Sunday, November 19, 2017

၂၉ နှစ်သား လူကြီးလေးများနှင့် စံနှုန်း အတင်း-အလျော့

ABSDF ၂၉ နှစ်မွေးနေ့

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့ဟာ ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများဒီမိုကရက်တစ် တပ်ဦးရဲ့ ၂၉ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ ဒီနေ့ရောက်တိုင်း လက်ရှိတိုက်ပွဲဝင်နေဆဲ ရဲဘော်တွေ၊ နိုင်ငံတကာရောက်ရဲဘော် ဟောင်းတွေက ကိုယ်ရောက်နေတဲ့ နေရာဒေသအပေါ်မူတည်ပြီး နှစ်ပတ်လည် အခမ်းအနားတွေ၊ ပြန်ပြောင်းသုံး သပ်မှုဆွေးနွေးပွဲတွေ လုပ်လေ့ရှိပါတယ်။ ဒီနှစ်မှာတော့ ထူးထူးခြားခြား Facebook ပေါ်မှာ profile ဓာတ်ပုံတွေ ပြောင်းပြီး 29th Annaversary ဆိုတဲ့စာတန်းနဲ့ ABSDF ဘက်တံဆိပ်တွေပါတဲ့ ပုံတွေတင်ကြတာတွေ့ရပါတယ်။


ပြောင်းလဲလာနေတဲ့ လူမှုဆက်သွယ်ရေးနည်းစနစ်တွေအရ မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်တဲ့ ဆိုရှယ်မီဒီယာ Facebook ပေါ် ဒီလို ပုံတွေတင်လာကြတာ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဝေဖန်သူတချို့ကတော့ ABSDF တပ်ဖွဲ့ဝင် ဟောင်းအများစုဟာ လွန်ခဲ့တဲ့ ၂၉ နှစ်က ပုံတွေတင်ရင်း၊ အတိတ်မှာရွှေထီးဆောင်းခဲ့ဖူး တာကို စမြှုပ်ပြန်ရင်းနဲ့ပဲ အချိန်ကုန်နေတယ်။ လက်ရှိအနေအထားနဲ့ အနာဂတ်အလားအလာကိုဝေဖန်ဆန်း စစ်ဖို့၊ လက်ရှိနိုင်ငံရေးအခင်း အကျင်းထဲမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ အားနည်းနေတြယ်ဆိုပြီး ပြောကြ ပါတယ်။

စာဖတ်သူတွေကော ဘယ်လိုမြင်ပါသလဲ။ ABSDF ဗဟို တာဝန်ရှိသူတွေရဲ့ပြောကြားချက်အရ ၂၉ နှစ်တာ လက်နက်ကိုင်တော်လှန်ရေးခရီးကြမ်းအတွင်း ကျဆုံး ရဲဘော် ၈၀၀ နီးပါးရှိပါတယ်။ တနည်းအားဖြင့် အခု လက်ရှိတိုက်ပွဲ ၀င်နေဆဲရဲဘော်ဖြစ်စေ၊ နိုင်ငံတကာရောက် ရဲဘော်ဟောင်းတွေဖြစ်စေ Facebook ပေါ် ABSDF profile တင်နေသူ အားလုံးဟာ တိုက်ပွဲမှာမသေပဲ ကံကောင်းထောက်မစွာ ကျန်ခဲ့သူတွေသာ ဖြစ်ပါတယ်။ ဒါကြောင့် သူတိုရဲ့ပေး ဆပ်မှုအတွက် ဂုဏ်ပြုသင့်ပါတယ်။

တက္ကသိုလ်ကျောင်းသား၊ လူငယ်ဘ၀တခုလုံးကို အဆုံးအရှုံးခံ၊ အသက်ပါစွန့်ပြီး သမိုင်းပေးတာဝန်ကို ထမ်းရွက်ခဲ့သူတွေကို ဂုဏ်ပြုရမှာပေါ့။ ဒီအတွက် ဘာမှ အငြင်းပွားစရာမရှိပါဘူး။ ဒါဖြင့် ဘာကိုဝေဖန်နေ တာလဲ။ မေးမြန်းမိသလောက်ကတော့ အမြင် ၂ မျိုးရှိနေပါတယ်။ တမျိုးက ရှေ့မှာပြောခဲ့တဲ့အတိုင်း မိမိပခုံးပေါ်ကျလာတဲ့ သမိုင်းပေးတာဝန်ကို အသက်နဲ့ရင်းပြီး ထမ်းခဲ့ပြီးပြီ။ အတိုင်းအတာတခုအထိ တာဝန်ကျေခဲ့ပြီ။ လက်ရှိ နိုင်ငံရေးအခင်း အကျင်းမှာ သူတို့မပါတော့ဘူး။ မျိုးဆက်သစ်တွေနဲ့ လက်ရှိ ပါဝင်ခွင့်ရှိနေသူတွေဆက်လုပ်ကြပါ ဆိုတဲ့သဘော ဖြစ်ပါတယ်။

ဒုတိယအမြင်ကတော့ တိုက်ပွဲဟာမပြီးသေးဘူး။ ၁၉၈၈ တုန်းကမျှော်မှန်းခဲ့တဲ့ပန်းတိုင်အထိ မရောက်သေး ဘူး။ ဒါကြောင့် ပေးဆပ်သွားတဲ့ရဲဘော်တွေအတွက် ဆက်လက်တာဝန်ထမ်းဖို့လိုတယ်။ ရဲဘော်တွေရဲ့ အသက်ပေးလှူမှုကို ဘုရားမှာအလှူလုပ်သလို သဘောထားလို့မရဘူး။ ပေးဆပ်မှုတွေအတွက် ရလာဒ် ထွက်အောင်လုပ်ရမယ်။ လက်ရှိနိုင်ငံရေးအခင်းအကျင်းအပေါ် ဝေဖန်ဆန်းစစ်ရမယ်၊ ပါဝင်ဆောင်ရွက်ရ မယ်။ ဒီလိုအမြင် ၂ မျိုးရှိနေပါတယ်။


အဆင်ပြေရေး ပထမ၊ စံ နှင့် မာန်က ဒုတိယ

လွန်ခဲ့တဲ့ ၂၉ နှစ်က ထိခိုက် ကျဆုံးစာရင်း၊ ပေးဆပ်မှုစာရင်းနဲ့ ယှဉ်ကြည့်ရင် ဒီနေ့ ရနေတဲ့ နိုင်ငံရေး အခင်းအကျင်းအပေါ် ဘယ်လိုမှအားရကျေပ်နပ်ဘွယ်မရှိဘူးဆိုတာ လူတိုင်းသိနိုင်ပါတယ်။ အဓိက အချက်ကတော့ ကိုယ်ဖက်က အမှန်ဖြစ်နေပါရဲ့နဲ့ အမှားကျုးလွန်ခဲ့ဖူးသူတွေကို ဘာကြောင့် ဒီလောက် အထိလိုက်လျောပေးနေရသလဲ။ စစ်အာ ဏာရှင်ဟောင်းတွေကို ဒီမိုကရေစီအင်အားစုတွေဖက်က ဘာကြောင့် အောက်ကနေ ၀င်ပေါင်းနေရတာလဲ။ စံတွေ မာန်တွေ မထားသင့်တော့ဘူးလား ဆိုတဲ့ မေးခွန်းပါပဲ။

စံတွေ၊ မာန်တွေ ဆိုတာ သံတမန်ဆန်ဆန်သုံးထားတာပါ။ တချို့ရဲဘော်တွေက အခုချိန်အထိ ရန်-ငါ စည်းပြတ်ရ မယ်ဆိုတဲ့စကားလုံးကို သုံးနေကြဆဲဖြစ်ပါတယ်။ တကယ်တော့ လက်ရှိသွားနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာလုပ်ငန်းစဉ်မှာလဲ အခြေခံမူတွေ၊ စံ တွေရှိမှာပါ။ ဒါပေမဲ့ အကြမ်း ဖျင်းကြည့်လိုက်ရင် စံ ရှိတယ်လို့မထင်ရပဲ လက်ရှိအာဏာအများစုကိုကိုင်ထားနိုင်ဆဲဖြစ်တဲ့ တပ်မတော်နဲ့ အဆင်ပြေရေး၊ ငွေအများစုကိုချုပ်ကိုင်ထားတဲ့ ခရိုနီ တွေနဲ့အဆင်ပြေရေးသာ အဓိကလုပ်ငန်းစဉ်လိုဖြစ်နေ တာ တွေ့နိုင်ပါတယ်။

ဒါက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မူ-ဘောင်တွေအပေါ်အခြေခံပြီး အသက်စွန့်တိုက်ပွဲဝင်ခဲ့သူ သူပုန်ဟောင်းတွေရဲ့ အမြင်ပါ။ သူပုန်တွေမှာတောင် အဲဒီလို စံ သတ်မှတ်ချက်ရှိရင် နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်ရဲ့ စံသတ်မှတ်ချက်က အဲဒီထက် ပိုမြင့်မှာပေါ့။ ဒါပေမဲ့ ဒီနေ့မြန်မာနိုင်ငံအနေအထားအရ စံတွေနဲ့သွား လို့မရပဲ အဆင်ပြေသလိုသွားမှရမဲ့ အနေ အထားဖြစ်နေတာကြောင့် စံတွေ မာန်တွေကိုဘေးဖယ်ပြီး တပ်မတော်နဲ့အဆင်ပြေရေး၊ ခရိုနီခရိုပြာတွေနဲ့ အဆင်ပြေရေးကိုသာ NLD အစိုးရက ဦးစားပေးထားတာ လို့ ယူဆရပါတယ်။

