Thursday, January 4, 2018

နော်ဝေ၊ ဒိန်းမတ်၊ ဂျာမဏီ ၃ နိုင်ငံသို့ သဘောင်္စီးခြင်း

Oslo မှ Frederikshavn သို့
ဆောင်းရာသီဆိုတာ တကယ်တော့ သဘောင်္မစီးပဲ စကီး (နှင်းလျော်စီးခြင်း) စီးရမဲ့ရာသီပါ။ နော်ဝေ အတော်များများက ခရစ်စမတ်နဲ့ နှစ်သစ်ကူးဟောလီးဒေးအဖြစ် တောတောင်တွေထဲရှိ နှင်းတောထဲက Hytte တဲတွေဆီမှာ သွားရောက်အနားယူလေ့ရှိပါတယ်။ တချို့ကတော့ မြောက်ပိုင်းဖက်သွားပြီး Northing light (မြောက်ပိုင်းရောင်ချည် တန်း) ကို ကြည့်ကြပေါ့။

(ဓာတ်ပုံ- ထက်အောင်ကျော်)

တကယ်ဆို အခုလိုဆောင်းတွင်းမှာ စာရေးသူ တကယ်သွားချင်တဲ့နေရာက Northing light ရှိတဲ့နေရာ။ လွန်ခဲ့တဲ့ ဆယ်နှစ်နီးပါးက နွေလယ်ရာသီတခုမှာ အဲဒီမြောက်ပိုင်းက ထရိုဆွန်း (Tromsø) မြို့ဆီသွားပြီး သန်းခေါင်ယံ နေ ဆိုတာကို ကြည့်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဆောင်းရာသီမှာ အဲဒီမြို့ဆီသွားပြီး မြောက်ပိုင်း ရောင်ချည်မြင်ခွင့်ရဖို့အရေး စိတ်ကူးယဉ်မှုက အခုထိ အထမမြောက်သေး။ အဓိကအချက်ကတော့ လေယဉ်ခ၊ ဟိုတယ်ခ ဈေးကြီးလွန်းလို့ အဲဒီကိုသွားမဲ့အစား မြန်မာပြည်တခေါက်ပြန်တာကမှ ပိုကောင်းပါ တယ်ဆိုပြီး စိတ်ကူးကပြောင်းသွားလေ့ရှိလို့ပါ။

ဒီနှစ်မှာလည်း ဘတ်ဂျက်ကမလောက်တော့ မြောက်ပိုင်းရောင်ချည် စိတ်ကူးယဉ်ခရီးစဉ်ကို စွန့်လွတ်ပြီး နီးနီးနားနား အခမဲ့နီးပါးရတဲ့ အပျော်စီးသဘောင်္ကိုစီးဖို့ရွေးလိုက်ပါတယ်။ တကယ်စီးချင်တဲ့သဘောင်္က အော်စလိုကနေ Kiel (ဂျာမဏီတောင်ပိုင်းက ဆိပ်ကမ်းမြို့) ဆီသွားတဲ့သဘောင်္။ ဒါပေမဲ့ အဲဒီကောင်က ဒီလိုခရစ်စမတ်ရာသီ၊ နှစ်သစ်ကူးရာသီမျိုးမှာ ခရိုနာ ၁၀၀၀ ကျော် (ဒေါ်လာ ၁၅၀ ၀န်းကျင်) နေတတ်ပါ တယ်။ ဒီတော့ ဈေးသက်သာတယ်ဆိုပြီး တနှစ်မှာ ၃-၄ ခေါက်မက စီးဖြစ်လေ့ရှိတဲ့ Frederikshavn (ဒိန်းမတ်တောင်ပိုင်းက ဆိပ်ကမ်းမြို့ငယ်) ဆီ သွားတဲ့ Stena Line ကိုပဲ ထပ်ရွေးလိုက်ပြန်ပါတယ်။

နော်ဝေမှာ (အထူးသဖြင့် အော်စလိုဝန်းကျင်မှာ) ရှိတဲ့ မြန်မာအတော်များများ ဒီသဘောင်္ကိုစီးဖူးပြီးသားမို့ အထူးရှင်းပြနေဖို့လိုမယ်မထင်ပါ။ အပျော်စီးသဘောင်္ ၃ စီးထဲက အဆင့်အနိမ့်ဆုံးခရီးစဉ်ဆိုပါစို့။ ဒါပေမဲ့ သူက ဈေးသက်သာတဲ့အပြင် အချိန်လည်းသက်သာပါတယ်။ ဒီညနေ ၇ နာရီထွက်ရင် မနက်ဖန်မနက် ၈ နာရီမှာ ဒိန်းမတ်မြို့ငယ်လေး Frederikshavn ဆီဆိုက်ပါတယ်။ အဲဒီမြို့မှာ တနာရီကျော်ကြာ ဈေးဝယ်ပြီး (ခပ်သွက်သွက်လျောက်၊ ခပ်သွက်သွက်ဝယ်ရပါတယ်) မနက် ၁၀ နာရီမှာပြန်ထွက်။ ညနေ ၆ နာရီမှာ (၂၄ နာရီအတွင်း) အော်စလိုကိုပြန် ရောက်ပါတယ်။ 

ဆိုးတာက ကမ်းမကပ်မီ ညနေ ၄ နာရီလောက်ကတည်းက အခန်းထဲကနေ ထွက်ပေးရခြင်းပါပဲ။ မထွက်လို့မဖြစ်။ သူက ၇ နာရီခွဲပြန်ထွက်မှာဆိုတော့ အခန်းသန့်ရှင်းရေးလုပ်ဖို့၊ အိပ်ယာအသစ်လဲဖို့ မီနစ် ၃၀ နဲ့ ဘယ်လိုမှ အချိန်မလောက်နိုင်။ (အခုနောက်ပိုင်းတော့ အထုပ်အပိုးတွေကို ပက်ကေ့စ်လုပ်ပြီး ရေချိုးခန်းနား ထားခဲ့လို့ရပါတယ်)။ ဒါပေမဲ့ ဘာဖြစ်ဖြစ် ဈေးသက်သာတဲ့အပြင် တခြားခရီးစဉ်တွေလို ၂ ညအိပ် ၃ ရက်အချိန်ပေးစရာမလိုလို့ စီးတဲ့သူ များနေဆဲပါ။

