Sunday, February 9, 2014

ဒုတိယ အကြိမ် ပြန်တော်ပြန်ခရီးစဉ် (၁၂)

ထက်အောင်ကျော် (၁၀-၀၂-၂၀၁၄)
ပင်လုံ။


(ပင်လုံမြို့က ပြည်ထောင်စုကျောက်တိုင်)

အလှူပွဲကအပြန် နေ့လည်ပိုင်းမှာတော့ နမ့်တိန်းချောင်းနဘေးရှိ ရေပေါ်ဆိုင်မှာသွားထိုင်ပြီး ချောင်းတဖက် ကမ်းက စိုက်ခင်းနဲ့ မြင့်မားလှတဲ့ လွိုင်လုံတောင်တန်းကြီးကိုငေးကြည့်မိပါတယ်။ ''ဟိုး... တောင်ပေါ်မှာ အိမ်သေးသေးလေးတွေတွေ့လား၊ အဲဒီမှာ ပအို့ရွာလေးတွေရှိတယ်လေ။ သူတို့က အခုချိန်ထိ ဘိန်းစိုက်နေကြတုန်း'' လို့ ကျနော်နဲ့ဆိုင်အတူထိုင်တဲ့ လူငယ်တဦးကပြောတော့ အံ့သြသွားပါတယ်။

ဒီလောက်မြင့်မား မတ်စောက်တဲ့တောင်ပေါ်မှာ ဘယ်လိုလုပ်ရွာတည်ထားသလဲ။ ပြီးတော့ အခုချိန်ထိ ဘိန်းစိုက်နေဆဲတဲ့။ မြန်မာနိုင်ငံဟာ အာဖဂ္ဂန်နစ်စတန်နိုင်ငံပြီးရင် ဒုတိယ ဘိန်းအများဆုံးထွက်တဲ့နိုင်ငံ၊ ရှမ်းပြည်ဟာ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ဧရိယာအများဆုံးရှိတဲ့နေရာဆိုတာတွေကို သတင်းတွေထဲ သိထား ပေမဲ့ အဲဒီဘိန်းခင်းတွေက ကိုယ်ထိုင်နေတဲ့နေရာနဲ့ ဒီလောက်နီးနီးမှာရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ပါ။

အာဏာပိုင်တွေဖက်ကလဲ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးမလုပ်နိုင်သေးတော့ ဘိန်းစိုက်တာကို အပြတ် မတားနိုင်သေးဘူးထင်ပါရဲ့။ တနည်းအားဖြင့်အစိုးရသစ်လက်ထက်မှာ ဖြေရှင်းမှု မလုပ်နိုင်သေးတဲ့ ရေရှည်ပြသာနာတွေထဲက တခုပေါ့။

(ဘိန်းခင်းတွေရှိနေဆဲဆိုတဲ့ တောင်ပေါ်မြေရဲ့အခြားတဖက်မျက်နှာမှာ...)

နောက်ထပ်ထူးခြားတာကတော့ အဲဒီတောင်နဲ့ ဒီမြို့ဟာ ၅ မိုင်လောက်သာကွာပေမဲ့ ဒီမြို့ကလူအတော် များများ အဲဒီတောင်ပေါ် တခါမှမရောက်ဖူးကြဘူးလို့ဆိုပါတယ်။ ဒါဟာ အဲဒီတောင်ကြီးမြင့်မားလွန်းတာ တခုတည်းကြောင့်မဟုတ်ပဲ ဒီပတ်ဝန်းကျင်တခုလုံးမှာ တောတွင်းလက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှု အားကောင်းလွန်းတာကြောင့် ပြီးခဲ့တဲ့နှစ် ငြိမ်းချမ်းရေးအသံမကြားရခင်ကာလအထိ မြို့သား၊ ရွာသား အတော်များများ တောတောင်တွေထဲ မသွားရဲကြဘူးလို့ဒေသခံတွေကပြောပါတယ်။

