Monday, February 3, 2014

ဒုတိယ အကြိမ် ပြန်တော်ပြန်ခရီးစဉ် (၁၀)

ထက်အောင်ကျော် (၀၃-၀၂-၂၀၁၄)
အင်းလေးကန်။

သမိုင်းလေ့လာသူတွေရဲ့အပြောတိုင်းဆိုရင်တော့ အလောင်းဘုရားခေတ်က ထိုင်းနိုင်ငံကို တိုက်ခိုက်ပြီး ထားဝယ်ဖက်ကနေပြန်လာစဉ် ခေါ်လာတဲ့ ထားဝယ်သားတွေကို အင်းထဲမှာနေရာချပေးရာကနေ အင်းသားတွေဖြစ်လာတယ်လို့သိရပါတယ်။ ရာဇ၀င်ကို ကျနော်သိပ်မသိပေမဲ့ အင်းသားတွေနဲ့ ကျနော် တို့ထားဝယ်တွေ စကားတူတာ၊ အပြန်အလှန်းနားလည်တာကတော့ အသေချာပါပဲ။

(အင်းလေးကန်ဘေးက ဟိုတယ်ဇုံအသစ်အတွက် တောင်တွေဖြိုထားစဉ်)

လှေစထွက်တော့ လေကတိုးလိုက်သည်ဖြစ်ခြင်း။ အနွေးထည်ကို အသေချာပြန်ပြင်ပြီး အအေးမပက် အောင် ပြင်ဝတ်ရပါတယ်။ ညောင်ရွှေလှေဆိပ်ကနေ အင်းလေးကန်ဝအထိ ၁၅ မီနစ်လောက်မောင်း ရပါတယ်။ ထူးခြားတာကတော့ ဒီကလှေတွေအားလုံး ပုံစံတမျိုးတည်း သစ်သားလှေတွေချည်း။ နောက် တချက်က မြန်မာနိုင်ငံက မော်တော်ကားတွေအားလုံး လက်ယာကပ်မောင်းဖြစ်ပေမဲ့ အင်းထဲကလှေ တွေက လက်ဝဲကပ်မောင်းကြတာကလဲ နောက်ထပ်ထူးခြားမှုတခုပါပဲ။

ပေ ၂၀ လောက်သာအကျယ်ရှိတဲ့ ချောင်းရိုးတလျောက်ကနေ အင်လေးကန်ကြီးထဲရောက်လာတော့ ရေပြင်က အကျယ်ကြီးဖြစ်သွားပါတယ်။ မျက်စိတဆုံးနီးပါးကျယ်ဝန်းတဲ့အတွက် ဘယ်လောက်ကျယ် သလဲဆိုတာကိုတောင် ခန့်မှန်းဖို့မလွယ်ပါ။ Wikipedia ကို ကိုးကားပြောရမယ်ဆိုရင်တော့ ဒီရေပြင်ဟာ ၄၅ စတုရန်းမိုင်အထိကျယ်ပြီး ပင်လယ်ရေပြင်ထက် ၂၉၀၀ ပေ အမြင့်မှာရှိတယ်လို့သိရပါတယ်။ အလွယ်ခေါ် မယ်ဆိုရင်တော့ ''တောင်ပေါ်ပင်လယ်'' ပေါ့။

ဒါက ၂၀၀၀ ခုနှစ်ဝန်းကျင်က တိုင်းထွာထားတဲ့စာရင်းကိုပြောတာပါ။ လွန်ခဲ့တဲ့နှစ် ၆၀ ကျော်၊ ၁၉၃၅ ခုနှစ် လွတ်လပ်ရေးမရခင်ကတိုင်းထွက်ချက်အရဆိုရင် ဒီကန်ကြီးဟာ ၆၉ စတုရန်းကီလိုမီတာအထိ ကျယ်ဝန်း တယ်လို့သိရပါတယ်။ ဒါပေမဲ့ ရေပေါ်စိုက်ခင်း သို့မဟုတ် ကျွန်းမျောစိုက်ခင်းတွေက ကျွန်းသေစိုက်ခင်း အဖြစ် အသွင်ပြောင်းပြီး ကန်ရေပြင်ကိုမြေပြင်အဖြစ်အသွင်ပြောင်းလိုက်တဲ့အတွက် အခုလို ၄၅ စတုရန်း မိုင်သာကျန်တော့တာလို့ ဆိုပါတယ်။

