Monday, March 14, 2016

၂၈ နှစ်ကြာ ခရီးကြမ်းရဲ့ အလွန်

The Voice Daily, 14-03-2016.

ကိုဖုန်းမော်အတွက် ဘာလုပ်ပေးကြမလဲ

ဒီနေ့ မတ်လ ၁၃ ရက်နေ့ဟာ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကျဆုံးခြင်း ၂၈ နှစ်ပြည့်နေ့ဖြစ်ပါတယ်။ တနည်းအားဖြင့် နေပြည်တော်မှာကျင်းပနေတဲ့ သမ္မတရွေးပွဲတွေ၊ လွှတ်တော်အခမ်းအနားတွေ၊ နိုင်ငံရေး အခင်း အကျင်းသစ်တွေဖြစ်လာစေဖို့ တပါတီအာဏာရှင်စနစ်ပြုတ်ကျရေး ပွဲဦးထွက်တိုက်ပွဲမှာ ပထမ ဆုံး စတေးခံလိုက်ရတဲ့ တော်လှန်ရေးတပ်သားတဦးရဲ့ ကျဆုံးခြင်း နှစ်ပတ်လည်နေ့လို့ ပြောနိုင်ပါတယ်။


၂၈ နှစ်တာ တော်လှန်ရေးခရီးကြမ်းအတွင်း ကိုဖုန်းမော်လို ကျဆုံးသွားသူတွေမနည်းလှ။ တချို့ကလမ်းမတွေပေါ် ကြွေးကြော်ဆန္ဒပြရင်း၊ တချို့ကတောတောင်တွေထဲ လက်နက်ကိုင်တော်လှန်ရင်း၊ တချို့က အကျဉ်းထောင်တွေအ တွင်းကနေ စစ်အစိုးရအဆက်ဆက်ကိုအာခံရင်း။ ဒီလို ပေးဆပ်စွန့်လွှတ်သွားသူတွေရဲ့ အမည်မှတ်တမ်းစာရင်းတွေ တနေရာမှာ အသေအချာစုဆောင်းထားတာရှိမယ်လို့ထင်ရပေမဲ့ အခုချိန်ထိတော့ ဘယ်အဖွဲ့အစည်းကမှ အားလုံးရဲ့ စာရင်းကိုထုတ်ပြန်နိုင်တာမျိုး၊ သူတို့အတွက် အမှတ်တရ ဂုဏ်ပြုအခမ်းအနားလုပ်တာမျိုး မတွေ့ရသေးပါ။

လွန်ခဲ့တဲ့ နှစ်၊ အတိအကျပြောရမယ်ဆိုရင် လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်အခမ်းအနား ရန်ကုန်မှာ ပထမ ဆုံးအကြိမ် တရားဝင်ကျင်းပခွင့်ရတဲ့ ငွေရတုပွဲတုန်းကတော့ ကျဆုံးသွားသူတွေအတွက် အမှတ်တရ တခုခု လုပ်ပေးဖို့ မူအားဖြင့်သဘောတူခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း ၈၈ သမိုင်းပြတိုက်တခုဖွင့်မယ်လို့ကြားခဲ့ရပြီး အခု နောက်ဆုံးသတင်းတွေအရတော့ ၈၈ သမိုင်းပြတိုက်ဖြစ်မြောက်ရေးပြခန်းတခု ၈၈ မျိုးဆက်ရုံးအနီး ဖွင့်ထားတယ် လို့သိရပါတယ်။

ဒါက လေးလုံးကာလအတွင်း မြို့ပြလမ်းမတွေအပေါ် ကျဆုံးသွားသူတွေအတွက် အမှတ်တရသမိုင်းပြတိုက် အခြေအနေပါ။ ၈၈ နောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးအတွင်း ကျဆုံးသွားတဲ့ ကျောင်းသားတွေအတွက် ကော ဘယ်လိုပြင်ဆင်ထားသလဲ၊ အကျဉ်းထောင်တွေအတွင်း ကျဆုံးသွားသူတွေအတွက်ကော ဘယ်လို ပြင်ထား သလဲ။ ဒါမှမဟုတ် ၂၈ နှစ်တာ တော်လှန်ခရီးကြမ်းအတွင်း ကျဆုံးသွားသူအားလုံးအတွက် ၈၈ သမိုင်းပြတိုက်မှာ စုပေါင်း မှတ်တမ်းတင်ပေးထားမှာလား။