အခုတော့ ရှမ်းပြည်မှာလဲ တခြားပြည်နယ်-တိုင်းတွေမှာလိုပဲ အပစ်ခတ်ရပ်စဲရေးတွေ၊ ငြိမ်းချမ်းရေးတွေ အသံကြားလာရပြီဆိုတော့ အများပြည်သူတွေ သွားရဲလာရဲ၊ ပြောရဲဆိုရဲဖြစ်လာနေကြပြီလို့ သိရပါတယ်။ ဒေသခံတွေဟာ ၅ မိုင်လောက်သာဝေးတဲ့ အဲဒီတောင်ပေါ်ဒေသဆီ မသွားရဲပေမဲ့လည်း အဲဒီတောင်ပြာ တန်းကြိးကိုကျော်ပြီး ဖြတ်ဖေါက်ထားတဲ့ကားလမ်းကြမ်းအတိုင်း မိုင်းပန်-မိုင်းတုန်ဖက်ကနေ ထိုင်းနိုင်ငံ ထဲတော့ အရင်ကတည်းကသွားနေကြတယ်လို့ဆိုပါတယ်။

တခါ နမ့်တိမ်းချောင်းအဆုံးကနေ သံလွင်မြစ်ကိုဖြတ်၊ အရင်ကနာမည်ကြီးခဲ့တဲ့ ဘိန်းဘုရင်ခွန်ဆာရဲ့ နယ်မြေ ဟိုမိန်းမြို့ကနေဖြတ်ဝင်ရင် ထိုင်းနယ်စပ်မြို့ မယ်ဟောင်ဆောင်အထိ တရက်ထဲနဲ့ ရောက် အောင်သွားနိုင်တယ်လို့ဒေသခံတွေကပြောပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ပြည်နယ်မြို့ တော်တောင်ကြီးနဲ့ တနေ့တာခရီး၊ ရန်ကုန်နဲ့ ၂ ရက်တာခရီးဝေးပေမဲ့ ထိုင်းနိုင်ငံက မယ်ဟောင်ဆောင်နဲ့ တနေ့တာခရီးသာရှိတဲ့အတွက် ဒီမြို့ကလူတွေ အတော်များများ မြန်မာပြည်မထက် ထိုင်းနိုင်ငံဖက်သွားပြီး အလုပ်လုပ်ကြတာ ဖြစ်ပုံရပါတယ်။

တကယ်တော့ နယ်စပ်နဲ့နီးတဲ့ လင်းခေးတင်မကပါဘူး။ မြန်မာနိုင်ငံအလည်တည့်တည့်က မိတ္တိလာ၊ ပုံဂံ တို့ဖက်က လူတွေတောင် ထိုင်းနိုင်ငံထဲ အလုပ်သွားလုပ်နေကြတာအများကြီးပါ။ အဝေးပြေးကားဂိတ် တွေမှာတောင် ထိုင်းသွားမဲ့လူတွေ ဘယ်တယ်လီဖုန်းနံပတ်ကို ဆက်သွယ်ပါဆိုပြီး ကြော်ငြာစာရွက်တွေ ကပ်ထားတာတွေ့ရပါတယ်။

(နှင်းဝေတဲ့ မနက်ခင်းနဲ့ လွိုင်လုံတောင်တန်း)

လင်းခေးမြို့ကမထွက်ခင်မှာ နိုင်ငံရေးပါတီတွေရဲ့ရုံးခန်းတွေကိုလဲ လိုက်ကြည့်ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကျားခေါင်းပါတီလို့ဒေသခံတွေကခေါ်ကြတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က ဒီမြို့မှာအနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ မှာတော့ ကျားဖြူပါတီလို့ဒေသခံတွေကခေါ် ကြတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက SNDP ကအနိုင်ရခဲ့ပါတယ်။ ဒီပါတီ ၂ ခု စလုံးရဲ့ ရုံးခန်း  ကို မြို့မဈေးနဲ့သိပ်မဝေးတဲ့အရပ်မှာတွေ့ရပြီး NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းကိုတော့ နမ့်တိန်းချောင်းဝန်းကျင်မှာမြင်ခဲ့ရပါတယ်။ ကြံ့ခိုင်ရေးရုံးကိုတော့ မြို့အ၀င်လမ်းမကြီးပေါ်မှတွေ့ရပြီး တစည ရုံးလဲ မြို့လယ်မှာရှိတယ်လို့ သိရပါတယ်။