ဒါက ရေပြင်အကျယ်ကိုပြောတာပါ။ ရေအနက်ကိုသိချင်ရင်တော့ လှေစထွက်တဲ့နေရာကနေ ဖောင် တော်ဦးစေတီအထိ ရေမိုင်တိုင်တွေစိုက်ထားပြီး ရေအနက်အမှတ်သားတွေကိုပြထားတဲ့အတွက် အဲဒီ တိုင်တွေနားအထိ ကပ်ကြည့်ရင်တော့ ရေအနက်က ၁၀ ပေမကျော်ဘူးဆိုတာ သိနိုင်ပါတယ်။ ရှေ့က မှတ်တမ်းကိုပဲ ပြန်ကိုးကားရမယ်ဆိုရင် နွေရာသီမှာ ၇ ပေကနေ ၁၂ ပေအထိနက်ပြီး မိုးရာသီဆိုရင် နောက်ထပ် ၅ ပေခန့် ရေအနက် ထပ်တိုးတယ်လို့ဆိုပါတယ်။

(အင်းလေးကန်ထဲက စေတီငယ်များကို မြင်ရစဉ်)

ကန်ရေပြင်ဟာ ပင်လယ်ကြီးတခုလို ငြိမ်သက်နေပြီး တခါတရံ ဗေဒါပင်တွေမျောလာတာ၊ ကျွန်းမျောလို့ အလွယ်ခေါ်ကြတဲ့ ရေညှိရေမှော်ပင်တွေပါတဲ့ အမှိုက်တွေအုပ်စုလိုက်မျောလာတာမျိုးတွေ့ရပါတယ်။ တနေရာမှာတော့ အဲဒီကျွန်းမျောတွေကို လှေနဲ့လိုက်ဆယ်ယူနေတာတွေ့ရပါတယ်။

ကန်ရဲ့ပတ်လည်မှာ မြင့်မားတဲ့တောင်တန်းကြီးတွေကိုမြင်နေရပြီး ရေပြင်က စိမ်းနက်နေတယ်လို့ ပြောရ မလား။ ဒီလိုကန်မျိုး တခါမှမတွေ့ဖူးသေးတဲ့အတွက် ဘယ်လိုပြောရမှန်းမသိပါ။ သေချာတာကတော့ ပင်လယ်ရေနဲ့ ဒီကန်ထဲကရေ အရောင်မတူပါဘူး။ ကန်ပတ်လည်တလျောက် ကားလမ်းတွေရှိတယ်လို့ သိရပြီး ရွာလေးတွေကိုလဲ ခပ်ဝါးဝါးလှမ်းမြင်နေရပါတယ်။ ကန်ရဲ့ဘယ်ဖက်မှာတော့ ဦးတေဇပိုင်တဲ့ ဟိုတယ်အပါဝင် ဟိုတယ်အတော်များများကို လှမ်းမြင်နေရပါတယ်။

အဲဒီဟိုတယ်တွေအလွန် ဟိုဖက်ခပ်လှမ်းလှမ်းက တောင်ကျောကြီးပေါ်မှာတော့ ဟိုတယ်ဇုံမြေနေရာ အသစ်ဖေါ်ထုတ်နေတဲ့ စီမံကိန်းဆိုတာကိုလှမ်းမြင်ရပါတယ်။ သစ်တောတွေနဲ့စိမ်းစိုနေတဲ့ ကန်ရေပြင် ဘေးက တောင်တန်းကြီးပေါ်မှာ နီနီပြောင်ပြောင်မြေပြိုထားတဲ့လက္ခဏာတွေကိုမြင်ရတော့ စိတ်ထဲမှာ တမျိုးကြီးဖြစ်မိပါတယ်။ ဒီစီမံကိန်းက အင်းလေးကန်ရဲ့သဘာဝအလှကို ဖျက်ဆီးနေသလိုပါပဲ။

