Sunday, September 11, 2022

ဗြိတိန်ဘုရင်မကြီး ကွယ်လွန်တာ... ခင်ဗျားနဲ့ ဘာဆိုင်လဲ...

 ဗြိတိန်ဘုရင်မကြီး ကွယ်လွန်တာ... ခင်ဗျားနဲ့ ဘာဆိုင်လဲ...

---------------------------------------

(၁၁- ၉ -၂၀၂၂)


၂၀၂၁ ဖေဖေါ်ဝါရီမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက စာတိုပေစ မရေးဖြစ်ခဲ့တဲ့ စာရေးသူဟာ ပြီးခဲ့တဲ့အပတ်က ဆိုဗီယက်ယူနီယံ နောက်ဆုံးသမ္မတ ဂေါ်ဗာချော့ နာရေးအကြောင်း စာတို တခုရေးဖြစ်ခဲ့ပါတယ်။


တကယ်ဆို ဂေါ်ဘာချော့ ကွယ်လွန်တာနဲ့ ဒီနေ့ မြန်မာ့နိုင်ငံအပြောင်းအလဲအတွက် အဓိကဖြစ်နေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ ဘာမှ မဆိုင်ပါဘူး။ 


ဒါပေမယ့် ၂၁ ရာစုခေတ်မှာ မိုင်ထောင်ချီဝေးတဲ့ တနေရာကဖြစ်စဉ်နဲ့ အခြားတနေရာကဖြစ်စဉ် ဘာမှမဆိုင်ဘူးလို့ပြောဖို့ခက်ပါတယ်။ ဆိုဗီယက်ယူနီယံကိုပဲ ကြည့်... ၁၉၉၀ ဝန်းကျင်မှာ ပြိုကွဲသွားတယ်။ (နိုင်ငံငယ်တွေ လွတ်လပ်ရေးရသွားတယ်)။ 


ဒီဖြစ်စဉ်ဟာ မြန်မာ့နိုင်ငံရေးကို အနည်းနဲ့အများ ကရက်ရိုက်တာပါပဲ။ မြန်မာနိုင်ငံမှာ ဗမာပြည်ကွန်မြူနစ်ပါတီထဲကနေ လူမျိုးစုတွေ တော်လှန်ရေးလုပ်ပြီး ခွဲထွက်သွားကြပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်လာပြီး -ငြိမ်း- ခေတ်တခေတ် မြန်မာနိုင်ငံရေးမှာ ပေါ်လာခဲ့ဖူးတာ အားလုံးအသိပါပဲ။


အရင်က တရုတ်နီးစပ်ခဲ့ဖူးတဲ့ မြန်မာစစ်တပ်ဟာ အခုတော့ (ဆိုဗီယံယူနီယံထဲက နယ်မြေတခုဖြစ်တဲ့) ရုရှားနဲ့ ဆက်ဆံရေးတည်ဆောက်နေတာ အားလုံး အမြင်ပါပဲ။ စကစ ခေါင်းဆောင်ဆို ရုရှားကို ခဏခဏသွားနေတယ် မဟုတ်ပါလား...


ဒါပေမယ့် စကစ ကို တော်လှန်နေတဲ့ နွေဦးတော်လှန်ရေးခေါင်းဆောင်ပိုင်းက ရုရှားရဲ့ကျုးကျော်မှုခံနေရသူ ယူကရိန်းနိုင်ငံဆီ သွားရောက်လည်ပတ်မှု မရှိသေးတာကတော့ နည်းနည်းထူးနေတယ်ထင်ပါတယ်။


ကမ္ဘာကြီးက ယူကရိန်းကိုပဲကူနေပြီး မြန်မာကျ မကူဘူးဆိုပြီး ဝေဖန်နေသူတွေ ယူရိန်းဆီသွားပြီး၊ အနည်းဆုံး ပိုလန်-ယူကရိန်း နယ်စပ်လောက်သွားပြီး လေ့လာသင့်တာပေါ့... (မီဒီယာသမားတွေ မသိအောင် သွားနေတာလည်း ဖြစ်နိုင်ပါတယ်)