နည်းနာပိုင်းမှာ ကွဲလွဲမှုတချို့ရှိကောင်းရှိနိုင်သေးပေမဲ့ ကျဆုံးသွားသူတွေအတွက် တခုခုလုပ်ပေးဖို့လိုနေပြီဆိုတဲ့ မူ အပေါ်မှာတော့ သဘောထားကွဲပြားမှုမရှိတော့ဘူးလို့ ယူဆပါတယ်။ အရင် စစ်တပိုင်း အစိုးရခေတ်က လွတ်လပ်စွာ လှုပ်ရှားခွင့်မရလို့ ကြန့်ကြာနေတဲ့ကိစ္စတွေ အခု ရွေးကောက်ခံ NLD အစိုးရသစ် လက်ထက်မှာတော့ အလျင်အမြန် အကောင်ထည်ဖေါ်နိုင်လာလိမ့်မယ်လို့ တွက်ဆနိုင်ပါတယ်။

ပန်းတိုင်၊ နည်းနာနှင့် စံချိန်စံညွှန်း

ရှေ့မှာနိဒါန်းချီခဲ့တဲ့အတိုင်း လမ်းမပေါ်မှာပဲ ဆန္ဒပြပြ၊ လက်နက်ကိုင်ပြီးပဲ တော်လှန်လှန်၊ အကျဉ်းထောင်တွင်းကနေ ပဲ တိုက်ပွဲဝင်ဝင် သူတို့အားလုံးရဲ့ပန်းတိုင်ကတော့ စစ်အာဏာရှင်စနစ်ကိုဖြုတ်ချပြီး ဒီမိုကရေစီနိုင်ံသစ် ထူထောင်နိုင် ရေးပါပဲ။ အခု ၂၈ နှစ်ကြာပြီးတဲ့အချိန်မှာ သူတို့မျှော်မှန်းခဲ့တဲ့ ပန်းတိုင်ဆီရောက်ပြီလား။ 

ရွေးကောက်ခံ NLD အစိုးရသစ်တက်လာပြီ၊ NLD ဖက်ကအဆိုတင်သူကို သမ္မတအဖြစ်ရွေးလိုက်ပြီ၊ လွှတ်တော် မှာလည်း ရွေးကောက်ခံအမတ်ဦးရေက ၇၅ ရာခိုင်နှုန်းနီးပါးရှိလာပြီဆိုတော့ ပန်းတိုင်ဆီ ၁၀၀ ရာခိုင်နှုန်းအထိ မရောက်သေးရင်တောင် ၇၅ ရာခိုင်နှုန်းတော့ ရောက်နေပြီလို့ပြောနိုင်ပါတယ်။

ဒါက သင်္ချာတွက်နည်းနဲ့ တွက်ပြီးပြောကြည့်တာပါ။ ဒါပေမဲ့ နိုင်ငံရေးဆိုတာက သင်္ချာလို ပုံသေတွက်လို့ရတာ မဟုတ်။ ဘယ်ဟာက ကိန်းရှင်၊ ဘယ်ဟာက ကိန်းသေမှန်း ခွဲခြားသိနိုင်ဖို့ မလွယ်သေး။ ၇၅ နဲ့ ၂၅ ပေါင်းတိုင်း ၁၀၀ ဖြစ်ချင်မှဖြစ်နိုင်သလို ၇၅ ကအများကိန်း၊ ၂၅ ကအနည်းကိန်းလို့လည်း ပုံသေတွက်လို့ မရသေးပါ။ အရပ်စကားနဲ့ ပြောမယ်ဆိုရင်တော့ ဂဏန်းတွေက မငြိမ်သေးပါ။