ဒီနည်းကိုဦးစားပေးရွေးလိုက်တဲ့အတွက် မူလ မဟာမိတ် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအဖွဲ့ အစည်းတွေနဲ့ NLD အကြား ဆက်ဆံရေးနည်းနည်းကျဲသွားတယ်လို့ ဝေဖန်သူတွေကဆိုပါတယ်။ တချိန်တည်းမှာပဲ ဒေါ် အောင်ဆန်းစုကြည်ကို တချိန်လုံးထောက်ခံလာခဲ့တဲ့ အနောက်ကမ္ဘာကလဲ နိုဗယ်ဆုရှင်ရဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်း၊ စစ်ဖက်နဲ့ခရိုနီတွေအပေါ်ထားတဲ့ စံချိန်စံညွှန်းတွေအပေါ် မေးခွန်းထုတ်လာနေပါတယ်။

ပြစ်တင်ဝေဖန်မှုတွေ ဘယ်လိုပဲရှိနေပါစေ။ လက်ရှိမြန်မာနိုင်ငံရဲ့အနေအထားက အနောက်ကမ္ဘာမှာလို စံနှုန်းပေါ် အခြေခံပြီးလုပ်လို့မရနိုင်သေးတဲ့အတွက် အာဏာရှိနေဆဲ လူဆိုးတွေ၊ ငွေကြေးကိုင်ထားတဲ့ ခရိုနီတွေနဲ့ တည့်အောင်ပေါင်းပြီး လုပ်နိုင်မှ ရှေ့ဆက်တိုးနိုင်မဲ့အနေအထားဖြစ်နေပါတယ်။ ဒီလိုအနေ အထားနဲ့လုပ်နေရတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ သူပုန်ဟောင်းတွေက ဘယ်လို အခန်းကဏ္ဍက ပါဝင်တာဝန်ထမ်းခွင့်ရနိုင်မလဲ။ 

သူတိုရဲ့လုပ်ဖေါ်ကိုင်ဖက်တွေဖြစ်တဲ့ (၈ လေးလုံးအရေးတော်ပုံဖြိုခွဲ ခံရပြီးနောက် လက်နက်ကိုင်တော်လှန် ရေးအတွက် ABSDF၊ ပါတီနိုင်ငံရေးအတွက် လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြေအောက်ကျောင်းသား လှုပ်ရှားမှုအတွက် ဗကသ စသဖြင့် လမ်းသုံးသွယ်ခွဲခဲ့ဟုဆို) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ရဲဘော်တွေ၊ ဗကသ (သို့မဟုတ်) ၈၈ မျိုးဆက်ကရဲဘော်တွေ ဘယ်လိုပါဝင် ပူးပေါင်းဆောင်ရွက်နေကြ သလဲ။ ဒီလိုနှစ်ပတ်လည်နေ့မျိုးမှာ ဒါတွေကို ပြန်လည်ဆန်းစစ်သင့်တယ်မဟုတ်ပါလား။


မျှော်လင့်ချက် မနက်ဖန်

လက်ရှိသွားနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ထဲမှာ သူပုန်တွေ၊ ပြည်ပရောက် နိုင်ငံရေး သမားတွေကိုပါ ပါဝင်ခွင့်ပေးမှ ပြည့်စုံတဲ့အပြောင်းအလဲဖြစ်လာလိမ့်မယ်လို့ နိုင်ငံရေးဝေဖန်ဆန်းစစ်သူတွေ ကပြောပါတယ်။ ဒီအတွက် ၂၁ ပင်လုံညီလာခံတွေ၊ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်တွေ လုပ်နေတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို အခုနှစ်ပိုင်းအတွင်း အောင်မြင်အောင်မလုပ်နိုင်ဘူးဆိုရင် ၂၀၂၀ ရွေးကောက် ပွဲမှာလည်း ၂၀၁၅ ရွေးကောက်ပွဲလိုပဲ သူပုန်ထိမ်းချုပ်နယ်တွေမှာ ရွေးကောက်ပွဲမလုပ်နိုင်ပဲ ကျန်နေခဲ့ဦး မယ်၊ တနည်းအားဖြင့် ရွေးကောက်ခံအစိုးဟာ တနိုင်ငံလုံးကို ကိုယ်စားမပြုနိုင်ပဲ ဆက်ရှိနေဦးမဲ့သဘောဖြစ် ပါတယ်။

ဒီလုပ်ငန်းစဉ်က နှစ်နဲ့ချီကြာဦးမယ်ထင်ပါတယ်။ ဒါဖြင့် နဂိုကတည်းက ပြည်တွင်းမှာရှိနေတဲ့ ဗကသ သို့မဟုတ် ၈၈ မျိုးဆက်ကျောင်းသားတွေကော ဒီနေ့အခင်းအကျင်းမှာ ဘယ်လို ပူးပေါင်းပါဝင်ဆောင်ရွက် နေကြသလဲ၊ ဘယ်လောက်အထိ ပါဝင်ခွင့်ရနေသလဲ။ ၈၈ မျိုးဆက်ထဲက တဦးစ၊ နှစ်ဦးစ NLD နဲ့ပေါင်းပြီး ရွေးကောက်ပွဲလမ်းကြောင်းပေါ် ရောက်သွားပေမဲ့ မင်းကိုနိုင်၊ ကိုကိုကြီးအပါဝင် အထင်ကရ ခေါင်းဆောင် တွေက အစိုးရအ၀န်းအ၀ိုင်းအပြင်မှာ ကျန်နေဆဲဖြစ်ပါတယ်။

ကိုကိုကြီးခေါင်းဆောင်တဲ့ အင်အားစုတချို့ကဆိုရင် နိုင်ငံရေးပါတီအသစ်တရပ်ထူထောင်ဖို့ လူသိရှင်ကြား ပြင်ဆင်နေတဲ့အတွက် NLD နဲ့ ၈၈ မျိုးဆက်တွေဟာ မဟာမိတ်ကနေ ပြိုင်ဖက်တွေအဖြစ် ဦးတည်သွား လေမလားဆိုပြီး စိုးရိမ်သူတချို့ရှိလာနေပါတယ်။ တိုင်းရင်းသားပါတီတွေ၊ ဒေသအခြေခံပါတီငယ်တွေနဲ့ ကော NLD ဟာ မဟာမိတ်လား၊ ပြိုင်ဖက်လား။ ၂၀၂၀ မတိုင်မီ ဆွေနွေးတိုင်ပင်စရာ၊ ပူးပေါင်းဆောင်ရွက် စရာတွေ အများကြီးရှိလာနို်င်ပါတယ်။

အခုလောလောဆယ်အနေအထားမှာတော့ NLD အစိုးရနဲ့ သူပုန်ဟောင်းတွေရဲ့ဆက်ဆံရေးဟာ အရင် ဦးသိန်းစိန် အစိုးရခေတ်လောက်တောင် နွေးနွေးထွေးထွေးမရှိဘူးလို့ ဝေဖန်သူတွေကပြောပါတယ်။ ဦးသိန်းစိန်အစိုးရခေတ်မှာ ပြည်ဝင်ခွင့်ရခဲ့တဲ့ ABSDF ဥက္ကဌဟောင်းတွေဖြစ်တဲ့ ကိုမိုးသီးဇွန်နဲ့ ဒေါက်တာနိုင်အောင်ကို လက်ရှိအစိုးရက ပြည်ဝင်ခွင့်ပိတ်ထားဆဲဖြစ်ပါတယ်။ ဦးသိန်းစိန်ခေတ်က အကြံပေးလုပ်ခဲ့သူတွေ၊ ငြိမ်းချမ်းရေးနဲ့ သုတေသနာဖက်မှာ ကူညီပေးခဲ့တဲ့ ပြည်တော်ပြန်တွေကိုလည်း လက်ရှိအစိုးရက မသိကြိုးကျွန်ပြုထားဆဲဖြစ်ပါတယ်။ 

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ စစ်အာဏာရှင်ဟောင်းတွေ၊ လက်ရှိအာဏာရှိ တပ်မတော်အရာ ရှိတွေ၊ ခရိုနီ ခရိုပြာတွေနဲ့ ဆက်ဆံရေးမှာ စံ တွေ၊ မာန်တွေ မထားခဲ့တဲ့ NLD အစိုးရဟာ သူပုန်ဟောင်း တွေ၊ ပြည်တော်ပြန်တွေ၊ တိုင်းရင်းသားတွေ၊ မဟာမိတ်ပါတီတွေနဲ့ ဆက်ဆံရေးမှာတော့ စံ နှုန်းတွေ (ကန့်သတ်မှုတွေ) သိပ်ထားမိနေသလား။ မိုးထဲရေထဲကာလတွေတုန်းက ကိုယ်နဲ့အတူရပ်ခံခဲ့သူတွေကို ဒီထက်မက လက်တွဲမခေါ်သင့်ဘူးလား။ 

အနှစ်ပြန်ချုပ်ရရင်တော့ ၈ လေးလုံးအရေးတော်ပုံ ၂၉ နှစ်ကြာခဲ့ပြီဖြစ်ပေမဲ့ ပန်းတိုင်ဆီမရောက်သေးပါ။ NLD ပါတီ အစိုးရဖြစ်နေပြီဆိုပေမဲ့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ခွင့်မရသေးပါ။ အပစ်ခတ်ရပ်စဲရေးဆွေးနွေး ပွဲ တွေစဉ်ဆက်မပြတ်လုပ်နေပေမဲ့ ငြိမ်းချမ်းရေးမရသေးပါ။ စီးပွားရေးတိုးတက်အောင်လုပ်နေတယ်ဆိုပေမဲ့ ပြည်သူတွေရဲ့ဘ၀က ဆင်းရဲတွင်းဝကနေ ထွက်မလာနိုင်သေးပါ။ 


ဒီလိုအနေထားမှာ အာဏာရှိတဲ့တပ်မတော်၊ ငွေကြေးရှိတဲ့ ခရိုနီတွေနဲ့အဆင်ပြေရေးကိုသာ ဦးစားပေးမနေ ပဲ အင်အားစုအားလုံးပါဝင်ခွင့်ရတဲ့ နိုင်ငံရေးအခင်းအကျင်းတခု ၂၀၂၀ မတိုင်မီ ဖြစ်ပေါ်အောင် အစိုးရဖက် က ဖန်တီး ပေးဖို့လိုနေပါတယ်။       ။