ဆိုတော့... ဂေါ်ဘာချော့ ကွယ်လွန်တာ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူးဆိုပြီး ပြောလို့မဖြစ်ပါ...။

------------


ဒါက နိဒါန်း...။ 


အဓိကပြောချင်တာက ဗြိတိန်ဘုရင်မကြီး အဲလိစ်ဇဘက် ကွယ်လွန်တာ မိုင်ပေါင်း ထောင်ချီအဝေးက မြန်မာတွေနဲ့ ဘာမှမဆိုင်ဘူးဆိုတဲ့ အမြင်တွေကို ဆွေးနွေးချင်လို့ပါ။


အချို့ကတော့ တိုင်းပြည်ရဲ့ ဘဏ္ဍာတွေကို သုံးဖြုန်းနေတဲ့၊ အခွင့်ထူးခံ လူတန်းစား၊ ဘုရင်စနစ်ဆိုတာ ၂၁ ရာစုမှာ မရှိသင့်တော့ဘူးလို့ပြောနေကြပါတယ်။


စာရေးသူလည်း နုစဉ်တုန်းကတော့ ဒီလိုပဲ အမြင်ရှိခဲ့ပါတယ်။ အထူးသဖြင့် ထိုင်းအခြေစိုက် သူပုန်ဘဝ၊ သတင်းထောက်ပေါက်စ ဘဝတုန်းကပေါ့။ ဗြိတိန်ဘုရင်မနဲ့ ဘုရင်ကို လက်ဆွဲနှုတ်ဆက်လို့ရပေမယ့် ထိုင်းဘုရင်ကို လက်ဆွဲနှုတ်ဆက်လို့မရပါ၊ ဆဝါဒီ ခပ် တောင် သွားလုပ်လို့မရဘူးထင်တယ်။ ဘုရင်ယာဉ်တန်းလာတာနဲ့ အားလုံးက ဒူးထောက်ပြီး ဖူးမျှော်ရတာ...


ဆိုတော့ ဒီလိုစနစ်မျိုးကို သူပုန်တယောက်က ဘယ်ကြိုက်ပါ့မလဲ...။ ဒါပေမယ့် (ဆရာဒဂုန်တာရာ စကားကိုငှားသုံးရရင်) သမိုင်းခေတ်တခုကို လက်တွေ့ရော၊ စာတွေ့ပါ ဖြတ်သန်းပြီးတဲ့အခါမှာတော့ ဘုရင်စနစ် (စည်းမျဉ်းခံဘုရင်စနစ်) ဟာ အဆိုးချည်းတော့ မဟုတ်လောက်ဘူး။ ကောင်းတာတွေလည်းရှိလို့ လူတွေက လက်ခံထားတာဖြစ်မှာပေါ့...ဆိုပြီး စဉ်းစားမိပါတယ်။


ကျနော်တို့ အိမ်နီးချင်း ထိုင်းကိုပဲကြည့်...။ ဘုရင်စနစ်ရှိနေလို့ ထိုင်းစစ်တပ်က မြန်မာစစ်တပ်လောက် မဆိုးတာလားဆိုပြီး ကျနော်တွေးမိနေပါတယ်။ တကယ်ဆို ထိုင်းစစ်ဗိုလ်နဲ့ မြန်မာစစ်ဗိုလ်က နိုင်ငံရေးမှာအရေးပါချင်တာ၊ စစ်တပ်ကို ရှေ့တန်းတင်ချင်တာ၊ အခွင့်ထူးခံချင်တာချင်း အတူတူပါပဲ...။


