Wednesday, February 12, 2014

ပင်လုံစိတ်ဓာတ်နဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေး

Written by  ထက်အောင်ကျော်

Wednesday, 12 February ( The Voice Daily) 
 
ဒီနေ့ ကျရောက်တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ (၆၇) နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။ ပြည်ထောင်စုနေ့ ရောက်တိုင်း အလံတင်၊ အလံသယ် အခမ်းအနားတွေ၊ ပျော်ပွဲရွှင်ပွဲ၊ အားကစားပွဲ အခမ်းအနားတွေ၊ ယဉ်ကျေးမှု ပြပွဲပြိုင်ပွဲတွေ မြို့တိုင်းလိုလိုမှာ နှစ်စဉ် ကျင်းပကြပါတယ်။

အထူးသဖြင့် ပြည်ထောင်စုနေ့မှာ ကျင်းပတဲ့ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ပြခန်းတွေဟာ လူစိတ်ဝင်စားမှု အများဆုံး ဖြစ်ပါတယ်။ ပြည်နယ်- တိုင်း မြို့တော်အသီးသီးမှာ ကျင်းပကြတဲ့အပြင် ရန်ကုန် ကျိုက္ကဆံ ကွင်းမှာလည်း ခမ်းနားထည်ဝါစွာ ကျင်းပလေ့ရှိပြီး လူတွေတိုးမပေါက်အောင် စည်ကားလေ့ ရှိပါတယ်။

အဲဒါ ၁၉၈၈ ခုနှစ် ၈ လေးလုံး အရေးတော်ပုံ မတိုင်ခင် ကျွန်တော်တို့ ကျောင်းသားဘဝက အခြေအနေကို ပြောတာပါ။ အခုချိန် အဲဒီလိုသွားပြောရင် “ခင်ဗျား ဘယ်မှာအိပ်ပျော်ပြီး ကျန်ခဲ့တာလဲ”  လို့ အမေးခံရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီလို အလံသယ်တာ၊ ယဉ်ကျေးမှုပြပွဲ ကျင်းပတာတွေ ခမ်းခမ်းနားနား မလုပ်တာ နှစ်ပေါင်း အတော်ကြာနေပြီလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

“ကျိုက္ကဆံကွင်းက အခုအားကစားသိပ္ပံ ဖြစ်နေပြီ။ စစ်အစိုးရခေတ်ကဆို ယာယီ ထိန်းသိမ်းရေးစခန်းတောင် ဖြစ်လိုက်သေးတယ်လေ” လို့ တက္ကသိုလ် ဆရာတစ်ဦးက ပြောပါတယ်။ ပြီးတော့ သူကဆက်ပြီး “ဒီနေ့ ကလေးတွေက ပြည်ထောင်စုနေ့တို့၊ ဗိုလ်ချုပ်မွေးနေ့တို့ သိပ်မသိတော့ဘူးဗျ။ သူတို့သိတာ ဖေဖော်ဝါရီ ၁၄ နဲ့ ချစ်သူများနေ့ပဲ” လို့ သူကဆိုပါတယ်။

ဒါကိုပင် ၂၅ နှစ်အတွင်း ထူးခြားတဲ့ အပြောင်းအလဲလို့ ပြောရတော့မလား။ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းနေပါတယ်ဆိုတဲ့ ဒီနေ့ကာလမှာကော ပြည်ထောင်စုနေ့နဲ့ ဗိုလ်ချုပ် မွေးနေ့တွေကို အရင်ခေတ်ကလို ပြန်လည် ဖော်ထုတ်သင့်ပါသလား။

ကံကောင်းတာ တစ်ခုကတော့ ပြည်နယ်-တိုင်းမြို့တော်တွေမှာ အရင်လို ပြည်ထောင်စုနေ့ အခမ်းအနား အကြီးအကျယ် မလုပ်တော့ပေမယ့် နေပြည်တော်မှာတော့ ပြည်နယ်-တိုင်းပေါင်းစုံက ယဉ်ကျေးမှု အဖွဲ့တွေကို ဆင့်ခေါ်ပြီး ကပွဲ၊ ပြိုင်ပွဲတွေ ကျင်းပနေဆဲ။ ပြည်ထောင်စုနေ့ ညစာစားပွဲတွေ ကျင်းပနေဆဲလို့ သိရပါတယ်။