Saturday, November 18, 2017

တိုင်းရင်းသားအရေးနှင့် ABSDF

(ကိုအောင်သူငြိမ်း အခန်းဆက်ရေးနေတဲ့ တောခိုကျောင်းသားတဦးရဲ့အတွေ့အကြုံထဲက တိုင်းရင်းသားအရေးနဲ့ ကျောင်းသားတပ်မတော်အတွေ့အကြုံကို ကောက်နှုတ်ဖေါ်ပြခြင်းဖြစ်ပါတယ်)။

ဘုရားသုံးဆူ နေ့ရက်များ (၇)
===============
ကျနော်တို့ ဘုရားသုံးဆူစခန်းကို လာခဲ့တဲ့တောလမ်း ခရီးမှာပဲ ရွာပျက်တရွာ တွေ့ခဲ့ရတယ်။ ရေးအရှေ့ဖျားဒေသ ဖြစ်လိမ့် မယ်။ ဘာဖြစ်လို့ ဒီရွာပျက်စီးသွားရသလဲ၊ သေချာ မသိခဲ့ရဘူး။ အစိုးရစစ်တပ်နဲ့ မွန်သူပုန်တွေအကြား တိုက်ပွဲကြောင့် ဖြစ်နိုင်သလို၊ လောလောလတ်လတ် မွန်-ကရင်တိုက်ပွဲကြောင့်လည်း ဖြစ်နိုင်တယ်။ နောက်ပိုင်း ကျနော်တို့ တပ်တွေ ရှေ့တန်းဆင်းတော့ ပြည်တွင်းစစ်ရဲ့ ဒုက္ခအဖုံဖုံကို ပိုလို့နားလည် ခံစားမိလာကြတယ်။


 မွန်ရွာတွေမှာ ကလေးတွေငိုနေရင် "ဟမယ်.. ကလိန်း" (ဗမာလာပြီ) ဆိုရင်၊ ကလေးတွေ အငိုတိတ်သွားတယ်။ ကျနော်တို့ ငယ်ငယ်က 'ဒေဝေါကြီးလာပြီ' ဆိုပြီး မိဘတွေခြောက်လှန့်ကြသလိုပေါ့။ ကရင်ကျေးရွာတွေမှာလည်း အလားတူပါပဲ။ "ပရော်.. ဟဲလီး" (ဗမာလာပြီ) လို့ ကလေးတွေ အငိုတိတ်အောင် ခြောက်လှန့်တာပါပဲ။ ကျနော်တို့ ဗမာနဲ့ တိုင်းရင်းသားတွေအကြား နားလည်မှု၊ ယုံကြည်မှု ဘယ်လောက် ပျက်ယွင်းနေပြီလဲ ဆိုတာ ပိုလို့ သဘောပေါက်လာခဲ့တယ်။ ကျနော်တို့ ရှေ့တန်းဆင်းကြတဲ့အခါ ခေါဇာရွာ (ယခု ခေါဇာမြို့၊ ရေးမြို့နယ်) မှာ ရှိစဉ်လည်း အစိုးရစစ်တပ်လာရင် ရွာက အစိုးရခန့် မူလတန်းပြဆရာမတောင် ရွာသား တွေနဲ့အတူ ရောပြေးတာကို မြင်ကြရသေးတယ်။ 

ကျနော်တို့ တောထဲထွက်လာတုန်းက ပြဿနာ၊ ပဋိပက္ခတွေကို ဒီလောက် အလေးအနက် မစဉ်းစားခဲ့ကြဘူး။ မစဉ်းစား ထားကြဘူး။ အမှန်ပြောရရင် ကျနော်တို့မှန်းတာက တောထဲသွားမယ်၊ လက်နက်ယူမယ်၊ ပြန်လာတိုက်မယ်။ (ရဲဘော် သုံးကျိပ်တို့ ဂျပန်ကို စစ်သင်တန်းသွားယူကြသလိုပေါ့။ ခဏကြာတော့ လွတ်လပ်ရေးရရော)။ ဒီလောက်ပဲ။ ကျနော်တို့ မြင်ထားကြတာက မြန်မာပြည်ရဲ့ ပြဿနာက ဒီမိုကရေစီ ဆိတ်သုဉ်းမှု ပြဿနာ နဲ့ စစ်အာဏာရှင် အုပ်ချုပ်ထားမှု ပြဿနာ။ တဖက်မှာလည်း ရေရှည်မဟုတ်ဘူးလို့ တိတ်တခိုး မျှော်မှန်းထားမိတဲ့ အချက်တွေလည်း ရှိနေပါသေးတယ်။ စစ်အစိုးရက ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ကတိပြုထားတယ်။ သိပ်မယုံကြည်လှပေမယ့် အနှေးနဲ့အမြန် ရွေးကောက်ပွဲ က ဖြစ်လာမှာပဲ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို နောက်ပိုင်းသိပ်မကြာခင်မှာ ကြေညာလိုက်တယ်။ ဒီအခါမှာ ဒီမို ကရေစီလိုလားတဲ့ ပါတီတွေက အနည်းနဲ့ အများဆိုသလို အနိုင်ရမှာပဲ။ ဆွေးနွေးညှိနှိုင်းရမှုတွေ ဖြစ်လာမယ်။ အနည်းဆုံး တောတွင်းရောက် ကျောင်းသားတွေ ပြန်ခေါ်ရေးတို့၊ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာမှာပဲတို့ အနည်းဆုံး စိတ်ထဲက တိတ် တခိုး မျှော်လင့်ထားမိတယ်။

 တောထဲရောက်ရောက်ချင်း ရင်ဆိုင်ရတဲ့ မေးခွန်းက "ခင်ဗျားတို့.. ကျနော်တို့ တိုင်းရင်းသား အရေးနဲ့ ပတ်သက်လို့ ဘယ်လိုစဉ်းစားထားသလဲ။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတွေကို ဘယ်လိုသဘော ထားသလဲ"… ကျနော်တို့ အဖြေတွေက အမျိုးမျိုး။ "ခင်ဗျားတို့ဟာ မဟာဗမာ လူမျိုးကြီးဝါဒကို ကျင့်သုံးနေတာ၊ လူမျိုးစု လူနည်းစု တိုင်းရင်းသားတွေကို ဖိနှိပ်နေတယ်။ ဗမာလူမျိုးဖြစ်ရေး ဇာတ်သွတ်သွင်းနေတယ်"။ ကျနော်တို့က ဒီ မဟာဗမာ ဆိုတဲ့ စကားလုံးကို အခုမှ ကြားဖူးတော့တယ်။ "ဖက်ဒရယ်မူ ကို ဘယ်လိုသဘောထားပါသလဲ" အဲဒါမှ ပိုဆိုးတယ်။ ကျနော်တို့ လူငယ်ကျောင်းသင်တန်း ကာလတလျှောက်လုံး 'ဖက်ဒရယ်' ဆိုတာ ပြည်ထောင်စုကနေ ခွဲထွက်ကြမှာ၊ ဖက်ဒရယ်ဆိုတာ တိုင်းပြည်ပြိုကွဲမယ့် အရေးလို့ သင်ကြားခဲ့ကြရဖူးတာ။ ၁၉၉၁ ခုနှစ်မှာ ယူဂိုဆားဗီယားမှာ ပြည်တွင်းစစ် ဖြစ်လာပြီး၊ ဘော့ဇနီးယား၊ ဟာဗီဂိုဗီးနား၊ ကရိုအေးရှား၊ ဆလိုဗေးနီးယား (၁၉၉၂)၊ မက်ဆီဒိုးနီးယား (၁၉၉၃) ဆားဗီးယား၊ မွန်တီနီဂရိုး (၂၀၀၀) မှာ ခွဲထွက်လို့ ကုလသမဂ္ဂဝင် နိုင်ငံဖြစ်လာကြတာတွေ ရှိတယ်။ ဒီလိုနိုင်ငံတွေ ပြိုကွဲ တာကို ဘောလ်ကန်နိုင်ဇေးရှင်း (Balkanization) သရုပ်လက္ခဏာလို့တောင် သမုတ်ကြတာတွေ ရှိတယ်။ အာဏာသိမ်း ပြီး စစ်အစိုးရကလည်း ဒီလိုတိုင်းပြည်ပြိုကွဲမှာပဲဆိုတဲ့ သတင်းစကားကို ပေးနေတဲ့အချိန်။ ရုပ်ရှင်တွေမှာလည်း "အဖေနဲ့ သားများ" ဆိုပြီး အဖကြီးစိုးရေးဝါဒ ရုပ်ရှင်ကားတွေ ပြသနေတယ်။ သီချင်းတွေမှာလည်း "အခိုင်မာဆုံးသော ပြည်ထောင်စုတွေ ကမ္ဘာအရပ်ရပ်မှာ ပြိုကွဲလျှက် ရှိကြပေ" ဆိုတာမျိုး သီချင်းတွေကို ရေဒီယိုတွေက လွှင့်ပေးနေတဲ့ ကာလ။ 