ဒါပေမယ့် ထိုင်းမှာ အကြိမ်းပေါင်းများစွာ စစ်အာဏာသိမ်းမှုဖြစ်ခဲ့ဖူးပေမယ့် ထိုင်းစစ်တပ်က မြန်မာစစ်တပ်လောက် မဆိုးဘူး။ သူ့ပြည်သူအပေါ် ဒီလောက်အထိ မရက်စက်ဘူး။ အာဏာရှိသူအချင်းချင်းကြားမှာ ရက်စက်လေ့ရှိပေမယ့် ဘာမှမဆိုင်တဲ့ သာမန်အရပ်သားတွေကို ဒုက္ခမပေးပါဘူး။ နိုင်ငံ့ အခြေခံအဆောက်ဦတွေ၊ အင်စတီကျုးရှင်းတွေ၊ စီးပွားရေးတွေကို သွားမထိပါဘူး။


ဒါတွေဟာ ထိုင်းမှာ ဘုရင်စနစ်ရှိနေလို့လား...ဆိုပြီး တွေးမိပါတယ်။


တခါ ဥရောပကိုလည်း ကြည့်ဦး...။ စည်းမျဉ်းခံ ဘုရင်စနစ်မရှိတဲ့နိုင်ငံ မရှိသလောက်ပါပဲ။ နော်ဝေ၊ ဒိန်းမတ်၊ နယ်သာလန်၊ ဘယ်လဂျီယံ၊ စပိန် စသဖြင့် နိုင်ငံအတော်များများမှာ စည်းမျဉ်းခံဘုရင်စနစ်ရှိနေဆဲပါ။


အာရှဖက်ပြန်လှည့်ရမယ်ဆိုရင် အာဆီယံထဲမှာတောင် ထိုင်း၊ မလေးရှား၊ ဘရူူးနိုင်တွေမှာ စည်းမျဉ်းခံဘုရင်စနစ်ရှိနေဆဲ၊ အရှေ့ဖျားက ဂျပန်မှာလည်း ရှိနေဆဲ...။ 


တခါ သြစီ၊ နယူးဇီလန်ကနေ တောင်အာရှက အိန္ဒိယ တခွင်ကိုကြည့်မယ်ဆိုရင်လည်း ဗြိတိန်ဘုရင်မကြီးရဲ့ သစ္စာခံ ဓနသဟာရ နိုင်ငံတွေအဖြစ်ရှိနေဆဲပါ...။


ဆိုတော့ ဘုရင်စနစ်ကို မကောင်းဘူးချည်းပြောဖို့တော့ ခက်ပါတယ်။ ဝေဖန်သူ အတော်များများကတော့ ဗြိတိန်ဘုရင်မကြီး ကွယ်လွန်ပြီးနောက်ပိုင်းမှာ ဘုရင်စနစ် တဖြေးဖြေး ကွယ်ပျောက်သွားနိုင်တယ်ဆိုပြီး ပြောနေကြပါတယ်။ ...ကောင်းတာယူ မကောင်းတာဖယ်ပြီး ရှေ့ဆက်ကြပေါ့...။


ဆိုတော့... ဒီနေ့ ခေတ်သစ်ကမ္ဘာမှာ မိုင်ထောင်ချီဝေးတဲ့ ကမ္ဘာ့အနောက်ချမ်းက ဖြစ်စဉ်တွေဟာ ကမ္ဘာ့အရှေ့ချမ်းက ကျနော်တို့ ပြသာနာနဲ့ ဘာမှမဆိုင်ဘူးဆိုပြိး ပြောလို့မရပါ။ အားလုံးဟာ တနည်းနည်းနဲ့ ချိတ်ဆက်နေတာချည်းဖြစ်ပါတယ်။


ဗြိတိန် သံအမတ်ဟောင်းကို စကစ က ဖမ်းဆီးထားတာ၊ သြစီ စီးပွားရေးပညာရှင်ကို ဖမ်းထားတာ၊ ဂျပန်သတင်းထောက်ကိုဖမ်းထားတာတွေဟာ ကျနော်တို့ နွေဦးတော်လှန်ရေးနဲ့ မဆိုင်ဘူးလို့ မပြောနိင်ပါ။