လင်းခေးကအပြန်မှာတော့ ကားစင်းလုံးဖြတ်ငှားလာတဲ့အတွက် ကားသမားဘေးမှာထိုင်ပြီး စကား အတော်ပြောခွင့်ရခဲ့ပါတယ်။ လင်းခေးနဲ့ မိုးနဲကြားလမ်းပေါ်တနေရာမှာ အနွေးထည်အနက်ရောင်ဝတ် ထားတဲ့လူ ၃ ဦးလောက်ရပ်နေတာကိုတွေ့တော့ ''အရင်ကဆိုရင်တော့ အဲဒီလိုတွေ့ရင် ဘုရားတဖို့သာ ပြင်ပေတော့'' ဆိုပြီး ခရီးသွားဖေါ်တဦးကပြောပါတယ်။ ဒါပေမဲ့ ကားဟွန်းတီးလိုက်တော့ အဲဒီလူတွေ ကလမ်းဘေးကိုဆင်းသွားပါတယ်။

အသေချာကြည့်တော့ လူကြီးတွေမဟုတ်ပဲ နွားကျောင်းတဲ့ဆယ်ကျော်သက်ကလေးငယ်တွေ။ ''သူပုန် နဲ့တွေ့ရင် ကြောက်စရာမလိုပါဘူး။ ဓါးပြပဲကြောက်ရတာ'' လို့ကားသမားကပြောပါတယ်။ ဘာကြောင့် လဲဆိုပြီးမေးကြည့်တော့ သူပုန်က သူတို့ပြောထားတဲ့စည်းကမ်းတွေကိုလိုက်နာရင် ဘာမှမလုပ်ဘူး။ မလိုက်နာတဲ့ကားကိုမှ ပြသာနာရှာပြီး ပညာပေးလေ့ရှိတယ်လို့ဆိုပါတယ်။

''ဒါမေပဲ့ အခုတော့ သူပုန်တွေက ဒီတောလမ်းမှာ မရှိတော့ပါဘူး'' လို့ ကားသမားကပြောပါတယ်။ သူ ဘာကိုဆိုလိုမှန်း ကျနော်ကချက်ချင်းသဘောမပေါက်။ ပြီးတော့မှ သြော်သူပုန်တွေက မြို့ပေါ်ရောက် ကုန်ကြပြီပဲ။ အခွန်ကောက်တာကို ဒီလိုလမ်းဘေးမှာကားတားပြိး မကောက်တော့ဘူး။ တခြားနည်းနဲ့ မြို့ပေါ်ကနေ ထိုင်ကောက်နေပြီဆိုတဲ့သဘော။ တဖွဲ့ကို ကိုယ်ပိုင်ကား အစီး ၆၀ ကနေ ၁၂၀ အထိ ပါမစ်ရထားပြီးသားဆိုတဲ့သဘောပေါ့။

နောက်တဆက်တည်းကျနော်စဉ်းစာမိတာက တောင်ကြီး၊ ဟိုပုံးနဲ့ နမ့်စမ်မြို့တွေမှာ ငြိမ်းချမ်းရေးအဖွဲ့ ရုံးခန်းတွေအတော်များများတွေ့ရပါတယ်။ (တနသာင်္ရီ၊ မွန်၊ ကရင်နဲ့ တခြားနယ်တွေမှာလဲ ရှိပါတယ်)။ ပြီးတော့ တောင်ကြီးမြို့က လူချမ်းသာရွပ်ကွက်တွေရှိ အိမ်ကြီးအိမ်ကောင်းတချို့ကို ပိုင်ဆိုင်သူတွေဟာ ၀ နဲ့ ရှမ်း ငြိမ်းအဖွဲ့တွေဖြစ်တယ်လို့ ဒေသခံတွေက ကျနော်ကိုလိုက်ပြဖူးပါတယ်။ တခါ့ ငြိမ်းအဖွဲ့တွေကပိုင်တဲ့ ကုပ္ပဏီနဲ့ စီးပွါးရေးလုပ်ငန်းတွေ။ ဆိုတော့ ငြိမ်းအဖွဲ့ဆိုတာ အမျိုးသားလွတ်မြောက်ရေးအတွက် အသက်စွန့်လက်နက်ကိုင်တော်လှန်ရေးလုပ်တဲ့အဖွဲ့ဆိုတာကို လူတွေအသိနည်းသွားပြီး ကုပ္ပဏီထောင်၊ စီးပွါးရေးလုပ်တဲ့အဖွဲ့တွေလို့များ လူတွေအမှတ်မှားကုန်ကြရင် ဒုက္ခပါပဲလို့ စဉ်းစားနေမိပါတယ်။

(ပြင်ဆင်မွန်းမံမှုတွေလုပ်နေတဲ့ ပင်လုံကျောက်တိုင်)

