Friday, February 28, 2014

တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ (နိဒါန်း)


ထက်အောင်ကျော် (၀၁-၀၃-၂၀၁၄)

DVB (ဒီမိုကရက်တစ် မြန်မာ့အသံ) အကြောင်း အခန်းဆက်ဆောင်းပါးတွေကို လာမဲ့ ကြာသပတေးနေ့၊ မတ်လ ၁၃ ရက်နေ့မှာကျရောက်တဲ့ မြန်မာနိုင်ငံလူ့အခွင့်ရေးမှစတင်ကာ အပတ်စဉ် ကြာသပတေးနေ့တိုင်း ဖေါ်ပြပေးသွားမည်ဖြစ် ပါကြောင်း ကြိုတင် ကြော်ငြာဝင်ပါသည်။
.....................................................


တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ (နိဒါန်း)

အခု ကျနော်ရေးသားတင်ပြမယ့် ''တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ'' ဟာ DVB (Democratic Voice of Burma) ဒီမိုကရက်တစ်မြန်မာ့အသံရဲ့ သမိုင်းမဟုတ်ပါ။ အော်စလိုအခြေစိုက် DVB ရဲ့ ၂၁ နှစ်တာဖြတ်သန်းမှုထဲက ကျနော်ပါဝင်ခဲ့ဖူးတဲ့ ၁၉၉၅ ကနေ ၂၀၁၁ ခုနှစ်အထိ ၁၆ နှစ်တာ အတွင်း အောက်ခြေသတင်းထောက်တဦး ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို မျှဝေခြင်းမျှသာ ဖြစ်ပါ တယ်။

၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ဒီမိုကရေစီလှုပ်ရှားသူများရဲ့အသံအဖြစ် စတင်ထုတ်လွှင့်ခဲ့တဲ့ DVB ဟာ မူလအခြေစိုက်ရာ နော်ဝေးနိုင်ငံ အော်စလိုမြို့ကနေ မြန်မာနိုင်ငံ ရန်ကုန်မြို့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တို့ဆီ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ လုံးဝအပြီး ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။

အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB (National Coalition Government of the Union of Burma) အသံလွှင့်ဌာနအဖြစ် စတင်ခဲ့ပြီး လွတ်လပ်တဲ့သတင်းဌာနတခုအဖြစ် တဖြည်းဖြည်း အသွင်ပြောင်း သွားခဲ့တဲ့ DVB ရဲ့ ၂၁ နှစ်တာ ဖြတ်သန်းမှုကာအတွင်း အောင်မြင်မှုတွေ အများကြီးရှိခဲ့သလို ဝေဖန် စရာတွေလည်း အများကြီးကျန်ခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် DVB ဟာ ၈ လေးလုံးအရေးတော်ပုံနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဒီမိုကရေစီကိုယ်စားပြု မီဒီယာတွေထဲမှာ တခုတည်းသော အသံလွှင့်ဌာနဖြစ်ပါတယ်။ ဒါကြောင့် တခေတ်ပြောင်းသွားပြီဖြစ်တဲ့ DVB အကြောင်းကို အခုချိန်မှာ မှတ်တမ်းတင်ထားသင့်တယ်လို့ ကျနော်ယုံကြည်ပါတယ်။

DVB အကြောင်း မှတ်တမ်းရေးမယ်ဆိုပြီး ပြောနေပေမယ့် တကယ်တော့ ကျနော်ဟာ DVB စတင်ဖွဲ့ စည်းစဉ်မှာ ပါဝင်ခဲ့သူတဦးမဟုတ်သလို ခရီးဆုံးတဲ့အထိ လိုက်ပါခွင့်ရသူတဦးလည်း မဟုတ်ပါ။ ဒါဖြင့် ဘာကို ရေးမှာလဲလို့ မေးစရာရှိပါတယ်။ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး) အကြောင်းရေးတဲ့အတိုင်းပါပဲ။ ကိုယ်ပါဝင် တာဝန်ထမ်းဆောင်ခဲ့စဉ် ကြုံခဲ့ရတဲ့ အခြေနေ တွေကိုသာ ရေးသားတင်ပြမှာဖြစ်ပါတယ်။

ABSDF နဲ့ DVB ဘာကွာသလဲဆိုရင် ABSDF က စေတနာ့ဝန်ထမ်း အဖွဲ့စည်းသက်သက်ဖြစ်ပြီး DVB ကတော့ လခပေးစနစ်နဲ့သွားတဲ့ Professional အဖွဲ့ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။ ဒီလိုအခြေခံ ကွာတဲ့အတွက် နှစ် ၂၀ ကျော်ကြာပြီးတဲ့အခါမှာ ABSDF နဲ့ DVB ဟာ သီးခြားစီဖြစ်သွားတယ်လို့လည်း ယူဆပါတယ်။

အခုရေးသားမှုဟာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ တော်လှန်ရေးကာလ သတင်းသမားတဦးရဲ့ အခက်ခဲ၊ DVB ခေတ်ဦးပိုင်း အခြေနေတွေကို သမိုင်းလေ့လာသူတွေ၊ အထူးသဖြင့် ဒီနေ့ လူငယ် မီဒီယာသမား တွေ လေ့လာသိရှိနိုင်ဖို့ အဓိကရည်ရွယ်ပါတယ်။    

ဒီလိုရေးသားတဲ့နေရာမှာ သိမ်းဆည်းထားတဲ့ မှတ်တန်းတချို့နဲ့ မှတ်မိသမျှကိုသာ စဉ်းစားပြီး ပြန်ရေးရ မှာ ဖြစ်တဲ့အတွက် အချက်လက် မှားယွင်းတာ၊ လွှဲချော်တာတွေရှိပါက လုပ်ဖော်ကိုင်ဖက်များ၊ ရဲဘော် ရဲဘက်များအနေဖြင့် ပြန်လည်ထောက်ပြပေးကြဖို့လည်း ဖိတ်ခေါ်အပ်ပါတယ်။။

စာဖတ်ပရိတ်သတ်အားလုံးကို လေးစားလျက်
ထက်အောင်ကျော်။
.........................။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More