Sunday, February 23, 2014

ကတ္တရာလမ်းခင်းပေးရန် ကံပေါက် ဒေသခံ ၁၅၀၀ ကျော် ဆန္ဒပြ

၊Dawei Watch၊ ထားဝယ်၊ ဖေဖော်ဝါရီ ၂၂

ကတ္တရာလမ်းခင်းပေးရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ပေးရေးအတွက် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများကို တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ဒေသမှ ကျေးရွာပေါင်း ၁၆ ရွာမှ ဒေသခံ ၁၅၀၀ ကျော်က ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ဆန္ဒပြခဲ့ကြကြောင်း ဦးဆောင်စီစဉ်သူတစ်ဦးထံမှ သိရသည်။

TOTAL, PTTEP နှင့် PETRONAS သဘာဝ ဓာတ်ငွေ့ ကုမ္ပဏီများက အသုံးပြုနေသည့် လမ်းကို ကတ္တရာလမ်းခင်းပေးရန် ဒေသခံများက တောင်းဆိုသော်လည်း လိုက်လျောမှု မရှိသေးသဖြင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ဆန္ဒပြရန် စီစဉ်သူများက ပြောသည်။

ဆန္ဒပြ ခွင့်ပြုမိန့် တောင်းခံစဉ်က ခန့်မှန်း လူအင်အား တစ်ရာ ဖြင့် တင်ပြထားသော်လည်း ဆန္ဒပြရန် စုဝေးသည့် အချိန်တွင် လူအင်အား တစ်ထောင်ခန့် ရောက်ရှိလာပြီး ဆန္ဒထုတ်ဖော်သည့် လမ်းတစ်လျှောက်တွင်လည်း ဒေသခံများ ထပ်မံ ပူးပေါင်းလာကြသဖြင့် အင်အား ၁၅၀၀ ကျော် သွားကြောင်း ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူများအနက် တစ်ဦးဖြစ်သည့် ဦးကျော်မိုးဦးက ပြောသည်။

“ ၁၀ တန်းစာပေးပွဲ ပြီးတဲ့အထိ စောင့်ကြည့်မယ်၊ မထူးခြားရင် ဆက်တိုက် ထပ်ပြမယ်၊ အဲဒါမှ မရဘူးဆိုရင် သပိတ်စခန်းဖွင့်ဖို့အထိ အစီအစဉ်ရှိတယ်” ဟု ဦးကျော်မိုးဦးက ဆိုသည်။

ကံဘောက်ကျေးရွာအဝင် သစ်တောလမ်းဆုံမှ ဓမင်းဆိပ်လမ်းဆုံအထိ ၁၅ မိုင်ခန့် (၂၄ ကီလိုမီတာ)ရှိသည့် အနက် ၄.၅ ကီလိုမီတာ ကို ကွက်ကျား ကွန်ကရစ် လမ်းခင်းပေးခဲ့ပြီး ကျန်ရှိနေသော ၁၂.၂ မိုင် (၁၉.၅ကီလိုမီတာ)ကို ထပ်မံခင်းပေးရန် ဒေသခံများက တောင်းဆိုထားသည်။

“မြေနီလမ်းမှာ ကားတွေ မောင်းနေတာ နောက်ကလိုက်ကြည့်ရင် ဒေသခံတွေ ဘယ်လိုခံစားနေရလဲဆိုတာ သိလိမ့်မယ်၊ ဖုန်ထလို့ ယာဉ်တိုက်မှု ယာဉ်လမ်းဘေးထိုးကျမှုတွေလည်း ကြုံနေရတယ်”ဟု ကံပေါက် ဒေသခံ ဦးကိုကိုကြီးက ဖွင့်ဟသည်။

မိကျောင်းအိုင်ကျေးရွာ ရတနာဝတ်မှုံကြက်ခြံအရှေ့မှ စပြီး PTTEP ကုမ္ပဏီ၊ TOTAL ကုမ္ပဏီများရှေ့မှ ဖြတ်ပြီး PETRONAS ကုမ္ပဏီအရှေ့တွင် ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီများကို ဒေသခံများ စုပေါင်း ဆန္ဒပြခြင်းသည် ကံပေါက်ဒေသတွင် ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်က လုပ်ငန်းခွင်အတွင်း ဆန္ဒထုတ်ဖော်မှုများသာ ရှိခဲ့သည်။
..........................................