မီနစ် ၃၀ ခန့်ကြာပြီးချိန်၊ ငဖယ်ချောင်းသို့/ သပြေပင်သို့ လို့ရေးထားတဲ့ ရေးကြောင်းလမ်းခွဲပြ ဆိုင်း ဘုတ်အလွန်မှာတော့ လည်ပင်းမှာကြေးကွင်းစွပ်ထားတဲ့ ပဒေင်ဆိုင်တခုဆီ ကျနော်တို့လှေဆိုက်ပါတယ်။ ဒီလိုပဒေါင်တွေကို ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်မြို့အနီးရှိ ရွာလေးတွေမှာသာတွေ့ဖူးတဲ့အတွက် အင်းလေးကန်ထဲမှာ ပဒေါင်ရှိလိမ့်မယ်လို့ ကျနော်ထင်မထားပါ။ စေတီငယ်တွေအများကြီးရှိတဲ့ ချောင်းငယ်လေးတခုရဲ့ဘေးကဒီဆိုင်မှာ ပဒေါင်ရိုးရာပစ္စည်း မျိုးစုံရနိုင်ပါတယ်။

အဲဒီချောင်ရိုးငယ်အတိုင်းဆက်ဝင်လာတော့ ချောင်းဟိုဖက်ဒီဖက်ကူးတဲ့ ၀ါးလုံးတံတားလေးတွေ၊ တခါ တရံမှာ သစ်သားတွေနဲ့အခိုင်မာဆောက်ထားတဲ့ ကုန်းကျော်တံတား (ရေကျော်တံတား) တွေ အောက် ကနေ လှေကိုဖြတ်မောင်းရပါတယ်။ ၁၀ မီနစ်လောက်ကြာပြီးတဲ့အခါမှာတော့ အင်းလေးရွာမဖက် ရောက်လာပါတယ်။ အဲဒီမှာလှေခဏရပ်ပြီး ကျနော်တို့တက်လိုက်တဲ့နေရာက ''သီတဂူမေတ္တာ အာရောဂျ ဒါန ဆေးရုံတော်''။

''ခင်ဗျားတို့ ခဏခဏဖုန်းခေါ်ပြီးသတင်းမေးနေတဲ့ NLD က ဒေါက်တာထွန်းလှိုင်ဆိုတာ ဒီဆေးရုံကပဲလေ'' လို့ ကိုပါစကယ်ကပြောပြီး ဆေးရုံထဲဝင်လာပါတယ်။ လူနာတွေကိုတခန်းဝင်တခန်းထွက် လိုက်စစ်နေတဲ့ ဒေါက်တာက သူနာပြုဆရာမနဲ့လွှဲထားခဲ့ပြီး ကျနော်တို့နဲ့စကားလာပြောပါတယ်။ သူလဲ အင်းသားပါပဲ။ ကျနော်စိတ်ထဲတော့ အင်းသားတွေက ထားဝယ်သားတွေထက် မြန်မာစကားပိုပီတယ်လို့ ထင်မိပါတယ်။
''ကျနော်ထောင်ကလွတ်ချိန် အင်တာဗျုးလာလုပ်တဲ့သတင်းထောက်တွေက အရင်က ကျနော်ကိုဖမ်းပြီး ထောင်ချတဲ့ထောက်လှမ်းရေးတွေလို့ ကျနော်သားတွေက ပြောတယ်ဗျ'' လို့ ဒေါက်တာထွန်းလှိုင်က ပြောတော့ ကျနော်အတော် အံ့သြသွားပါတယ်။ ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်တယ်ဆိုတာ ဒါမျိုးကို ခေါ်တာတော့ မဟုတ်လောက်ဘူးလို့ထင်ပါတယ်။ အင်းထဲကဒေါက်တာရဲ့ စကားလုံးတွေက ကျနော့်ကို စဉ်းစားစရာတွေအများကြီးပေး လိုက်ပါတယ်။

