်သလဲ ဆိုတာကို ပြန် လည်ဆန်းစစ်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ မ၀င်ခင် NLD ပါတီက ပေးခဲ့တဲ့ ကတိ ၃ ခု သို့မဟုတ် ရွေးကောက်ပွဲ ၀င်ရခြင်းရဲ့ ရည်ရွယ်ချက် ၃ ခုကို ပြန်ကြည့်ရ အောင်ပါ။ ပထမ တခုက ဒီမိုကရေစီ အခြေခံနဲ့ မကိုက်ညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒကို ပြန်ပြင်ရေး ဖြစ်ပြီး ကျန် ၂ ခုကတော့ တနိုင်ငံလုံး ငြိမ်းချမ်းမှု ရရှိရေးနဲ့ တနိုင်ငံလုံး တရားဥပဒေ စိုးမိုးရေး ရအောင် ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။

အခု ၂ နှစ်တာ ကြာပြီးတဲ့ အခါမှာ အဲဒီ ရည်ရွယ်ချက် ၃ ခု ဘယ်လောက် အထိ ခရီးရောက်ခဲ့ သလဲ။ ဖွဲ့စည်းပုံ ပြင်ရေး ကို လွှတ်တော် အတွင်းကနေ မဆောင်ရွက်နိုင်တော့တဲ့ အတွက် လွှတ်တော်ပြင်ပ အင်အားစု တွေရဲ့ အကူအညီကို ရယူပြီး လမ်းမ ပေါ် ထွက် ဆန္ဒပြပွဲတွေကို NLD ပါတီက လုပ်ဆောင်နေရ ပါတယ်။ ဒါတောင် အစိုးရက ခွင့်ပြုချက် ပေးတဲ့နေ့၊ ပေးတဲ့ နေရာမှာသာ ဆန္ဒပြပွဲလုပ်ခွင့် ရှိတာပါ။

ပြည်တွင်း ငြိမ်းချမ်းရေးကတော့ အတိုင်းအတာ တခုအထိ ရရှိနေပြီလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ ငြိမ်းချမ်းရေး ဖြစ်စဉ်၊ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်မှာ NLD ပါတီ ပါဝင်ခွင့် မရှိသေးပါ။ ပါဝင်ခွင့် မရှိတဲ့ အပြင် ဘေးကိုတောင် ရောက်နေတယ် လို့် ပြောနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ၂၀၁၂ မတိုင်ခင် အထိ အစိုးရ၊ NLD နဲ့ တိုင်းရင်းသား အင်အားစုတွေ ပါဝင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေး လုပ်ဖို့ အင်အားစု အားလုံးက တောင်းခဲ့ကြပါတယ်။ ဒါပေမယ့် အခု အချိန်မှာတော့ အစိုးရနဲ့ တိုင်းရင်းသားတွေရဲ့ ဆွေးနွေးမှုက ရှေ့ကို တက်သွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှုက မရှိသလောက် ဖြစ်လာတဲ့ အတွက် နောက်တန်းကို ရောက်သွားတဲ့ သဘော ဖြစ်လာနေပါတယ်။

တတိယ ရည်ရွယ်ချက် ဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေးကလည်း အခု အချိန်အထိ မရသေးပါဘူး။ အထူးသဖြင့် ရခိုင်ဘက်မှာ ဖြစ်နေတဲ့ ကိစ္စတွေ ဆိုရင် တရားဥပဒေ စိုးမိုးမှု ရှိအောင် လွှတ်တော်နဲ့ အစိုးရက ဘာမှ မလုပ်ပေးနိုင်ဘူး ဆိုတာ ရှင်းနေပါတယ်။ ဒါပေမယ့် တရားဥပဒေ စိုးမိုးရေး ကော်မီတီ ဥက္ကဋ္ဌ အဖြစ် ဒေါ်အောင်ဆန်း စုကြည်ကို တာဝန်ပေးထားလို့ ခက်နေပြန်ပါတယ်။

အထက် ဖော်ပြပါ အဓိက ရည်ရွယ်ချက် ၃ ခု စလုံး မပြည့်ဝသေးပေမယ့် NLD ဘက်က ဆက်လက်ကြိုး စားနေဆဲ၊ ကြိုးစားခွင့် ရှိနေဆဲလို့ပဲ ပြောရမယ် ထင်ပါတယ်။ ဒါက သိသာ မြင်သာတဲ့ ကတိစကား ၃ ခုရဲ့ အခြေအနေပါ။ သိလွယ်မြင်လွယ် မဟုတ် တဲ့ တခြား အချက်အလက်တွေ ကိုလည်း ဒီလို ၂ နှစ် ပြည့်နေ့မှာ ထည့်သွင်း ဆွေးနွေးဖို့ လိုမယ် ထင်ပါတယ်။