နောက်ဆက်တွဲ သတင်း...။



Dawei Watch| ထားဝယ်၊ ဖေဖော်ဝါရီ ၂၂

လမ်းခင်းပေးရန်နှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ပေးရေး ကံပေါက်ဒေသခံများ သဘာဝဓာတ်ငွေ့ထုတ် ကုမ္ပဏီများကို ဆန္ဒပြချိန်တွင် ယင်းဒေသရှိ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရာ ကုမ္ပဏီကြီး သုံးခုစလုံး အလုပ်ရပ်နားထားပြီး ကုမ္ပဏီတစ်ခု၏ ဆိုင်းဘုတ်များဖြုတ်ချထားကြောင်း ဒေသခံများက ပြောကြားသည်။

နိုင်ငံတကာ သဘာဝဓာတ်ငွေ့ ကုမ္ပဏီများဖြစ်သည့် TOTAL, PTTEPI နှင့် PETRONAS ကုမ္ပဏီများအနက် ထောင်ချီသော ကံပေါက်ဒေသခံများ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဆန္ဒပြစဉ် မလေးရှား အခြေစိုက်ကုမ္ပဏီ PETRONAS ၏ ဆိုင်းဘုတ်များဖြုတ်ချထားကြောင်း ဒေသခံများက ပြောကြားသည်။

“သတိထားမိသလောက် PETRONAS ဆိုက်မှာတော့ သူ့ကုမ္ပဏီ ဆိုင်းဘုတ် လုံးဝမတွေ့ရဘူး။ အဲဒါတော့ သေချာတယ်”ဟု ဦးဆောင်ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဦးဝဏ္ဏတိုးက ပြောကြားသည်။

ပုံမှန်အားဖြင့် စနေနေ့သည် ယင်းကုမ္ပဏီများ အလုပ်ရပ်နားထားခြင်းမရှိသော်လည်း ဆန္ဒပြသည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် အလုပ်ရပ်နားထားပြီး ရုံးခြံဝင်းများလည်း ပိတ်သိမ်းထားကြောင်း ဒေသခံများက အတည်ပြုပြောကြားသည်။

PETRONAS ကဲ့သို့သော နိုင်ငံတကာ အဆင့်ရှိ ကုမ္ပဏီတစ်ခု အနေနှင့် ဆန္ဒပြစဉ် ယင်းသို့ ကုမ္ပဏီဆိုင်းဘုတ် ဖြုတ်ချလိုက်ရသည်အထိ ဖြစ်သွားရခြင်းသည် ကုမ္ပဏီအနေနှင့် ရင်မဆိုင်ရဲသည့် မည်သို့သော အမှားများကျူးလွန်ထားသည်ကို မေးခွန်းထုတ်လိုကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီ အတွင်းရေးမှူး (၁) ဦးရဲလင်းမြင့်က ပြောကြားသည်။

“ဆန္ဒပြတာကို ရင်မဆိုင်ရဲရလောက်အောင် အခြေအနေရှိနေလားလို့ပဲ မေးခွန်းထုတ်ချင်တယ်”ဟု ဦးရဲလင်းမြင့်က ဆိုသည်။