မနှစ်က အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် နေပြည်တော်မှာ အဲဒီလို ပြည်ထောင်စု ယဉ်ကျေးမှုကပွဲတွေ၊ ညစာစားပွဲတွေ ကျင်းပနေချိန်မှာ ကချင်ပြည်နယ် လိုင်ဇာမှာတော့ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေပါတယ်။ ဒီနှစ်အတွက် ကံကောင်းတာကတော့ ပြည်ထောင်စုနေ့မှာ အဲဒီလို တိုက်ပွဲကြီးတွေ မရှိတော့ပါ။ ဒီထက် ပိုကံကောင်းမယ်ဆိုရင် မနှစ်က အဲဒီလို တိုက်နေဆဲဖြစ်တဲ့ KIO (ကချင်လွတ်လပ်ရေးအဖွဲ့) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်  တော်လှန်ရေး အဖွဲ့ခေါင်းဆောင်တွေကိုတောင် နေပြည်တော်က ပြည်ထောင်စု ညစာစားပွဲဆီ သမ္မတက ဖိတ်ခေါ်ကောင်း ဖိတ်ခေါ်နိုင်ပါတယ်။

ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့ ၂၀၁၃ တစ်နှစ်လုံး ဦးသိန်းစိန် အစိုးရရဲ့ အဓိက ဦးစားပေး လုပ်ငန်းစဉ်ထဲမှာ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးတာ၊ တစ်ဖွဲ့ချင်းစီနဲ့ လက်မှတ်ထိုးတာတွေ လုပ်နိုင်ခဲ့ပြီး အဖွဲ့အားလုံး ပါနိုင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အဆင့်ဆီ သွားဖို့ ကြိုးစားခဲ့လို့ပါ။ ငွေကုန်ကြေးကျများပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ပါဝင် ပတ်သက်နေတဲ့ ဒီလုပ်ငန်းစဉ်ဟာ အခုအချိန်ထိ တိကျတဲ့ အဖြေထွက် မလာသေးပေမယ့် မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုဆီ ဦးတည်နေပြီလို့တော့ မှန်းဆနိုင်ပါတယ်။

မေးစရာ ကျန်နေတာကတော့ အဲဒီလို တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူညီချက် ရပြီဆိုရင် ဘာဆက်လုပ်ကြမှာလဲ ဆိုတာပါပဲ။ အားလုံး ပြောနေကြတဲ့အတိုင်း “နိုင်ငံရေးမူဘောင် ဆွေးနွေးရေး” ပေါ့လို့ ဖြေကြမယ် ထင်ပါတယ်။ ဒါပေမဲ့ သံတမန်ဆန်လှတဲ့ အဲဒီစကားလုံးက ဘာကိုဆိုလိုတာလဲ။ အဓိပ္ပာယ်က ဘာလဲ။