အဲဒီလိုစဉ်းစားနေတုန်း ကားက လွိုင်လင်မြို့ထဲဝင်လာပါတယ်။ လင်းခေးကအပြန် ကျနော်ရဲ့အဓိကဦး တည်ချက်ကတော့ အလာတုန်းက မ၀င်ဖြစ်လိုက်တဲ့ ပင်လုံမြို့ဆီဝင်ပြီး ပင်လုံကျောက်တိုင်ကိုအလေးပြု ဓာတ်ပုံရိုက်ရေးပါပဲ။ တကယ်ဆိုရင် လွိုင်လင်နဲ့ ပင်လုံက နီးနီးလေး။ ၆ မိုင်ဆိုတော့ ၁၅ မီနစ် လောက်ပဲကြာ ပါတယ်။ လင်းခေး၊ တာချီလိတ်ဖက်သွားတဲ့လိုင်းကားတွေက လမ်းကြောင်းမသင့်လို့ မ၀င်ကြပေမဲ့ တောင်ကြီး-လွိုင်လင် လိုင်းကားကိုစီးပြီး လွိုင်လင်ကနေအငှားဆိုင်ကယ်နဲ့လာရင် တောင်ကြီးကို နေ့ချင်းပြန်လို့ရကြောင်း ဒေသခံတွေကပြောပါတယ်။

ဒါကိုကြိုမသိတဲ့ကျနော်ကတော့ ပင်လုံကိုရောက်ချင်ဇောနဲ့ စင်းလုံးဖြတ်ကားငှားပြီးလာခဲ့ရပေါ့။ မြို့ အ၀င်ဝရောက်တာနဲ့ ''လှိုက်လှဲစွာကြိုဆိုပါ၏၊ ပင်လုံမြို့'' ဆိုတဲ့ဆိုင်းဘုတ်ကိုတွေ့ရပါတယ်။ ပြီးတော့ ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၄၄၄၀ လို့ရေးထားတာကိုလဲ တွေ့ရပါတယ်။ ရှမ်းပြည်တောင်ပိုင်းမြို့ အတော်များများကိုသွားပြီးအပြန် ပင်လုံမြို့ဆိုင်းဘုတ်ကိုတွေ့မှ ကျနော်သတိထားမိတာတခုက မြို့အ၀င် ဆိုင်းဘုတ်တွေအားလုံးကို မြန်မာစာနဲ့ချည်းရေးထားတဲ့အချက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မြန်မာလိုမရေးလို့ အင်္ဂလိပ်လိုနဲ့ရေးရမလားဆိုပြီး ဆင်ခြေတက်ဖို့ဆန္ဒမစောကြပါနဲ့။ ရှမ်း -မြန်မာ နှစ်ဘာသာနဲ့ ဘာလို့မရေးတာလဲဆိုပြီး စဉ်းစားမိလို့ပါ။ ရှမ်းတိုင်းရင်းသားတွေအနည်းအကျဉ်း သာနေထိုင်တဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဆိုင်၊ မယ်ဟောင်ဆောင်မြို့တွေနဲ့ ကျေးရွာ တွေကဆိုင်းဘုတ်အတော်များများမှာ ထိုင်း-ရှမ်း နှစ်ဘာသာနဲ့ရေးထားတာကို ကျနော်တွေ့ဖူးပါတယ်။ ထိုင်းမှာတောင် ဒီလိုရေးထားရင် ရှမ်းပြည်မှာဘာကြောင့် နှစ်ဘာသာနဲ့ရေးခွင့်မရှိရမှာလဲ။

စဉ်းစားခန်းမပြတ်ခင် ကားကမြို့ထဲဝင်လာပါတယ်။ ရေကန်ကြီးတခုကိုဖြတ်ပြီးတဲ့နောက် ပင်လုံဈေးရှေ့ နားက ဒေသခံအသိတဦးရဲ့အိမ်ဆီ ၀င်လည်ပါတယ်။ ပင်လုံကိုတခါမှမရောက်ဖူးတော့ ဒေသခံတဦးဦး ကလိုက်ပို့မှ၊ နောက်ခံအချက်လက်တွေကိုရှင်းပြမှ ပိုအဆင်ပြေမယ်မဟုတ်ပါလား။ သူ့ကိုခေါ်ပြီးပြန် ထွက်လာတာ့ ကျောက်တိုင်က ခုနက ရေကန်ဘေးနားလေးမှာပါပဲ။ အဲဒီရေကန်ဘေးမှာ နေပြည်တော်က  ရွှေတိဂုံသစ်နဲ့ပုံစံတူ စေတီအကြီးကြီးတဆူ တည်ထားတာတွေ့ရပါတယ်။

