Saturday, February 8, 2014

ဗိုလ်ဗထူးရွာကို ဒီအတိုင်း ထားမှာလား

ထက်အောင်ကျော်
ဖေဖေါ်ဝါရီ ၃-၉။ တနသာင်္ရီအပတ်စဉ် ၃၅။
(စာမျက်နှာ ၁၁ တွင်ကြည့်ရန်)


ဗိုလ်ချုပ်အောင်ဆန်းနဲ့လက်တွဲပြီး ဖက်ဆစ်တော်လှန်ရေးကိုဦးဆောင်တိုက်ပွဲဝင်ခဲ့သူ ဗိုလ်မှုးကြီးဗထူး ကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ လေးသွန်းခံရွာမှာမွေးဖွားခဲ့တယ်လို့ ငယ်ငယ်က ကျောင်းစာ အုပ်တွေထဲမှာ ဖတ်ဖူးခဲ့ပါတယ်။ ဒါပေမဲ့ လောင်းလုံးမြို့နယ်သားတဦးဖြစ်တဲ့ကျနော်ကိုယ်တိုင် အဲဒီရွာ ဆီ တခါမှ မရောက်ဖူးခဲ့ပါ။

တကယ်ဆိုရင် အဲဒီရွာနဲ့ ကျနော်တို့မင်းရပ်ရွာက လောင်းလုံးမြို့ရဲ့ ဟိုဖက် ဒီဖက်။ အလွန်ဆုံးဝေးလှမှ ၁၀ မိုင် ၀န်းကျင်ပေါ့။ အရင် စက်ဘီးခေတ်ကဆိုရင် ၂ နာရီနီးပါး၊ အခု ဆိုင်ကယ်ခေတ်မှာတော့ ၄၅ မီနစ်လောက်နဲ့ ရောက်နိုင်တဲ့နေရာပါ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ မြန်မာနိုင်ငံမှာနေထိုင်စဉ် ကျောင်း သားဘ၀ သက်တန်း ၂၅ နှစ်အတွင်း အဲဒီရွာဆီ တခါမှမသွားဖြစ်ခဲ့ပါ။

တကယ်ရောက်ချင်တော့လဲ မိုင်ပေါင်း ၆၀၀၀ ကျော်ခရီးဝေးကအပြန်၊ ပြီးခဲ့တဲ့နှစ် မေလတုန်းက အဲဒီ ရွာဆီ ကျနော်ရောက်သွားပါတယ်။ ထားဝယ်ကနေ လေးသွန်းခံကိုသွားမယ်ဆိုရင် ထားဝယ်မြစ်ကူး ကမျောကင်းတံတားကို အရင်ဆုံးဖြတ်ရပါတယ်။ အဲဒီတံတားထိပ်ရောက်တာနဲ့ ပထမ ဆုံးထင်ထင်ရှား ရှား မြင်ရမှာက ဗိုလ်မှုးဗထူးကြေးရုပ်ပါပဲ။

ဗိုလ်မှုးကြီးဗထူး (၁၉၁၆-၁၉၄၅) ကြေးရုပ်ကို ၁-၁၂-၁၉၉၁ တွင်ဖွှင်လှစ်သည်လို့ရေးထားတာကို ကြည့် ခြင်းအားဖြင့် အရင်စစ်အစိုးရ န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့) ခေတ်မှာ ဒီ ကြေးရုပ်ကို စိုက်ထူခဲ့တယ်ဆိုတာသိနိုင်ပါတယ်။ ဘာဖြစ်ဖြစ် ကိုယ်မြို့နယ်က ထင်ရှားတဲ့သမိုင်းဝင် ပုဂ္ဂိုလ်တဦးကို အခုလို ကြေးရုပ်ထုထားပေးတဲ့အတွက် န၀တ ကို ကျေးဇူးတင်သင့်ပါတယ်။

(ကမျောကင်းတံတားထိပ်က ဗိုလ်ဗထူးကြေးရုပ်)

