Monday, October 23, 2023

နှစ် ၃၀ ဧရာဝတီ ခရီးရှည်အပေါ် အကဲဖြတ်ခြင်း

 နှစ် ၃၀ ဧရာဝတီ ခရီးရှည်အပေါ် အကဲဖြတ်ခြင်း

--------------

(၂၃- ၁၀- ၂၀၂၃)


ဧရာဝတီ သတင်းဌာန နှစ် ၃၀ ပြည့်အတွက် အမှတ်တရဆောင်းပါး၊ ဂုဏ်ပြုဆောင်းပါးတွေ ဖတ်ရင်းနဲ့ ကိုယ်လည်း တခုခု ရေးချင်စိတ်ပေါ်လာပါတယ်။ 


ဒါပေမယ့် ကိုယ်ရေးမှာက ကိုယ့်စတိုလ်နဲ့ကိုယ်ရေးမှာဆိုတော့ သဝဏ်လွှာလို၊ ဂုဏ်ပြုဆောင်းပါးလို လိုတိုရှင်း မဟုတ်ပဲ ရှည်လျားထွေပြားတော့ ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် သမိုင်းလေ့လာသူတွေ၊ မီဒီယာသမားတွေအတွက် အသုံးတည့်မယ်လို့ယူဆပါတယ်။


အမှန်တိုင်းပြောရရင် လွန်ခဲ့တဲ့ နှစ် ၃၀ ကာလအတွင်း DVB ဟာ ကျနော်တာဝန်ထမ်းဖူးတဲ့ ပထမ ဆုံး တော်လှန်မီဒီယာဖြစ်ပြီး ဧရာဝတီဟာ ဒုတိယ တော်လှန်မီဒီယာလို့ဆိုချင်ပါတယ်။ 


(၁)- ဧရာဝတီကို စတင်ဖတ်မိခြင်း...


ကျနော်အမှတ်မမှားဘူးဆိုရင် ၁၉၉၂ လောက်မှာ ဧရာဝတီစာစောင်ကို စတင်ဖတ်ဖူးတယ်ထင်ပါတယ်။ အဲဒီကာလက ကိုယ်တောင် DVB သတင်းထောက်တောင်မဖြစ်သေး၊ ABSDF ရဲဘော်အဖြစ် တောတွင်းကနေ ဘန်ကောက်ကို တက်လိုက်-ဆင်းလိုက်လုပ်ရင်း ဖတ်မိတာပါ။


စာစောင်ဆိုပေမယ့် အခုထုတ်နေတဲ့ မဂ္ဂဇင်းလိုမဟုတ်သေးဘူး။ ဘန်ကောက်ပို့စ်၊ နေရှင်း သီတင်းစာဖြတ်ပိုင်းတွေအပါဝင် မြန်မာနိုင်ငံအကြောင်းရေးထားတဲ့ နိုင်ငံတကာသတင်းတွေကို စုပြီး စာစောင်အဖြစ် ထုတ်ဝေထားတာမျိုးပါ။ အဲဒီစာစောင်ရဲ့အောက်မှာ ဖေါ်ပြထားတဲ့အမည်ကလည်း ဧရာဝတီမဟုတ်သေး။ BIG (Burma Information Group) ဖြစ်ပါတယ်။


ဒီလို ခရီးသွား ဟန်လွဲဖတ်မိတဲ့စာစောင်ဟာ နောက် ၅ နှစ်လောက်ကြာရင် ကိုယ်တိုင် ဆောင်းပါးဝင်ရေးဖြစ်မယ့် စာစောင်၊ ဘန်ကောက်အခြေစိုက် အထူးသတင်းထောက်အဖြစ် တာဝန်ယူရမယ့် စာစောင်ဖြစ်လာလိမ့်မယ်လို့ အဲဒီကာလက လုံး၀ ထင်မထားခဲ့ပါ။ 


တခါ ဒီစာစောင်ကို စိတ်ဝင်စားရခြင်း နောက်ထပ်အကြောင်းတခုကတော့ ဒီစာစောင်ရဲ့ အယ်ဒီတာ အောင်ဇော်ပါ။ သူဟာ ဧရာဝတီအယ်ဒီတာဖြစ်တဲ့အပြင် နာမည်ကြီး ထိုင်းသတင်းစာတွေဖြစ်တဲ့ ဘန်ကောက်ပိုစ်နဲ့ သီနေရှင်းသီတင်းစာတွေမှာ အင်္ဂလိပ်ဘာသာနဲ့ ဆောင်းပါးတွေ အပတ်စဉ်လိုလို ဆက်တိုက်ရေးနေသူပါ။