နော်ဝေမှာ အရက်၊ ဆေးလိပ်နဲ့ အသားတွေကဈေးကြီးတော့ အဲဒီသဘောင်္စီးပြီး Tax free မှာ ဈေးဝယ်ကြ တာက အဓိကလုပ်ငန်းစဉ်ပါ။ ဥပမာ မြန်မာအကြိုက် Jack Daniel ၀ီစကီ တလီတာပုလင်းကို အော်စလိုမှာ ၅၀၀ ခရိုနာပေးရပြီး အဲဒီသဘောင်္ပေါ်မှာတော့ ၃၀၀ ခရိုနာပဲပေးရပါတယ်။ ဆေးလိပ်လည်း အဲဒီနှုန်းအတိုင်း တ၀က်နီးနီးဈေး သက်သာပါတယ်။ တခါ ခရိုနာတထောင်ဖိုးလောက် အဲဒီ Tax free ဆိုင်မှာဈေးဝယ်ရင် အခမဲ့နီးပါးရတဲ့ သဘောင်္လက်မှတ်တစောင် လက်ဆောင်ပေးတတ်ပါသေးတယ်။ အခမဲ့ဆိုတာ သောကြာ၊ စနေမဟုတ်တဲ့ ကြားရက်တွေမှာ သွားမှ၊ ပြူတင်းပေါက်မပါတဲ့ အတွင်းခန်းကိုယူမှ ရတာပါ။ လူစည်ကားတဲ့ သောကြာ၊ စနေတွေမှာသွားချင်တယ်။ ပြူတင်ပေါက်လဲပါချင်တယ်။ တီဗွီ တွေ၊ ရေခဲသေတ္တာတွေလဲပါချင် တယ်ဆိုရင်တော့ နဲနဲဈေးပိုပေးရပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလအတွင်း ဒီသဘောင်္ကို တနှစ် ၃-၄ ခေါက်စီးခဲ့ဖူးပေမဲ့ သဘောင်္ဦးခန်းဖက်မှာရှိ တဲ့ Spa အခန်းတွေဆီတခါမှ မ၀င်ဖြစ်ပါ။ အရက်ဝယ်ပြီး ၀ိုင်းစုသောက်ဖို့၊ ညဖက် ဒင်စကိုကပွဲသွားဖို့၊ ကာစီနိုစက်တွေနဲ့ ဆော့်ဖို့သာသိပြီး Spa ထဲသွား အနားယူဖို့ တခါမှ မစဉ်းစားမိခဲ့ပါ။ မစဉ်းစားဆို Spa ထဲ တခါမှမ၀င်ဖူးတော့ အဲဒါကြီးကို အလှပြင်တဲ့အခန်း၊ အနှိပ်ခန်းလို့ပဲ ကိုယ်ကထင်ထားမိတယ်ဆိုပါတော့။ တကယ်က အဲဒီလိုမဟုတ်။ ဖင်လန်နိုင်ငံခရီးစဉ်တုန်းက ကြုံခဲ့ဖူးတဲ့ ချွေးထုတ်ခန်း sauna နဲ့ ရေခဲရေစိမ်တဲ့ အခန်းတွေ အဲဒီထဲမှာရှိပါတယ်။



(ဓာတ်ပုံ- Stena line)

ဒီလောက်အေးတဲ့ရာသီမှာ ရေခဲရေစိမ်ရသလားဆိုပြီး အံ့သြနေသလား။ အပူချိန် ၇၀ ကနေ ၁၀၀ ဒီဂရီ စင်တီဂရိတ် အထိအပူပေးထားတဲ့ အခန်းထဲမှာ ၁၅ မီနစ်လောက်ထိုင်ပြီး ချွေးထုတ်၊ အဲဒီအခန်းထဲကနေ ထွက်လာတာနဲ့ ရေခဲကန်ထဲ ခုန်ဆင်းပြီး shock ရိုက်တာက လူကိုအတော်လန်းဆန်းစေပါတယ်။ ပြီးရင် ရေနွေးကန်ထဲမှာ နဲနဲစိမ်ပြီး အကျောအချင်တွေကို နှိပ်လိုက်ရင် တလတာအမောတွေပြေသွားသလို စိတ်ထဲ ထင်မိပါတယ်။ အဲ… သဘောင်္ခထဲမှာ Spa ဖိုးမပါတဲ့အတွက် ၁၅၀ ခရိုနာ (အသင်းဝင်ဆိုရင် ၉၉ ခရိုနာ) လောက်တော့ ထပ်ပေးရပါတယ်။ ဒီတခေါက်ခရီးစဉ်အတွင်း Spa ရဲ့ အရေးပါမှုနဲ့ jacuzzi (ရေနွေးစိမ်ကန် ငယ်) ထဲ ရေစိမ်နည်းတွေကို လေ့လာတွေ့ရှိခဲ့တယ်ဆိုပါတော့။


Oslo မှ Kiel သို့ 

လျော့ဈေးနဲ့ရလို့ တလအတွင်း သဘောင်္ ၃ စီးစလုံး စီးမိသွားတယ်ပြောရမလားပါပဲ။ ဒီဇင်ဘာ ပထမ သတင်းပတ်မှာ ဈေးပေါတဲ့ တောသဘောင်္ကိုစီးပြီးအပြန် နှစ်သစ်ကူးရာသီအတွက် အော်စလို-ကိုပင်ဟေဂင် (ဒိန်းမတ်မြို့တော်) DFDS သဘောင်္လိုင်းကို ၁၀၀ ခရိုနာလောက်နဲ့ရမယ်ဆိုပြီး မိတ်ဆွေတဦးက လက်တို့ လာပါတယ်။ နှစ်သစ်ကူးမှာ ဒီဈေးနဲ့ရရင် လိုက်မယ်လို့ စာရင်းပေးလိုက်တာပေါ့။ အဲဒီလိုစာရင်းပေးပြီး ၃ ရက် လောက်မှာ အခြားမိတ်ဆွေတဦးက ဖုန်းခေါ်လာပါတယ်။ စာရေးသူ သိပ်စီးချင်နေတဲ့ အော်စလိုမှ Kiel (ဂျာမဏီတောင်ပိုင်း ဆိပ်ကမ်းမြို့) မြို့ဆီပြေးတဲ့ Color Line သဘောင်္လိုင်းက ၈၀ ရာနှုန်းလျော့ဈေးနဲ့ရ မယ် တဲ့။ 