‘နိုင်ငံရေး မူဘောင်’ ဆိုတာ ဘာကိုဆိုလိုမှန်း ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် သိန်းနဲ့ချီရှိတဲ့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေကို အနာဂတ်မှာ ဘယ်လို ရှင်သန်ခွင့်ပေးမလဲ။ အဖွဲ့တစ်ခုချင်းစီက လိုချင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဘယ်လိုခွင့်ပြုပေးမလဲ။ တိုင်းရင်းသား တစ်စုချင်းအလိုက် စာပေ၊ ယဉ်ကျေးမှု၊ ကိုယ်ပိုင် လက္ခဏာ အသိအမှတ်ပြု ခံရရေးအတွက် ဘယ်လို သဘောတူကြမလဲဆိုတဲ့ အချက်တွေ အဲဒီ ‘မူဘောင်’ ထဲမှာ ပါဝင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ဒီလို မူဘောင် သတ်မှတ်နိုင်ရေးအတွက် ဘာကိုအခြေခံပြီး ဆွေးနွေးကြမှာလဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တို့တာဝန် အရေးသုံးပါးလား။ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့် လက်ထက်က တို့တာဝန် အရေးသုံးပါး အခြေခံနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ပြီးပါပြီ။ ပန်းတိုင်ဆီ မရောက်ဘဲ သူပါ အဖမ်းခံရပြီး အားလုံး ပျက်သွားခဲ့ပါတယ်။ ဒါဆိုရင် ၂၀၀၈ ဥပဒေနဲ့လား။ ဒါကိုလည်း အများက လက်မခံနိုင်လို့ ပြန်ပြင်ရေးအဖွဲ့တောင် လွှတ်တော်ထဲမှာ ဖွဲ့ထားပြီးပြီဆိုတော့ ဒါလည်း မဖြစ်နိုင်ပြန်ပါဘူး။

ဒါဖြင့် ဘာကို အခြေခံယူပြီး ဆွေးနွေးကြမှာလဲ။ ‘ပင်လုံစာချုပ်နဲ့ ပင်လုံစိတ်ဓာတ်’ လို့ပဲ ဖြေရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် တကွဲတပြားစီ ဖြစ်နေတဲ့ မြန်မာနိုင်ငံတွင်းက လူမျိုးစု အားလုံးနီးပါးဟာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ ဆုံတွေ့ပြီး နယ်ချဲ့ လက်အောက်ကနေ လွတ်လပ်ရေး အရယူနိုင်ဖို့အတွက် အတူတကွ ယှဉ်တွဲနေ ထိုင်ရေးမူကို လက်မှတ် ရေးထိုးနိုင်ခဲ့လို့ ဖြစ်ပါတယ်။

KIO အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ တွရော လက်နက်မကိုင်တဲ့ တိုင်းရင်းသား ပါတီတွေကပါ ပင်လုံစာချုပ်နဲ့ ပင်လုံစိတ်ဓာတ်အကြောင်း အခုတစ်လော အလေးပေး ပြောဆိုလာကြတာကို နိုင်ငံရေး စိတ်ဝင်စားသူတိုင်း သတိထားမိကြမှာပါ။

ကဲ...အဲဒီ ပင်လုံစာချုပ်ထဲမှာ ဘာတွေပါသလဲ။ ဘယ်အချက်တွေကို တိုင်းရင်းသား အဖွဲ့တွေက အဓိက ကိုးကား ထောက်ပြချင်နေတာလဲ။ ဒုတိယ ပင်လုံညီလာခံ ခေါ်မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကကော ပင်လုံစာချုပ်ပါ ဘယ်အချက်တွေကို ညွှန်းဆိုချင်နေတာလဲ။ ဖက်ဒရယ်စနစ်ကို လက်ခံပါတယ်လို့ ပြောလာတဲ့ ဦးသိန်းစိန်၊ ဦးရွှေမန်းနဲ့ ကြံ့ခိုင်ရေးပါတီကကော ဘယ်လိုဖက်ဒရယ်ကို ဆိုလိုတာလဲ။

ပင်လုံစာချုပ်ပါ အချက်ကိုးချက်ကို အသေအချာ ဖတ်ကြည့်မယ်ဆိုရင် လွတ်လပ်ရေး ရပြီးတဲ့နောက် ဘယ်လို ပြည်ထောင်စုမျိုး တည်ဆောက်မယ်ဆိုတဲ့ အတိအကျ ညွှန်းဆိုချက် မတွေ့ရပါဘူး။ တောင်တန်းဒေသအတွက် ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်ပြီး ဘုရင်ခံ အမှုဆောင် ကော်မတီထဲမှာ ထည့်ကာ တောင်တန်းဒေသကို အလေးပေး ဆောင်ရွက်ပေးဖို့သာ အဓိက တောင်းဆိုထားတာ တွေ့ရပါတယ်။