ပြီးတော့ ၁၉၉၇ လောက်မှာ ဝါရှင်တန်အခြေစိုက် လွတ်လပ်တဲ့အာရှအသံ RFA ရဲ့ သတင်းထောက်လည်းဖြစ်ပါတယ်။ (DVB ကို ၁၉၉၂ မှာ စတင်အသံလွှင့်ပြီး RFA က ၁၉၉၆ လောက်မှာ စတင် အသံလွှင့်ပါတယ်)။


(၂)- ကိုအောင်ဇော်နှင့် တွေ့ဆုံခြင်း


ဧရာဝတီအယ်ဒီတာ ကိုအောင်ဇော်ကို ပထမ ဆုံးလူချင်းတွေ့ဖူးတာက ၁၉၉၈ နှစ်ဦးပိုင်း မယ်ဟောင်ဆောင်က မီဒီယာသင်တန်းတခုမှာပါ။ DVB က စီစဉ်တဲ့ အဲဒီသင်တန်းမှာ DVB သတင်းထောက်တွေ၊ DVB တိုင်းရင်းသားအစီစဉ်က သတင်းထောက်တွေ၊ ဘန်ကောက်ဗျုရို၊ နယူးဒေလီဗျုရို တာဝန်ရှိသူတွေအပြင် ထူးထူးခြားခြား RFA သတင်းထောက် ကိုအောင်ဇော်ကိုလည်း တွေ့ရပါတယ်။


“အောင်ဇော် ဆိုတာ ကျနော်က ဆရာဦးတင့်ဇော်တို့လို တက္ကသိုလ်ဆရာဟောင်း အဖိုးကြီးလို့ထင်တားတာ” ဆိုပြီး ကျနော်က ပြောတော့ အားလုံးက ဝိုင်းရယ်ကြပါတယ်။ တကယ်က ကျနော် နောက်ပြောတာမဟုတ်ပါ။ ကိုအောင်ဇော်ကို လူချင်းမတွေ့ခင်အထိ ကျနော်စိတ်ထဲ အဲလိုပဲ ထင်ထားတာပါ။


ကျနော်တို့လို ၈၈ မှာ အတူတူထွက်လာတဲ့ ကျောင်းသားတဦးက နိုင်ငံတကာသတင်းစာတွေမှာ အင်္ဂလိပ်ဘာသာနဲ့ ဒီလိုဆောင်းပါးတွေ ရေးနေနိုင်လိမ့်မယ်လို့ ကျနော် ထင်မထားခဲ့ပါ။ အတော်လေးစားသွားပြီ ဆိုပါတော့...


အဲဒီ သင်တန်းကာလ သီတင်းပတ် ၂ ပတ်တာအတွင်း ကျနော်တို့ကြား အတော်အငြင်းပွားမှုဖြစ်ခဲ့တာကိုလည်း အမှတ်ရနေပါသေးတယ်။ သင်တန်းဆရာ ၂ ဦးက အနောက်တိုင်း ဝါရင့်သတင်းစာဆရာတွေ၊ တယောက် ရေဒီယိုသတင်းကျွမ်းကျင်သူဖြစ်ပြီး တယောက် ရုပ်-သံ ကျွမ်းကျင်သူပါ။


အဓိက အငြင်းပွားတဲ့ကိစ္စက “ဝါဒဖြန့်ချီရေးသတင်းနဲ့ သတင်းစစ်စစ် ဘာကွာသလဲ” ဆိုတဲ့ ခေါင်းစဉ်ပါ။ ကျနော်အပါဝင် DVB သတင်းသမားတွေက သူပုန်ကနေ သတင်းထောက်ဖြစ်လာသူတွေ၊ ပြီးတော့ ကျနော်ဆို လက်ရှိ ABSDF မှာ တာဝန်ထမ်းဆဲဖြစ်သလို အခြားလူ အတော်များများကလည်း သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူတွေ... ဆိုတော့  “ဝါဒဖြန့်ချီရေးသတင်းနဲ့ သတင်းစစ်စစ်” ကို ကွဲကွဲပြားပြား မသိပါဘူး။