ဆိုင်းဘုတ်ဖြုတ်ခြင်း၊ ရုံးပိတ်ထားသည့် ကိစ္စနှင့် ပတ်သက်၍ TOTAL နှင့် PETRONAS ကုမ္ပဏီများထံ ဆက်သွယ်နိုင်ခြင်း မရှိသေးဘဲ PTTEPI ကမူ ဆန္ဒပြသူများအတွက် လမ်းကြောင်းရှင်းရန် အလုပ်ရပ်နားထားခြင်းသာ ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဆန္ဒပြ ခွင့်ပြုမိန့် တောင်းခံစဉ်က ခန့်မှန်း လူအင်အား တစ်ရာ ဖြင့် တင်ပြထားသော်လည်း ဆန္ဒပြရန် စုဝေးသည့် အချိန်တွင် ကျေးရွာပေါင်း ၁၆ ရွာမှ လူ တစ်ထောင်ခန့်ဖြင့် စတင်ခဲ့ပြီး လမ်းတစ်လျှောက် လာရောက် ပူးပေါင်းကြသဖြင့် လူအင်အား ၁၅၀၀ ကျော်သွားကြောင်း ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူများအနက် တစ်ဦးဖြစ်သည့် ဦးကျော်မိုးဦးက ပြောသည်။

ဆန္ဒပြရန် ခွင့်ပြုချက်တောင်းခံစဉ်က ကတ္တရာလမ်းခင်းပေးရေး၊ ၂၄ နာရီ လျှပ်စစ်မီးရရှိရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး စသည့် အချက် ၃ ချက်ကို တောင်းဆိုရန်  စီစဉ်ခဲ့သော်လည်း ၂၄ နာရီ လျှပ်စစ်မီးရရှိရေးမှာ တိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီးက အာမခံထားပြီးဖြစ်သည့်အတွက် လျှပ်စစ်မီးရရှိရေးကို ဆန္ဒပြရာတွင် မထည့်ရန် ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့သဖြင့် လမ်းနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးကိုသာ အဓိကထား ဆန္ဒပြခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ကံပေါက်ရွာသည် သဘာဝဓာတ်ငွေ့ထွက်ရှိမှုကြောင့် အဆင်ပြေနေကြောင်း ခရိုင် ပြန်/ဆက်၏ ရေးသားမှုကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ နောက်ကျောဖုံးတွင် ဖော်ပြမှုအပြီး လေးရက်အကြာတွင် ယင်းသို့ ဆန္ဒပြမှု ကြုံလာခြင်း ဖြစ်သည်။

သဘာဝဓာတ်ငွေ့အများအပြားထွက်ရှိသဖြင့် ၁၉၉၆-၉၇ ခုနှစ်မှ စ၍ ကုမ္ပဏီများလာရောက်မှုအပြီး ကံပေါက်ဒေသခံတို့၏ လမ်းပန်းဆက်သွယ်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း စသည်တို့တိုးတက်လာပြီး ကံပေါက်ရွာသည်လည်း ပိုမိုတိုးတက်လာကြောင်း ‘ဒေသခံတို့ အဆင်ပြေနေသော သဘာဝဓာတ်ငွေ့ထွက်ရာ ကံပေါက်ရွာ’ ဟု ခေါင်းစဉ်တပ်ထားသော အထက်ပါ ဆောင်းပါးတွင် ဖော်ပြထားသည်။

သို့သော် ကံပေါက်ရွာတွင် လျှပ်စစ်မီးတစ်ယူနစ်လျှင် ကျပ် ၆၀၀ ကျော်ဖြင့် သုံးစွဲနေရခြင်း၊ ကတ္တရာလမ်း မခင်းပေးဘဲ မြေနီလမ်းများတွင် မောင်းနှင်နေသော ယာဉ်များကြောင့် ဖုန်အလွန်ထူခြင်း၊ ယာဉ်မတော်တဆမှုဖြစ်ခြင်း စသည့် အကြောင်းအရာများကို ဆောင်းပါးတွင် ဖော်ပြထားခြင်းမရှိပေ။

ကံပေါက်ဒေသ စီမံကိန်း အသီးသီးမှ သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၇၀၀ မှ ၉၀၀ အထိ နေ့စဉ်ထွက်ရှိနေပြီး ၇၅ ရာခိုင်နှုန်းကို ပြည်ပသို့လည်းကောင်း၊ ၂၅ ရာခိုင်နှုန်းကို ဘားအံမြို့နယ် မြိုင်ကလေးဘိလပ်မြေစက်ရုံသို့ ပို့လွှတ်နေကြောင်း ယင်းဆောင်းပါးတွင် ဖော်ပြထားသည်။
Dawei Watch

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More