(ဓာတ်ပုံ- Colour Line)

ဒီလို ခရစ်စမတ်ရာသီမှာ ၁၀၀၀ တန်ကို ၂၀၀ နဲ့ရမယ်ဆိုတော့ လက်လွှတ်ခံလို့ဘယ်ဖြစ်မလဲ၊ ရှေ့မှာတင်ပြ ခဲ့ဖူးတဲ့အတိုင်း ဈေးပေါတဲ့ စတီနာလိုင်းကို တနှစ်မှာ ၃-၄ ခေါက်စီးဖူးပေမဲ့ အခု ဂျာမဏီသဘောင်္ ကာလာလိုင်းကိုတော့ လွန်ခဲ့တဲ့ ၇ နှစ်ခန့်က တခါပဲစီးဖူးပါသေးတယ်။ သူက နေ့လည် ၂ နာရီထွက်မှာ ဆိုတော့ သောကြာနေ့မှာ နေ့ တ၀က် ရုံးပြေး၊ ကျောင်းပြေးလုပ်ပြီး ၁၂ နာရီအရောက် ဘတ်စ်ကား ဂိတ်ကြီးဆီသွားရပါတယ်။ ၃၃ ဘတ်စ်လိုင်းက သဘောင်္ဆိပ်အထိပြေးတယ်ဆိုပေမဲ့ မနက်ရုံးတက်ချိန်နဲ့ ညနေ ရုံးဆင်းချိန်လောက်သာဆွဲပေးတာမို့ အခုလို ၂ နာရီအမီ ဘတ်စ်ကားမရှိပါ။ ဒီတော့ ကာလာလိုင်း သဘောင်္ကစီစဉ်ပေးတဲ့ ကားဂိတ်ကြီးကနေ သဘောင်္ဆိပ်ဆီဆွဲပေးတဲ့ ဖယ်ရီကားကိုမီဖို့ ၁၂ နာရီအတိမှာ ကားဂိတ်ကြီးဆီလာရပါတယ်။ (မလာနိုင်ရင် တက္ကစီငှားပြီးဖြစ်စေ၊ မြို့တော်ခန်းမရှေ့ကနေ မီနစ် ၃၀ နီးပါး လမ်းလျောက်ပြီးဖြစ်စေ လာနိုင်ပါတယ်)။

အရင်တခေါက်သွားတုန်းက နွေရာသီဆိုတော့ အေးဆေး လမ်းလျောက်သွားလို့ရပေမဲ့ အခုက ဆောင်း တွင်းကြီး။ အအေးချိန်က အနှုတ် ၃ လောက်ရှိတဲ့အပြင် နှင်းတွေကလည်းလမ်းပေါ်မှာအများကြီး။ ဒီတော့ အခမဲ့ဆွဲပေးတဲ့ ဘတ်စ်ကားမီအောင် ကားကြီးဝင်းဆီ ၁၁ ခွဲကတည်းက ရောက်အောင်လာရပါတယ်။ လျော့ဈေးချထားလို့လား မသိပါ။ ဂိတ်မှာတွေ့မိတဲ့ လူ ၂၀၀ လောက်မှာ လူဖြူအတော်နည်းပြီး အရှေ့ တောင်အာရှနဲ့ တောင်အာရှသားတွေ အတော်များနေပါတယ်။

လူက ၂၀၀ လောက်ရှိပေမဲ့ ဘတ်စ်ကားက တစီးတည်း။ ဒီတော့ အာရှသားတွေထုံးစံအတိုင်း နောက်ကား ကို စောင့်ဖို့ စိတ်ကူးသူမရှိ။ ရပ်ထားတဲ့ကားပေါ် အလုအယက်တိုးတက်ကြတာ ကားသမားစိတ်ပျက် တောင်းပန်ရတဲ့အထိပါပဲ။ သဘောင်္ပေါ်တက်ဖို့ တန်းစီတော့လည်း အနောက်တိုင်းသားတွေလို စနစ်တကျ မစီပဲ ရှေ့လူကိုကျော်တက်ပြီး စီနေကြလို့ လုံခြုံရေးက တားယူရတဲ့အထိ။ ဒီသဘောင်္လိုင်းရဲ့ လုံခြုံရေးက လည်း တမျိုး။ နိုင်ငံကူးလက်မှတ်ကို အဓိကမစစ်ပဲ ခရီးဆောင်အိတ်ထဲက အ၀တ်တွေကို တစစီဆွဲထုတ်ပြီး စစ်နေပါတယ်။ 

Warm food ပါလားဆိုပြီး လုံခြုံရေးကမေးတော့… ပါတယ်လေ၊ ခေါက်ဆွဲကြော်တွေ၊ ကြက်ကြော်တွေ၊ ထမင်းဖြူတွေ အခုလေးတင် ပူပူနွေးနွေးချက်ပြီးယူလာတာလို့ အထုတ်တွေ ဆွဲထုတ်ပြရပါတယ်။ အဲဒါ မဟုတ်ဘူး။ သဘောင်္ပေါ်မှာစားဖို့ Warm food ချက်တဲ့ စက်တွေပါလားဆိုပြီး စစ်နေတာ၊ ဟိုမှာတွေ့လား- အဲဒီလို ရေနွေခရားတွေ၊ လျှပ်စစ်အိုးတွေပါလား တဲ့။ ဟိုက်…ဟိုဖက်နားမှာ သိမ်းယူထားတဲ့ ရေနွေးခရား အိုးတွေ ၅၀ လောက်ရှိတယ်။ ဒါကြောင့် အာရှသားတွေကို အဓိကထားစစ်နေတာဖြစ်မှာပေါ့။ အာရှသား တွေရဲ့ထုံးစံအတိုင်း သဘောင်္ပေါ်မှာရောင်းတဲ့ အနောက်တိုင်း အစာနဲ့မတင်းတိမ်၊ ထမင်းနဲ့ခေါက်ဆွဲစားရမှ ကျေနပ်လေ့ရှိတော့ အဲဒါတွေချက်ဖို့ ရေနွေခရားတွေ၊ ထမင်းအိုးသေးသေးလေးတွေကို ခရီးဆောင်အဖြစ် ယူသွားလေ့ရှိတယ်ဆိုပါတယ်။