အဲဒီကြေးရုပ်ရှိတဲ့ တံတားထိပ်ကနေ ကမျောကင်း-လောင်းလုံးလမ်းအတိုင်း မော်တော်ကားနဲ့ဖြစ်ဖြစ်၊ မော်တော်ဆိုင်ကယ်နဲ့ဖြစ်ဖြစ် မီနစ် ၃၀ ခန့်သွားလိုက်မယ်ဆိုရင် လောင်းလုံးမြို့ကိုရောက်ပါတယ်။ လောင်းလုံးမြို့အလွန် ညင်းမော်ရွာရောက်ရင် စစ်ပြဲ၊ လေးသွန်းခံ၊ ကထောင်နီ၊ ကညုံကျွန်း၊ ပြင်ကြိး ကျွန်းစတဲ့ရွာတွေဖက်သွားတဲ့ မြေနီလမ်းခွဲကိုတွေ့ရမှာဖြစ်ပါတယ်။

လောင်းလုံးမြို့လွန်တာနဲ့ လမ်းကကြမ်းပြီး ဆိုင်ကယ်မောင်းရနဲနဲခက်ပါတယ်။ ပြီးတော့ ထားဝယ်ကနေ လောင်းလုံးမြို့တလျောက် ကတ္တရာလမ်းပေါ်ရှိကျေးရွာတိုင်းမှာ ရွာအ၀င်ဆိုင်းဘုတ်တွေရှိပေမဲ့ ဒီမြေနီ လမ်းပေါ်ကရွာတွေမှာတော့ ဆိုင်းဘုတ်မတွေ့မိပါ။ ဒီလိုဆိုင်းဘုတ်မရှိတဲ့အတွက် ဗိုလ်ဗထူးရဲ့ လေး သွန်းခံရွာကိုရှာမတွေ့ပဲ ကားတွေ၊ ဆိုင်ကယ်တွေ ကျော်သွား၊ လွန်သွားတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါ တယ်။

လေးသွန်းခံရွာထဲရောက်သွားတဲ့အခါမှာလဲ ဗိုလ်ဗထူးနဲ့သက်ဆိုင်တဲ့ နေအိမ်တွေ၊ အမှတ်တရနေရာ တွေဘာမှမရှိပါ။ ရွာလယ်လမ်းတခုကို ဗိုလ်ဗထူးလမ်းလို့အမည်ပေးထားပေမဲ့ ဆိုင်းဘုတ်တင်မထား တော့ ဧည့်သည်တွေသိဖို့ မလွယ်လှပါ။ အဲဒီလမ်းထိပ်ဟိုဖက်နားက ခြံဝင်းဟာ ဗိုလ်ဗထူးနေအိမ်ရှိခဲ့ဖူး တဲ့ခြံလို့ရွာသားတွေကပြောပေမဲ့ ရေတွင်းဟောင်းတခုနဲ့ စိုက်ခင်းတခုကလွဲပြီး ဘာမှမရှိပါ။

(ဗိုလ်ဗထူးရွာက NLD ရုံးခန်း)

ဗိုလ်ဗထူးလမ်းရဲ့ ဒီဖက်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ လေးသွန်းခံရွာရုံးခန်း။ အဲဒီရုံးဆီခဏ၀င်ပြီး ဗိုလ်ဗထူးအကြောင်းမေးကြည့်တော့ သူတို့လဲ ဘာမှမသိကြ။ နောက်ဆုံးမှာတော့ ဘုန်းကြီးကျောင်းမှာ ဥပုသ်စာင့်နေတဲ့ အသက် ၈၀ ကျော်အရွယ် အဖွားအို ၂ ဦးကို သွားခေါ်လာကြပါ တယ်။

“အဖွားတို့နဲ့ အိမ်နီးချင်းဆိုပေမယ့် သူက နည်းနည်း အသက်ပိုကြီးတယ်။ (ဟိန္ဒား) မိုင်းထဲ သွားလုပ် စားရင်းနဲ့ တော်လှန်ရေးထဲ ပါသွားတာ။ အဖွားတို့ကတော့ ဂုဏ်ယူလို့မဆုံးဘူး” လို့ အဖွားအို ညီအစ်မ က ပြောပါတယ်။ ဒီရွာမှာ ဗိုလ်ဗထူး အမှတ်တရ ဘာမှလုပ်မထားဘူးလား ဆိုပြီး ကျနော်က ထပ်မေးခဲ့ ပါတယ်။