သတင်းတင်ပြီဆိုတာနဲ့ ကိုယ့်ဖက်ကအသာ စစ်ကောင်စီဖက်ကအနာ (အဲဒီကာလကတော့ နဝတ- နအဖ ခေတ်ပေါ့) ဒီလိုတင်တာ၊ ကိုယ့်ဖက်က အားနည်းချက်တွေကိုချန်ထားပြီး နဝတ အားနည်းချက်တွေချည်း နင်းကန်တင်တာမျိုးပေါ့။


အဲဒီအချိန်မှာ ကိုအောင်ဇော်ရဲ့ ဆွေးနွေးမှုတွေက သင်တန်းဆရာတွေနဲ့အတော်တူနေတာ တွေ့ရပါတယ်။ ဆိုလိုတာက ကျနော်တို့က စင်ပြိုင်အစိုးရရဲ့ ရေဒီယိုသတင်းထောက်ဖြစ်နေချိန်မှာ သူက နိုင်ငံတကာတန်းဝင် ပရိုသတင်းသမားဖြစ်နေပြီဆိုတဲ့သဘောပါ။


သဘောတရားသက်သက်ပြောတာမဟုတ်ပါ။ RFA သတင်းထောက်တွေက အဲဒီအချိန်မှာကတည်းက သတင်းတပုဒ်အတွက် ဒေါ်လာ ၁၀၀ လောက်ရနေချိန်ပါ။ သင်တန်းပြီးလို့ ကွင်းဆင်းသတင်းယူတဲ့အချိန်မှာလည်း ပရိုသတင်းသမားနဲ့ ကျနော်တို့လို သတင်းသမား ပေါက်စတွေကြား  ပြန်လည်တင်ပြတဲ့သတင်းကွာလတီက သီသာပါတယ်။


အနှစ်ပြန်ချုပ်ရရင်တော့ အဲသင်တန်းအပြီးမှာ ပရိုသတင်းသမားဖြစ်အောင်ကြိုးစားဖို့၊ အင်္ဂပ်ဘာသာနဲ့သတင်းဆောင်းပါးတွေရေးဖို့ ကိုအောင်ဇော်ဆီကနေ ကျနော် အားဆေးတွေရခဲ့ပါတယ်။


(၃)- ကိုအောင်ဇော်နှင့်အတူ သတင်းယူခြင်း


အဲဒီသင်တန်အပြီးမှာ ကျနော်ဟာ ABSDF တာဝန်တွေကိုလျော့ချပြီး သတင်းသမားတာဝန်ကို များများယူခဲ့ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ဆောင်းပါးတွေလည်း စတင်ရေးဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ သတင်းစာရှင်းပွဲတွေ၊ စီမီနာတွေဆီ သတင်းယူဖူးတာကတော့ ၁၉၉၉  DVB ရုံးချုပ်ရှိရာ နော်ဝေနိုင်ငံကို ၃ လတာသွားအပြီး အပြန် မြန်မာနိုင်ငံကူးစာအုပ် အတု ရှိလာချိန်မှပါ။ (ဘာအထောက်ထားမှမရှိရင် နိုင်ငံတကာကပွဲ တက်ဖို့မလွယ်ပါ)


နော်ဝေကအပြန် ၉ လေးလုံးအကြိုကာလ ထူးခြားသတင်းတွေရယူဖို့အတွက် ကျနော်မဲဆောက်ရောက်နေချိန်မှာ ကိုအောင်ဇော်နဲ့ ထပ်တွေ့ပါတယ်။ “အုန်းဖျံစခန်းဖက်သွားမယ်၊ ခင်ဗျားလိုက်မလား”တဲ့...။ သူက ကိုယ်ပိုင်ကားတွေ၊ ထိုင်းကားဆရာတွေ ဘာတွေနဲ့ဆိုတော့... မိုက်ကရိုဖုန်းတလုံး၊ ရီကော်ဒါတခုကလွဲပြီး ဘာမှမရှိလို့ ဘယ်မှမသွားနိုင်ဖြစ်နေတဲ့ ကိုယ့်အတွက် ကွက်တိပေါ့။


သူ့ကားသမားကလည်း ဒေသအခြေအနေကျွမ်းသလားမမေးနဲ့၊ လမ်းတယောက် ထိုင်းရဲတွေက မေးတာကို အုန်းဖံျဒုက္ခသည်စခန်းသွားမယ်လို့မပြောဘူး။ အုန်းဖျံရေတံခွန်သွားမယ်တဲ့...။ ဆိုလိုတာက ဒုက္ခသည်စခန်းသွားမယ်ဆိုရင် ခွင့်မပြုဘူး၊ သတင်းထောက်တွေဆိုရင် ခွင့်မပြုပါဘူး။ ...ဆိုတော့ သတင်းသမားတွေအတွက် သတင်းရရေးဟာ အဓိကဖြစ်ပြီး ကျန်တာတွေကို သင့်သလိုပြောနိုင်ရမယ်၊ ပြသာနာမဖြစ်အောင် ရှောင်ရှားနိုင်ရမယ်ပေါ့...