ရွာမဆေးရုံဖက်ကနေ ဖောင်တော်ဦးစေတီဖက်အထွက်မှာတော့ ချောင်းဘေးတလျောက်မှာ အိမ်တွေ ပိုများလာပြီး တချို့အိမ်တွေမှာ ဈေးဆိုင်ဖွင့်ထားတာကိုတွေ့ရပါတယ်။ အဲဒီရွာတန်းအလွန်မှာတော့ နာမည်ကြီးလှတဲ့ ရေလယ်ဖောင်တော်ဦးစေတီ။ အင်းလေးကိုမရောက်ခင် ကျနော်ထင်ထားတာက ဖောင်တောဦးစေတီတခုတည်း ရေလယ်မှာ (ကျောက်တန်းဘုရားလို) ရှိနေတယ်လို့ပဲထင်ထားတာပါ။

(အင်းလေးကန်ထဲက ဖောင်တော်ဦးစေတီ)

တကယ်ကအဲဒီလိုမဟုတ်။ ဖောင်တော်ဦးစေတီနဲ့ ကျောင်းတွေကမြေပြင်မှာအခိုင်အမာဆောက်ထား တာပါ။ အဲဒီမြေပြင်ပတ်လည်မှာမှ ရေ၀ိုင်းနေတာမျိုး။ ဒီဘုရားဟာ အင်းလေးကန်အတွင်းအစည်ကား ဆုံးနေရာဖြစ်ပြီး နိုင်ငံတကာခရီးသွား အတော်များများတွေ့ရပါတယ်။ ATM ငွေထုတ်စက်တခုကိုတောင် ဘုရားကျောင်းဝင်းဘေးနားမှာ တွေ့ရပါတယ်။

ဒီဘုရားမှာ နောက်ထပ်ထူးထူးခြားခြားကျနော်တွေ့မိတာက ကလေးဈေးသည်တွေ။ ငါးစာနဲ့ပန်းစည်း တွေရောင်းနေကြပြီး သူတို့ဆီကတခုခုမ၀ယ်ရင်ပဲ အပြစ်ရှိသလိုလိုမျိုး ခရီးသည်စိတ်ထဲခံစားရအောင် ပြောနိုင်စွမ်းရှိကြပါတယ်။ ကလေးငယ်တဦးကဆိုရင် ''ဦးလေး။ ဘာမှမ၀ယ်ရင်လဲ ကျောင်းစာအုပ်ဖိုး လေးလှူထားခဲ့လေ။ သမီးကကျောင်းနေဖို့ စာအုပ်ဖိုးလိုနေတယ်'' လို့ပြောပါတယ်။ ကျိုက်ထီးရိုး၊ စစ်ကိုင်းတောင်ရိုးနဲ့ ပုဂံဘုရားတွေအပါဝင် နေရာအတော်များများက စေတီပုထိုးတွေမှာ ကလေးငယ်တွေ ပိုက်ဆံတောင်းနေတာကြုံရဖူးပေမဲ့ စာအုပ်ဖိုးဆိုပြီးခေါင်းစဉ်တပ်တောင်းတာကတော့ ဒါ ပထမ ဆုံး အကြိမ် ကြားရခြင်းဖြစ်ပါတယ်။

ပြီးတော့ ကင်မရာကြေး ၅၀၀ ကလဲ ဘုရားတိုင်းလိုလိုမှာပေးရပါတယ်။ ဖြတ်ပိုင်းပြန်မပေးတဲ့အခါကျတော့ အလှူခံတာလား၊ အခွန်ကောက်တာလားဆိုတာကို သိပ်မကွဲပြားလှ။ ဂေါပကအဖွဲ့ဝင်တွေကိုယ်တိုင်လဲ အခွန်ကောက်တာနဲ့ အလှူခံတာကို သိပ်ကွဲပြားပုံမရပါ။ ဒါကြောင့်လဲ အနောက်တိုင်းသားတချို့က မြန်မာဘုန်းကြီးကျောင်းတွေနဲ့ ဘုရားပုထိုးတွေရဲ့အလှူခံစနစ်၊ အလှူငွေအသုံးပြုပုံစနစ်တွေကို ပွင့်လင်းမြင်သာမှုအားနည်းတယ်ဆိုပြီး ပြောဆိုနေကြတာဖြစ်မယ်လို့ထင်မိပါတယ်။

