Sunday, September 11, 2022

ဗြိတိန်ဘုရင်မကြီး ကွယ်လွန်တာ... ခင်ဗျားနဲ့ ဘာဆိုင်လဲ...

 ဗြိတိန်ဘုရင်မကြီး ကွယ်လွန်တာ... ခင်ဗျားနဲ့ ဘာဆိုင်လဲ...

---------------------------------------

(၁၁- ၉ -၂၀၂၂)


၂၀၂၁ ဖေဖေါ်ဝါရီမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက စာတိုပေစ မရေးဖြစ်ခဲ့တဲ့ စာရေးသူဟာ ပြီးခဲ့တဲ့အပတ်က ဆိုဗီယက်ယူနီယံ နောက်ဆုံးသမ္မတ ဂေါ်ဗာချော့ နာရေးအကြောင်း စာတို တခုရေးဖြစ်ခဲ့ပါတယ်။


တကယ်ဆို ဂေါ်ဘာချော့ ကွယ်လွန်တာနဲ့ ဒီနေ့ မြန်မာ့နိုင်ငံအပြောင်းအလဲအတွက် အဓိကဖြစ်နေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ ဘာမှ မဆိုင်ပါဘူး။ 


ဒါပေမယ့် ၂၁ ရာစုခေတ်မှာ မိုင်ထောင်ချီဝေးတဲ့ တနေရာကဖြစ်စဉ်နဲ့ အခြားတနေရာကဖြစ်စဉ် ဘာမှမဆိုင်ဘူးလို့ပြောဖို့ခက်ပါတယ်။ ဆိုဗီယက်ယူနီယံကိုပဲ ကြည့်... ၁၉၉၀ ဝန်းကျင်မှာ ပြိုကွဲသွားတယ်။ (နိုင်ငံငယ်တွေ လွတ်လပ်ရေးရသွားတယ်)။ 


ဒီဖြစ်စဉ်ဟာ မြန်မာ့နိုင်ငံရေးကို အနည်းနဲ့အများ ကရက်ရိုက်တာပါပဲ။ မြန်မာနိုင်ငံမှာ ဗမာပြည်ကွန်မြူနစ်ပါတီထဲကနေ လူမျိုးစုတွေ တော်လှန်ရေးလုပ်ပြီး ခွဲထွက်သွားကြပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်လာပြီး -ငြိမ်း- ခေတ်တခေတ် မြန်မာနိုင်ငံရေးမှာ ပေါ်လာခဲ့ဖူးတာ အားလုံးအသိပါပဲ။


အရင်က တရုတ်နီးစပ်ခဲ့ဖူးတဲ့ မြန်မာစစ်တပ်ဟာ အခုတော့ (ဆိုဗီယံယူနီယံထဲက နယ်မြေတခုဖြစ်တဲ့) ရုရှားနဲ့ ဆက်ဆံရေးတည်ဆောက်နေတာ အားလုံး အမြင်ပါပဲ။ စကစ ခေါင်းဆောင်ဆို ရုရှားကို ခဏခဏသွားနေတယ် မဟုတ်ပါလား...


ဒါပေမယ့် စကစ ကို တော်လှန်နေတဲ့ နွေဦးတော်လှန်ရေးခေါင်းဆောင်ပိုင်းက ရုရှားရဲ့ကျုးကျော်မှုခံနေရသူ ယူကရိန်းနိုင်ငံဆီ သွားရောက်လည်ပတ်မှု မရှိသေးတာကတော့ နည်းနည်းထူးနေတယ်ထင်ပါတယ်။


ကမ္ဘာကြီးက ယူကရိန်းကိုပဲကူနေပြီး မြန်မာကျ မကူဘူးဆိုပြီး ဝေဖန်နေသူတွေ ယူရိန်းဆီသွားပြီး၊ အနည်းဆုံး ပိုလန်-ယူကရိန်း နယ်စပ်လောက်သွားပြီး လေ့လာသင့်တာပေါ့... (မီဒီယာသမားတွေ မသိအောင် သွားနေတာလည်း ဖြစ်နိုင်ပါတယ်)


ဆိုတော့... ဂေါ်ဘာချော့ ကွယ်လွန်တာ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူးဆိုပြီး ပြောလို့မဖြစ်ပါ...။