“ဟေ့လူ ခင်ဗျား သတင်းမေးတာက ဒုက္ခသည်ကို Torture လုပ်သလိုဖြစ်နေပြီ” ဆိုတဲ့ ကိုအောင်ဇော်ရဲ့ သတိပေးချက်ကိုလည်း ကျနော်အမှတ်ရနေပါတယ်။ အုန်းဖျံကိုရောက်ပြီး စခန်းထဲလှည့်ပတ်သတင်းမေးနေတုန်း အင်ဖက်အမိုးတွေကို ကျော်ကုန်းပေါ်ထမ်းပြီးလာနေတဲ့ ကရင်ရွာသားတဦးကို ကုန်းတက်လမ်းတလျောက် မိုက်ထိုးပြီး အတင်းလိုက်မေးနေတဲ့ ကျနော်ကို သူက နောက်တာပါ။


ကိုအောင်ဇော်နဲ့အတူ ဒုတိယ အကြိမ်တွေ့ဆုံ သတင်းယူဖူးတာက ၁၉၉၉ နှောင်းပိုင်း ဘန်ကောက်က အာဆီယံ အစည်းအဝေးမှာပါ။ ဘီဘီစီက ဒေါ်ကြည်ကြည်မေလည်းပါပါတယ်။ BBC, RFA, DVB ၃ ဦးတွဲသတင်းယူတယ်ဆိုပါတော့။ အဲဒီအချိန် နဝတ နိုင်ငံခြားရေးဝန်ကြီးက ဦးဝင်းအောင်။


မီဒီယာကို လုံး၀ စကားပြောလေ့မရှိတဲ့ စစ်ကောင်စီဝန်ကြီးတွေဟာ မီဒီယာသမားတွေကို အသေရှောင်ပါတယ်။ ဒါပေမယ့် ကံဆိုးရှာတဲ့ ဦးဝင်းအောင်ဟာ တက်ကြွလွန်သတင်းသမားတွေဖြစ်နေတဲ့ ကျနော်တို့ ၃ ဦးကို မရှောင်နိုင်ပဲ ဓာတ်လှေခါးဝတခုမှာ ပိတ်မိသွားပါတယ်။


“ဝန်ကြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ဝေဖန်ချက်တွေနဲပတ်သက်ပြီး တခုခုပြောနိုင်မလား”... ဆိုတော့... “ကျေးဇူးတင်ပါတယ်။ ကျနော်မှာ အထူးအထွေပြောစရာမရှိပါဘူး”..တဲ့။ သေရော... အချိန်ကုန်ခံပြီး အသဲအသန်လိုက်ဖမ်းခဲ့ရတဲ့ ကျနော်တို့ သတင်းသမားတွေ ဘာမှ သုံးစားလို့မရတဲ့ -Sound bite - ပဲ ရလိုက်ပါတယ်။ ကံကောင်းထောက်မပြီး ဧရာဝတီ ဓာတ်ပုံဆရာက မှတ်တမ်းရိုက်နိုင်လို့ ဓာတ်ပုံလေးတပုံရခဲ့ပေါ့...။


ကိုအောင်ဇော်နဲ့ နောက်ထပ်တကြိမ် သတင်းယူစဉ်တွေ့မိတာက ၉ လေးလုံးအလွန် ဘန်ကောက်သံရုံးကို မြန်မာကျောင်းသား (စွမ်းအားမြင့် စစ်သည်တော်များအဖွဲ့) က စီးနင်းထားစဉ်မှာပါ။ အဲဒီအချိန်မှာ DVB ရေဒိယိုက အသံအတော်ကြည်နေပြီဖြစ်တဲ့အတွက် (DVB က RFA လို ကိုယ်ပိုင်အသံလွှင့်စက်မရှိပဲ အာဖရိကရှိ စက်တွေကတဆင့်ငှားရမ်းလွှင့်ရတဲ့အတွက် အသံမကြည်ပါ) ကျနော်လည်း သံရုံးစီး သေနတ်သမား ကိုဂျော်နီနဲ့ အင်တာဗျုး၊ ကိုဂျောနီတို့ ရဟတ်ယာဉ် ပြန်ထွက်ခွာသွားပုံတွေကို လိုက်ဖ် စတိုင်လ်နဲ့ ပထမ ဆုံး သတင်းပို့ခွင့်ရလိုက်ပါတယ်။