ဖောင်တော်ဦးကနေပြန်ထွက်တဲ့ ချောင်းထဲမှာတော့ ''ဖြေးဖြေးမောင်းပါ'' လို့ရေးထားတဲ့ဆိုင်းဘုတ်တွေ တွေ့ရပါတယ်။ ယဉ်ထိမ်းရဲလဲရှိတာမဟုတ်ပဲနဲ့ အရှိန်တင်မောင်းရင် ဘယ်သူကလာဖမ်းမှာလဲလို့ လှေသမားကိုသွေးတိုးစမ်းကြည့်ပါတယ်။ ဒါပေမဲ့ အဲဒီလိုမောင်းလို့မရ။ ပေါလောပေါ်ရုံ ၀ါးလုံးတွေကို ကြိုးနဲ့ ဆွဲပြီး ၁၀ ပေစီအကွာမှာချထားတဲ့အတွက် အမြန်မောင်းရင် အဲဒီဝါးလုံးနဲ့ လှေပန်ကာညိပြီး ကျိုးပြီသာ မှတ်။

ဖောင်တော်ဦးကနေ ငါးဖယ်ချောင်းကျောင်းကြားမှာတော့ နောက်ထပ်ဟိုတယ်သစ်တခုကိုမြင်ရပြီး ရှေ့မှာ ပြောခဲ့တဲ့ ဟိုတယ်ဇုံ တောင်ဖြိုထားတဲ့နေရာကိုလဲ အတော်နီးနီးကနေ မြင်လိုက်ရပါတယ်။ တောင်တွေဖြို ထားတာ နဲတာမဟုတ်။ တောင် ၄-၅ လုံးလောက်ကို ဘူဒိုဇာတွေနဲ့ထိုးဖြိုပြီး တောင်နံရံပေါ်မှာ ဟိုတယ် ဆောက်ဖို့ပြင်နေပုံရပါတယ်။

(ကျွန်းမျော အင်းသီးစိုက်ခင်းတခု)

ငဖယ်ချောင်ကျောင်းဆီအ၀င်လမ်း ချောင်းလေးတလျောက်မှာတော့ ''အင်းသီး'' လို့လူသိများတဲ့ ကျွန်းမျော စိုက်ခင်း ခရမ်းချဉ်သီးပင်တွေကိုအများအပြားတွေ့ရပါတယ်။ သန်မာထွားကြိုင်းလှတဲ့ ဗေဒါပင်တွေက ချောင်းရိုးတလျောက်ကိုပိတ်ထားသလိုဖြစ်နေတဲ့အတွက် မနဲရှင်းပြိး သွားနေရပါတယ်။ ကျွန်းမျော စိုက်ခင်းတကွက်နဲ့တကွက်ကြားမှာ ခြံစည်းရုံးမရှိပေမဲ့ ရေစည်းရုံးခြားထားပါတယ်။ ခြံတခါးမရှိပေမဲ့ ရေတံခါးပိတ်ထားပါတယ်။ ကျနော်တို့အောက်ပြည်အောက်ရွာကလို လယ်စောင့်တဲ မရှိပေမဲ့ ရေပေါ်ခြံ စောင့်တဲလေးတွေ ရှိပါတယ်။ ဒီတော့ ခရမ်းချဉ်သီးစိုက်ခင်းတွေကိုမြင်နေရပေမဲ့ စိုက်ခင်းကြားထဲအထိ ၀င်သွားလို့မရပါ။