''အရင်က ဒီစေတီမရှိဘူးလေ။ ဒီကားလမ်းပေါ်ကနေတောင် အဲဒီကျောက်တိုင်လှမ်းမြင်နေရတာ'' လို့ ဒေသခံကပြောပါတယ်။ ''အဲဒီလိုမမြင်ရအောင် ဒီစေတီကိုတမင်လာတည်ထားလားမှမသိတာ'' ဆိုပြီး ကျနော်ကပြောတော့ သူကဘာမှပြန်မပြောပါ။ ဆိတ်ဆိတ်ငြိမ်ခြင်းကို ၀န်ခံတယ်လို့ ကျနော်မယူဆချင်ပါ။ ဒါပေမဲ့ ဘုရားဝင်ပေါက်မုဒ်ဦးမှာရေးထားတဲ့ စေတီအမည်ကိုဖတ်ကြည့်တော့ ''မဟာရဋ္ဌာဘိသာ မဂ္ဂီ စေတီ''။ သာသနာသက္ကရစ် ၂၅၄၉၊ ကောဇာသက္ကရာစ် ၁၃၆၇ မှာတည်သည်လို့ရေးထားတာတွေ့ရပါတယ်။ ဒီနှစ် ၁၃၇၅ မှာ ၁၃၆၇ ကို နုတ်လိုက်ရင် လွန်ခဲ့တဲ့ ၈ နှစ်ကမှ တည်တဲ့သဘော။ တနည်းအားဖြင့် နေပြည်တော်တည်တဲ့နှစ်မှာမှ ဒီစေတီကိုတည်တယ်လို့ အဓိပ္ပါယ်ရပါတယ်။

(ပင်လုံကျောက်တိုက်ရှေ့မှာ တည်ထားတဲ့ ရွှေတိဂုံစေတီအသစ်)

အဲဒီစေတီကိုကျော်ပြီး ကျောက်တိုင်ဆီလမ်းလျောက်လာတော့ ကျောက်တိုင်ရှေ့ရင်ပြင်မှာ Pajero ကားနှစ်စီးနဲ့ အ၀တ်စားတောက်တောက်ပြောင်ပြောင်လူတချို့ကိုတွေ့ရပါတယ်။ ''လူကြီးရောက်နေလား မသိဘူး။ ဒီမှာခဏရပ်စောင့်ရအောင်'' လို့ဒေသခံကပြောပါတယ်။ လူကြီးရှိရင် ဒေသခံတွေ မလာရဘူးလို့ အမိန့်ထုတ်ထားလို့လားဆိုပြီး ကျနော်ကမေးတော့ မကြားဖူးတဲ့မေးခွန်းကိုကြားမိတဲ့ပုံစံနဲ့ မြို့ခံက ကျနော်ကိုကြည့်ပါတယ်။

တကယ်တော့ လူကြီးလဲမဟုတ်ပါဘူး။ ကျောက်တိုင်ရှေ့ကကွင်းပြင်ကိုပြင်နေတဲ့ ကန်ထရိုက်တာဝန်ရှိ သူနဲ့တူပါတယ်။ မြို့ခံပြောတဲ့လူကြီးဆိုတာက ၀န်ကြီးတွေ၊ တိုင်းမှုးတွေ၊ အစိုးရအရာရှိတွေကို ဆိုလိုတာပါ။ ဒီမိုကရေစီအခွင့်ရေးရှိတဲ့နိုင်ငံတွေမှာတော့ လူကြီးရှိရင် သာမန်အရပ်သားမလာရဘူးလို့ တားမြစ်ထား တာမျိုးမရှိပါဘူး။ လူကြီးလဲကြည့်၊ လူငယ်လဲကြည့်ပေါ့။ အများပြည်သူနဲ့ဆိုင်တဲ့နေရာပဲ။ လူကြီးပိုင်တဲ့ ကိုယ်ပိုင်ခြံဝင်းမှမဟုတ်ပဲနော်။