အဲဒီပွဲမှာ သတင်းပို့ကောင်းလွန်းလို့ ထိုင်းထောက်လှမ်းရေးတွေရဲ့ အလိုရှိသူ စာရင်းဝင်သွးတဲ့ ကျနော်ဟာ ဘန်ကောက်မြေကနေ အော်စလိုမြေကို ထွက်မှရမယ်ဆိုတဲ့အခြေအနေဖြစ်လာပါတယ်။ 


တဖက်မှာကလည်း ကျနော်ဟာ DVB အပြင် ဧရာတီမှာလည်း လစဉ် ပုံမှန် သတင်းဆောင်းပါးတွေရေးနေပြီး ဘန်ကောက်အခြေစိုက် အထူးသတင်းထောက်ဆိုပြီး စာစောင်ထဲမှာ ဖေါ်ပြထားတဲ့အထိ နေရာရနေပါတယ်။


ဒါပေမယ့် အခြေအနေက ဘန်ကောက်မှာ ဆက်နေဖို့အဆင်မပြေတော့ပါ။ တနည်းအားဖြင့် ဧရာဝတီမှာ (ဆောင်းပါးတွေကို အော်စလိုကနေ ဆက်ရေးနိုင်ပေမယ့်) ဘန်ကောက်အခြေစိုက် အထူးသတင်းထောက်ဆိုတဲ့ တာဝန်ကို ဆက်မယူနိုင်တော့ပဲ အော်စလိုကို ထွက်ခွာလာခဲ့ရပါတယ်။


(၄)- ဧရာဝတီနှင့် သူပုန်ကျောင်းသား


၂၀၀၀ ခုနှစ်နှောင်းပိုင်းမှာ ဧရာဝတီကိုစွန့်ခွာပြီး DVB အော်စလိုရုံးချုပ်ဆီ ခြေစုံပစ်ဝင်ခဲ့တဲ့ ကျနော်ဟာ ၁၀ နှစ်ခန့်အကြာ ၂၀၁၁ မှာ DVB အာဏာပိုင်တွေရဲ့ အလုပ်ထုတ်ခြင်းကို ခံလိုက်ရပါတယ်။ အဲဒီ ၁၀ နှစ်တာကာလအတွင်း DVB ရဲ့ များပြားလှတဲ့ ရေဒီယို၊ တီဗွီ သတင်းတွေလုပ်နေရင်းနဲ့ ဧရာတီအတွက် သတင်းဆောင်းပါးတွေ အတော်များများရေးဖြစ်ခဲ့ပါသေးတယ်။


ဒီတကြိမ် ဧရာဝတီ ကိုအောင်ဇော်နဲ့ ပြန်တွေ့တာကတော့ အရင်လို အင်္ဂလိပ်ဆောင်းပါး ရေးဖို့မဟုတ်တော့ပါ။ (ဧရာဝတီဟာ အရင်က အင်္ဂလိပ်ဘာသာနဲ့သာ ထုတ်ဝေရာကနေ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ မြန်မာဘာသာနဲ့ပါ သတင်းတွေရေးသားဖေါ်ပြလာတာတွေ့ရပါတယ်)။ မြန်မာပိုင်း “အောက်မေ့ဖွယ်” ကဏ္ဍအတွက် ABSDF အကြောင်း၊ တောတွင်းဘ၀ ဖြတ်သန်းမှုအကြောင်း...“သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး” ရေးသားဖို့ဖြစ်ပါတယ်။


တပတ်တပုဒ်နှုန်းနဲ့  ၅၂ ပိုင်းရေးတာဆိုတော့ တနှစ်ခွဲ၊ ၂ နှစ်လောက် ဧရာဝတီ မှာ ဆောင်းပါးတွေ ဆက်တိုက်ပါခဲ့ပါတယ်။ တချိန်တည်းမှာပဲ သတင်းနဲ့ သတင်းဆောင်းပါးတွေကို မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာနဲ့ ဧရာဝတီအတွက် ပြန်ရေးပြီး သတင်းထောက်ကဒ်လည်း ယူထားတဲ့အတွက် ဧရာဝတီ အချိန်ပိုင်းဝန်ထမ်း ပြန်ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။


၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးရာသီဥတုပြောင်းတော့ DVB၊ ဧရာဝတီအပါဝင် မီဒီယာအတော်များများ ပြည်ပကနေ ရန်ကုန်မှာ ပြန်အခြေစိုက်ကြပေါ့။ ကျနော်လည်း ၂၀၁၃ မှာ ပြည်တော်ပြန်ဝင်တော့ ဧရာဝတီ တာဝန်ရှိသူတွေပဲ ရန်ကုန်မှာ နေထိုင်ရေးကိစ္စတွေ စိစဉ်ပေးခဲ့ပါတယ်။


အဲ... အခု အာဏာသိမ်းပြီးချိန်မှာတော့ အခုမြင်နေရတဲ့အတိုင်း မီဒိယာတွေ၊ မီဒီယာသားတွေရဲ့ ရပ်တည်ချက်တွေကို ပိတ်သတ်တွေ မြင်တွေ့နိုင်ပါတယ်။


(၅)- ဘက်မလိုက်ရပ်တည်ခဲ့တဲ့ ဧရာဝတီ နှစ် ၃၀...


နှစ် ၃၀ စာကို အနှစ်ပြန်ချုပ်ရမယ်ဆိုရင်....


၁- ဧရာဝတီဟာ သတင်းသမားတွေ၊ ဆောင်းပါးရှင်တွေကို စာမူခပေးတဲ့ ပထမဆုံး စာစောင်၊ မဂ္ဂဇင်းဖြစ်ပါတယ်။ 

(၁၉၉၀၊ ၂၀၀၀ ခုနှစ်တွေတုန်းက ပြည်ပထုတ် ဘယ်စာစောင်မှ စာမူခ ပေးခြင်းမရှိပါ)


၂- အချက်အလက်ပေါ်သာ အခြေခံပြီး နိုင်ငံရေးဘက်လိုက်မှု၊ ဝါဒဖြန်ချီမှု မရှိသလောက်ပါ။

ဒီလိုကောက်ချက်ဆွဲဖို့ သိပ်မလွယ်ပါ။ ဒါပေမယ့် ဝေဖန်စရာရှိရင် စစ်ကောင်စီကိုရော ဒီမိုကရေစီအင်အားစုတွေကိုပါ ဧရာဝတီကဝေဖန်ခဲ့တာ ၂၀၀၀ ခုနှစ် ဝန်းကျင်ကတည်းက ဖြစ်ပါတယ်။ အဲဒီခေတ်က သြဇာကြီးခဲ့တဲ့ ABSDF, NUGUB, FTUB, KNU စသဖြင့် အဖွဲ့တွေကို ဝေဖန်ထောက်ပြဖို့ဆိုတာ အဲဒီခေတ်က မလွယ်ပါ။ 

 “တော်လှန်ရေးထဲကနေ ပေါက်ဖွားလာတဲ့ တော်လှန်ရေးမီဒီယာက တော်လှန်ရေးအဖွဲ့အချင်းချင်း ဝေဖန်စရာလား၊ ဒီကောင်တွေက ဘာတွေလဲ” စသဖြင့် ဝေဖန်သံတွေကြားထဲကနေတောင် ဘက်မလိုက်ရပ်တည်ပြီး ဝေဖန်ထောက်ပြလာတာ ဒီနေ့အထိပဲလို့ ဆိုချင်ပါတယ်။


၃- နေပြည်တော်ကို ခြေစုံပစ်မဝင်ပဲ ချင်းမိုင်မှာ ရုံးခွဲချန်ထားခြင်းကလည်း အားသာချက်တခု လို့မြင်မိပါတယ်။ နိုင်ငံရေးခေတ်ပြောင်းချိန်မှာ ပြည်ပ အခြေစိုက် မီဒီယာ အားလုံးနိးပါး နေပြည်တော်ကို ခြေစုံပစ်ဝင်သွားပေမယ့် ဧရာဝတီဟာ ချင်းမိုင်ရုံးခွဲကို စနစ်တကျ ချန်ထားခဲ့တာ၊ တဖက်ဝင် တဖက်ချန် ထားတာတွေရပါတယ်။