ကျနော်တို့ကို ဖြည်းဖြည်းချင်း နိုင်ငံရေးနဲ့ အသိပညာပေးသွားတာက မဟာမိတ် ခေါင်းဆောင်တွေပဲ။ နိုင်ဗညားအောင်၊ နိုင်တင်အောင် (နိုင်ငံခြားရေး၊ မွန်ပြည်သစ်ပါတီ)၊ နိုင်ပန်းသာ (မွန်ပြည်သစ်ပါတီ) တို့ပါတယ်။ ကေအဲန်ယူဖက်ကဆိုရင် ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ဖူးတာအယ်ပါတယ်။ ကျနော်က သူ့မျက်နှာဝိုင်းဝိုင်းကြီး အသံကျယ်ကျယ်၊ လေးလေးနဲ့ စကားပြောပုံကို သဘောကျသလို၊ သူကလည်း ကျနော့်ကို သဘောကျပုံရတယ်။ သူက လူကောင်ကြီးတယ်။ အသက် ကြီးလာတော့ စကားပြောရင်း၊ အစည်းအဝေးထိုင်ရင်း အိပ်ပျော်သွားတတ်တာလည်း ရှိတယ်။ ရုပ်ရှင်ကားတွေဆိုရင် အေးအေးဆေးဆေး စိမ်ပြေနပြေ ထိုင်ကြည့်တတ်တယ်။ အနုပညာကိုလည်း ခုံမင်ပုံရတယ်။ သူကိုယ်တိုင် တပ်မဟာ (၆) ဒူးပလာယာခရိုင်မှာ ရုပ်ရှင်ရိုက်ဖို့ ကြိုးပမ်းဖူးသေးတယ်။ ပြည်တွင်းက ပါလာတဲ့ ကိုထက်ခေါင် (ပြည်သူ့အသံ သတင်းစဉ်) နဲ့ အခြားအနုပညာသမားတွေ ခေါ်တယ်။ ကျောင်းသားတပ်ဖွဲ့က လူတွေကို မင်းသား၊ မင်းသမီးရွေးစေတယ်။ ရုပ်ရှင် တကားရိုက်ဖို့ လိုအပ်တဲ့ ဇာတ်ပစ္စည်း၊ အဝတ်အစား၊ ယူနီဖောင်းတွေ ဝယ်ဖို့ ငွေထုတ်ပေးတယ်။ နောက်ဆုံးတော့ မင်းသား၊ မင်းသမီးတွေက လက်နက်ချအိမ်ပြန်၊ အချို့လည်း ကျဆုံး၊ သေဆုံးနဲ့ အဲဒီရုပ်ရှင်ကားကြီးကို အခုတိုင်မမြင်လိုက် ကြရဘူး။ ဗိုလ်ချုပ်တာမလာဘော (ကွယ်လွန် ကေအဲန်ယူ ဥက္ကဋ္ဌ) ကလည်း အဲဒီအချိန်က ဘုရားသုံးဆူဒေသမှာ ကေအဲန်ဒီအို (ကရင်ကာကွယ်ရေး ရဲတပ်ဖွဲ့ ဗိုလ်ချုပ်) အဖြစ် လာရှိနေတတ်တယ်။ အလုပ်ကတော့ သိပ်ရှိပုံ မရဘူး။ အေးအေးလူလူ ပုခက်တလုံး ချည်အိပ်နေတာ တွေ့ရတယ်။ ကျနော်တို့ကလည်း သူနဲ့ စကားသွားပြောဆိုရင် ကရင် တော်လှန်ရေးသမိုင်းကြောင်းတွေ၊ ဗြိတိသျှတပ်မတော်တွင်း သူတို့တာဝန်ယူဖူးချိန် အတွေ့အကြုံတွေကို ပြောပြတတ် တယ်။ 

သူတို့က ကျနော်တို့ နိုင်ငံရေးသိပ္ပံမှာ သင်ခဲ့ရတဲ့ ခေတ်ကြီး ၅ ခေတ်ကို တမျိုးတဖုံ အဓိပ္ပါယ် ပြန်ဖွင့်ပေးကြတယ်။ ကျနော်တို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ က ပေးတဲ့ နိုင်ငံရေးသိပ္ပံ ဘာသာရပ်မှာ တက္ကသိုလ်အထိ ဖတ်ကြရတယ်။ ကျနော်တို့ သမိုင်းဖြစ်စဉ်မှာ ခေတ်ကြီး ၅ ခေတ် ကို ဖြတ်ကြရတယ်။
၁။ သမိုင်းဦး ဘုံမြေခေတ်
၂။ ကျေးပိုင်ကျွန်ပိုင်ခေတ်
၃။ မြေရှင် ပဒေသရာဇ်ခေတ်
၎။ အရင်းရှင်ခေတ်
၅။ ဆိုရှယ်လစ်ခေတ် .. စသည်ဖြင့်ကို ဖြတ်သန်းလာခဲ့ကြရတယ်။ 

ဆိုရှယ်လစ်ခေတ် ရောက်မှသာလျှင် မတရားမှု အဖုံဖုံ ချုပ်ငြိမ်းမယ်။ လူလူချင်း ခေါင်းပုံဖြတ်မှုတွေ ကင်းဝေးလို့ သာယာ ဝပြောသော လူ့ဘောင်သစ်ကို တည်ဆောက်နိုင်မယ် စသဖြင့် သင်ကြားခဲ့ကြရသကိုး။ ဒါပေမယ့် သူတို့ရဲ့ ဆွေးနွေးချက် တွေမှာ သူတို့က ထပ်ပြီး အသေးစိတ်ပြောလာတယ်။ ကျနော်တို့က လူတိုင်း ပိုင်ဆိုင်မှုမရှိတဲ့၊ အားလုံး ညီတူညီမျှ ပိုင်ဆိုင် ကြတဲ့ သမိုင်းဦး ဘုံမြေကို ခေတ်ကို ဖြတ်သန်းလာကြရတယ်။ အဲဒီမှာ လူတွေအချင်းချင်းကြား ပြဿနာနည်းတယ်။ ဒါပေမယ့် ပိုင်ဆိုင်မှု ဖြစ်လာကြတဲ့ အခါ အုပ်စုအချင်းချင်း တိုက်ခိုက်တယ်၊ သိမ်းသွင်းတယ်။ အင်အားကြီးသူက အင်အား နည်းသူကို အနိုင်ယူတဲ့ ကျေးပိုင်ကျွန်ပိုင်ခေတ် ဖြစ်လာခဲ့တယ်။ လူတချို့က သခင်ဖြစ်ပြီး လူတချို့က ကျွန်ဖြစ်ကြတယ်။ ဒီမှာ ဖိနှိပ်ခေါင်းပုံဖြတ်မှု၊ ဂုတ်သွေးစုတ်မှုတွေ စတင်လာခဲ့တယ်။ လူဟာ ပိုင်ဆိုင်မှုပစ္စည်းတခုသဖွယ် ဖြစ်သွားပြီး ကျေးကျွန်တွေသဖွယ် ရောင်းစားစရာ ကုန်ပစ္စည်း ဖြစ်သွားခဲ့တယ်။ နောက်တဆင့်မှာတော့ မြေရှင်ပဒေသရာဇ်ခေတ် ဖြစ်လာခဲ့တယ်။ အဲဒီမှာ မြို့ပြနိုင်ငံတော်တွေ ပေါ်ပေါက်လာတယ်။ ဘုရင်တွေက သူတို့ ခွန်အားရှိပြီ ထင်တဲ့အခါ ဘေးနားကမြို့ပြ နိုင်ငံတော်တွေကို တိုက်ခိုက်ကြတယ်။ သိမ်းပိုက် နိုင်ငံထူထောင်ကြတယ်။ ကျနော်တို့ ရာဇဝင်တွေထဲက စကားနဲ့ ပြောရင် လက်ရုံးဆန့်တန်းကြတယ်။

 နိုင်ငံတိုင်းမှာ ဒီအဆင့်ဟာ မလွဲမသွေ ဖြတ်သန်းခဲ့ကြတယ်။ ဗမာဘုရင် အင်အားကြီးလာရင် မွန်ကိုတိုက်တယ်၊ ရှမ်းကိုတိုက်တယ်၊ ယိုးဒယားကိုတိုက်တယ်။ လာအိုအထိ တိုက်တယ်။ ဒီလို ဖြတ်သန်းလာခဲ့ရတာဟာ မလွဲမရှောင်သာ ဖြတ်သန်းလာခဲ့ကြရတဲ့ သမိုင်းပဲ။ သူတို့ တိုင်းရင်းသားတွေ နားလည်တယ်။ စစ်ပွဲတွေဟာ တိုင်းရင်းသားအချင်းချင်း မုန်းလို့တိုက်တာမဟုတ်ဘူး။ ဘုရင် (ပဒေသရာဇ်) တွေ၊ အင်ပိုင်ယာပြည့်ရှင် တွေရဲ့ ဆန္ဒတွေနဲ့သာ တိုက်ကြတာ ဖြစ်တယ်… လို့ သူတို့က ရှင်းပြတယ်။ ဒါပေမယ့် ဘာဖြစ်လို့ အခုတိုင် စစ်တိုက်နေကြ တာလဲ… မေးခွန်းထုတ်တယ်။ တိုင်းရင်းသားတွေ အချင်းချင်း မုန်းလို့မဟုတ်ဘူး။ အုပ်စိုးသူလူတစုရဲ့ လိုအင်ဆန္ဒကြောင့် သာ စစ်တိုက်နေကြတာ။ တိုင်းရင်းသား ပြည်သူအချင်းချင်းက မုန်းလို့မဖြစ်ဘူး၊ ချစ်ကြည်ကြရမယ်။ စစ်တိုက်ခိုင်းနေတဲ့ စစ်အစိုးရသာ ဘုံရန်သူဖြစ်တယ်… စသည်ဖြင့် သူတို့ တော်လှန်စစ်ဆင်နွှဲနေကြရခြင်းရဲ့ တရားကို ထူထောင်တယ်။ ကျနော်တို့ကလည်း သဘောကျကြတယ်။