ခက်တော့ ခက်သား။ ဇိမ်ခံသဘောင်္စီးပါတယ်ဆိုမှ လူသူမရှိတဲ့ တောကြီးမျက်မဲထဲခရီးသွားသလိုမျိုး ထမင်း ထုတ် ယူလာသူ၊ ထမင်းအိုးယူလာသူတွေနဲ့ဆိုတော့ အနောက်တိုင်းသားတွေအတွက် အထူးအဆန်းဖြစ်နေ နိုင်ပါတယ်။ ဒီသဘော်က ၁၅ ထပ်အထိရှိပြီး ခရီးသည် ၂၀၀၀ ကျော်၊ ကားအစီးရေ ၇၀၀ ကျော်အထိ တင်နိုင်တယ်ဆိုပါတယ်။ ခရီးသည် ၂၀၀၀ ကျော်ဆိုတာ ရန်ကုန်-ထားဝယ်ပြေးတဲ့ သဘောင်္တွေလို ဖြစ်သလိုတင်တဲ့စာရင်းမဟုတ်ပါဘူး။ နှစ်ယောက်အိပ်ခန်း၊ ၄ ယောက်အိပ်အခန်း၊ မိသားစုအခန်း စသဖြင့် လူအားလုံးအတွက် ကြယ်ငါးပွင့်ဟိုတယ်နီးပါးကောင်းတဲ့ အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာ အကုန်ပါ ပါတယ်။ ရေပေါ်ဟိုတယ်ကြီးလို့ အလွယ်ပြောနိုင်မလားပါပဲ။




(ဓာတ်ပုံ- Color Line)

ရှေ့မှာပြောခဲ့တဲ့ ဒိန်းမတ်သွားသဘောင်္တွေမှာလဲ အလားတူ အိပ်ခန်းတွေပါ ပါတယ်။ ဒါပေမဲ့ ဒီသဘောင်္က သဘောင်္ဝမ်းလည်ခေါင်မှာ အခန်းတွေမထားပဲ ဟောခန်းလိုလုပ်ပြီး ဈေးဆိုင်တွေဖွင့်ထားတာမို့ သဘောင်္ထဲ ရောက်နေသလိုမခံစားရပဲ မြို့လည်ခေါင်က ဈေးတန်းထဲရောက်နေလို ထင်ရပါတယ်။ ကစီနိုစက်တွေက လည်း အတော်ကောင်းပြီး အနိုင်ရရင် ငွေထုတ်နိုင်တဲ့ကတ်ပြား စက်ထဲကနေ တခါတည်း တန်းထွက်လာပါ တယ်။ နောက်ထပ် ထူးခြားချက်ကတော့ ည ၉ နာရီမှပြတဲ့ ဖျော်ဖြေရေးအစီစဉ်က တခြားသဘောင်္ ၂ စီးနဲ့ ဘာမှမဆိုင်အောင် သာပါတယ်။

ဒိန်းမတ်သွား သဘောင်္တွေပေါ်က ဖျော်ဖြေရေးဟာ သာမန် သီချင်းဆိုမှုသာဖြစ်ပေမဲ့ ဒီသဘောင်္ပေါ်က ဖျော်ဖြေရေးကတော့ အတော်ဆွဲဆောင်မှုရှိပါတယ်။ နိုင်ငံတကာ အနုပညာကျောင်းဆင်း လူငယ်လေးတွေ ရဲ့ သရုပ်ဖေါ်ကပြမှု၊ အထူးသဖြင့် မီးဆလိုက်နဲ့ သရုပ်ဖေါ်မှုက ရင်သပ်ရှုမောဘွယ်ပါ။ ဇတ်စင်ကလည်း လန်ဒန်ကအော်ပလာစင်တွေလို အနိမ့်အမြင့်လုပ်နိုင်တဲ့အပြင် ပရိသတ်တွေထိုင်ဖို့နေရာကိုလည်း ရုပ်ရှင်ရုံ လို အသေချာပြင်ပေးထားပါတယ်။ ဒီတော့ နောက်ကျရင် နေရာမရတော့လောက်အောင်ကို လူတိုးပါတယ်။

စာရေးသူကြိုက်မိတဲ့ နောက်ထပ်နေရာတခုကတော့ ၁၅ ထပ်က Observation Bar ပါပဲ။ သဘောင်္ဦးရှိ အဲဒီဆိုင်ကနေ ပင်လယ်ပြင်ကိုကြည့်ရတဲ့အရသာက အတော်ထူးပါတယ်။ အဲ Spa လဲ ဒီသဘောင်္မှာပါပေမဲ့ ရေလွှာလျောစီးတာ၊ တခြားဟာတွေနဲ့တွဲထားလို့ ဈေးနဲနဲကြီးတဲ့အတွက် မ၀င်ဖြစ်ခဲ့ပါဘူး။ ဒီသဘောင်္က နေလည် ၂ နာရီ အော်စလိုကနေထွက်ပြီး မနက် ၁၀ နာရီမှာမှာ (ကီလို ၇၀၀ နီးပါးကို နာရီ ၂၀ မောင်း) Kiel မြို့ဆီ ဆိုက်ပါတယ်။ နေ့လည် ၂ နာရီပြန်ထွက်မှာဆိုတော့ ၃ နာရီကျော်ကြာ ဈေးဝယ်ခွင့်၊ လည်ပတ်ခွင့်ရပါ တယ်။

အရင်တခေါက်လာတုန်းက တနင်္ဂနွေဖြစ်နေလို့ ကုန်တိုက်ကြီးတွေပိတ်ပြီး ဆိုင်သေးသေးလေးတွေမှာပဲ ဈေးဝယ်ခဲ့ရပါတယ်။ ဒီတခေါက်တော့ ကံကောင်းထောက်မစွာနဲ့ စနေ ဆိုတော့ ဂျာမဏီမှာဈေးဝယ်ခွင့်ရခဲ့ ပါတယ်။ သဘောင်္ပေါ်ကဆင်းလာတဲ့ လူ ၁၀၀၀ ကျော်စလုံး အနီးဆုံးကုန်တိုက်ဆီပဲ တန်းဝင်သွားတာတွေ့ရ ပါတယ်။ ကုန်တိုက်က ၂ ထပ်သာရှိပေမဲ့ အထဲမှာ အကျယ်ကြီး။ ပစ္စည်းတွေကလည်း စုံသလားမမေးနဲ့၊ ဥရောပရဲ့ ဦးဆောင်နိုင်ငံဆိုတော့ ဈေးကလည်း (အော်စလိုနဲ့စာရင်) ပေါ်သလားမမေးနဲ့။ ဒါပေမဲ့ အရှေ့တောင်အာရှသားတွေရဲ့ ထုံးစံအတိုင်း ဈေးဝယ်ရေးက နောက်မှ။ အာရှစားသောက်ဆိုင်ကို မတွေ့ တွေ့အောင်ရှာပြီး ထမင်း သို့မဟုတ် ခေါက်ဆွဲကျော်မှာစားရေးက ပထမ ဦးစားပေးပါ။