ရခိုင်နဲ့ ကချင်ဘက်က ဖြစ်စဉ်တွေ အပေါ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက ပြတ်ပြတ်သားသား ရပ်တည်မှု မပေးတဲ့ အတွက်လည်း ဒေသခံတွေက NLD အပေါ် ယုံကြည်မှု ကျဆင်းသွားတယ်လို့ သိရပါတယ်။ အစိုးရနဲ့ လက်တွဲပြီး လွှတ်တော် တွင်း နိုင်ငံရေးကို ဆောင်ရွက်နေရလို့ပဲ ဖြစ်ဖြစ်၊ အစိုးရနဲ့ မျက်နှာပျက်ရမှာ စိုးရိမ်လို့ပဲ ဖြစ်ဖြစ် ဘယ်လို အကြောင်းပြချက်မျိုးနဲ့ပဲ ဖြစ်ဖြစ် အဲဒီ ဒေသခံတွေရဲ့ NLD အပေါ် ယုံကြည်မှုဟာ ကျဆင်းသွားတယ်လို့ အကဲခတ်တွေက သုံးသပ်တာပါ။

ဒုတိယ ကိစ္စက သံဃာတော်တွေနဲ့ NLD ပါတီကြား ဆက်ဆံမှုပါ။ ဒီကိစ္စဟာလည်း ရှေ့မှာ တင်ပြခဲ့တဲ့ ရခိုင် အရေးနဲ့ ဆက်စပ် နေပါတယ်။ ကိုလိုနီခေတ် ကနေ စစ်အစိုးရ ဆန့်ကျင်ရေး ခေတ်အဆက်ဆက်မှာ ဒီမိုကရေစီ အင်အားစု တွေဘက်က ပြတ်သားစွာ ရပ်တည်လာခဲ့တဲ့ သံဃာတော်တွေဟာ အခု ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အလွန် ဘာသာရေး၊ လူမျိုးရေး ဘက်ဇောင်းပေးလာတဲ့ နိုင်ငံရေး အခင်းအကျင်း အသစ်မှာတော့ ဒီမိုကရေစီ အင်အားစုတွေနဲ့ တသားတည်း မရှိတော့ဘဲ အစိုးရဘက် ယိမ်းသွားတာဟာ မဟာဆုံးရှုံး မှုတခု ဖြစ်ပါတယ်။

တခါ ဒီမိုကရေစီ အင်အာစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေ ကြားမှာလည်း အရင် ၂၀၁၂ မတိုင်ခင်ကလို “ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ထောက်ခံကြ၊ ၀ိုင်းရံကြ” ဆိုတဲ့ ကြွေးကြော်သံမျိုး သိပ်မကြားရ တော့ဘဲ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် တိုက်ခိုက်တဲ့ အသံတွေကိုတောင် ကြားလာနေရပြီ ဖြစ်ပါတယ်။
ဒါတွေဟာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကို ၀င်လိုက်လို့ ဖြစ်လာတဲ့ အကျိုးဆက်တွေ လို့ တိုက်ရိုက် မပြောနိုင် ပေမယ့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အလွန်မှာမှ ဒီလို ဖြစ်လာတာကတော့ သေချာပါတယ်။

ဘယ်နေရာတွေမှာ ဘာတွေ အားနည်းခဲ့လို့ ဒီလို ဖြစ်လာရ တာလဲ။ အခုလို ၂ နှစ်ပြည့် ကာလမှာ နိုင်ငံရေး သမားတွေ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေ၊ ဒီမိုကရေစီ လိုလားသူတွေ အားလုံး ခေါင်းချင်းရိုက် ဆွေးနွေး အဖြေရှာဖို့ လိုနေပါတယ်။

အခု သိပ်မကြာခင်၊ အတိအကျပြောရမယ် ဆိုရင် ၂၀၁၄ မကုန်ခင်မှာ နောက်ထပ် ကြားဖြတ် ရွေးကောက်ပွဲတခု ထပ်လာပါ ဦး မယ်။ ထုံစံအတိုင်း ၀န်ကြီးဖြစ်သွားသူ၊ သေဆုံး/ထုတ်ပယ် ခံရလို့ လစ်လပ်သွားတဲ့ အမတ်နေရာ ၃၀ အတွက် NLD က ၀င်ပြိုင် ရဦးမှာပါ။ အဲဒီအထဲမှာ ပြည်သူ့လွှတ်တော် အမတ် ၁၃ နေရာ၊ အမျိုးသားလွှတ်တော် အမတ် ၆ နေရာနဲ့ ပြည်နယ်/တိုင်းလွှတ်တော် အမတ် ၁၁ နေရာ လို့ သိရတယ်။