တခါ ကျနော်တို့ကို တိုင်းရင်းသားခေါင်းဆောင်တွေက ဆွေးနွေးပြတယ်။
"ကျနော်တို့ နိုင်ငံရဲ့ ပြဿနာက ဒီမိုကရေစီဆိတ်သုဉ်းမှု ပြဿနာ နဲ့ တိုင်းရင်းသားအရေး ပြဿနာ၊ တခုတည်း ဖြေရှင်းလို့ မရနိုင်ဘူး" ကျနော်တို့ လက်ခံကြတယ်။ ကျနော်တို့တောထဲ ထွက်လာခါစတော့ ဒီမိုကရေစီအရေးပဲ။ အခုတော့ တိုင်းရင်း သားအရေးကိုပါ ကျောပိုးဖို့ လက်ခံလာကြတယ်။ "အဆက်ဆက် အုပ်စိုးခဲ့တဲ့ မြန်မာအစိုးရအဆက်ဆက်နဲ့ ဗမာပါတီ အဆက်ဆက်က တိုင်းရင်းသား ပြဿနာကို ဘယ်လိုသဘောထားကြသလဲ။ တိုင်းရင်းသားပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးဖို့ စိတ်ဆန္ဒမရှိကြဘူး။ နိုင်ငံရေး အာသီသ မရှိကြဘူး။ ဖိနှိပ်တယ်။ မဟာဗမာ လူမျိုးကြီးဝါဒကို ကျင့်သုံးတယ်။ ဒါကြောင့် သူတို့တွေ ကျရှုံးရတာပဲ" လို့ ဆိုတယ်။ ကျရှုံးသွားတဲ့ ဖဆပလ အစိုးရနဲ့ ဖဆပလ ပါတီကြီး၊ လောလောလတ် လတ် ပြိုကွဲသွားတဲ့၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အစိုးရနဲ့ (မဆလ) ပါတီ၊ သိပ်မကြာခင်မှာဘဲ အင်အား သောင်းချီရှိနေရာကနေ ပြိုကွဲသွားတဲ့ ကွန်မြူနစ်ပါတီ-ဗမာပြည် (ဗကပ) ကို ဥပမာပေးကြတယ်။ "တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး မူဝါဒမမှန်တဲ့ ပါတီတွေဟာ နောက်ဆုံးမှာ မြန်မာပြည်မှာ ပြိုကွဲပျက်စီးကြရတာပဲ။" သူတို့က ဒီလိုနိဂုံးချုပ်ကြ တယ်။ [အခုအချိန်မှာတော့ အာဏာရပါတီ NLD ရဲ့ တိုင်းရင်းသားရေးရာ မူဝါဒတွေက ဘယ်သို့ရှိမလဲ စသည်ဖြင့်လည်း စောကြောစဉ်းစားနေမိတယ်။]

ဒီလိုနဲ့ နောက်ပိုင်း ABSDF ဗဟိုကော်မီတီ အစည်းအဝေး၊ ညီလာခံတွေမှာ တိုင်းရင်းသားရေးရာ မူဝါဒတွေကို စဉ်းစားကြ တယ်။ တိတိကျကျဆွေးနွေးကြပြီး နောက်ပိုင်းမှာ ဖက်ဒရယ်မူကို အတည်ပြုလက်ခံကြတယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး/ ပေါ်ထွန်းရေးဟာ အရေးကြီးကြောင်းနဲ့ နောက်ပိုင်းမှာ ဖက်ဒရယ်မူနဲ့ ပတ်သက်လို့ လေ့လာဖို့ အစီအစဉ်တွေ လုပ်ကြတယ်။ 

ဒီကာလထဲမှာ တိုင်းပြည်ထဲမှာ ဖိနှိပ်မှုတွေက တိုးလာနေတယ်။ ကျောင်းတွေက ပိတ်ထားဆဲ၊ အစိုးရက ကျောင်းသား သမဂ္ဂ ဦးဆောင်လှုပ်ရှားသူတွေကို ဖြိုခွဲဖို့ ဖြစ်လာခဲ့တယ်။ တိုင်းပြည်ထဲမှာ အံတုလှုပ်ရှားမှု နည်းနည်းကလေးကိုမျှ သည်းညည်းမခံနိုင်တဲ့ မူဝါဒကို ကျင့်သုံးလာတယ်။ ၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်၊ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ကွယ်လွန်တဲ့ ဈာပနအခမ်းအနားမှာလည်း ဦးဆောင်လှုပ်ရှားတဲ့ ကျောင်းသား တွေကို ရှာဖွေဖမ်းဆီးတာတွေ ဖြစ်လာခဲ့တယ်။ ၁၉၈၉ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့မှာ ကျောင်းသားသမဂ္ဂ (ဗကသ) ဥက္ကဋ္ဌ ကိုမင်းကိုနိုင်ကို ဖမ်းလိုက်တယ်။ သိပ်မကြာခင်မှာပဲ လူ့ဘောင်သစ်ပါတီ ဒု-ဥက္ကဋ္ဌကိုသက်ထွန်းကို ဖမ်းဆီးထိန်းသိမ်း လိုက်ပြန်တယ်။ ဧပြီလထဲမှာ ကိုအောင်ဒင် အပါအဝင် ဗကသခေါင်းဆောင်တွေ ထပ်ပြီး ဖမ်းဆီးခံရပြန်တယ်။ လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ကိုမိုးသီးဇွန်ကလည်း ဖမ်းဆီးခံရမယ့် အရေးမြင်ပုံရတယ်။ အဲသည်တော့ ၁၉၈၉ ခုနှစ်၊ သင်္ကြန်အပြီးလောက်မှာ ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးလာခဲ့တယ်။ နောက်ပိုင်းမှာ လူ့ဘောင်သစ်ရဲဘော် များလည်း သူနဲ့အတူ နယ်စပ်ဒေသကို တဖွဲဖွဲ လိုက်လံထွက်ပြေးလာကြတယ်။ အချို့က ရှမ်းပြည်နယ် အက်စ်၊ အက်စ်၊ အေ စခန်းတွေဖက် တက်သွားကြသလို၊ အချို့က ကျနော်တို့ ဘုရားသုံးဆူ (၁၀၁) စခန်းကို ရောက်လာကြတယ်။ 

တချိန်တည်းမှာပဲ ကျနော်တို့ဆေးတက္ကသိုလ်-၂ နောက်ဆုံးနှစ်ကျောင်းသား (ကျနော်တို့အပေါ် စီနီယာတန်းက) ကိုဇော် ထွန်း၊ ရန်ကုန်တက္ကသိုလ်က ဆရာဦးမြင့်လှိုင်တို့လည်း ဘုရားသုံးဆူစခန်းကို ပူးပေါင်းရောက်လာကြတယ်။ သူတို့ဖြစ်ပုံက ဒီလို။ ကျနော်တို့ ABSDF ဖွဲ့စည်းပြီး မကြာခင်လောက်မှာပဲ၊ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် အကြီးဆုံးတပ်ပေါင်းစု Democratic Alliance of Burma (DAB)- မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (မဒမခ) တပ်ပေါင်းစုကို ဖွဲ့တယ်။ ဒီအေဘီမှာ အဖွဲ့အစည်းပေါင်းစုံ ပါဝင်ကြပြီး၊ မြန်မာနိုင်ငံ ရဟန်းပျိုသမဂ္ဂလိုမျိုး သပိတ်တုန်းက ပါဝင်လာပြီး၊ ထွက်ပြေးလာကြတဲ့ ရဟန်းပျိုတွေလည်း ပါဝင်ကြတယ်။ ရဟန်းတွေက နိုင်ငံရေး-စစ်ရေးမှာ ပါဝင်သင့်သလားဆိုပြီး အစောပိုင်းမှာ ကန့်ကွက်မှုတွေ ရှိသေးတယ်။ နောက်ပိုင်းတော့ စစ်ရေးဆိုင်ရာဆုံးဖြတ်ချက်များမှအပ ပါဝင်ဆွေးနွေးခွင့် ရှိသည်ဆိုပြီး၊ ရဟန်းပျိုသမဂ္ဂကို လက်ခံပါဝင်စေတယ်။ ရန်ကုန်တက္ကသိုလ် ဇီဝဗေဒဌာနက နည်းပြ ဆရာဦးမြင့်လှိုင်၊ ကိုဇော်ထွန်းတို့ကတော့ ရန်ကုန်မှာကတည်းက သူတို့ဦးဆောင်ပါဝင်တော့ အထွေထွေသပိတ်ကော်မီတီ (General Strike Committee- GSC) ကို ဒီအေဘီမှာ အဖွဲ့ဝင် ဝင်တယ်။ ပြည်တွင်းကိုယ်စားပြု ဆိုပေမယ့် လူနည်းနည်းပဲ ပါတယ်။

 နောက် ပိုင်းမှာ သူတို့က ကရင်နီတိုးတက်ရေးပါတီ (KNPP) နယ်မြေကတဆင့် ဖြတ်လို့ မြန်မာပြည်မြောက်ပိုင်း (ဗကပ) တပ်ဖွဲ့ တွေ ရှိရာဆီ ခရီးရှည်ချီတက်ကြဖို့ အစီအစဉ်လုပ်ကြတယ် ဆိုတယ်။ သူတို့နဲ့အတူ ရှေ့နေကိုကျော်လင်း၊ ရခိုင်တဦးတို့ ပါဝင်တယ်။ သူတို့ကို ကေအဲန်ပီပီဥက္ကဋ္ဌ စောမော်ရယ်က ခရီးဆက်မသွားဖို့ ဟန့်တားထားလိုက်တယ်။ ဖမ်းတာတော့ မဟုတ်ဘူး။ အဲသည် ကရင်နီစခန်းမှာ အတန်ကြာနေလိုက်ကြရတယ်။ နောက်တော့ ကိုမိုးသီးဇွန်ကလည်း တိုက်တွန်း တာနဲ့ သူတို့က ကျနော်တို့ ဘုရားသုံးဆူစခန်းကို ရောက်လာခဲ့ကြတယ်။ (DPNS) လူ့ဘောင်သစ်ပါတီဝင် ရဲဘော်ဟောင်း တွေ ကျနော်တို့စခန်းကို ရောက်လာတာ တခုကောင်းတယ်။ ပြည်တွင်းကို မြေအောက် (UG) ဆက်သွယ်ရေးလမ်းကြောင်း ပွင့်လာတယ်။ ဆိုးကျိုးတခုကတော့ နောက်ပိုင်းမှာ တပ်ရင်း (၁၀၁) ၂-ခြမ်းကွဲဖို့ အကြောင်း ဖြစ်လာခဲ့တယ်။