ကျွန်းမျောစိုက်ခင်းအလွန်မှာတော့ ငါးဖယ်ချောင်းကျောင်းကိုတွေ့ရပါတယ်။ တကယ့်ရှေးဟောင်း သစ်သား ကျောင်းကြီး။ နှစ်ပေါင်းအတော်ကြာပြီလို့ထင်ရတဲ့ ကျွန်းသစ်သားတွေနဲ့ခင်ထားတဲ့ ကျောင်းကြမ်းပြင်ဟာ လမ်းလျောက်ရင် တကျွီကျွီ မြည်နေပါတယ်။ ဒီဖက်နားမှာတော့ မှန်စီရွှေချ ရှေးဟောင်းပုလ္လင် တဒါဇင်ခန့် ရှိပါတယ်။ ကျောင်းထိုင်ဆရာတော်အပါဝင် သံင်္ဃာတော်အတော်များများကိုလဲ ဒီကျောင်းမှာ သီတင်းသုံးနေ တာတွေ့ရပါတယ်။ ပြီးတော့ ထိုင်းဘုရားဖူးတွေအပါဝင် ကမ္ဘာလှည့်ခရီးသည်တွေကလဲ ဒီကျောင်းကို စိတ်ဝင်တစား ဓာတ်ပုံရိုက်မှတ်တန်းတင်နေတာတွေ့ရပါတယ်။

(အင်းသူနဲ့ အင်းသီး)

ငါးဖယ်ချောင်းကျောင်းကနေပြန်ထွက်လာတော့ ညနေ ၅ နာရီကျော်နေပြီ။ နေ၀င်ခါနီး အင်းလေးကန် ရေပြင်က အတော်လှပနေပါတယ်။ ဇင်ယော်အုပ်တအုပ်က ကျနော်တို့လှေပေါ်ဝဲပျံပြီးလိုက်လာပါတယ်။ တခြားလှေတွေပေါ်မှာလဲ ဇင်ယော်တွေပျံဝဲလျက်။ တချို့ခရီးသည်တွေကတော့ ငှက်စာကျွေးနေကြပါတယ်။ ကမ္ဘာလှည့်ခရီးသည်တချို့ကတော့ ရေမိုင်မှတ်တိုင်တွေမှာ လှေကိုချည်ပြီး နေ၀င်ချိန်အလှကို အမိအရ ဓာတ်ပုံစောင့်ရိုက်နေကြပါတယ်။

အင်းလေးကန်ပေါ် ၃ နာရီလောက်သွားပြီး အိမ်အပြန် ချောင်းငယ်လေးထဲဝင်ခါနီးမှ အင်းလေးမှာ နာမည် ကြီးလှတဲ့ ခြေတောက်နဲ့လှော်တဲ့လှေကိုတွေ့ပါတယ်။ နေ၀င်ချိန်နောက်ခံနဲ့အသေချာချိန်ရိုက်ပေမဲ့ သူ့အလုပ်သူလုပ်နေတော့ လိုချင်တဲ့ပုံကိုမရ။ ''ဒီဖက်လှည့်ပါဦး'' လို့ပြောတော့ လှေသမားက သဘာဝ အတိုင်းမဟုတ်တော့ပဲ ဓာတ်ပုံအရိုက်ခံတဲ့ပုံဖြစ်သွားပါတယ်။

လှေကိုခြေတောက်နဲ့လှော်တဲ့အပြင် ၀ါးနဲ့လုပ်ထားတဲ့မြှုံးကြီးနဲ့ငါးဖမ်းတဲ့ပုံပါ လုပ်ပြနေတဲ့အတွက် ဒီလှေ သမား တကယ်လုပ်တာမဟုတ်ပဲ သရုပ်ဆောင်ပြနေပြီဆိုတာ ကျနော်သိလိုက်ပါတယ်။ ကျနော်တို့ နောက်က လိုက်လာတဲ့လှေကလဲ အဲဒီပုံတွေကိုအမိအရရိုက်ပြီး လှေသမားကို ၅၀၀ လား၊ ၁၀၀၀ လား မသိပေးလိုက်တာမြင်ရပါတယ်။ ကျနော့်စိတ်ထဲမှာတော့ သတင်းဓာတ်ပုံဆိုတာ ဒီလိုဆင်ရိုက်တာမျိုး မဖြစ်စေရ၊ အခကြေးငွေပေးပြီးသရုပ်ဆောင်ခိုင်းရင် အဲဒါသတင်းသမားကျင့်ဝတ်ကိုချိုးဖေါက်တာပဲ ဆိုတဲ့ ဆရာသမားတဦးရဲ့အဆိုအမိန့်ကိုပြန်ကြားရောင်မိတဲ့အတွက် ဆက်မရိုက် ဖြစ်တော့ပါ။