ဆိုတော့...  ဒီချိတ်ဆက်မှုတွေကိုလေ့လာပြီး ကမ္ဘာကြီးနဲ့ မဟာမိတ်ဖွဲ့ဖို့၊ ကမ္ဘာကြီးရဲ့အကူအညီကို ရယူဖို့ ကျနော်တို့ နွေဦးတော်လှန်ရေးထဲက ပုဂ္ဂိုလ်တွေ စဉ်းစားသင့်တယ်မဟုတ်ပါလား...။ 


“ငါတို့မှာ ငါတို့ပဲရှိတယ်”- ဆိုပေမယ့် ကမ္ဘာကြီးကိုလည်း ကိုယ့်ဖက်ပါလာအောင် စည်းရုံးရအူးမယ်လေ...။ မနက်ဖန်၊ သဖက်ခါ ကုလသမဂ္ဂ အထွေထွေညီလာခံ စတင်တော့မယ် မဟုတ်ပါလား...။


Saturday, September 10, 2022

“မြို့နယ်တခုလုံးရဲ့ ၉၀ % ကျော် ကျနော်တို့ အုပ်ချုပ်ရေးအောက်မှာ ရှိနေပါတယ်”



“မြို့နယ်တခုလုံးရဲ့  ၉၀ % ကျော် ကျနော်တို့ အုပ်ချုပ်ရေးအောက်မှာ ရှိနေပါတယ်”

(ဆလိုင်းယောမာန်- မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)
-----------------------------------------------------------------
(၁၀/ ၉ / ၂၀၂၂)

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၄ ခုပဲ စစ်တပ်အုပ်ချုပ်ရေးအောက်မှာကျန်နေပြီး အခြား ၉၀% ကျော်ကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စီမံအုပ်ချုပ်နေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့- ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်ကပြောပါတယ်။

နွေဦးတော်လှန်ရေး တနှစ်ခွဲကာလအတွင်း တိုးတက်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး ဘီအန်အန် သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြား ခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- မင်းတပ်ဖက်ကို စကစ က စစ်ကြောင်း မထိုးရဲတော့ဘူးလား...
- တိုက်ပွဲမရှိပဲ လေယာဉ်နဲ့ ဗုံးကျဲတာ ဘာကြောင့်လဲ...
- မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက ဘယ်လို စီမံအုပ်ချုပ်နေကြသလဲ...
- ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုအတွက် ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေသလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်လေယာဉ်သုံးခြင်းဟာ စကစရဲ့ နောက်ဆုံးကျဉ်ဆံလား-ဆိုတဲ့ ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ တနလာင်္ညပိုင်းမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျုးများကြည့်ပြီးပါက ဒီ youtube ချာနယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Wednesday, September 7, 2022

“စစ်ရေးအရ တိုက်ရိုက်မကူညီနိုင်သေးရင် နည်းပညာအရ ဒရုန်းတွေ ကူပေးပါ”



“စစ်ရေးအရ တိုက်ရိုက်မကူညီနိုင်သေးရင် နည်းပညာအရ ဒရုန်းတွေ ကူပေးပါ”

(ပဒိုစောတောနီး- KNU ပြောခွင့်ရပုဂ္ဂိုလ်)
-----------------------------------------
(၇/ ၉ /၂၀၂၂)

“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ နွေဦးတော်လှန်ရေးအင်အားစုကို စစ်ရေးအရ တိုက်ရိုက်အကူအညီပေးဖို့ အခက်အခဲဖြစ်နေရင် နည်းပညာနဲ့ဆိုင်တဲ့ ဒရုန်းတွေ ကူညီပေးရေးကို အလေးထားစဉ်းစားစေချင်တယ်” လို့ KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။