Friday, November 17, 2017

ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာအားလေ့လာသုံးသပ်ချက် (အပိုင်း ၄)

By မောင်မောင်စိုး 16 November 2017

ကိုဖီအာနန် အစီရင်ခံစာကို ကြည့်ပါက အပိုင်း ၄ ပိုင်း ခွဲခြား ကြည့်မြင်နိုင်သည်။

ပထမအပိုင်း ရခိုင်ပြည်နယ် အခြေခံပြဿနာများ၊ ဒုတိယပိုင်း နိုင်ငံသားပြဿနာ၊ တတိယပိုင်း နောက်ဆက်တွဲပြဿနာ နှင့် စတုတ္ထပိုင်း ပြဿနာ ဖြေရှင်းသည့်နည်းနာနှင့် အထူးပြဿနာဟူ၍ တွေ့မြင်နိုင်ပါသည်။

ပထမ အခြေခံပြဿနာမှာ ရခိုင်ပြည်နယ်၏ နိုင်ငံရေး၊ စီးပွားရေး ပြဿနာများ ဖြစ်သည်။ ရခိုင်ပြည်နယ် လူမျိုးစု အားလုံး သည် နိုင်ငံရေးကဏ္ဏ၌ ကိုယ်စားပြုခွင့် မရှိခြင်းသည် အဓိက ပြဿနာအဖြစ် ကော်မရှင်က ထောက်ပြထားသည်။

၂၀၀၈ အခြေခံဥပဒေအရ ပြည်နယ်လွှတ်တော်တွင် အများစုအနိုင်ရသည့် ရခိုင်အမျိုးသား ပါတီ (ANP) ပြည်နယ်အစိုးရ ဖွဲ့ခွင့် မရခြင်းသည် ရခိုင်တို့အား အရေးပါသော နိုင်ငံရေးနယ်ပယ်တွင် ပါဝင်ခွင့်မပြု ဟူသော အမြင်မျိုး ပိုရစေသည်ဟု လည်း ကော်မရှင်က ထောက်ပြသည်။

ထို့အပြင် တိုင်းရင်းသား လူနည်းစုများဖြစ်သည့် မြို ၊ ခမီ၊ ဒိုင်းနက်၊ သက်၊ ကမန်၊ မရမာကြီး၊ ချင်းလူမျိုးတို့ သည်လည်း နိုင်ငံရေးအရ ကိုယ်စားပြုနိုင်မှု မရှိသလောက် နည်းသည်ဟု ထောက်ပြထားသည်။

တချိန်တည်းတွင် ရခိုင်ပြည်နယ်တွင်း သယံဇာတ ထုတ်ယူသုံးစွဲမှုနှင့် ပြည်ပရင်းနှီးမြုပ်နှံမှုများနှင့် ပတ်သက်၍ မူဝါဒများ ချမှတ်ရာတွင် ဒေသခံများ ပါဝင်ခွင့်မရဘဲ ဘေးဖယ်ထားခံရခြင်း၊ မျှတစွာခွဲဝေခြင်း မပြုဟု ဒေသခံများ ခံစားနေရခြင်းတို့ကို လည်း ထောက်ပြထားခဲ့သည်။

အလားတူပင် မွတ်စလင် လူ့အဖွဲ့အစည်းမှ ကိုယ်စားပြုမှု ရှိရန်လိုသည်ဟု ကော်မရှင်က ထောက်ပြသည်။ ပြဿနာမှာ နိုင်ငံသား ပြဿနာ ဖြစ်နေသည်။

နိုင်ငံသားဖြစ်နေသော မွတ်စလင်များ ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီများ ရှိနေပြီး ဖြစ်သည်။ သို့သော် မွတ်စလင် အများစု မှာ နိုင်ငံသားပြုမှု မပြီး၍ မဲပေးခွင့် မရှိခဲ့ပေ။ လောလောဆယ် နိုင်ငံရေးအရ ကိုယ်စားပြုမှု မရှိသေးချိန်တွင် လူမှုရေး ကဏ္ဏအရ ကိုယ်စားပြုမှုအား စဉ်းစားပေးရန် လိုပါမည်။

ဤအခြေခံ နိုင်ငံရေး၊ စီးပွားရေး ပြဿနာများကို အမျိုးသား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဖွဲ့စည်း အုပ်ချုပ်ပုံ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွင် ထည့်သွင်း စဉ်းစားသင့်သည့် ပြဿနာအဖြစ် ထောက်ပြထားခဲ့သည်။

သို့ဖြစ်ရာ မည်သို့ပင်ဖြစ်စေ ရခိုင်ပြည်နယ်၏ အခြေခံပြဿနာသည် နိုင်ငံရေးပြဿနာ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဿနာ ဖြစ်သည်ဟု ကော်မရှင်က ရည်ညွှန်းခဲ့သည်။

ထိုအခြေခံပြဿနာအား အရင်းအမြစ်မှ ဖြေရှင်းနိုင်မှသာ အောင်မြင်စွာ ဖြေရှင်းနိုင်မည်ကို ထောက်ပြထားခဲ့သည်။ ထို့ အတူ ထိုအခြေခံပြဿနာကို ဖြေရှင်းရန်မှာ ခက်ခဲလိမ့်မည်ကို ကော်မရှင်က အသိမှတ်ပြု ထားခဲ့သည်ဟု ဆိုရပါမည်။

ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ဒုတိယပိုင်းမှာ နိုင်ငံသားပြဿနာ ဖြစ်သည်။ ကော်မရှင်၏ ရည်ညွှန်းသည့် နိုင်ငံမဲ့ ဖြစ်နေသော ဘင်္ဂါလီမွတ်စလင် တသန်းခန့်၏ ပြဿနာဖြေရှင်းရေး ဖြစ်သည်။

ရခိုင်ပြည်နယ် မွတ်စလင် လူ့အဖွဲ့ အစည်း သည် ရခိုင်ဘုရင် လက်ထက်ကတည်းက ရှိနေသော်လည်း အင်္ဂလိပ် ကိုလိုနီ ခေတ်တွင် တိုးပွားလားသည်ဟု ကော်မရှင်က လက်ခံသည်။

၁၈၈၀ ခုနှစ် နှင့် ၁၉၃၀ ကြားတွင် မွတ်စလင် လူဦးရေ အချိုးအစားသည် ရခိုင်ပြည်နယ် လူဦးရေ၏ ၁၃ ရာခိုင်နှုန်း မှ ၂၅ ရာခိုင်နှုန်း အထိ နှစ်ဆတိုးလာခဲ့သည်။ ထိုအချိန်မှစ၍ မွတ်စလင် လူဦးရေတိုးနှုန်းသည် သိသာစွာ နှေးကွေးလာပြီး ပြည်နယ် လူဦးရေ၏ သုံးပုံတပုံသာ ရှိသည်ဟု ကော်မရှင်က ဆိုပါသည်။

ဤအချက်ကို ရှုမြင်ရာတွင် ရခိုင်တိုင်းရင်းသားများ ရှုမြင်ပုံနှင့် ကွာခြားသည်။

သို့သော် အဆိုပါ မွတ်စလင်များနှင့် ပတ်သက်၍ အစိုးရ၏ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်သည် တဆက်စပ်တည်း မလုပ် ကိုင်နိုင်မှုနှင့် ပတ်သက်၍ ကော်မရှင်၏ ထောက်ပြမှုသည် အမှန်ပင်ဖြစ်သည်။

နိုင်ငံသားစိစစ်မှုနှင့် ပတ်သက်၍ မဟာဗျူဟာ ကျသည့် လုပ်ဆောင်မှုနှင့် အချိန်ကာလ ကန့်သတ်ချက်သည် ကော်မရှင်က ထောက်ပြ ထားသကဲ့သို့ပင် အမှန်တကယ် လိုအပ်နေပါသည်။ ဤပြဿနာကို ဖြေရှင်းရန် အချိန်ကာလ တာရှည်လေ ရခိုင် ပြည်နယ်တွင်းရှိ မွတ်စလင် ပြဿနာသည် ပိုကြီးထွားလေသာ ဖြစ်မည်။

သို့ဖြစ်ရာ ကော်မရှင်က ထောက်ပြသည့် နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်အား နှစ်ဖက် လူ့အဖွဲ့အစည်း လက်ခံနိုင်သည့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီး အကောင်အထည်ဖော်ရန် လိုအပ်နေပေသည်။

သို့ရာတွင် ကော်မရှင်က အကြံပြုသည့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအား ပြန်လည်သုံးသပ် စိစစ်ရန်သည် ခက်ခဲသည့် လုပ်ငန်း တရပ် ဖြစ်သည်။ အဆိုပါနိုင်ငံသား ဥပဒေအား ပြင်ဆင်ဖြည့်စွက်ရန် တပ်မတော်က လည်းကောင်း၊ ရခိုင် တိုင်းရင်းသားများက လည်းကောင်း လက်ခံနိုင်ဖွယ်ရာ မရှိဘဲ အပြင်းအထန် ကန့်ကွက်ဖွယ်ရာ ရှိပါသည်။

ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ တတိယပိုင်း ဖြစ်သည့် နောက်ဆက်တွဲ ပြဿနာများသည် ပထမပိုင်း ဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ အခြေခံပြဿနာများနှင့် ဒုတိယပိုင်း နိုင်ငံသားဖြစ်မှု ပြဿနာ၏ နောက်ဆက်တွဲ ပြဿနာများ ဖြစ်သည်။

