Saturday, March 1, 2014

ဘယ်သူတွေက ဘယ်သူတွေလဲဆိုတာကို အရင်ရှင်းပြပြီးမှ နိုင်ငံရေးလုပ်ပါ

ထက်အောင်ကျော် (၀၃-၀၃-၂၀၁၄)

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအလွန်ကနေ စတင်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီအရေး အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ် ရှေ့မတိုးဘူးဖြစ်နေတယ်လို့ ဝေဖန်သံတွေထွက်လာချိန်နဲ့ ထူးဆန်းတဲ့လူတချို့ နိုင်ငံရေး လောကအတွင်းပြန်ပေါ်လာချိန် တိုင်ဆိုင်နေတာကို သတိထားမိပါတယ်။

(ဒီ ဓာတ်ပုံကို ဧရာဝတီမှ ယူထားပါသည်)

ပထမ ဆုံးပေါ်လာသူတဦးကတော့ ၁၉၈၈ စစ်တပ်အာဏာသိမ်းတုန်းက စစ်ထောက်လှမ်းရေးအဖြစ် တာဝန်ယူခဲ့သူ၊ နောက်ပိုင်း န၀တ အဖွဲ့ရဲ့ အတွင်းရေးမှုး ၁ နဲ့ ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းခဲ့သူ ဗိုလ် ချုပ်ဟောင်း ဦးခင်ညွန့်ဖြစ်ပါတယ်။ အာဏာအလွဲသုံးမှု၊ လာဘ်စားမှုဆိုတဲ့စွပ်စွဲချက်တွေနဲ့ နှစ်ရှည် ထောင်ချခဲ့ပြီး အခု အသွင်ကူးပြောင်းမှုဖြစ်စဉ်နဲ့အတူ အကျဉ်းထောင်ကနေ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ် လာသူပါ။

ဒုတိယ တဦးကလဲ သူနဲ့ခပ်ဆင်ဆင်ပါပဲ။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုအစဉ်အလာကို စတင်တည်ထွင်ခဲ့သူ၊ တော်လှန်ရေးကောင်စီဥက္ကဌ၊ မဆလ ပါတီဥက္ကဌ၊ နိုင်ငံတော်သမ္မတတာဝန်တွေ ကိုထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်နေ၀င်းရဲ့မြေး အေးနေ၀င်းဖြစ်ပါတယ်။ သူဟာ ဗိုလ်ချုပ်ခင်ညွန့်အဖမ်းမခံ ရခင် ၂၀၀၂ ကတည်းက စတင်ဖမ်းဆီးခံခဲ့ရပြိး စွဲချက်တင်တဲ့အမှုကတော့ နိုင်ငံတော်အာဏာသိမ်းရန် ကြံစည်မှုဖြစ်ပါတယ်။

အလားတူ တခြားပုဂ္ဂိုလ်တွေလဲအများကြီးရှိနိုင်ပေမဲ့ လောလောဆယ် နိုင်ငံရေးထဲ၊ ဒါမှမဟုတ် ပွဲဆူတဲ့ မီဒီယာလောကထဲ သူတို့နှစ်ဦးက ထိပ်ဆုံးမှာပြေးနေတဲ့အတွက် သူတို့အကြောင်းကိုသာရွေးပြီးတင်ပြ ချင်ပါတယ်။

လူသားချင်းစာနာတဲ့အနေနဲ့ အကျဉ်းထောင်ကနေပြန်လွတ်လာသူ ဘယ်သူ့ကိုမဆို ၀မ်းပန်းတသာ ကြို ဆိုရမှာပေါ့။ ဒါပေမဲ့ ပြန်လွတ်လာပြီး သူတို့ပြောတဲ့စကားတွေနဲ့ အရင်က သူတို့လုပ်ခဲ့တဲ့အလုပ်တွေ၊ ဒါ မှမဟုတ် သူတို့ကျုးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ တထပ်တည်းကျပါရဲ့လားဆိုတာကိုတော့ အားလုံးက အသေ ချာ ဆန်းစစ်ဖို့လိုပါတယ်။ လက်ရှိသွားနေတဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်အတွင်း နိုင်ငံသားတွေဖြစ်တဲ့ သူ တို့လဲပါဝင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုမပါဝင်ခင်မှာ အရင်က ဘာတွေလုပ်ခဲ့သလဲ။ ဘာတွေဖြစ်ခဲ့သ လဲဆိုတာကိုတော့ အရင် ရှင်းရှင်းလင်းလင်းပြောဖို့လိုပါလိမ့်မယ်။