------------


ဒါက နိဒါန်း...။ 


အဓိကပြောချင်တာက ဗြိတိန်ဘုရင်မကြီး အဲလိစ်ဇဘက် ကွယ်လွန်တာ မိုင်ပေါင်း ထောင်ချီအဝေးက မြန်မာတွေနဲ့ ဘာမှမဆိုင်ဘူးဆိုတဲ့ အမြင်တွေကို ဆွေးနွေးချင်လို့ပါ။


အချို့ကတော့ တိုင်းပြည်ရဲ့ ဘဏ္ဍာတွေကို သုံးဖြုန်းနေတဲ့၊ အခွင့်ထူးခံ လူတန်းစား၊ ဘုရင်စနစ်ဆိုတာ ၂၁ ရာစုမှာ မရှိသင့်တော့ဘူးလို့ပြောနေကြပါတယ်။


စာရေးသူလည်း နုစဉ်တုန်းကတော့ ဒီလိုပဲ အမြင်ရှိခဲ့ပါတယ်။ အထူးသဖြင့် ထိုင်းအခြေစိုက် သူပုန်ဘဝ၊ သတင်းထောက်ပေါက်စ ဘဝတုန်းကပေါ့။ ဗြိတိန်ဘုရင်မနဲ့ ဘုရင်ကို လက်ဆွဲနှုတ်ဆက်လို့ရပေမယ့် ထိုင်းဘုရင်ကို လက်ဆွဲနှုတ်ဆက်လို့မရပါ၊ ဆဝါဒီ ခပ် တောင် သွားလုပ်လို့မရဘူးထင်တယ်။ ဘုရင်ယာဉ်တန်းလာတာနဲ့ အားလုံးက ဒူးထောက်ပြီး ဖူးမျှော်ရတာ...


ဆိုတော့ ဒီလိုစနစ်မျိုးကို သူပုန်တယောက်က ဘယ်ကြိုက်ပါ့မလဲ...။ ဒါပေမယ့် (ဆရာဒဂုန်တာရာ စကားကိုငှားသုံးရရင်) သမိုင်းခေတ်တခုကို လက်တွေ့ရော၊ စာတွေ့ပါ ဖြတ်သန်းပြီးတဲ့အခါမှာတော့ ဘုရင်စနစ် (စည်းမျဉ်းခံဘုရင်စနစ်) ဟာ အဆိုးချည်းတော့ မဟုတ်လောက်ဘူး။ ကောင်းတာတွေလည်းရှိလို့ လူတွေက လက်ခံထားတာဖြစ်မှာပေါ့...ဆိုပြီး စဉ်းစားမိပါတယ်။


ကျနော်တို့ အိမ်နီးချင်း ထိုင်းကိုပဲကြည့်...။ ဘုရင်စနစ်ရှိနေလို့ ထိုင်းစစ်တပ်က မြန်မာစစ်တပ်လောက် မဆိုးတာလားဆိုပြီး ကျနော်တွေးမိနေပါတယ်။ တကယ်ဆို ထိုင်းစစ်ဗိုလ်နဲ့ မြန်မာစစ်ဗိုလ်က နိုင်ငံရေးမှာအရေးပါချင်တာ၊ စစ်တပ်ကို ရှေ့တန်းတင်ချင်တာ၊ အခွင့်ထူးခံချင်တာချင်း အတူတူပါပဲ...။


ဒါပေမယ့် ထိုင်းမှာ အကြိမ်းပေါင်းများစွာ စစ်အာဏာသိမ်းမှုဖြစ်ခဲ့ဖူးပေမယ့် ထိုင်းစစ်တပ်က မြန်မာစစ်တပ်လောက် မဆိုးဘူး။ သူ့ပြည်သူအပေါ် ဒီလောက်အထိ မရက်စက်ဘူး။ အာဏာရှိသူအချင်းချင်းကြားမှာ ရက်စက်လေ့ရှိပေမယ့် ဘာမှမဆိုင်တဲ့ သာမန်အရပ်သားတွေကို ဒုက္ခမပေးပါဘူး။ နိုင်ငံ့ အခြေခံအဆောက်ဦတွေ၊ အင်စတီကျုးရှင်းတွေ၊ စီးပွားရေးတွေကို သွားမထိပါဘူး။