Oslo မှ Copenhagen သို့

အကောင်းဆုံးသဘောင်္လိုင်းကို ခရစ်စမတ်ရာသီမှာ စီးထားပြီးဖြစ်ပေမဲ့ ကိုပင်ဟေဂင်ဆီသွားတဲ့ သဘောင်္ လက်မှတ်ကလည်း ၀ယ်ထားပြီးသားဆိုတော့ အရှုံးခံလို့မဖြစ်။ ဒီဘောင်္လိုင်း DFDS ကတော့ ရှေ့က ၂ လိုင်းရဲ့ ကြား အဆင့်မှာရှိတယ်လို့ဆိုနိုင်ပါတယ်။ အော်စလိုကနေ ညနေ ၄ နာရီခွဲမှာထွက်ပြီး နောက် တရက် မနက် ၁၀ နာရီမှာ ကိုပင်ဟေဂင်ဆီ ဆိုက်ပါတယ်။ ၆ နာရီနီးပါး ဈေးဝယ်ချိန်၊ လည်ပတ်ချိန်ရပြီး ညနေ ၄ နာရီခွဲမှာ ပြန်ထွက်ပါတယ်။ 

(ဓာတ်ပုံ- ထက်အောင်ကျော်)

ဒီသဘောင်္ကို ၃-၄ ခါ စီးဖူးပြီးဖြစ်ပေမဲ့ အစည်းဝေးတက် သတင်းယူတာ၊ မိတ်ဆွေတွေက ကားနဲ့ခေါ်ပြီး တခြားမြို့ တွေဆီလျောက်လည်တာဆိုတော့ ကိုပင်ဟေဂင်မြို့ထဲ တခါမှ အသေချာမလည်ဖြစ်သေးပါ။ ဥရောပရဲ့မြို့ကြီးဖြစ်တဲ့အပြင် တခြားသဘောင်္ ၂ လိုင်းနှစ်ခုထက် လည်ပတ်ချိန်လည်းပိုရတာမို့ အေးဆေး လျောက်လည်ခွင့်ရခဲ့ပါတယ်။ ပထမဆုံး သတိထားမိတာက ဒီလိုဆောင်းတွင်းမှာတောင် စက်ဘီးစီးနေ သူတွေအများကြီး။ အော်စလိုမှာ အပူချိန်က အနှုတ် ၄ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး နှင်းတွေကျနေပေမဲ့ ဒီမှာက အပေါင်း ၄ ဖြစ်တဲ့အပြင် နှင်းလဲမကျဘူးဆိုတော့ စီးနိုင်တာပေါ့။

ပြီးတော့ ဂျာမဏီတို့၊ ဒိန်းမတ်တို့က နော်ဝေလို တောင်တွေရှိတာမဟုတ်။ မြေပြန့်ချည်းသက်သက်ဆိုတော့ စက်ဘီးတွေက ဂီယာပါစရာမလို၊ ဈေးသိပ်ကြီးစရာမလို၊ သဘောင်္ဆိပ်ကနေလာတဲ့ ဘတ်စ်ကားဂိတ်နေက မြို့လယ်ဆီလျောက်တဲ့လမ်းဘေး ၀ဲ-ယာမှာ စက်ဘီးရပ်တဲ့နေရာ (Bike park) တွေအများကြီး၊ ရပ်ထားတဲ့ စက်ဘီးတွေ ထောင်နဲ့ချီရှိမယ်ထင်ပါတယ်။ ဒါတောင် ဆောင်းတွင်းကြီးမို့လို။ နွေဆိုရင် သောင်းနဲ့ချီရှိနိုင်ပါ တယ်။ ကိုပင်ဟေဂင်ဟာ စက်ဘီးမြို့တော်ဖြစ်ပြီး လူ ၄ ယောက်မှာ စက်ဘီး ၅ စီးရှိတယ်ဆိုပါတယ်။ မြို့ လူဦးရေက ၆ သိန်းဆိုတော့ စက်ဘီးအစီးရေ ၇ သိန်းကျော်ရှိတယ်လို့မှန်းနိုင်ပါတယ်။ စက်မပါတဲ့ ကားကို စက်ဘီးသမား ၂၀ လောက်ကနင်းပြီး မြို့လယ်မှာသွားနေတဲ့ ထူးဆန်းထွေလာ ကားတွေကိုတောင် မြင်ခဲ့ရပါ တယ်။

ဒီနိုင်ငံက လူအားအပြင် လေအားလဲအတော်ကောင်းတဲ့နိုင်ငံ။ လေအားဆိုလို့ ရန်ကုန်ကလူတွေလို လက်ဖက်ရည်ဆိုင်ထိုင်ပြီး (အခုခေတ်မှာတော့ ဘီယာဆိုင်ပေါ့) လေကန်နေတယ်လို့ မထင်လိုက်ပါနဲ့၊ အလကားရတဲ့လေကို လေရဟတ်တွေနဲ့ဖမ်းတားပြီး လေစွမ်းအင်ထုတ်တာကို ဆိုလိုတာပါ။ ဒိန်းမတ်ဟာ လေရဟတ်ဆရာကြီးဖြစ်ပြီး လေစွမ်းအင် နည်းပညာကို ကမ္ဘာတလွှားဆီ ဖြန့်ဖြူးနေပါတယ်။ အခု သဘောင်္ ဆိုက်တဲ့ ပင်လယ်ကမ်းစပ်မှာတောင် လေရဟတ်တိုင်တွေအများကြီး။ 