''နိုင်ငံရေးအကျဉ်းသားဆိုတာ ပြစ်မှုကျုးလွန်လို့ထောင်ကျတာ'' ဆိုပြီး ဦးခင်ညွန့်ကပြောခဲ့ပါတယ်။ ပြီး တော့ သူ့မှာအပြစ်မရှိဘူး။ အပေါ်ကပေးအပ်တဲ့တာဝန်ကိုသာ ထမ်းဆောင်ခြင်းဖြစ်တယ်လို့ဆိုပါ တယ်။ ပါတီနိုင်ငံရေးကိုစိတ်မ၀င်စားပေမဲ့ အမျိုးသားနိုင်ငံရေးမှာတော့ ပူးပေါင်းပါဝင်ချင်တယ်လို့ဆိုပါ တယ်။ ဒီလိုနဲ့ သူဟာ မြန်မာ့နိုင်ငံရေးလောကမှာ တဖန်ရှင်သာဖို့ကြိုးစားလာနေပါတယ်။

(ဒီ ဓာတ်ပုံကို ဧရာဝတီမှ ယူထားပါသည်)

ဟော အခု အေးနေ၀င်းအလှည့်။ သူ့အဖိုးဦးနေ၀င်းမှာ ဘာအပြစ်မှမရှိဘူး။ တိုင်းပြည်တာဝန်ကို ရွံရွံချွံချွံ ထမ်းသွားတဲ့ သူရဲကောင်းတဦးသာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ DVB ရုပ်-သံ အင်တာဗျုးမှာပြောသွားပါ တယ်။ ပြီးတော့ ဦးနေ၀င်းရဲ့မြေးတွေဖြစ်တဲ့ သူတို့မှာလဲ ဘာအပြစ်မှမရှိဘူး။ ဒါကြောင့် လက်ရှိသွားနေ တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်မှာ လက်တွဲပါဝင်ချင်တယ်လို့ပြောပြီး နိုင်ငံရေးထဲ ၀င်ပါဖို့ လေသံပစ်လာနေပြီဖြစ်ပါတယ်။

နီးစပ်တဲ့ မီဒီယာတချို့ပေါ်တက်ပြီး ဒီလောက်လေးပြောလိုက်တာနဲ့ ဆယ်စုနှစ်နဲ့ချီကြာခဲ့တဲ့ သူတို့ရဲ့ မ တရားဆောင် ရွက်မှုတွေကနေ ကင်းလွတ်ခွင့်ရသွားရော့သလား။ နိုင်ငံရေးနယ်ပယ်ထဲ ၀င်ပါခွင့်ပေး လိုက်ရတော့မလား။ ဒီနေ့အပြောင်းလဲကို စိတ်ပါလက်ပါဆောင်ရွက်နေတဲ့ အစိုးရဖက်ကလူတွေရော၊ အတိုက်ခံဖက်က လူတွေပါ အသေချာစဉ်းစားသင့်ပါတယ်။

ဒါက နိုင်ငံတော်အဆင့် လူသိရှင်းကြားဖြစ်ခဲ့တဲ့ အမှုကြီးတွေကနေ ပြန်လွတ်လာပြီး နိုင်ငံရေးထဲ ပြန်ဝင် နိုင်ဖို့ ကြိုးစားနေသူတွေအကြောင်းပါ။ အဲဒီလောက်အထိ လူသိမများပေမဲ့ သူ့အတိုင်းတာနဲ့သူလူသိ များခဲ့တဲ့၊ နယ်စပ်အခြေစိုက် တော်လှန်ရေးအဖွဲ့တွေဆီကနေ လက်နက်ချသွားသူတွေ၊ ဒါမှမဟုတ် နဂို ကတည်းက ထောက်လှမ်းရေးတာဝန်နဲ့ နယ်စပ်ကအဖွဲ့တွေမှာ သတင်းလာယူတွေလို့ သံသယရှိခံရသူ တွေလဲ ဦးခင်ညွန့်တို့ အေးနေ၀င်းတို့နဲ့အချိန်ကိုက် နိုင်ငံရေးလောကထဲ ခေါင်းပြူထွက်လတာကို တွေ့ လာရပါတယ်။

(၂၇-၀၂-၂၀၁၄ နေ့က ဒီဗွီဘီ ၀န်ထမ်းတဦး Facebook မှာတင်ထားတဲ့ပုံ။ ၀ဲအစွန်မှ အကျီဖြူ နဲ့ပုဂ္ဂိုလ်ဟာ ကိုခင်သန်းဖြစ်ပါတယ်)