ဒါဖြင့် ဘာကြောင့် ပင်လုံစာချုပ်ကို အားလုံးက ကိုးကားပြောဆို နေကြတာလဲလို့ မေးစရာ ရှိလာပါတယ်။ အဲဒီ ပင်လုံညီလာခံကို တက်ခဲ့သူ ရှမ်းဝါရင့် ခေါင်းဆောင်ဦးရွှေအုန်းရဲ့ ‘ကိုယ်တိုင်ရေး ကိုယ်ရေး အတ္တုပ္ပတ္တိစာအုပ်’ ကို ကိုးကားရမယ်ဆိုရင် ‘စာနဲ့ရေးမထားတဲ့ သဘောတူညီချက်များ’ 'Unwritten  Agreement' ဆိုတာ ရှိပါတယ်။ အဲဒီအချက်က ရှေ့မှာပြောခဲ့တဲ့ ပင်လုံစာချုပ်ပါ အချက်ကိုးချက်ထက် ပိုအရေးကြီးပါတယ်။ ပင်လုံရဲ့ တကယ့် အနှစ်သာရဟာ ‘စာနဲ့ရေးမထားတဲ့ သဘောတူညီချက်များ’ ဖြစ်တယ်လို့ နားလည်မိပါတယ်။

အဲဒီ အချက်ကိုးချက်ရဲ့ နိဒါန်းမှာ ဘာရေးထားသလဲဆိုရင် “ရှမ်းပြည်နယ်များ၊ ကချင်တောင်တန်း ဒေသများနှင့် ချင်းတောင်တန်း ဒေသတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသော ပင်လုံမြို့တွင် ကျင်းပသည့် အစည်းအဝေးကြီးတွင် ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်း ပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍လျင်မြန်စွာ ရရှိလိမ့်မည်ဟု ကန့်ကွက်သူမရှိဘဲ သဘောတူညီကြလေသည်” လို့ ရေးထားတာ တွေ့ရပါတယ်။

ဆိုလိုတာကတော့ တောင်တန်းနဲ့ပြည်မ ပူးတွဲပြီး တစ်ပြိုင်တည်း လွတ်လပ်ရေး အရယူနိုင်ဖို့အတွက် ဒီပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးလိုက်တာပါ။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ကြားဖြတ်အစိုးရနဲ့ တိုင်းရင်းသားတွေ ပူးတွဲ ဆောင်ရွက်နိုင်ဖို့ ဒီစာချုပ်ကို လက်မှတ်ရေးထိုး လိုက်တာပါ။

လွတ်လပ်ရေး ယူဖို့အတွက်သာ စာချုပ်မှာ အဓိက ရေးသားထားပြီး အနာဂတ်နိုင်ငံတော် တည်ဆောက်ရေး အတွက်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားတွေ ဆက်ဆွေးနွေး ညှိနှိုင်းသွားမယ်။ ပင်လုံရဲ့ အနှစ်သာရ၊ ပင်လုံရဲ့စိတ်ဓာတ် ဆိုတာဟာ တောင်တန်းသားတွေနဲ့ ပြည်မက လူတွေအကြား အပြန်အလှန် နားလည်မှုရှိပြီး တန်းတူရည်တူ ဆွေးနွေးညှိနှိုင်းခြင်းလို့ အဓိပ္ပာယ် ရတယ်လို့ ကျွန်တော် ထင်ပါတယ်။

ဒီအတွက် ပင်လုံစာချုပ်၊ ပင်လုံညီလာခံ၊ ပင်လုံစိတ်ဓာတ်ဆိုပြီး အားလုံးက ညွှန်းဆိုနေတာလို့ နားလည်ပါတယ်။ ဒီလိုညွှန်းဆိုတယ် ဆိုတာကို အခုလို ပြည်ထောင်စုနေ့မှာ နိုင်ငံရေး အဖွဲ့စည်းအားလုံးက အသေအချာ ရှင်းပြသင့်ပါတယ်။ ဒါဟာ နေပြည်တော်က ပြည်ထောင်စုနေ့မှာ သမ္မတနဲ့အတူ ညစာစားပွဲ တက်ဖို့ထက် ပိုအရေးကြီးပါတယ်။ ယဉ်ကျေးမှုက ပွဲထက်လည်း ပိုအရေးကြီးပါတယ်။ အပေါ်ယံ အခင်းအကျင်းတွေကို နည်းနည်းလျှော့ပြီး အနှစ်သာရတွေကို ထုတ်ဖော်ပြောဆို ဆွေးနွေးငြင်းခုံဖို့ နိုင်ငံရေး သမားတွေမှာ တာဝန်ရှိပါတယ်။