နော်ဝေကတော့ တောင်တွေပေါ်တဲ့အတွက် ရေအားလျှပ်စစ်ကို အဓိကထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ရေရော၊ လေပါ ကောင်းပေမဲ့ နည်းပညာမရှိသေးလို့ ကျောက်မီးသွေးခေတ်ဆီ ပြန်သွားမယ်လို့ဆိုနေပါ တယ်။ ထားတော့။ ပြောရင်းနဲ့ နိုင်ငံရေးက ပါလာပြန်ပြီ။ 

ကိုပင်ဟေဂင်မှာ လူအစည်ကားဆုံးလမ်းကတော့ “Strøget” ဖြစ်ပါတယ်။ အရင်နှစ်တွေက ဘူတာကြီးဝန်း ကျင်နဲ့ ပါလီမန်ဖက်သာရောက်ဖူးပြီး ဒီလမ်းပေါ် တခါမှမလျောက်ဖူးသေးပါ။ အော်စလိုက Karl Johans လမ်းထက် ၂ ဆမက ရှည်မယ်ထင်ပါတယ်။ ကျောက်တုံးခင်းလမ်းကို အသေချာပြင်ထားပြီး ကမ္ဘာတလွှား က နာမည်ကြီးဆိုင်မျိုးစုံရှိပါတယ်။ ဈေးကလည်းကောင်းပါတယ်။ ဒီတော့ ထုံးစံအတိုင်း လမ်း အစ-အဆုံး ခြေညောင်းတဲ့အထိ လျောက်ကြည့်ပြီးတဲ့နောက် အာရှဆိုင်မှာ ခေါက်ဆွဲမှာစားတာနဲ့ပဲ ကျေနပ်ခဲ့ရပြန်ပေါ့။



အနှစ်ပြန်ချုပ်ရမယ်ဆိုရင် ဘတ်ဂျက် ဘယ်လောက်ရှိသလဲ၊ အချိန်ဘယ်လောက်ပေးနိုင်သလဲ၊ သဘောင်္စီး ပြီး ဘာတွေလုပ်ချင်သလဲဆိုတဲ့အပေါ်မူတည်ပြီး ဒီ ၃ လိုင်းထဲက တလိုင်းကိုရွေးပါ။ ဘတ်ဂျက်လဲတောင့် မယ်၊ အချိန်လဲပေးနိုင်မယ်ဆိုရင်တော့ ဂျာမဏီသဘောင်္ Color Line ကိုသာရွေးပါ။ ဒါမှမဟုတ် ဥရောပရဲ့ မြို့တော်ကြီးတခုဖြစ်တဲ့ ကိုပင်ဟေဂင်ကို လည်ချင်တဲ့ဆိုရင် DFDS ကိုရွေးပါ။ ဘတ်ဂျက်လဲနည်း၊ အချိန် လည်းနည်းတယ်ဆိုရင်တော့ Stena Line ပေါ့။

ဒါက နော်ဝေ၊ ဒိန်းမတ်နဲ့ ဂျာမဏီက မြန်မာတွေအတွက်ချည်း ညွှန်နေခြင်းမဟုတ်ပါ။ အခုလို ပွင့်လင်း ကာလမှာ မြန်မာနိုင်ငံကနေ ဥရောပဆီ လာလည်နေသူတွေကလည်း အများကြီးမဟုတ်ပါလား။ ခရီး သည်အများစုဟာ ပြင်သစ်၊ အီတလီနဲ့ ဂျာမဏီ (အဂ်လန်က Schengen zone စာရင်းထဲမပါတဲ့အတွက် ဗီဇာ ခက်တယ်ဆို) ကိုသာ သိကြပေမဲ့ အခုနောက်ပိုင်းမှာတော့ နော်ဝေး-ဆွီဒင်-ဒိန်းမတ်ဖက်ကိုလဲ ဦးလှည့် စပြုလာနေပြီဆိုပါတယ်။



ဈေးတွက် တွက်မယ်ဆိုရင် အော်စလို-ဘာဂင် ရထားစီးရင် (ဥရောပရဲ့ အလှပဆုံးမြင်ကွင်း) တခြမ်းကို ခရိုနာ ၁၀၀၀ လောက်ပေးရနိုင်ပါတယ်။ အသွားအပြန်ဆို ၂၀၀၀ ပေးရတဲ့အပြင် ဟိုတယ်ခလည်း တည ၁၀၀၀ လောက်ထပ်ကုန်ပါဦးမယ်။ ရှေ့မှာတင်ပြခဲ့တဲ့ သဘောင်္လိုင်းတခုခုကိုစီးမယ်ဆိုရင် အသွား-အပြန် ၁၀၀၀ အောက်ပဲကုန်ပြီး ဟိုတယ်ခလည်း ၂ ညစာ သက်သာမှာဖြစ်ပါတယ်။ နော်ဝေးအပြင် တခြားနိုင်ငံ တခုကိုလဲ ထပ်ရောက်တာမို့ ဘယ်နှစ်နိုင်ငံရောက်ဖူးတယ်ဆိုပြီးပြောချင်သူတွေအတွက် သဘောင်္ခရီးစဉ် တွေက လေယျဉ်၊ ရထား ခရီးစဉ်တွေထက် ပိုတွက်ခြေကိုက်ပါကြောင်း လမ်းညွှန်လိုက်ရပါတယ်။        ။
...


...
..

Monday, January 1, 2018

အလွမ်းနဲ့ချလိုက်တဲ့ သံန္နိဋ္ဌာန် …

(ကိုမင်းထက် facebook မှ ကူးယူထားပါသည်။ သူ့ကိုတောင် အသိမပေးရသေးဘူး)

အလွမ်းနဲ့ချလိုက်တဲ့ သံန္နိဋ္ဌာန် …

ကျွန်တော် ဘီဘီစီမြန်မာဌာနရဲ့ အယ်ဒီတာ ဖြစ်လာတော့ မိတ်ဆွေတွေက ပြောလာတဲ့ ဝမ်းမြောက်စကားတွေ၊ ပို့လာတဲ့ မက်ဆေ့ခ်ျတွေအထဲမှာ ထူးထူးခြားခြားလေးတစ်ခု ပါလာပါတယ်။ ထူးခြားတယ်ဆိုတာကလည်း ကျွန်တော့်စိတ်ထဲမှာ အဲဒီအချိန်က ဖြစ်နေတဲ့ ခံစားချက်နဲ့ သွားတိုက်ဆိုင်လို့ပါ။ ဖုန်းကနေ မက်ဆေ့ခ်ျပို့လာသူက မိတ်ဆွေ ဒေါက်တာကျော်သူသိန်းပါ။ သူပို့လိုက်တဲ့ မက်ဆေ့ခ်ျက ဒီလိုပါ။