ဘုရားဝင်းအတွင်းကနေ အောက်ကိုဆင်းလိုက်တာနဲ့ မြက်ခင်းတွေကို မြေတူးစက်နဲ့ဖယ်ရှားနေတာ။ ကျောက်တိုင်ရှေ့မှာ ရေကန်အသစ်တခုတူးနေတာ။ ကျောက်တိုင်ဘေးမှာ သဲတွေ၊ အုတ်တွေ ပုံလိုက်ရှိ နေတာကိုမြင်ရပါတယ်။ ကျနော့်စိတ်ထဲတော့ စစ်ရေးပြကွင်းလုပ်မဲ့ပုံစံမျိုးလို့ ခံစားမိပါတယ်။ ဒါပေမဲ့ သေချာအောင်မေးမြန်းဖို့ကလဲ မလွယ်။ ကမ္ဘာလှည့်ခရီးသည်တွေအများကြီးရှိတဲ့ ဦးပိန်တံတားမှာတောင် ''ခင်ဗျားက ဘယ်အဖွဲ့ကလဲ'' လို့ အမေးခံနေရဆဲဖြစ်တဲ့တိုင်းပြည်မှာ ကာလဒေသကိုလိုက်ပြီး အမေးအမြန်း ဆင်ခြင်ရသေးတယ်မဟုတ်ပါလား။

ဒီတော့ မှတ်တမ်းမှတ်ရာရအောင် ဓာတ်ပုံကိုသာ အားပြုရိုက်ခဲ့ရပေါ့။ ကျောက်တိုင်ဘေးနားအထိ နီးနီး ၀င်သွားပြီးကြည့်တော့ ''ပြည်မ-တောင်တန်း ပူးပေါင်းရေးစာချုပ်ကျောက်တိုင်။ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်'' ဆိုတဲ့စာတန်းကိုတွေ့ရပါတယ်။ ဒီစာသားဟာ မူရင်းစာသားလား။ ပြန်ပြင်ထားတာလား ဆိုတာ ကတော့ သိပ်မသေချာလှ။ ဘာကြောင့်လဲဆိုရင် တချို့ဝေဖန်သူတွေက မူရင်းစာသားဟာ တောင်တန်း-ပြည်မ ပူးပေါင်းရေးစာချုပ်လို့ရေးထားတာဖြစ်ပြီး စစ်အစိုးရခေတ်ရောက်မှ ပြည်မကို ရှေ့တင်လိုက်တာလို့ ပြောနေကြလို့ ဖြစ်ပါတယ်။

(အင်တာနက်ပေါ်မှာတွေ့ရတဲ့ မူလ ပင်လုံကျောက်တိုင်နဲ့ လက်ရှိကျောက်တိုင်)

ဇန်နာဝါရီလနှောင်းပိုင်းမှာတင်ထားတဲ့ ရှမ်းသံတော်ဆင့်သတင်းဌာနမှ ဓာတ်ပုံမှတ်တမ်းတခုအရဆိုရင် ''ပင်လုံကျောက်တိုင်ပန်းခြံ အဆင့်မြင့်တင်ရေးလုပ်ငန်းစဉ်'' ကို ရှမ်းပြည်နယ်အစိုးရကိုယ်တိုင်က တာဝန်ယူ လုပ်ဆောင်နေတာလို့ သိရပါတယ်။ ဒီကျောက်တိုင်ရဲ့နောက်ခံအချက်လက်နဲ့ ပင်လုံစာချုပ် အကြောင်း သိချင်လို့ ဒီအကြောင်းရှင်းပြထားတဲ့ လက်ကမ်းစာစောင်တွေ၊ မှတ်တမ်းတွေ၊ ပြတိုက်တွေများ ရှိမလား ဆိုပြီး ကျောက်တိုင်ဝန်းကျင်ကိုလိုက်ကြည့်ပေမဲ့ ဘာမှမရှိပါ။

ရွှေတိဂုံစေတီဘေးရှိ အာဇာနည်းကုန်းကိုရောက်စဉ်က အာဇာနည်ခေါင်းဆောင်ကြီးတွေအကြောင်း မှတ်တမ်းးလိုက်ရှာမိတဲ့အဖြစ်ကိုသွားသတိရမိပါတယ်။ ''အာဇာနည်းကုန်းမှာ ဘာမှတ်တမ်းမှမရှိပါ'' ဆို ပြီးရေးသလိုမျိုး ''ပင်လုံကျောက်တိုင်မှာ ဘာမှတ်တမ်းမှ မရှိပါ'' ဆိုပြီး ထပ်ရေးရမဲ့ကိန်းပါပဲ။ ဒါပေမဲ့ လွိုင်လင်ကပြတိုက်ထဲမှာတော့ ဒီလိုနောက်ခံ အချက်လက်တွေရှိနိုင်ပါတယ်လို့ ဒေသခံကပြောပါတယ်။