“အရင်ခေတ်တုန်းကတော့ ဗိုလ်ဗထူး ကျောက်ရုပ်ဆောက်ဖို့ဆိုပြီး အစိုးရက ပိုက်ဆံပေးဖူးတယ်လေ။ အဲဒါ ကျောက်ရုပ်မဆောက်ဘဲ ၀ါးနဲ့ရက်တဲ့အရုပ်ကို စက္ကူကပ်ပြီးလုပ်လိုက်တာ ခဏပဲခံတာပေါ့” လို့ အဖွားအို ၂ ဦးက ရှင်းပြပါတယ်။ ဆိုလိုတာကတော့ ဗိုလ်ဗထူးအမှတ်တရ မလုပ်တာမဟုတ်။ လုပ် တော့လုပ်ခဲ့တယ်။ ဒါပေမဲ့ အသေချာစနစ်တကျမလုပ်ဖြစ်တဲ့အတွက် အခုချိန်မှာ ဗိုလ်ဗထူးနဲ့ပတ်သက် ပြီး သူ့ရွာမှာ ဘာမှပြစရာမရှိဖြစ်နေတဲ့သဘော။

သမိုင်းဝင်ပုဂ္ဂိုလ်တဦးရဲ့ရွာက ဒီလိုဖြစ်သင့်ပါသလား။ ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။ အင်း.. ကျနော်ကသာ အဲဒီလိုတွေးနေတာ။ ရှေးဟောင်းသုတေသနဌာန၊ သမိုင်းဌာန၊ တပ်မတော် စစ်သမိုင်း ဌာန၊ တိုင်းဒေသကြီးအစိုးရမှတာဝန်ရှိသူတွေ၊ ဒေသဆိုင်ရာလွှတ်တော်အမတ်တွေက ဒီရွာကိုရောက် ဖူး မဖူးမသေချာတော့ ပြောရတာ ခက်သား။

ဒီလိုတာဝန်ရှိတဲ့သူတွေမရောက်သေးပေမဲ့ တခြားပြည်နယ်-တိုင်းက လာတဲ့ခရီးသည်တွေ၊ ကမ္ဘာလှည့် ခရီးသည်တွေကတော့ မကြာခင် ဒီရွာဆီရောက်လာကြဖွယ်ရှိနေပါတယ်။ ဘာကြောင့်လဲဆိုရင် ထား ၀ယ်ဒေသဟာ အရင်လိုကန့်သတ်နယ်မြေမဟုတ်တော့ပဲ ပွင့်လင်းတဲ့နယ်မြေ၊ ရန်ကုန်ဖက်ကရော၊ ထိုင်း နယ်စပ်ဖက်ကပါ ပြည်တွင်း ပြည်ပဧည့်သည်တွေ အလွယ်တကူဝင်လာလို့ရတဲ့နေရာဖြစ်လာနေ လို့ပါ။

ထားဝယ်ကို ပထမ ဆုံးရောက်လာတဲ့ခရီးသည်တဦးအတွက် ဘယ်နေရာဟာ အရင်ဆုံးသွားလည် သင့်တဲ့နေရာလို့ စာဖတ်သူ ထင်ပါသလဲ။ မောင်းမကန်ကမ်းခြေလို့ ဖြေကြမယ်ထင်ပါတယ်။ ဒါက သ ဘာဝအလှအပနဲ့ ပင်လယ်ကမ်းခြေကိုစိတ်ဝင်စားတဲ့လူတွေပေါ့။