ဒါတွေဟာ ထိုင်းမှာ ဘုရင်စနစ်ရှိနေလို့လား...ဆိုပြီး တွေးမိပါတယ်။


တခါ ဥရောပကိုလည်း ကြည့်ဦး...။ စည်းမျဉ်းခံ ဘုရင်စနစ်မရှိတဲ့နိုင်ငံ မရှိသလောက်ပါပဲ။ နော်ဝေ၊ ဒိန်းမတ်၊ နယ်သာလန်၊ ဘယ်လဂျီယံ၊ စပိန် စသဖြင့် နိုင်ငံအတော်များများမှာ စည်းမျဉ်းခံဘုရင်စနစ်ရှိနေဆဲပါ။


အာရှဖက်ပြန်လှည့်ရမယ်ဆိုရင် အာဆီယံထဲမှာတောင် ထိုင်း၊ မလေးရှား၊ ဘရူူးနိုင်တွေမှာ စည်းမျဉ်းခံဘုရင်စနစ်ရှိနေဆဲ၊ အရှေ့ဖျားက ဂျပန်မှာလည်း ရှိနေဆဲ...။ 


တခါ သြစီ၊ နယူးဇီလန်ကနေ တောင်အာရှက အိန္ဒိယ တခွင်ကိုကြည့်မယ်ဆိုရင်လည်း ဗြိတိန်ဘုရင်မကြီးရဲ့ သစ္စာခံ ဓနသဟာရ နိုင်ငံတွေအဖြစ်ရှိနေဆဲပါ...။


ဆိုတော့ ဘုရင်စနစ်ကို မကောင်းဘူးချည်းပြောဖို့တော့ ခက်ပါတယ်။ ဝေဖန်သူ အတော်များများကတော့ ဗြိတိန်ဘုရင်မကြီး ကွယ်လွန်ပြီးနောက်ပိုင်းမှာ ဘုရင်စနစ် တဖြေးဖြေး ကွယ်ပျောက်သွားနိုင်တယ်ဆိုပြီး ပြောနေကြပါတယ်။ ...ကောင်းတာယူ မကောင်းတာဖယ်ပြီး ရှေ့ဆက်ကြပေါ့...။


ဆိုတော့... ဒီနေ့ ခေတ်သစ်ကမ္ဘာမှာ မိုင်ထောင်ချီဝေးတဲ့ ကမ္ဘာ့အနောက်ချမ်းက ဖြစ်စဉ်တွေဟာ ကမ္ဘာ့အရှေ့ချမ်းက ကျနော်တို့ ပြသာနာနဲ့ ဘာမှမဆိုင်ဘူးဆိုပြိး ပြောလို့မရပါ။ အားလုံးဟာ တနည်းနည်းနဲ့ ချိတ်ဆက်နေတာချည်းဖြစ်ပါတယ်။


ဗြိတိန် သံအမတ်ဟောင်းကို စကစ က ဖမ်းဆီးထားတာ၊ သြစီ စီးပွားရေးပညာရှင်ကို ဖမ်းထားတာ၊ ဂျပန်သတင်းထောက်ကိုဖမ်းထားတာတွေဟာ ကျနော်တို့ နွေဦးတော်လှန်ရေးနဲ့ မဆိုင်ဘူးလို့ မပြောနိင်ပါ။


ဆိုတော့...  ဒီချိတ်ဆက်မှုတွေကိုလေ့လာပြီး ကမ္ဘာကြီးနဲ့ မဟာမိတ်ဖွဲ့ဖို့၊ ကမ္ဘာကြီးရဲ့အကူအညီကို ရယူဖို့ ကျနော်တို့ နွေဦးတော်လှန်ရေးထဲက ပုဂ္ဂိုလ်တွေ စဉ်းစားသင့်တယ်မဟုတ်ပါလား...။ 


“ငါတို့မှာ ငါတို့ပဲရှိတယ်”- ဆိုပေမယ့် ကမ္ဘာကြီးကိုလည်း ကိုယ့်ဖက်ပါလာအောင် စည်းရုံးရအူးမယ်လေ...။ မနက်ဖန်၊ သဖက်ခါ ကုလသမဂ္ဂ အထွေထွေညီလာခံ စတင်တော့မယ် မဟုတ်ပါလား...။


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More