ဒါကြောင့် အခုနေပြည်တော်မှာဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းသစ်အပေါ် ၁၀၀ ရာခိုင်နှုန်း အပြည့်အ၀ လက်ခံ ကြိုဆိုသူရှိသလို ဒါဟာ ဒီမိုကရေစီအတုအရောင်သာဖြစ်တယ်၊ စစ်တပ်ဖက်က ခွင့်ပြုမှ လှုပ်ရှားခွင့်ရမဲ့၊ နှဖားကြိုး ဆွဲခံထားရတဲ့ ဒီမိုကရေစီသာဖြစ်တယ်လို့ ဝေဖန်သူတွေလည်း အများအပြားရှိနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ မေးစရာ ရှိလာတာက လက်ရှိအခင်းအကျင်းကို လက်မခံနိုင်ရင် ခင်ဗျားမှာ တခြားနည်း ဘာရှိလို့လဲ ဆိုတာပါပဲ။ 

အာရပ်နွေဦးလှုပ်ရှားမှုလို လူထုအားနဲ့လှုပ်ရှားပြီး အာဏာရှင်တွေကိုဖြုတ်ချခဲ့တဲ့ ဆန္ဒပြတွေကို စစ်တပ်ဖက်က အင်အားသုံးဖြိုခွဲ ပြခဲ့ပြီးပါပြီ။ မနှစ်က ဆန္ဒပြလို့ ဖမ်းဆီးခံနေရတဲ့ ကျောင်းသားလေးတွေတောင် အခုထိ ထောင်က မလွတ်သေးပါ။ တောထဲက လက်နက်ကိုင်တော်လှန်ရေးသမားတွေလည်း စစ်မတိုက်တော့ပဲ စစ်တပ်နဲ့ စားပွဲဝိုင်း ထိုင် ဆွေးနွေးနေကြပါပြီ။ လက်ရှိ လွှတ်တော်ထဲရောက်လာသူအများစုကလည်း အထက်ဖေါ်ပြပါ ထိပ်တိုက်ရင် ဆိုင်ပြီး အာဏာရှင်စနစ်ဖြိုချရေးလမ်းစဉ်ကို သိပ်မလိုလားကြပါ။

ဒီတော့ လက်ရှိရထားသမျှအခြေအနေဟာ အကောင်းဆုံးမဟုတ်ရင်တောင် အရင်အခြေအနေထက်တော့ အများ ကြီးကောင်းလာပါတယ်လို့ နှလုံးသွင်းပြီး လက်ခံလိုက်ရုံမှတပါး တခြားမရှိတော့ပါ။ နည်းလမ်းမှန်တာ မမှန်တာ၊ နိုင်ငံတကာ ဒီမိုကရေစီအတိုင်း စံချိန်မီတာ မမီတာကိုမေ့ထားလိုက်တော့၊ အရေးကြီးတာက ဘယ်နည်းနဲ့သွားသွား၊ ပန်းတိုင်ဆီ ရောက်ဖို့က အဓိကမဟုတ်ပါလား။

တဦးချင်းစီရဲ့ ပါဝင်မှု

သမ္မတတွေ၊ အမတ်မင်းတွေ၊ နိုင်ငံရေးအခင်းအကျင်းသစ်တွေအကြောင်း ပြောနေတာကတော့ဟုတ်ပါပြီ။ ဒီ ဆောင်းပါးကိုရေးနေသူ၊ ဒီဆောင်းပါးကိုဖတ်နေသူအပါဝင် နိုင်ငံသားတဦးချင်းစီကကော ဒီအခင်းအကျင်းသစ်မှာ ဘယ်နေရာကနေ ပါဝင်ပံ့ပိုးကူညီကြမှာလဲ။ အသွင်ကူးပြောင်းရေးကာလအစိုးရ ဖွဲ့စည်းစဉ်မှာ နိုင်ငံတကာ စံချိန် စံညွှန်းမိဖို့ မလွယ်သေးမဲ့ အနိမ်ဆုံး အခြေခံစံချိန်တွေနဲ့တော့ တိုင်းဖို့လိုမယ်ထင်ပါတယ်။ 