ယဉ်ကျေးမှု၊ လူနေမှုဓလေ့စရိုက်နဲ့ သမိုင်းကိုစိတ်ဝင်စားတဲ့လူတွေဆိုရင်ကော ဘယ်ကိုအရင်ဆုံးသွား လည်သင့်ပါသလဲ။ မကြာသေးခင်ကမှ ဖွင့်လှစ်လိုက်တဲ့ လောကမာရဇိန်ဘုရားဝင်းအတွင်းက ဘုရား ကြီးပြတိုက်နဲ့ တနသာင်္ရီယဉ်ကျေးမှုပြတိုက်လား။ ရှင်ကိုးရှင် ဘုရားဖူးခရီးစဉ်လား။

(လောင်းလုံးမြို့ကနေ ညင်းမော်-လေးသွန်းခံဖက် သွားတဲ့လမ်း)

ဒါက ဘာသာရေးအခြေခံ ခရီးသွားခြင်းကိုစိတ်ဝင်စားတဲ့ မြန်မာတွေအတွက်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဘာသာရေးနဲ့မဆိုင်တဲ့ သမိုင်းနဲ့ယဉ်ကျေးမှုကိုသာ စိတ်ဝင်စားတဲ့ နိုင်ငံခြားခရီးသည်တွေဆိုရင်ကော ဘယ်နေရာတွေကို သွားလည်သင့်တယ် ထင်ပါသလဲ။

ဥပမာ ထားဝယ်နဲ့ကပ်နေတဲ့၊ ထားဝယ်-ကန်ချနပူရီလမ်းအတိုင်း ၄-၅ နာရီလောက်သာ ကားမောင်းရ တဲ့ ထိုင်းနိုင်ငံက ကန်ချနပူရီမြို့ကိုကြည့်ပါ။ ကမ္ဘာလှည့်ခရီးသည် သန်းနဲ့ချီပြီး နှစ်စဉ်လာလည်နေပါ တယ်။ ဘာကြောင့်သူတို့ ဒီမြို့ကိုလာသလဲ။ ဘယ်နေရာတွေကို သူတို့ အဓိကသွားသလဲ။

ဒုတိယကမ္ဘာစစ်ကာလက ဖက်ဆစ်ဂျပန်တွေဦးစီးဖေါက်လုပ်ခဲ့တဲ့ သေမင်းတမန်ရထားလမ်း၊ အဲဒီရ ထားလမ်းလုပ်အားပေးအတွင်း သေဆုံးသွားခဲ့တဲ့ ထောင်နဲ့ချီရှိတဲ့ မဟာမိတ်စစ်သားတွေရဲ့ စစ်သချိုင်း၊ ဗုံးခွဲခံရဖူးတဲ့ ကွေးမြစ်တံတားတွေဆီ သူတို့အဓိကလာကြပါတယ်။

တကယ်က ဒုတိယကမ္ဘာစစ်ပွဲဒဏ်ကိုအဓိကခံရတာဟာ ထိုင်းမဟုတ်။ မြန်မာနိုင်ငံသာဖြစ်ပါတယ်။ ဒါ ပေမဲ့မြန်မာနိုင်ငံက ခံသာခံရပြီး ပြစရာက ထိုင်းလောက်မရှိဖြစ်နေပါတယ်။ ဘာကြောင့်လဲ။ မှတ်တန်း တင်မှုအားနဲခြင်းနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို နားမလည်သေးတာကြောင့်လို့ယူဆရပါတယ်။

ထားလိုက်တော့။ ဒါအရင်အစိုးရဟောင်းခေတ်က အားနည်းခဲ့တာ။ အခု အစိုးရသစ်ခေတ်မှာ ကန်ချနပူ ရီနဲ့ ထားဝယ်ကြား ကားလမ်းပွင့်သွားပြီ။ ကန်ချနပူရီကိုရောက်နေတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ထား ၀ယ်မြို့ဆီဝင်လာနေပြီ။ သူတို့ကို ဘယ်နေရာတွေဆီ လိုက်ပို့ကြမှာလဲ။

ရဲဘော်သုံးကျိပ်ဦးဆောင်တဲ့စစ်ကြောင်းတခု ကန်ချနပူရီကနေ ထားဝယ်မြို့ဆီ ချီတက်လာတဲ့ အများ သွားတောင်ကြားလမ်းလား။ အဲဒီလမ်းမှာ အမှတ်တရပြသစရာ သမိုင်းအထောက်ထား ဘာများရှိ သ လဲ။ အခုချိန်ထိတော့ ဘာမှပြန်လည်ဖေါ်ထုတ်ထားတာ မရှိသေးဘူးလို့ထင်ပါတယ်။