အနှစ်ပြန်ချုပ်ရမယ် ဆိုရင်တော့ အနာဂတ် မြန်မာနိုင်ငံတော်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ် အခြေပြု တည်ဆောက်လို့ မရနိုင်ပါ။ ပင်လုံစိတ်ဓာတ်ပေါ်မှာသာ အခြေခံ တည်ဆောက်လို့ ရနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံသူရော၊ လက်မခံသူရော၊ ပါလီမန်တွင်းရော၊ ပါလီမန်ပရော နိုင်ငံရေး အင်အားစုအားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ တစ်ခုလုပ်ဖို့ လိုနေပါတယ်။

ဒီထက်ပိုရှင်းအောင် ပြောရရင် ‘သုံးပွင့်ဆိုင် ဆွေးနွေးပွဲ’ လုပ်ဖို့ လိုနေပါတယ်။ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ လက်ရှိအာဏာရ စစ်အုပ်စုဟောင်းတွေရယ်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေရယ်၊ ပြည်တွင်း-ပြည်ပ တိုင်းရင်းသား အင်အားစုတွေရယ် အားလုံး တန်းတူရည်တူ ဆွေးနွေးဖို့ လိုအပ်နေပါတယ်။

လက်ရှိသွားနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပါလီမန် လမ်းကြောင်း ဆိုတာဟာ မလွှဲမရှောင်သာလို့ တရွတ်တိုက် လိုက်ပါနေရတဲ့ လမ်းကြောင်းတစ်ခုသာ ဖြစ်တယ် ဆိုတာကို ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသား တန်းတူရေးကို ယုံကြည်တဲ့ နိုင်ငံရေးသမားတိုင်း သတိပြုမိဖို့ လိုပါတယ်။ အားလုံးပါနိုင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေး လမ်းကြောင်းကို အင်အားစု အားလုံးက ပြန်တောင်းဆိုဖို့ လိုနေပါတယ်။

အဲဒီလို မတောင်းဆိုဘဲ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီက အများစု ယူထားတဲ့ ပါလီမန်က ပြောတဲ့အတိုင်း၊ ဦးသိန်းစိန် အစိုးရက လမ်းညွှန်တဲ့အတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ လမ်းပြမြေပုံ ‘မူဘောင်’ ထဲကနေ ထိုးထွက်နိုင်ဖွယ် မရှိပါ။ ပင်လုံစိတ်ဓာတ်တွေ၊ ဖက်ဒရယ် မူတွေဆီလည်း ဦးတည်နိုင်ဖို့ မလွယ်ပါ။

ဒါကြောင့် အင်အားစုအားလုံး ပါဝင်ခွင့်ရတဲ့ နိုင်ငံရေး ဆွေးနွေးပွဲ၊ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ တစ်ရပ်ကို ပင်လုံစိတ်ဓာတ်ပေါ် အခြေခံပြီး အမြန်ဆုံး ပြုလုပ်ဖို့၊ အဲဒီဆွေးနွေးပွဲကနေ ထွက်လာတဲ့ ရလဒ်ပေါ် အခြေခံပြီး အနာဂတ် နိုင်ငံတော် တည်ဆောက်ရေး ‘မူဘောင်’ ချမှတ်နိုင်ဖို့ အရေးတကြီး လိုအပ် နေပါကြောင်း ဒီနေ့ ကျရောက်တဲ့ ပြည်ထောင်စုနေ့မှာ အလေးအနက် တင်ပြ လိုက်ရပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More