နွေဦးတော်လှန်ရေး တနှစ်ခွဲကာလအတွင်း စစ်ကောင်စီဖက်က လေယာဉ်တွေသုံးပြီး တော်လှန်ရေးအင်အားစုတွေအပေါ် တိုက်ခိုက်နေမှုကို ဘယ်လိုခုခံတော်လှန်နေသလဲ၊ နိုင်ငံတကာဖက်က ဘာတွေအကူအညီပေးနေသလဲဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားသွားတာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...
- KNU နဲ့ PDF တပ်တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု ဘယ်လောက်အထိ တိုးတက်လာနေပြီလဲ...
- တော်လှန်ရေးအင်အားစုတွေဖက်က ခုခံစစ်ကနေ ထိုးစစ်ကို တက်နိုင်မယ့်အလား အလာ ဘယ်လိုရှိသလဲ...
- နိုင်ငံတကာရဲ့အကူအညီက -စိုးရိမ်ပါသည်- အဆင့်ထက် ကျော်မလာသေးဘူးလား...
- ဒရုန်းစစ်ဆင်ရေးက စစ်ရေးချိန်ခွင်လျှာကို ပြောင်းနိုင်တဲ့အထိ အရေးပါနိုင်သလား...
- ပြည်တွင်း-ပြည်ပ အလှူရှင်တွေက အဓိက ဖြစ်နေဆဲလား...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။

Monday, September 5, 2022

Interview with Saw Taw Ne of KNU on 18-months of Revolution. Part 1.



“ကျနော်တို့ကို လာတိုက်ဖို့ထက် သူ့တပ်ပြိုကျမသွားရေးဖက်ကို ဦးစားပေးနေပုံရတယ်”

(ပဒိုစောတောနီး- KNU ပြောခွင့်ရပုဂ္ဂိုလ်)
------------------------------------------------------
(၅/ ၉ /၂၀၂၂)

စစ်ကောင်စီတပ်ရဲ့ လက်ရှိအနေအထားဟာ နွေဦးတော်လှန်ရေးအင်အားစုတွေကို သွားရောက်တိုက်ခိုက်ဖို့ထက် သူ့တပ်ပြိုကျမသွားအောင်၊ CDM တွေ၊ တပ်ပြေးတွေ ပိုများမသွားအောင်အရေးကို အဓိကထား ဆောင်ရွက်နေရတဲ့အနေအထားကိုရောက်ပြီဖြစ်တယ်လို့ KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးကပြောပါတယ်။

လက်ရှိ ကရင်ပြည်နယ်က တိုက်ပွဲအခြေအနေ၊ နွေဦးတော်လှန်ရေး တနှစ်ခွဲကာလ တိုးတက်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာ....
- EAO တွေ လက်နက်ဆက်ကိုင်ချင်တယ်ဆိုရင် နယ်ခြားစောင့်တပ်လုပ်ရမယ်ဆိုတဲ့ အပေါ် KNU က ဘယ်လိုသဘောထားသလဲ...
- အချုပ်အခြာ အာဏာဟာ ပြည်သူဆီက ဆင်းသက်ရမယ်ဆိုတာကို UN တာဝန်ရှိသူတွေ မေ့နေပြီလား...
- သန်းနဲ့ချီရှိလာတဲ့ IDP တွေကို နယ်စပ်ဖြတ် အကူအညီပေးနိုင်မယ့်အလားအလာ တိုးတက်လာနေပြီလား...
- တနှစ်ခွဲကာလအတွင်း ကရင်နယ်မှာတင် တိုက်ပွဲ ၆၀၀၀ ကျော်ဖြစ်ခဲ့တာ ဘာကြောင့်လဲ...
- CDM တွေ၊ တပ်ပြေးတွေကို သူတို့မိသားစုနဲ့တွေ့ခွင့်ရအောင် စီစဉ်ပေးနိုင်ခြင်းဟာ စည်းရုံးရေး ဗျုဟာအသစ်လား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒရုန်းစစ်ဆင်ရေးအတွက် နိုင်ငံတကာဖက်က နည်းပညာကူညီပေးဖို့လိုနေကြောင်း-ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ ဗုဒ္ဓဟူးနေ့ညမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Saturday, September 3, 2022

Interview with Sein Htay on Burma economy. Part-2.