ဒီလိုပုဂ္ဂိုလ်တွေ ဒါဇင်နဲ့ချီရှိနိုင်ပေမဲ့ လောလောဆယ်တော့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး (ABSDF) နဲ့ ဒီမိုကရက်တစ်မြန်မာအသံ (DVB) မှာ အဆင့်မြင့်တာဝန်တွေ ထမ်း ဆောင်ခဲ့ဖူးသူ ကိုခင်သန်းအကြောင်းက ပြောစရာဖြစ်လာနေပါတယ်။

သူဟာ ABSDF ရဲ့ ဗဟိုရုံးအဖွဲ့မှုး၊ သုတေသနဌာနမှုးတာဝန်တွေကိုထမ်းဆောင်နေစဉ်၊ DVB သတင်း ဌာနအတွက် ABSDF သတင်းအယ်ဒီတာအဖြစ်တာဝန်ထမ်းနေစဉ်၊ နော်ဝေးနိုင်ငံ အော်စလိုရှိ DVB ရုံး ချုပ်ကနေ မဲဆောက်ကိုအပြန် ၁၉၉၉ အစောပိုင်းမှာ ထူးဆန်းစွာပျောက်ဆုံးသွားပါတယ်။

မဲဆောက်ကနေ မြ၀တီဆီဝင်ပြီး လက်နက်ချသွားသလိုလို၊ ဒီလူဟာ နဂိုကတည်းက စစ်ထောက်လှမ်း ရေးဖြစ်ပြီး ABSDF နဲ့ DVB ဆီ အတွင်းသတင်းနှိုက်ပြိး တာဝန်ပြီးဆုံးလို့ အိမ်ပြန်သွားသူလိုလို ပြော ကြပေမဲ့ ဘယ်သူကမှအတိအကျထုတ်မပြောနိုင်ခဲ့ပါဘူး။ ABSDF နဲ့ DVB ကလဲ အဲဒီအချိန်ကနေစပြီး အခုချိန်ထိ ဒီပုဂ္ဂိုလ်အကြောင်းကို ဘာမှတရားဝင် ထုတ်မပြောခဲ့ပါဘူး။

ဟော...အခုတော့ အဲဒီလို ထူးဆန်းစွာပျောက်ဆုံးသွားတဲ့ ကိုခင်သန်းက နော်ဝေးကနေ ရန်ကုန်မြို့ဆီ အပြီးရွှေ့သွားတဲ့ တချိန်ကအတိုက်ခံအင်အားစုတခုလုံးကိုကိုယ်စားပြုတဲ့ သတင်းဌာန DVB ရန်ကုန်ရုံး ချုပ်ရဲ့ ရုံးအဖွဲ့မှုးတာဝန်ကို ထမ်းဆောင်နေပါတယ်တဲ့။ ကဲ... ဘယ်သူတွေ ဘာပြောကြဦးမလဲ။ အ ရင်က ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ဘာမှရှင်းရှင်းလင်းလင်းထုတ်မပြောပဲနဲ့ ဒီလိုပဲ နိုင်ငံရေးလောက ထဲ၊ ဒီမိုကရေစီကိုယ်စားပြု မီဒီယာ လောကထဲ ဒီတိုင်းဝင်လာလို့ရသလား။

အထက်ဖေါ်ပြပါ ပုဂ္ဂိုလ် ၃ ဦးနဲ့ ကျနော်နဲ့ကြားမှာ ပုဂ္ဂိုလ်ရေးပြသာနာ ဘာမှမရှိပါ။ အပေါ်က နှစ်ဦးဆို ရင် လူချင်းတောင် မတွေ့ဖူးပါ။ ကိုခင်သန်းနဲ့ကတော့ ထားဝယ်နယ်သားအချင်းချင်း ဖြစ်တဲ့အပြင် ABSDF မှာရော၊ DVB မှာပါ အတူတာဝန်ထမ်းခဲ့ဖူးတဲ့အတွက် သိသင့်သလောက်သိပါတယ်။ သူ ထောက်လှမ်းရေးဖြစ်ခဲ့သလား၊ မဖြစ်ခဲ့သလား။ ကျနော်မသိပါ။

ဒါပေမဲ့ သူဟာ ABSDF နဲ့ DVB ကို တရားဝင်အသိပေးပြိး လက်နက်ချသွားသူမဟုတ်ပါ။ ဘာကြောင့် သူ ဒီလိုလုပ်ခဲ့တယ်။ ၁၉၉၉ ကနေ အခု DVB ရန်ကုန်ရုံးမှာတာဝန်ယူတဲ့အထိ ဘာတွေဖြစ်ခဲ့တယ်ဆို တာကိုတော့ အားလုံးသိအောင်ရှင်းပြဖို့လိုမယ်လို့ ကျနော်ထင်ပါတယ်။