မှတ်တမ်းမတွေ့တော့လဲ ဒေသခံတွေပြောပြတဲ့ ပါးစပ်ရာဇ၀င်ကိုပဲ ကိုးကားရတော့မှာပေါ့။  သူတို့ အပြောတိုင်းဆိုရင် အခုမြင်နေရတဲ့ လူ ၂ ရပ်လောက်မြင့်တဲ့ ကျောက်တိုင်ဟာ သစ်သားနဲ့လုပ်ထားတဲ့ မူလကျောက်တိုင်ငယ်ကို အပြင်ကနေ ဖုံးအုပ်ထားတဲ့ ကျောက်တိုင်သာဖြစ်တယ်လို့သိရပါတယ်။

''ကျမကတော့ ဒီကျောက်တိုင်ကိုအားမရဘူး။ ရန်ကုန်က လွတ်လပ်ရေးကျောက်တိုင်လို အကြီးကြီး လုပ်စေချင်တာ။ အခုဟာက သေးသေးလေးရယ်'' ဆိုပြီး ကျနော်နဲ့အတူ ကားကြုံလိုက်လာတဲ့ ကျောင်း ဆရာမတဦးက ၀င်ပြောပါတယ်။ ''ဟုတ်တယ်ဗျ။ ကျနော်တို့ဒေသခံတွေကလဲ အဲဒီလိုအကြီးကြီးဖြစ် စေချင်ပါတယ်။ ပင်လုံကျောက်တိုင်က ဒါလေးပဲလားဆိုပြီး ဧည့်သည်တွေမေးတာ ခဏခဏခံပေါနရတယ်'' လို့ ဒေသခံက ၀င်ထောက်ခံပါတယ်။

သေပြီဆရာပေါ့။ သမိုင်းဝင်မူလလက်ရာတွေကို ပြုပြင်ချဲ့ထွင်ချင်နေသူတွေထဲမှာ အာဏာပိုင်တွေတင် မကပဲ ဒေသခံတွေ၊ ပညာတတ်တွေပါ ပါနေတယ်ဆိုတာကို သိလိုက်ရတော့ ကျနော်အတော် တုန်လှုပ် သွားပါတယ်။ မူလလက်ရာ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ကျောက်တိုင်အစား ကြီးကြီးမားမား တောက် တောက်ပြောင်ပြောင်တွေကိုသာ မြင်လိုတဲ့စိတ်၊ အဲဒီလိုတောက်ပြောင်နေတာကိုမှ အထင်ကြီးတဲ့စိတ်တွေ ဒေသခံနဲ့ပညာတတ်တွေဆီ ဘယ်လိုများကူးစက်သွားပါလိမ့်။

သေချာတာကတော့ သမိုင်းကိုသမိုင်းအချက်လက်အတိုင်း လက်ခံနိုင်အောင် ကျနော်တို့ကြိုးစားဖို့လို နေဆဲပါ။ ချဲ့ထွင်တာတွေ၊ ထုံးသုတ်တာတွေကို ရပ်တန့်ဖို့သင့်နေပါပြီ။ အစိုးရတရပ်ပြောင်းတိုင်း သမိုင်း တွေကိုပါလိုက်ပြောင်းတဲ့၊ သမိုင်းတွေကိုပြန်ပြင်ရေးတဲ့စနစ် လက်ရှိအစိုးရလက်ထက်မှာ ကုန်ဆုံးသင့် ပြီထင်ပါတယ်။ ဒီအတွက် အခုပြန်လည်ပြင်ဆင်နေတဲ့ ပင်လုံကျောက်တိုင်ဘေးမှာ ကျောက်တိုင်နဲ့ဆိုင် တဲ့နောက်ခံသမိုင်း၊ ပင်လုံညီလာခံ၊ ပင်လုံစာချုပ်နဲ့ဆိုင်တဲ့နောက်ခံသမိုင်း ပြတိုက်တခုကိုပါ ထားပေး သင့်တယ်လို့အကြံပြုချင်ပါတယ်။