အင်းထဲကမထွက်ခင် အင်းအကြောင်း မှတ်တန်းတချို့ကို ထပ်ပြောရမယ်ဆိုရင် ဒီအင်းထဲကရေတွေဟာ ဘီးလူးချောင်း သို့မဟုတ် လောပိတရေ တံခွန်ဆီ လျှံထွက်သွားတယ်လို့သိရပါတယ်။ ဒီအင်းဟာ မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံးအင်းဖြစ်ပြီး ကမ္ဘာမှာရှားပါးသွားပြီဖြစ်တဲ့ ခရုအမျိုးပေါင်း ၂၀ နီးပါးနဲ့ ရှားပါးငါးမျိုးစေ့ ၉ မျိုးရှိတယ်လို့သိရပါတယ်။ အင်းထဲနဲ့ အင်းပတ်လည်ရွာတွေမှာ နေထိုင်တဲ့ လူဦးရေ ကတော့ ၇ သောင်းဝန်းကျင်လောက်ရှိတယ်လို့ ဆိုပါတယ်။

(ပိုးသတ်ဆေးနဲ့ ဓာတုဆေးဝါး လျော့ချသုံးစွဲဖို့ သတိပေးချက်များ)

ပုံဂံကလွဲရင် အင်းလေးကန်ဟာ အနောက်တိုင်းသားကမ္ဘာလှည့်ခရီးသည် အများဆုံးတွေ့ရတဲ့ နေရာအဖြစ် သတိထားမိပါတယ်။ ဒါကြောင့်လဲ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အင်းသီးစိုက်ခင်းတွေကြောင့် အင်းလေး ကန်ဟာ တဖြေးဖြေးတိမ်ကောလာနေတယ်လို့ သဘာဝပတ်ဝန်းကျင်အဖွဲ့တွေက သတိပေး နေတာဖြစ်ပုံ ရပါတယ်။ ဒီအတွက် အင်းလေးကန်ကြီးကို ဘယ်လိုကာကွယ်ကြမလဲဆိုတာနဲ့ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင်သမားတွေက ဆွေးနွေးနေတယ်လို့ သတင်းတွေထဲ မကြာခဏကြားနေရပါတယ်။

ဒါပေမဲ့ အင်းလေးကန်ဆီ လူကိုယ်တိုင်ရောက်သွားတဲ့အခါမှာတော့ သဘာဝပတ်ဝန်းကျင်ပညာပေး ဆွေးနွေးပွဲတွေကိုမတွေ့ရပဲ တိုးပွါးလာနေတဲ့ ခရမ်းချဉ်းသီးစိုက်ခင်းတွေ၊ ကျွန်းမျောကနေ ကျွန်းမာဖြစ် သွားတဲ့စိုက်ခင်းတွေ၊ ဟိုတယ်ဇုံအတွက် တူးဖြိုထားတဲ့ တောင်တန်းတွေကိုသာ မြင်ခဲ့ရပါတယ်။

အင်းလေးကအပြန် တောင်ကြီးမှာ တညအိပ်ပြီး နောက်တနေ့မနက်စောစောမှာတော့ လင်းခေးဖက်သွားဖို့ ကားဂိတ်ဆီကျနော်ဆင်းလာပါတယ်။ တောင်ကြီးတက္ကသိုလ်ဘေးနားမှာရှိတဲ့ အဲဒီကားဂိတ်က လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး ရှမ်းတိုဟူးနွေးစားဖို့ပြင်တော့ တို့ဟူးချက်သူက ရှမ်းမဟုတ်ပဲ မြိတ်သူဖြစ် နေပါတယ်။ ''ခင်ဗျားက ကတ်ကြေးကိုက်မရောင်းပဲ ဘယ်လိုလုပ် တိုဟူးရောင်းနေတာလဲ'' ဆိုပြီး ကျနော်က ထားဝယ်သံနဲ့မေးတော့ သူဒီမှာနေတာ နှစ် ၂၀ လောက်ရှိနေပြီလို့ မြိတ်သူကပြောပါတယ်။