“ဒီလောက်ဆိုးတဲ့ စစ်အာဏာရှင်မျိုး ကမ္ဘာပေါ်မှာ မရှိဖူးသေးဘူး”

(ဦးစိန်ဌေး- စီးပွားရေး ဆန်းစစ်ဝေဖန်သူ)
------------------------------------------------------
(၃/ ၉ /၂၀၂၂)

ကိုယ့်ပြည်သူကို သတ်ဖြတ်၊ ရွာမီးရှို့၊ လေယာဉ်နဲ့ဗုံးကျဲ စသဖြင့် လုပ်နေတဲ့ စစ်ကောင်စီ ဥက္ကဌလောက်ဆိုးတဲ့ အာဏာရှင်မျိုး ကမ္ဘာပေါ်မှာ မတွေ့ဖူးသေးဘူးလို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးကပြောပါတယ်။

မြန်မာ့သမိုင်းမှာဖြစ်ပေါ်ခဲ့ဖူးတဲ့ စစ်အာဏာသိမ်းမှု ၃ ခုမှာ အခုတကြိမ်က အဆိုးဆုံးဆိုတဲ့ မှတ်ချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ....
- စစ်အာဏာသိမ်းမှု ၃ ကြိမ်မှာ ဒီတကြိမ်အဆိုးဆုံးလို့ ဘာကြောင့်ပြောနိုင်တာလဲ...
- စစ်ဗိုလ်ဖြစ်သွားရင် စွယ်စုံလုပ်တတ်တယ်ဆိုတဲ့ အယူအဆဟာ စိတ်ရောဂါတခုလား...
- စီးပွားရေးအခြေအနေ ဒီထက်ပိုးဆိုးမသွားအောင် အကြံပေးလို့ ရနိုင်သေးလား...
- ပြည်သူတွေ အငတ်ဘေးမကြုံမရအောင် ဘယ်လိုကူညီပေးနိုင်မလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Thursday, September 1, 2022

Interview with Sein Htay on Burma economy. part-1



“တိုင်းပြည်တပြည် ပျက်ဖို့အကြောင်းဖန်လာရင် ငွေ ကစပြီး ပြလေ့ရှိတယ်”

(ဦးစိန်ဌေး- စီးပွားရေး ဆန်းစစ်ဝေဖန်သူ)
------------------------------------------------------
(၁/ ၉ /၂၀၂၂)

မြန်မာကျပ်ငွေ အဆမတန်ဖောင်းပွမှု၊ လောင်စာဆီအပါဝင် ကုန်ပစ္စည်းပြတ်လပ်မှုနဲ့ အုပ်ချုပ်သူတွေအပေါ် လူထုရဲ့မယုံကြည်မှုတွေ အလွန်အမင်းတိုးလာနေခြင်းဟာ တိုင်းပြည်ပျက်ကိန်း လက္ခဏာတွေ ဖြစ်တယ်လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးကပြောပါတယ်။

အမေရိကန်တဒေါ်လာကို မြန်မာကျပ်ငွေ ၄၅၀၀ အထိ ကျသွားတဲ့အခြေအနေ၊ ရွှေဈေးတွေထိုးတက်ပြီး လောင်စာတွေပြတ်လတ်နေအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာ....
- ကျပ်ငွေ အဆမတန်ဖောင်းပွဲခြင်းဟာ စစ်တပ်က အာဏာသိမ်းမှုရဲ့ အကျိုးဆက်လား...
- ငွေဈေး- ဒေါ်လာဈေးအတွက် ရည်ညွှန်းဈေးသတ်မှတ်ချက်အပေါ် စီးပွားရေးပညာရှင်တွေက ဘယ်လိုမြင်သလဲ...
- ကျပ်ငွေကို အသုံးပြုမှုနည်းသွားပြီး ဒေါ်လာနဲ့ ရွှေဖက်လှည့်သူများလာရင် ဘာတွေဆက်ဖြစ်လာနိုင်သလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လက်ရှိ အာဏာသိမ်းအဖွဲ့ဟာ အရင် အာဏာသိမ်းအဖွဲ့တွေထက် ပိုညံ့ဖျင်းနေတာ ဘာကြောင့်လဲ...ပါတဲ့ ဒုတိယပိုင်းကိုတော့ စနေညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More