(ကိုခင်သန်းနဲ့ ကိုခင်မောင်ဝင်းတို့ကို DVB နဲ့ ABSDF တောတွင်းစခန်းတခုမှာတွေ့ရစဉ်။ ၁၉၉၃-၉၄ ၀န်းကျင်)

တချိန်တည်းမှာပဲ သူကို ရုံးအဖွဲ့မှုးအဖြစ်တာဝန်ပြန်ပေးတဲ့ DVB ကလဲ တာဝန်မပေးခင်မှာ ဒီလူဟာ ဘယ်သူဖြစ်တယ်ဆိုတာကို ရှင်းပြဖို့လိုပါတယ်။ DVB ကို ပုဂ္ဂလိကပိုင် မီဒီယာအဖြစ် မှတ်ပုံတင်လိုက်ပြီ ဆိုပေမဲ့ DVB Logo နဲ့ ရှိသမျှပိုင်ဆိုင်မှုအားလုံးဟာ တော်လှန်ရေးအမည်နဲ့၊ ဒီမိုကရေစီလှုပ်ရှားမှု အ မည်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဗယ်ဆုအမည်နဲ့ရထားတာတွေဆိုတာကို မေ့မထားသင့်ပါ။

အနှစ်ပြန်ချုပ်ရရင်တော့ လက်ရှိသွားနေတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်မှာ လူတိုင်းပါဝင် ခွင့်ရှိတာမှန်ပါတယ်။ ဒါပေမဲ့ အဲဒီလိုမပါဝင်ခင်မှာ ဘယ်သူတွေက ဘယ်သူတွေဖြစ်တယ်၊ ဘယ်လိုတွေ ဖြစ်ခဲ့တယ် ဆိုတာကိုတော့ အားလုံးသိအောင် ရှင်းရှင်းလင်းလင်းအသိပေးဖို့လိုပါတယ်။

နောက်တချက်ကတော့ ဒီလိုထုတ်ပြောဝေဖန်လိုက်တဲ့အတွက် ကိုခင်သန်းတို့လို ပုဂ္ဂိုလ်တွေနဲ့ ကျနော် တို့လိုပုဂ္ဂိုလ်တွေကြား အချင်းချင်းအငြင်းခုန်တွေဖြစ်ပြီး တကယ်ဦးတည်တိုက်ရမဲ့ ဘုံရန်သူ ပျောက် သွားမှာကိုလဲ စိုးရိမ်မိပါတယ်။

၁၉၈၈ ကနေ စတင်ခဲ့တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုဟာ ပန်းတိုင်ဆီမရောက်သေးပါ။ ပန်းတိုင်ကိုချီ တက်ဖို့လမ်းစတွေ ပေါ်ကာစအချိန်မှာပဲ ရှိပါသေးတယ်။ စစ်အာဏာရှင်စနစ်ဆိုးရဲ့လက်ကျန် အပြုအမှု တွေ၊ ဓလေ့စရိုက်တွေ၊ Mindset တွေကို အများကြိးပြုပြင်ဖို့လိုနေဆဲပါ။ သန်း ၆၀ သောပြည်သူတို့ ဘ ၀ ဘာမှကို မတိုးတက်လာသေးပါ။

ဒါကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်ထဲ ပါဝင်ကြတဲ့အခါ ပွင့်လင်းမြင်သာမှုရှိစွာနဲ့ ပါဝင် ကြဖို့၊ ဘယ်သူတွေက ဘယ်သူတွေလဲဆိုတာကို အသေချာရှင်းပြကြဖို့။ လူထုရဲ့အဆုံးအဖြတ်ကို ရိုး သားစွာခံယူဖို့၊ ဘုံရန်သူကို မျက်ခြေမပြတ်စေဖို့နဲ့ ပန်းတိုင်မပျောက်စေဖို့ တော်လှန်ရေးသတိကြီးစွာနဲ့ ဆောင်ရွက်ဖို့လိုနေပါကြောင်း တင်ပြလိုက်ရပါတယ်။    ။
.................................................................


ဒီလိုသတင်းတွေထွက်ပေါ်နေစဉ်မှာ DVB ဒုညွှန်မှုး ဦးခင်မောင်ဝင်းက အေးနေ၀င်းကို အင်တာဗျုးလုပ်ကာ DVB မှာ တင်ပေးခဲ့ပါတယ်....။



1 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More