ဒီကျောက်တိုင်နဲ့အတူပေါ်ပေါက်လာတဲ့ ပြည်မ-တောင်တန်း ပူးပေါင်းရေးစာချုပ် သို့မဟုတ် ပင်လုံစာချုပ် ကတော့ အားလုံးသိတဲ့အတိုင်း ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာပေါ်ပေါက်လာတာပါ။ ပင်လုံ ညီလာခံကိုတက်ခဲ့သူ ရှမ်းဝါရင့်ခေါင်းဆောင် ဦးရွေအုန်ူရဲ့ ''ကိုယ်တိုင်ရေး ကိုယ်ရေးအတ္တုပ္ပတ္တိ'' စာအုပ်ကို ကိုကားရမယ်ဆိုရင် ပထမ အကြိမ်ပင်လုံညီလာခံကို ၁၉၄၆ ခုနှစ် မတ်လအတွင်းက ကျင်းပခဲ့ပြီး ဗိုလ်ချုပ် အောင်ဆန်းကိုယ်စား ဦးနုတို့ အဖွဲ့တက်ခဲ့တယ်လို့ဖေါ်ပြထားပါတယ်။

ဒုတိယ ပင်လုံညီလာခံကိုတော့ ၁၉၄၇ ဖေဖေါ်ဝါရီ ၈ ရက်နေ့မှာ စတင်ခဲ့တယ်လို့သိရပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းတို့ရောက်လာတဲ့ ၈ ရက်နေ့မတိုင်မှီ ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာ ရှမ်းစော်ဘွားတွေနဲ့ ရှမ်း လူထုအဖွဲ့စည်းတွေကြား ညီညွတ်မှုရရှိခဲ့ပြီး နယ်ချဲ့အင်္ဂလိပ်အစိုးရကို အာခံတဲ့ကြေငြာချက်တခုကို ပူးတွဲ ထုတ်ပြန်နိုင်ခဲ့တယ်လို့သိရပါတယ်။ ဒါအပြင် ပင်လုံညီလာခံတက်မဲ့ ရှမ်းပြည်ကိုယ်စားလှယ်အဖွဲ့ကိုလဲ ဒီ ၇ ရက်နေ့အစည်းဝေးကနေ ရွေးချယ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါကြောင့် ၇ ရက်နေ့ကို ရှမ်းအမျိုးသားနေ့၊ နောက်ပိုင်းမှာ ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်နိုင်ခဲ့တယ်လို့ ဦးရွှေအုန်းက ရေးသားထားပါတယ်။

(၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းကမြင်ရတဲ့ ပင်လုံကျောက်တိုင်)

၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိဆွေးနွေးပွဲအပြီးမှာတော့ မြန်နိုင်ငံလွတ်လပ်ရေးအတွက် အရေးကြီး လှတဲ့ ပင်လုံစာချုပ်ကို တောင်တန်းသားတွေနဲ့ မြန်မာအစိုးရကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ဆန်းတို့ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ တောင်တန်းသားတွေထဲမှာ ရှမ်းကိုယ်စားလှယ်အများစုနဲ့အတူ ကချင်နဲ့ ချင်းကိုယ်စားလှယ်တွေပါဝင်တာ တွေ့ရပါတယ်။

အဲဒီသဘောတူညီမှု ပင်လုံစာချုပ်ကနေတဆင့် ၁၉၄၈ ခုနှစ် ဇန်နာဝါရီလ ၄ ရက်နေ့မှာ ဗြိတိသျှလက် အောက်ကနေ မြန်မာနိုင်ငံလွတ်လပ်ရေးရယူနိုင်ခဲ့တဲ့အတွက် ပင်လုံစာချုပ် သို့မဟုတ် ပင်လုံစိတ်ဓာတ်ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အခုချိန်ထိအရေးပါနေတာဖြစ်ပါတယ်။

ဒါပေမဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေဆဲဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်းမြို့တော် တောင်ကြီးမြို့နဲ့တောင် ၆၄ မိုင်ဝေးကွာနေတဲ့အတွက် နိုင်ငံရေးသမားတွေ၊ သံတမန်တွေ၊ သတင်းသမားတွေ၊ ကမ္ဘှာလှည့်ခရီးသည်တွေ သမိုင်းဝင်ပင်လုံမြေဆီ အရောက်အပေါက် နဲနေဆဲဖြစ်မယ်လို့ ယူဆရပါတယ်။    ။


(ပင်လုံစာချုပ်နဲ့ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့သူများ- ဒီဓာတ်ပုံကို MPC ကိုညိုအုန်းမြင့်ရဲ့ Facebook မှ ယူထားပါသည်)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More