ဒါဆိုရင် အဲဒီစစ်ကြောင်းနဲ့အတူပါသွားတဲ့၊ နောက်ပိုင်းမှာ ဖက်ဆစ်တော်လှန်ရေးကိုဦးဆောင်ခဲ့တဲ့ အ ထိထွန်းပေါက်သွားတဲ့ ဗိုလ်ဗထူးအကြောင်းကို ထိုင်းဖက်ကနေ ၀င်လာတဲ့ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားလေမလား။ စိတ်ဝင်စားတယ်ဆိုရင် သူ့အကြောင်း ဘာတွေပြသ၊ ရှင်းပြမှာလဲ။ ဘာသမိုင်း အထောက်ထားတွေရှိလဲ။

(ဗိုလ်ဗထူးရွာကို အဝေးကနေ လှမ်းမြင်ရစဉ်)

ဒါက အခုအစိုးရသစ်ခေတ်မှာ တဟုန်ထိုးတိုးတက်နေတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်စဉ်း စားကြည့်တာပါ။ တကယ်ကတော့ ကမ္ဘာလှည့်ခရီးသည်စိတ်ဝင်စားမှုရှိရှိ မရှိရှိ ကိုယ့်ဒေသက သမိုင်း ၀င်ခေါင်းဆောင်တဦးအတွက် ကိုယ့်ဒေသသားတွေကိုယ်တိုင်ဦးစီးပြိး အမှတ်ရအထိမ်းမှတ်တွေ လုပ် ပေးဖို့ တာဝန်ရှိပါ တယ်။

တချိန်တည်းမှာပဲ ဗိုလ်ဗထူးလို နာမည်ကြီးထားဝယ်သားတွေဖြစ်တဲ့ မီးပုံပျံဦးကျော်ရင်၊ ၀န်ကြီးချုပ် ဟောင်းဦးဗဆွေ၊ ကွန်မြူနစ်ပါတီဥက္ကဌဟောင်း သခင်ဘသိန်းတင်တို့လို ပုဂ္ဂိုလ်တွေရဲ့ နေအိမ်တွေ၊ သူ တို့ရဲ့သမိုင်းတွေကိုလဲ အသေချာပြုစုမှတ်တမ်းတင်ထားသင့်တယ်လို့ ထင်ပါတယ်။

အနှစ်ပြန်ချုပ်ရမယ်ဆိုရင်တော့ ဖက်ဆစ်တော်လှန်ရေးခေါင်းဆောင်ကြီး ဗိုလ်မှုးဗထူးနဲ့ပတ်သက်ပြီး ရှမ်းပြည်ဖက်မှာ ဗထူးတပ်မြို့၊ မန္တလေးမှာ ဗထူးအားကစားကွင်း။ ထားဝယ်နဲ့လောင်းလုံးမှာ ဗထူးလမ်း။ ကမျောကင်းတံတားထိပ်မှာ ဗထူးကြေးရုပ်တွေရှိပေမဲ့ သူ့မွေးရပ်မြေ လေးသွန်းခံကျေးရွာမှာ ဘာမှမရှိ တာကတော့ တခုခုလွဲနေပါတယ်။

ဒီအတွက် ဖက်ဆစ်တော်လှန်ရေးကိုဂုဏ်ယူသူတွေ၊ ဗိုလ်ဗထူးကိုလေးစားသူတွေ၊ ထားဝယ်ဒေသရဲ့ ဂုဏ်ယူဘွယ်တွေကို မှတ်တမ်းတင်ချင်သူတွေအားလုံး စုပေါင်းပြီး ဗိုလ်ဗထူးအမှတ်တရာတခုခု သူ့မွေး ရပ်မြေမှာ လုပ်ပေးဖို့လိုအပ်နေပြီဖြစ်ပါတယ်။    ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More