ဒါဟာ ချင်းမိုင်မှာ အခြေချထားပြီးသားမို့ ချန်ထားတာဖြစ်နိုင်သလို စစ်တပ်အပေါ် အကဲဖြတ်ချက် မှန်တယ်။ စစ်တပ်ဟာ တချိန်မှာ အရင်လမ်းကို ပြန်လျောက်မယ့်သူတွေ၊ တရားဟောနေရုံနဲ့ အမြင်မှန်ရလာမယ့်လူတွေမဟုတ်ဘူးဆိုတာကို ကြိုတင်အကဲဖြတ်ထားနိုင်ခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။


၄- မြန်မာဘာသာအပြင် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေခြင်းက သြဇာပိုရှိစေတယ် လို့ ကျနော်က ယူဆပါတယ်။ မြန်မာဘာသာတခုတည်းနဲ့ရေးသားထုတ်ဝေမယ်ဆိုရင် ဧရာဝတီ အခုလောက်အထိ သြဇာရှိမယ်မထင်ပါ။

မြန်မာနိုင်ငံတင်မကပဲ ဒေသတွင်းနိုင်ငံတွေ၊ မြန်မာနဲ့ ဆက်စပ်နိုင်ငံတွေ၊ သံတမန်တွေကြားမှာပါ သြဇာရှိတာဖြစ်ပါတယ်။ မြန်မာအကြောင်း အကိုးအကားလုပ်မယ်ဆိုရင် အင်္ဂလိပ်ဘာသာနဲ့လောက်လောက်လားလား၊ စဉ်ဆက်မပြတ်ရေး ရေးသားထုတ်ဝေနေတာဆိုလို့ ဧရာဝတီပဲရှိပါတယ်။

အခြား မီဒီယာတွေက အင်္ဂလိပ်ဘာသာနဲ့ ရေးသားကြတယ်ဆိုပေမယ့် ဧရာဝတီလို တစိုက်မတ်မတ်၊ ထဲထဲဝင်ဝင် မရှိပါဘူး။


၅- အကိုးအကားအတွက် အဆင်ပြေဆုံး သတင်းဌာန၊ သတင်းဝက်ဆိုက်- လို့လည်း ဆိုချင်ပါတယ်။

အခုချိန်မှာ ဧရာဝတီနဲ့ကျနော် ဘာမှအဆက်အစပ်မရှိ (ဆောင်းပါးမရေး၊ သတင်းမရေး တော့တာကိုဆိုလို) တော့ဘူးဆိုပေမယ့် ဧရာဝတီကို နေစဉ် ဝင်ဖန်နေရဆဲဖြစ်ပါတယ်။


နောက်ပေါ်တဲ့ သတင်းဌာနတွေမှာ သတင်းတွေသိပ်မြန်ပေမယ့် မှန်ကန်တိကျမှုနဲ့ ကိုယ်ပိုင်ဆိုစ် သတင်းတွေက ဧရာဝတီက သာပါတယ်။ တခါ အခုခေတ်က FB ခေတ်ဆိုတော့ အချို့သတင်းဌာနတွေက တနေကို့ သတင်းပုဒ်ရေ ၃၀ လောက်အထိ တင်ကြတယ်ထင်ပါတယ်။ 


ကိုယ်တွေက အချက်အလက်လိုချင်ရင်၊ ဓာတ်ပုံအထောက်အထားလိုချင်ရင် ဘယ်လိုမှ ပြန်ရှာဖို့မလွယ်ပါ။ ဝက်ဆိုက် ဝင်ကြည့်တဲ့အခါမှာလည်း ရှုတ်ထွေးနေပြီး ဧရာတီဝက်ဆိုက်လို ရှင်းရှင်းလင်းလင်းမရှိပါ။ ဒါကြောင့် ဧရာဝတီ ဝက်ဆိုက်ကိုပဲ နေ့စဉ်ဝင်ဖတ် ရှာဖွေနေရဆဲ ဖြစ်ပါတယ်။


ဒီလို ထူးခြားချက်တွေရှိတဲ့ ဧရာဝတီ... နှစ် ၃၀ ခရီးမှသည်... ရှေ့သို့ ဆက်လက်ချီတက်နိုင်ပါစေ...


ဝင်းထိန် @ ထက်အောင်ကျော်

(၂၃- ၁၀-၂၀၂၃)

အော်စလို၊ နော်ဝေ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More