"Big congratulations, friend.
ခင်ဗျား အဖေသာ သိခွင့်ရရင်
ဘယ်လောက်ဝမ်သာလိမ့်မလဲ၊ သူနေ့တိုင်း
ရေဒီယိုလေး နားနားကပ်ပြီး နားထောင်ခဲ့ရတဲ့
အသံလွှင့်ဌာနရဲ့ အကြီးအကဲဟာ
သူ့သားဖြစ်လာလိမ့်မယ်လို့။"

ကိုကျော်သူသိန်းနဲ့ ကျွန်တော် ၁၉၈၈ အရေးအခင်းမှာ ဆုံခဲ့ကြတယ်။ သူက ဆေးတက္ကသိုလ် ကျောင်းသား၊ ကျွန်တော်က အင်္ဂလိပ်စာအဓိကနဲ့ မဟာဝိဇ္ဇာတန်းတက်နေချိန်၊ ကျောင်းသားလှုပ်ရှားမှုမှာ အတူပါခဲ့ကြတယ်။ နေအိမ်ချင်းကလည်း နီးတော့ သူလည်း ကျွန်တော့်အိမ်ကို မကြာမကြာ ရောက်လာတတ်ပြီး ကျွန်တော့် မိဘတွေနဲ့လည်း ရင်းနှီးနေတယ်။ ဒါကြောင့် (သူရောက်လာတတ်ချိန်) ည ၈ နာရီ ၁၅ ကျော်မှာ အဖေက ညစဉ် ဘီဘီစီကို နားထောင်နေတတ်တာ သူမှတ်မိနေလို့ ပြောတာပါ။ 

အဲဒီအချိန်က ကျွန်တော်တို့က ကုက္ကိုင်းက စက်မှု(၁) ရိပ်သာမှာ နေတယ်၊ အဖေရော အမေပါ စက်မှု (၁) က ဝန်ထမ်းတွေမို့ အဲဒီ ရုံးကပေးတဲ့ အရာရှိရိပ်သာမှာ နေကြရတာပါ။ ဝန်ထမ်းအိမ်ရာဆိုတော့ ဝန်ထမ်းစည်းမျဉ်းရှိတယ် ဆိုပြီး ဘီဘီစီ နားမထောင်ရ ဘာညာ ညွှန်ကြားချက်တွေ ရှိခဲ့ချိန်ပေါ့။ အဖေကတော့ နေ့စဉ် မနက်ညတိုင်းမှာ ဘီဘီစီကို မပျက်မကွက်နားထောင်ဆဲ၊ နောက်တစ်ရက်မှာ သူ့ရုံးက စိတ်ချ ယုံကြည်ရသူတွေနဲ့ ဘီဘီစီ သတင်းတွေ ဖလှယ်ဝေမျှ ပြောနေကြမြဲပါပဲ။ ကိုကျော်သူသိန်း ရေးသလိုပဲ အိမ်ထဲမှာ ခပ်တိုးတိုး နားနားကပ်ပြီးတော့ တော့ နားထောင်ခဲ့ရသပေါ့။ 

ကျွန်တော့်အဖေက ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက ဘီဘီစီကို နားထောင်လာတာမို့ ကျွန်တော်လည်း ဘီဘီစီနဲ့ ကြီးပြင်းခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ မနက် ၆ နာရီခွဲဆို အဖွင့်တီးလုံးသံနဲ့ အတူ ကျောင်းသွားဖို့ ပြင်ခဲ့ရတယ်။ ကျောင်းပိတ်ရက်မနက်တွေမှာတောင် အဖေက ဟေ့ ထတော့ ဘီဘီစီ လာနေပြီဆိုပြီး နှိုးတတ်လို့ အိပ်ချင်နေသေးတဲ့ ကျွန်တော် ဘီဘီစီရဲ့ အဖွင့်တီးလုံးသံကို နားကြားပြင်း ကပ်ခဲ့ချိန်လည်း ရှိပါသေးတယ်။ အဖေဟာ တခါတလေ အသံလှိုင်းမကောင်းလို့ တဂျစ်ဂျစ်မြည်သံကြားကပဲ ရေဒီယိုနား နားကပ်ပြီး တောက်လျှောက်နားထောင်ခဲ့ပါတယ်။


နောက်ပိုင်းမှာ တရုတ်လုပ် ရေဒီယို အသေးလေးတွေ ရလာတော့လည်း အိမ်ထဲနဲ့ အိမ်ပြင်ဝရန်တာ လိုက်ရွှေ့ပြီး အသံလှိုင်းကြည်မယ့်နေရာမှာ ရပ်နားထောင်ခဲ့သူပါ။ အသံ ပိုကြည်အောင်ဆိုပြီးလည်း အိမ်ပြင်ဝရန်တာမှာ ဝါယာကြိုးချည်လို့ ရေဒီယိုနဲ့ ချိတ်ပြီး ဇွဲတင်း နားထောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ဘီဘီစီကို သိပ်ချစ်ခဲ့တာ သေချာပါတယ်။

ကျွန်တော် ၂၀၀၁ မှာ ဘီဘီစီကို ရောက်တော့ စပြီးအသံလွှင့်နေတဲ့အထိ အဖေ မသိပါဘူး။ ၂၀၀၀ မှာ အမေရိကားကို ထွက်သွားပြီး Berkeley တက္ကသိုလ်မှာ ဂျာနယ်လစ်ဇင် သွားတက်နေတာကိုပဲ သူသိပါတယ်။ ကျွန်တော်က နောက်တစ်နှစ်မှာ ဘီဘီစီမှာ အလုပ်လျှောက်ပြီး ရတော့ ရန်ကုန်မှာ ကျန်ခဲ့တဲ့ ဇနီးနဲ့သားကို လန်ဒန်ကို ခေါ်ဖို့ လုပ်ပါတယ်။ အဲဒီအချိန်က စစ်အစိုးရရဲ့ ချုပ်ချယ်ကန့်သတ်ချက်တွေကြောင့် ကျွန်တော့်ဇနီးကလည်း သူ့ယောက်ျားကျွန်တော့်ဆီ သွားမယ်လို့ အတိအလင်းထုတ် မပြောသာတဲ့ အခြေအနေပါ။ ဒါကြောင့် နှစ်ဘက်မိဘတွေတောင် ကျွန်တော် ကယ်လီဖိုးနီးယားမှာပဲ ရှိသေးပြီး ဇနီးသည်က အဲဒီကို လိုက်သွားမယ်လို့ပဲ သိထားကြပါတယ်။ 