ပထမပိုင်း အခြေခံ နိုင်ငံရေး၊ စီးပွားရေး ပြဿနာများ၏ နောက်ဆက်တွဲ ပြဿနာအဖြစ် ပညာရေး၊ ကျန်းမာရေး၊ တရား မျှတမှု၊ လုံခြုံရေး ကဏ္ဍ၊ နိုင်ငံရေးနှင့်လူမှုရေး ကဏ္ဍများတွင် ကိုယ်စားပြုမှု၊ ယဉ်ကျေးမှုဆိုင်ရာ ဖွံ့ဖြိုးမှု စသည့် ကဏ္ဍ အလိုက် ရှိနေသော ပြဿနာများကို ဖြေရှင်းရန် ဖော်ပြထားသည်။

အခြေခံပြဿနာကို မဖြေရှင်းနိုင်သေးသော်လည်း ရခိုင်၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အခြေအနေများ မြင့်တက် အောင် ပြုလုပ်ပေးရန် လိုအပ်နေပေသည်။

တရားမျှတမှု အတွက် အစိုးရ ဝန်ထမ်းများ၏ အဂတိလိုက်စားမှုနှင့် အကျင့်ပျက်မှု များကို ဖော်ထုတ် အရေးယူရန်လည်း လိုအပ်သည်။

ရခိုင်ပြဿနာကို ဖြေရှင်းရန် စုစည်းကိုင်တွယ်ရန် လိုအပ်သည်ကို လည်းကောင်း၊ လုံခြုံရေး တပ်ဖွဲ့များ သုံးစွဲမှု ပြဿနာ ကို လည်းကောင်း ထောက်ပြထားသည်ကို သတိပြုရန် လိုအပ်ပါသည်။ အခြေခံအားဖြင့် မဖြေရှင်းနိုင်သေးသော်လည်း တစုံတရာ ကုစားနိုင်သည့် နည်းလမ်းများဟု ဆိုရပေမည်။

ဒုတိယပိုင်း နိုင်ငံသားဖြစ်မှု နောက်ဆက်တွဲအဖြစ် တွေ့မြင်ရသည်မှာ လွတ်လပ်စွာသွားလာခွင့်၊ IDP ကိစ္စရပ်များ၊ လူသား ချင်း စာနာထောက်ထားမှု အကူအညီများ ပေးနိုင်မှု၊ လူ့အဖွဲ့အစည်းများကြား ပေါင်းစည်းရေးတို့ ဖြစ်သည်။

ဤပြသနာများသည် အခြေခံနိုင်ငံသားဖြစ်မှု ပြဿနာနှင့် ဆက်နွယ်သည့်ပြဿနာများ ဖြစ်သည်။ ထို့အပြင် အဆိုပါ မွတ်စလင်များအား နိုင်ငံသား စိစစ်မှုပြဿနာ မပြီးခင် IDP ပြဿနာ၊ သူတို့၏ ကျန်းမာရေး ပညာရေး ပြဿနာများကို လည်း ထည့်သွင်း စဉ်းစားရန် လိုအပ်ပေသည်။

လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးအပ်မှုနှင့်ပတ်သက်၍ နှစ်ဖက် လူ့အဖွဲ့အစည်း ကြည့်မြင်ပုံ မတူ ကြပေ။ ကော်မရှင်၏ အစီရင်စာတွင် မွတ်စလင် လူ့အဖွဲ့အစည်းဘက်သို့ အကူအညီများ မရောက်သည့် အခြေအနေကို ဇောင်းပေး ပြောသွားသော်လည်း ရခိုင် လူ့အဖွဲ့အစည်းဘက်ကမူ အကူအညီများသည် မျှတမှုမရှိ ရခိုင်များအား ကူညီမှု မရှိဟု ဆိုကြသည်။ အကူအညီပေးမှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာ၍ မျှတသည့် အစီအစဉ်တရပ် လိုအပ်ပါသည်။

နိုင်ငံသား စိစစ်ခြင်း လုပ်ငန်း မပြီးခင် လွတ်လပ်စွာ သွားလာခွင့်နှင့် ပတ်သက်ပြီး ကော်မရှင်၏ အကြံပြုချက်မှာ အကောင် အထည် ဖော်ရန် ဖြစ်နိုင်ခြေ နည်းပါးသည်။

ကော်မရှင်၏ အဆိုရ နိုင်ငံသားကတ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လွတ်လပ်စွာသွားလာခွင့် ပြုရန်နှင့် မွတ်စလင်များနှင့် ပတ်သက်၍ လူ့အဖွဲ့အစည်းများ၏ ဒေသအလိုက် အလွတ်သဘော ကျင့်သုံးသည့် ကန့်သတ်ချက်များကို ပယ်ဖျက်ပေးရန် ဖြစ်သည်။

နိုင်ငံသားကတ် ရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ လွတ်လပ်စွာသွားလာခွင့် ပြုရန် ကော်မရှင်၏ အဆိုပြုချက်မှာ ဖြစ်နိုင်ရန် ခဲယဉ်းသည်။

“လွတ်လပ်စွာသွားလာခွင့်သည် လူသားတိုင်း၏ အခြေခံရပိုင်ခွင့်” ဟု ကော်မရှင်က ဆိုသော်လည်း သက်သေခံ အထောက် အထား မရှိသူများအား လွတ်လပ်စွာ သွားလာခွင့်ပြုသော နိုင်ငံဟူ၍ မရှိပေ။ နိုင်ငံသား ပြဿနာသည် ဦးစွာ ဖြေရှင်းရမည့် ပြဿနာဖြစ်ပြီး ထိုပြဿနာ ဖြေရှင်းမပြီးမချင်း လွတ်လပ်စွာ သွားလာခွင့်သည် အကန့်အသတ် ရှိပေလိမ့် မည်။

ကော်မရှင်က အဆိုပြုသော ဒေသအလိုက် အလွတ်သဘောကျင့်သုံးသည့် ကန့်သတ်ချက်များ ဖျက်သိမ်းရေးအား အကောင် အထည် ဖော်ရန် လွယ်ကူလှမည် မဟုတ်ပေ။ ကော်မရှင်က ဤအချက်နှင့် ပတ်သက်၍ တိုက်ရိုက် ထောက်ပြ ခြင်း မရှိ သော်လည်း ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့ အခြေအနေမျိုးကို ဆိုလိုပုံရသည်။

တောင်ကုတ်မြို့၌ ၁၉၈၂ ၊ ၈၃ ခန့်တွင် အတိုင်းအတာ သေးငယ်သော ရခိုင်-ဘင်္ဂါလီ ပြဿနာ ဖြစ်ပွားပြီးနောက် မြို့ခံများ၊ မြို့မိမြိုဖများ သတ်မှတ်ထားသော စည်းကမ်းတခုပေါ်ခဲ့သည်။

ထိုစည်းမျဉ်းစည်းကမ်းမှာ တောင်ကုတ်မြို့တွင်းသို့ ဘင်္ဂါလီများ မွတ်စလင်များ ဝင်ရောက်ခွင့် မပြုခြင်း ဖြစ်သည်။ တောင်ကုတ်မြို့သို့ ဝင်ရောက်လာသော သင်္ဘော၊ ကားတို့၌ လိုက်ပါလာသော မွတ်စလင်များအား မြို့တွင်းအဝင်မခံဘဲ လိုက်ပါလာသော ယာဉ်ဖြင့် ပြန်လည်ထွက်ခွာစေခြင်း ဖြစ်သည်။

သို့သော် ဤကဲ့သို့ သတ်မှတ်ချက်အား ရခိုင်တွင်သာ တွေ့ရသည်မဟုတ်ပေ။ မြန်မာပြည်တွင်းရှိ တချို့မြို့နှင့် ဒေသများ တွင် လည်း ပုံစံအမျိုးမျိုးဖြင့် တွေ့ရသည်။

ရှမ်းပြည်နယ် ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ တချို့ ကျေးရွာအုပ်စုများတွင် မွတ်စလင်များအား နေ့ပိုင်းတွင် အလာ ခံသော်လည်း ညပိုင်း၌ ၎င်းတို့ကျေးရွာများတွင် လုံးဝ ညအိပ်ခွင့်မပြုပေ။ မွတ်စလင် ဘာသာဝင်များ၏ ရွှေ့ပြောင်း အခြေချ မှုနှင့် လွှမ်းမိုးလာနိုင်မှုကို ဒေသဆိုင်ရာ တန်ပြန် အံတုမှုများဟု ဆိုနိုင်သည်။

ထိုသို့ ဒေသအလိုက် ဒေသခံလူထု၏ သတ်မှတ်မှုများသည် လူ့အခွင့်အရေးစံနှုန်းနှင့် မကိုက်ညီဟု ဆိုနိုင်သော်လည်း ဒေသခံ လူထုအများစု၏ သဘောထားဖြစ်နေရာ အစိုးရက ထိုကန့်သတ်ချက်များ ချက်ချင်းပယ်ဖျက်ရန် ခဲယဉ်းပေလိမ့် မည်။

ထို့အတူ ပြဿနာ ထပ်မံမဖြစ်ပွားအောင် လူ့အဖွဲ့အစည်းနှစ်ခုအား ခွဲခြားထားသည့် ပေါ်လစီကို အစိုးရက ကျင့်သုံးနေမှု အား ကော်မရှင်က ထောက်ပြပြီး လူ့အဖွဲ့အစည်းများကြား ပေါင်းစည်းရေးကို ကော်မရှင်က အကြံပြုခဲ့သည်။

သို့သော် ကော်မရှင်က ဖော်ပြသကဲ့သို့ပင် ၂၀၁၂ ပဋိပက္ခအပြီး လူ့အဖွဲ့အစည်းနှစ်ခု အပြန်အလှန်မယုံကြည်မှုများ တိုးပွား ခဲ့သည်။ အချိန်ကာလတချို့ ကြာပြီးနောက် အပြန်အလှန်နားလည်မှု တည်ဆောက်နေဆဲတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာ လ ဘင်္ဂါလီမွတ်စလင် တချို့၏ အကြမ်းဖက်မှု ပေါ်ပေါက်ခဲ့ပြီးနောက် တဖန်ပြန်၍ မယုံကြည်များ တိုးပွားလာခဲ့သည်။