ဒါပေမဲ့ ရွေးကောက်ပွဲအနိုင်ရတဲ့ နိုဝင်ဘာ ရက်နေ့ကနေ အာဏာလွှဲတဲ့ ဧပြီလ တရက်နေ့အထိစောင့်ရမဲ့အပြင် အစိုးသစ်ရဲ့ honeymoon period ကလည်း လာဦးမှာဆိုတော့ ဝေဖန်ခွင့်ရဖို့အရေး လလောက်စောင့်ရမလိုဖြစ် နေပါတယ်။ ဒါက သတင်းသမားတဦးအနေနဲ့တွေး ကြည့်တာပါ။ တခြား သူတွေမှာလည်း မတူတဲ့အမြင်တွေ အသီး သီးရှိနေနိုင်ပါတယ်။

‘’အစိုးရသစ်အာဏာရပြီး ရက်ပေါင်း ၁၀၀ အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးလိမ့်မယ်၊ တိုက်ပွဲတွေ ရပ်အောင် လုပ်လိမ့်မယ်၊ ဒုက္ခသည်တွေ အိမ်ပြန်နိုင်ရေးဆောင်ရွက်ပေးလိမ့်မယ်၊ အဲဒီထဲမှာ ပြည်တော်ပြန်တွေ ကိစ္စလည်းပါလာနိင်တယ်’’ ဆိုပြီး အစိုးရသစ်တက်ချိန် ဧပြီလအမီ ရန်ကုန်ပြန်နိုင်ဖို့ စီစဉ်နေတဲ့ မိတ်ဆွေတဦးက ပြောပါတယ်။

‘’ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ပတ်သက်ပြီး ဝေဖန်ချင်ပေမဲ့ ကျနော်တို့က မြန်မာနိုင်ငံသားတွေ မဟုတ်တော့ဘူးလေ ဗျာ’’ ဆိုပြီး နော်ဝေးနိုင်ငံသားအဖြစ်လျောက်မိတာကို နောင်တရသလိုလိုဖြစ်နေသူ တဦးက ငြီးပါတယ်။ ‘’မဆိုင် ဘူးလေ၊ ဝေဖန်စရာရှိတာတော့ ဝေဖန်ရမှာပေါ့ဗျာ။ အစိုးရသစ်တက်လာရင် မြန်မာနိုင်ငံသားပြန်လျောက်ရေး၊ PR (အမြဲတန်းနေထိုင်ခွင့်) လျောက်ရေးတွေက ပိုလွယ်ရင်လွယ်လာမှာ’’ လို့ ပြည်တော်ပြန်ဖို့ပြင်နေသူက ဆိုပါတယ်။

အနည်းဆုံးတော့ ဒီတခေါက်ခရီးစဉ်အတွင်း PR လျောက်ခွင့်ရအောင် သူကြိုးစားမယ်လို့ အိမ်ပြန်ဖို့ပြင်နေသူက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နော်ဝေနဲ့အမေရိကန်ရောက်စဉ် ပြောခဲ့ဖူးတဲ့ ‘’ဂုဏ်သိက္ခာရှိသော အိမ်ပြန် ခြင်း’’ မျိုး မကြာခင်ဖြစ်လာလိမ့်မယ်လို့လည်း သူကယုံကြည်နေပုံရပါတယ်။ ပညာရှင်တွေ၊ စီးပွါးရေးလုပ်ငန်းရှင် တွေကိုသာ ဦးစားပေးထားတဲ့ လက်ရှိ PR စနစ်မှာ သာမန် ပြည်တော်ပြန်တွေကိုပါ ထည့်သွင်းစဉ်းစားပေးသင့် တယ်လို့လဲ သူကထောက်ပြခဲ့ပါတယ်။ 