မြန်မာနိုင်ငံခရီးစဉ်တွေအတွင်း ကြုံဖူးသမျှ ကားဂိတ်တွေထဲမှာ ဒီဂိတ်မှာ ကားစောင့်ရတာ အကြာဆုံးပါပဲ။ မနက် ၇ နာရီခွဲထွက်မယ်လို့ပြောထားတဲ့ကားက ၁၁ နာရီလောက်မှ ထွက်ပါတယ်။ ဘာကြောင့် လဲဆိုပြီး မေးကြည့်တော့ ခရီးသည်ဘုန်းတော်ကြီးဆွမ်းစားတာကို စောင့်နေရလို့ပါတဲ့။ သေပြီဆရာပေါ့။

နေ့လည်ဆွမ်းဘုန်းပေးပြီးမှထွက်မဲ့ကားကို မနက် အရုဏ်ဆွမ်းချိန်ကတည်းက သွားစောင့်နေမိတာကိုက ကျနော့်အမှား။ အေးလိုက်တဲ့ တောင်ကြီးဆောင်း။ အနှုတ် ၁၀ စင်စီဂရိတ်အောက်မှာနေလာတဲ့ အော်စလိုသားဆိုပေမဲ့ အပေါင်း ၁၀ ကျော်ရှိတဲ့ တောင်ကြီးဆောင်းကိုမခံနိုင်။ တောင်ကြီးက အော်စလို လောက်မအေးပေမဲ့ ဒီက အဆောက်ဦတွေ၊ အ၀တ်အထည်တွေက အော်စလိုမှာလို အအေးဒဏ်ခံနိုင် အောင် သုတေသနလုပ်ပြီး အသေချာပြင်ထားတာမျိုးမဟုတ်။

(ရေပေါ်စာတိုက်)

ပြီးတော့ အော်စလိုကနေပါလာတဲ့ ဆောင်းတွင်းအ၀တ်တွေကို ပူအိုက်တဲ့မြန်မာနိုင်ငံမှာ အသုံးမတည့် ပါဘူးဆိုပြီး အားလုံး ဘန်ကောက်မှာချန်ထားခဲ့တာကလဲ ကျနော့်အမှား။ ဒီတော့ မနက်စောစော ကားဂိတ် မှာလာရောင်းတဲ့ ခေါင်းစွပ်၊ လက်အိပ်နဲ့ ဖုံကာတဲ့မျက်နှာဖုံးတွေကိုဝယ်လိုက်ရပါတယ်။ ကား ရောက်လာ ချိန်ကြည့်လိုက်တော့ ပစ္စည်းတွေတင်ထားတာ နဲတာမဟုတ်။ ပေါင်မုန့်ကား (အံစာတုံးကား) ရဲ့နောက်ဖက်ခုံ တွေမှာရော၊ ခေါင်မိုးပေါ်မှာပါ ကြိုးတွေနဲ့ဆိုင်းပြီးအပြည့်။

တောင်ပေါ်လမ်းမှာ ဒီလောက်ပစ္စည်းအများကြီးတင်သွားတာ ကြောက်စရာကြီး။ ဒါပေမဲ့ ဘာမှ မတတ်နိုင်။ စင်းလုံးဖြတ်ငှားရင် တသိန်းခွဲလောက်ပေးရမယ်ဆိုတော့ တသောင်းတန်ဒီလိုလိုင်းကားမျိုးကို တိုးစီးတာပဲ တန်ပါတယ်။ နိုင်ငံကျော်အဆိုတော် စိုင်းထီးဆိုင်တို့တောင် ဒီလိုကားနဲ့သွားခဲ့တာပဲ၊ ကိုယ်က ဘာကောင်မို့ လို့ မသွားနိုင်ရမှာလဲလို့အားတင်းပြီး တောင်ကြီး-လင်းခေးကားပေါ်တက် လိုက်ပါတယ်။      ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More