၂၀၁၇ ခုနှစ်သြဂုတ်လ အကြမ်းဖက်တိုင်ခိုက်မှုများ အပြီးတွင် ထိုအခြေအနေသည် ပို၍ ဆိုးဝါးလာခဲ့ပြီး လူ့အဖွဲ့အစည်း များကြား ပေါင်းစည်းရေးသည် အလွန်တရာ ခက်ခဲသည့် ပြဿနာတရပ် ဖြစ်သွားခဲ့ပေတော့သည်။ နှစ်ဖက်အကြား မယုံကြည်မှု ရှိနေကြသည် ဆိုသည်ထက် ပိုသော အခြေအနေသို့ ဆိုက်ရောက်နေပေသည်။

သို့ဖြစ်ရာ လက်ရှိအချိန်တွင် နိုင်ငံသားဖြစ်မှုပြဿနာကို ဦးစွာဖြေရှင်းပြီး နောက်ဆက်တွဲ ပြဿနာများကို အချိန်ယူ ဖြေရှင်းရမည့် အခြေအနေဟု သုံးသပ်ရပေသည်။

အစီရင်ခံစာ၏ စတုတ္ထပိုင်းဖြစ်သည့် ပြဿနာဖြေရှင်းပုံ နည်းနာသည် ပြဿနာ ဖြေရှင်းရာတွင် အထူးဂရုစိုက်ရမည့် အကြောင်းအရာဖြစ်သည်။

ကော်မရှင်က ပြဿနာဖြေရှင်းရမည့် နည်းနာနှင့် ပတ်သက်၍ အစီရင်ခံစာ နိဒါန်းမှစ၍ အဆုံးသတ်အထိ ကြိမ်ဖန်များစွာ ဖော်ပြခဲ့သည်။

ပြဿနာဖြေရှင်းရာတွင် နှစ်ဖက် လူ့အဖွဲ့အစည်းဝင်များ နားလည်သဘောပေါက်မှု ရှိအောင် ဆွေးနွေး အသိပေးရေးနှင့် ဆွေးနွေး တိုင်ပင်မှုများလုပ်ရန် အရေးကြီးကြောင်းကို လည်းကောင်း၊ ပြဿနာဖြေရှင်းရာတွင် ရခိုင်ပြည်နယ်တွင်းရှိ လူထု အားလုံး၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် အစိုးရတို့ အတူ ပူးပေါင်း လက်တွဲ ဆောင်ရွက်သွားရန် ထောက်ပြခဲ့သည်။

သို့ဖြစ်ရာ ရခိုင်ပြဿနာကို လက်တွေ့ခေါင်းဆောင် ဖြေရှင်းမည့်သူများ အနေနှင့် ကော်မရှင်၏ အလေးပေးမှုအား အထူး ဂရုပြုရန် လိုအပ်ပါသည်။

ထို့အပြင် သတင်းလွတ်လပ်ခွင့်၏ အရေးပါမှုကို ဖော်ပြပြီး သတင်းလွတ်လပ်မှု မရှိပါက အစိုးရအပေါ် ယုံကြည်မှု ကျဆင်း စေမှုအား အလေးထား ဖော်ပြခဲ့သည်ကို အထူးဂရုပြုသင့်သည်။

စတုတ္ထပိုင်းအနေနှင့် ထပ်မံအလေးထား ဖော်ပြသည်မှာ ဤပြဿနာကို ဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ရေးသည် အရေးကြီးသည်ကို ထောက်ပြသည့်အပြင် ဤပြဿနာအား ဒေသတွင်း အာဆီယံ နိုင်ငံများ၏ အလေးထားမှု ရှိသည်ကို သတိပြု၍ ဒေသတွင်း နိုင်ငံများအား မိမိ၏ လုပ်ဆောင်ချက်များ ရှင်းလင်း၍ ထောက်ခံမှု ရယူရန် အကြံပြုထားသည်ကို သတိပြုရန် လိုအပ်ပါသည်။

အထူးပြဿနာ အနေနှင့် မောင်တောဒေသကိုဖြတ်၍ ဘင်္ဂလားဒေ့ရှ်သို့ မူးယစ်ဆေးဝါး မှောင်ခိုမှု လုပ်ငန်း ကြီးထွား နေမှု အား နှိမ်နင်းရန် လိုအပ်ကြောင်း ဤမူးယစ်ဆေးဝါး မှောင်ခိုမှုသည် ဒေသတွင်း လူငယ်များအား အတိဒုက္ခ ရောက်စေသည့် အပြင် အကြမ်းဖက်အဖွဲ့များ ငွေကြေးရရှိရာ လမ်းကြောင်းဖြစ်နေခြင်း၊ အစိုးရ ဝန်ထမ်းနှင့်လုံခြုံရေး ဝန်ထမ်းများအား လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု အများဆုံးဖြစ်စေသည့် လမ်းကြောင်းဖြစ်နေခြင်းကို အထူးဂရုပြု အလေးထား ဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။

သို့ဖြစ်ရာ ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင် အပြီးသတ် အစီရင်ခံစာတွင် ရခိုင်ပြည်နယ်၏ အခြေခံပြဿနာများကို ထောက်ပြ ထားသကဲ့သို့ လတ်တလော ကုစားနိုင်သည့် နည်းလမ်းများကိုလည်း တွေ့ရသည်ဟု ဆိုရပါမည်။

ထို့အတူ လက်တွေ့လက်ငင်း လုပ်ဆောင်ရန် မဖြစ်နိုင်သေးသည် ကိစ္စရပ်များကိုလည်း တွေ့ရသည်ဟု သုံးသပ်ရပါသည်။

ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာအပေါ် တုံ့ပြန်ချက်များ

ကိုဖီအာနန်၏ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ ထွက်လာပြီးနောက် NLD အစိုးရက ထို အစီရင်ခံစာကို ကြိုဆိုခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံရုံးက ၂၀၁၇ ခုနှစ် ရက်စွဲဖြင့် ၎င်းအစီရင်ခံစာနှင့် ပတ်သက်၍ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်တွင် ကော်မရှင်၏ အကြံပြုချက်များအား အလေးအနက်ထား ကြိုဆိုပြီး မြေပြင်အခြေအနေပေါ် မူတည်၍ အမြန်ဆုံး အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း၊ ကော်မရှင်၏ အကြံပြုချက်များအား အကောင်အထည် ဖော်မည့် ပြည်ထောင်စုအဆင့် ဝန်ကြီးတဦး ခေါင်းဆောင်သည့် ကော်မတီတရပ်နှင့် ယင်းကော်မတီအား အထောက်အကူ ပြုမည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးဘုတ်အဖွဲ့တခု ဖွဲ့စည်းမည်ဟု ဖော်ပြပါသည်။

ထို့အပြင် ကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာပါ အချက်များအား ဆောင်ရွက်ခဲ့ရာ အောင်မြင်မှု တချို့ရနေသည်ဟု ဆိုပါ သည်။ ရခိုင်ပြည်နယ် ပြဿနာ ဖြေရှင်းရာတွင် နေ့ချင်းညချင်း ဖြေရှင်းနိုင်မည် မဟုတ်ဘဲ အချိန်လိုအပ်မည် ဟုလည်း ဖော်ပြပါရှိပါသည်။

ကိုဖီအာနန်ကော်မရှင် ဖွဲ့စည်းစဉ်က ကန့်ကွက်ခဲ့သူများသည် ကော်မရှင်၏ အစီရင်ခံစာတခုလုံးအား ကန့်ကွက်ခြင်းမျိုး မတွေ့ရပါ။

သို့သော် တပ်မတော်၊ ANP နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတို့အနေနှင့် အစီရင်ခံစာပါ ၁၉၈၂ နိုင်ငံသား ဥပဒေအား ပြန်လည်သုံးသပ် ပြင်ဆင်ရေးကို လက်မခံကြောင်း သဘောထား ဖော်ပြကြသည်ဟု ဆိုရပါမည်။

ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာအား ပြင်းပြင်ထန်ထန် ဆန့်ကျင်သူများသည် ဘင်္ဂါလီမွတ်စလင်များကို စည်းရုံး၍ သော် လည်းကောင်း၊ ခြိမ်းခြောက်၍ သော်လည်းကောင်း သိမ်းသွင်းထားနိုင်သည့် ARSA (Arakan Rohinja Salvation Army ) ဟူသော အဖွဲ့ဖြစ်သည်ဟု ဆိုရပါမည်။

ကိုဖီအာနန်ကော်မရှင် အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်သည့် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၄ ရက်ညနှင့် ၂၅ ရက်နေ့ နံနက် အစောပိုင်းတွင် မောင်တော၊ ဘူးသီးတောင် ဒေသရှိ နယ်ခြားစောင့် ရဲစခန်း ၃၀ ခန့်နှင့် ခြေမြန်တပ်ရင်း ဌာနချုပ် တခုအား အင်အားသုံး ဝင်ရောက် အကြမ်းဖက် တိုက်ခိုက်ခဲ့ကြခြင်းဖြင့် ကိုဖီအာနန်အစီရင်ခံစာပါ အကြံပြုချက်များနှင့် ဖြေရှင်းခြင်း ကို စောင့်ဆိုင်းမည် မဟုတ်ကြောင်း လက်မခံကြောင်း ပြသခဲ့သည်ဟု ဆိုရပါမည်။

အပိုင်း ၅ ကို ဆက်လက်ဖော်ပြပါမည်။

(မောင်မောင်စိုးသည် ဖက်ဒရယ်နှင့်တိုင်းရင်းသားရေးရာ သုတေသီတဦးဖြစ်သည်။)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More