အနောက်နိုင်ငံတွေမှာ - နှစ်ကျောင်းလာတက်ပြီး ပြန်သွားသူတွေ၊ သံတမန်တာဝန်၊ အလုပ်တာဝန်တွေနဲ့ ရောက်လာသူ၊ အစိုးရတာဝန်၊ နိုင်ငံရေးတာဝန်တွေအရ တပတ် ဆယ်ရက်လောက် လေ့လာရေးလုပ်ပြီး ပြန်သွား တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ထားသူတွေနဲ့စာရင် ဒီအနောက်နိုင်ငံတွေမှာ သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံသားဘ၀နဲ့ ၁၀ နှစ်လောက်နေပြီး ကြုံခဲ့ရတဲ့အတွေ့အကြုံချင်း၊ သင်ယူမှုချင်း မတူနိုင်တဲ့အတွက် ဒါတွေကို မျှဝေချင်တယ်။ ‘’ဒီမို ကရေစီကျင့်စဉ်တွေကို မျှဝေပေးချင်တာ သက်သက်ပါ’’ လို့ သူကပြောပါတယ်။

အခုပြောင်းလဲမှုဖြစ်စဉ်မှာ အပေါ်ထပ်နိုင်ငံရေးအဆောက်ဦပုံစံပြောင်းလဲမှု၊ အုပ်ချုပ်သူအရည်အသွေးပြောင်းလဲမှု အပြင် အုပ်ချုပ်ခံ နိုင်ငံသားတဦးချင်းစီရဲ့ စဉ်းစားပုံပါ ပြောင်းလဲဖို့လိုနေတယ်လို့ ပြည်တော်ပြန်တွေက မြင်နေကြ ပါတယ်။ ဒါကြောင့် ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေက နိုင်ငံသားတဦးချင်းစီရဲ့ စဉ်းစားပုံ၊ တာဝန်ယူပုံတွေကို မြန်မာနိုင်ငံက သာမန်နိုင်ငံသားတဦးချင်းဆီ အချိန်ယူမျှဝေပေးဖို့ လိုနေတယ်လို့ သူတို့ကဆိုပါတယ်။

အရင် စစ်တပိုင်းအစိုးရခေတ်ကတော့ သူတို့အစိုးရဆီမှာ အခစားဝင်လုပ်မဲ့ ပြည်တော်ပြန်အနည်းအကျဉ်းမှအပ တခြားလူတွေ၊ အထူးသဖြင့် ဒီမိုကရေစိစံချိန်စံညွှန်းတွေနဲ့ညီ မညီ အစိုးရအပေါ်ဝေဖန်သူတွေ တိုင်းပြည်ထဲပြန်ဝင် လာတာကို သိပ်လိုလားပုံမပြခဲ့ပါ။ ဝေဖန်မှု နည်းနည်းပြင်းသူတချို့ကို ပြည်နှင်ဒဏ်ပေးတာ၊ ဗီဇာ မပေးပဲ ငြင်းခဲ့တာ တွေ အားလုံးအသိ ဖြစ်ပါတယ်။


အခုတော့ အဲဒီ စစ်တပိုင်းအစိုးရလည်း (ဧပြီလ တရက်နေ့ဆိုရင်) မရှိတော့ပါဘူး။ ဒီမိုကရေစီစနစ်ကို လက်ခံယုံ ကြည်တဲ့ အစိုးရသစ်တရပ် နေပြည်တော်မှာရှိနေပြီမို့ ဒီမိုကရေစီစံချိန်စံညွှန်းအကြောင်းပြောမဲ့သူတွေ၊ ဒီမိုကရေစီ ကျင့်စဉ်အကြောင်း လက်တွေ့မျှဝေခံစားမဲ့သူတွေရဲ့ ၂၈ နှစ်ကြာ အိမ်ပြန်ခရီးစဉ်ဟာ အရင်ထက် ပိုချောမွေ့လာလိမ့် မယ်လို့ မျော်လင့်မိပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More