၂၀၁၂ ကြားဖြတ်တုန်းက အမတ်နေရာ ၄၅ မှာ ၄၃ နေရာနဲ့ အပြတ်အသတ် အနိုင်ရခဲ့တဲ့ NLD ပါတီ အ ခု ၂၀၁၄ ကြားဖြတ်မှာ ၃၀ နေရာ စလုံးနီးပါး အနိုင်ရပါတော့ မလားဆိုပြီး အကဲခတ်တွေက မေးခွန်း ထုတ်နေကြပါပြီ။

ဒီမေးခွန်းဟာ အထက်မှာ တင်ပြခဲ့တဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ကနေ ဒီနေ့ ၂ နှစ်တာကာလ အတွင်း ဖြစ်သွားတဲ့ နိုင်ငံ ရေး ဖြစ်စဉ်တွေ၊ NLD ရဲ့ မဟာဗျုဟာတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ ဒီမိုကရေစီ အင်အားစု တွေရဲ့ ပြောင်းလဲလာ နေ တဲ့ နိုင်ငံရေး လှုပ်ရှားမှု ပုံသဏ္ဌာန်တွေပေါ် မူတည်ပြီး ဒီလို မေးစရာ ဖြစ်လာခဲ့ တာပါ။

အနှစ် ပြန်ချုပ်ရမယ် ဆိုရင်တော့ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပဖို့ တနှစ်ဝန်းကျင်သာ လိုတော့တဲ့ အချိန်မှာ NLD ပါတီနဲ့ ဒီမိုကရေစီ အင်အားစုတွေကြား၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေ ကြားမှာ ဒီထက်မကတဲ့ ဆွေးနွေးတိုင်ပင်မှုတွေ လိုနေပါတယ်။ ဒီထက်မက ပူးပေါင်းဆောင်ရွက်မှုတွေ လိုနေပါတယ်။

ကိုယ့်လမ်းကိုယ် ရွေး၊ သူ့လမ်း သူသွား ဆိုပြီး “နိုင်ငံရေး ဘုံရည်ရွယ်ချက်” မရှိဘဲ တသီးတခြားစီ ဆက်သွားနေလို့ မဖြစ်ပါ။ မဲဆန္ဒနယ် တခုတည်းမှာ မဟာမိတ် ပါတီတွေ အချင်းချင်း ၀င်မပြိုင်သင့်ပါ။ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား အင်အား စုတွေဟာ မဟာမိတ် ဖြစ်တယ်ဆိုတဲ့ မဟာဗျုဟာကို ပြန်လည်ချ မှတ်ပြီး စစ်အာဏာရှင် စနစ်ရဲ့ လက်ကျန် အင်အား စု တွေကို အနိုင်ယူဖို့ လိုအပ်နေပါတယ်။

အကဲခတ် တချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ သူ့ဘက် ကိုယ့်ဘက်ဆိုတဲ့ အမြင်တွေကို အဆင့်ကျော်ပြီး အား လုံး ပါဝင်တဲ့၊ စစ်အာဏာရှင် လက်ကျန် အုပ်စုတွေနဲ့ပါ လက်တွဲနိုင်တဲ့ တိုင်းပြုပြည်ပြု အဆင့်ဆီ သွားဖို့ ပြင်နေပြီလို့ ပြောကြပါတယ်။ ဒါပေမယ့် အဲဒီ အဆင့်ကို မသွားခင် ကိုယ့်အင်အားစုတွေ၊ မဟာမိတ် အင်အားစုတွေကို အခိုင်အမာ ဖြစ်နေအောင် တည်ဆောက်ထားဖို့ အရင် လိုအပ်နေပါတယ်။

အထူးသဖြင့် မကြာခင် လာတော့မယ့် ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေ အမီ ဒီမိုကရေစီ အင်အားစု တွေနဲ့ တိုင်းရင်းသား အင်အားစုတွေကြား ဒီထက်မက ဆွေးနွေးတိုင်ပင်မှုတွေ၊ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးပြီးလုပ်ဖို့ လိုအပ် နေပါကြောင်း တင်ပြလိုက်ရပါတယ်။     ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More