ကျွန်တော် ဘီဘီစီကို ရောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ အသံ စလွှင့်ပါတယ်။ အဲဒီအချိန်ကမိသားစုလည်း လိုက်မလာနိုင်သေး (လိုက်လာဖို့ စီစဉ်ဆဲ) ဆိုတော့ ကျန်ခဲ့တဲ့သူတွေကို အနှောက်အယှက် မဖြစ်နိုင်အောင် အသံလွှင့်တဲ့အခါ အသံလွှင့်အမည်တစ်ခုကို ယူတတ်ကြပါတယ်။ ဒါကြောင့် ကျွန်တော်လည်း အဲဒီလိုပဲ အသံလွှင့် အမည်တစ်ခု ယူခဲ့ပါတယ်။ 

မိသားစုတွေလည်း ရောက်လာပြီး နောက်ပိုင်း တစ်ရက်မှာ အဖေ့ဆီ ဖုန်းပြောရင်းနဲ့ အဖေ ဘီဘီစီ နားထောင်သေးလားလို့ မေးလိုက်ပါတယ်။ သူက နားထောင်တာပေါ့ကွ၊ ဒါပဲ နားထောင်စရာရှိတာကိုးလို့ ပြောပါတယ်။ အဲဒီအချိန်မှာ အဖေ အငြိမ်းစားယူပြီးလို့ ဝန်ထမ်းအိမ်ရာက ဆင်းခဲ့ပါပြီ။ ဒါနဲ့ ကျွန်တော်က နားထောင်တယ်ဆို မင်းထက်ဆိုတာ ကြားလားလို့ မေးလိုက်ပါတယ်။ အဖေက ကြားတယ်လေ၊ အသစ်ထင်တယ်တဲ့၊ ကျွန်တော်က စ ချင်တာနဲ့ အဲဒီ မင်းထက်က ဘယ်လိုနေလဲဆိုတော့ အသစ်ပဲကွ၊ မဆိုးပါဘူးတဲ့။ ကျွန်တော်လည်း ရယ်ချင်မိပါတယ်။ သူနားထောင်နေမိတဲ့ အသံရှင်ဟာ သူ့သားမှန်း မသိ ဖြစ်နေတာပါ။ ဒါနဲ့ ကျွန်တော်က အဖေ၊ အဲဒီ မင်းထက်ဆိုတာ ကျွန်တော်ပဲ၊ လန်ဒန်ကို ရောက်နေပြီလို့ ပြောလိုက်တော့ သူ အကြာကြီး တိတ်သွားပါတယ်။

ဒါနဲ့ ကျွန်တော်လည်း ဘယ်တုန်းက ဘယ်လို စီစဉ်ပြီး ရောက်လာတယ်ဆိုတာ ပြောပြလိုက်တော့ သူ နည်းနည်း စိုးရိမ်သွားပြီး ဟာ ဖုန်းထဲမှာ ဒါတွေ မပြောနဲ့လေ၊ ပြောလို့ရလို့လားလို့ စိုးရိမ်တကြီးမေးပါတယ်။ ကျွန်တော်လည်း ကိုယ့်အဖေအဖြစ်နဲ့ တစ်ဆက်တည်း ပြည်တွင်းက လူတွေကို သနားသွားပါတယ်။ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်းတွေနဲ့ နေ့စဉ်ဘဝတွေ ဖြတ်သန်းနေရတဲ့ အဖြစ်တွေပါ။ ဖုန်းကို ကြားဖြတ်နားထောင်နေတယ်၊ ထောက်လှမ်းရေးတွေ နေရာတကာရှိတယ်၊ ဘီဘီစီနဲ့ ဆက်သွယ်ရင် အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးတွေဟာ မြန်မာပြည်သူ ပြည်သားတွေ ရင်ဆိုင်နေခဲ့ရတဲ့ အမှန်တရားတွေပါ။ 

သူ သိပ်ကြိုက်တဲ့ ဘီဘီစီမှာ သူ့သား အလုပ်လုပ်နေပြီဆိုတာကို အဖေက သိပ်ဂုဏ်ယူ ပါတယ်။ ဒါပေမယ့် အဲဒီခေတ်ထဲ ဖြတ်သန်းနေရသူတစ်ယောက် ဖြစ်တော့ သိပ်ကျယ်ကျယ်လောင်လောင် ဂုဏ်မယူနိုင်ခဲ့ရှာပါဘူး။ တော်တော်လေး ရင်းနှီးတဲ့ မိတ်ဆွေတွေအကြားလောက်မှာပဲ ကျွန်တော် ဘီဘီစီ ရောက်နေတာကို ဝမ်းသာစွာ တိုးတိုး ပြောပြနိုင်တဲ့ အခြေအနေပါ။ 

ဒါပေမယ့် အနည်းဆုံးတော့ ညစဉ်၊ မနက်စဉ် စောင့်နားထောင်ရင်း ကျွန်တော့်အသံ ကြားရတဲ့အခါ မိဘတွေ ဝမ်းသာနေနိုင်ကြမှာပဲလေဆိုတဲ့ ပီတိလေးတော့ ရခဲ့တဲ့အတွက် ဘီဘီစီကို ကျေးဇူးတင်ရပါတယ်။ အဖေကလည်း ကျွန်တော် ထုတ်လွှင့်တဲ့ သတင်းမှန်သမျှ မှတ်ထားပါတယ်။ ဖုန်းဆက်ဖြစ်တဲ့အခါတိုင်းမှာ သူ ပြောပြတတ်ပါတယ်။ ကျွန်တော့်ရဲ့ အကြီးမားဆုံး ပရိတ်သတ်တစ်ယောက် ဖြစ်လာသလို သူ ဝေဖန်ချင်တာ တွေလည်း ပြောပြတတ်ပါတယ်။


၂၀၀၈ ခုနှစ် အောက်တိုဘာ ၃၀ ရက်မှာ အဖေ ဆုံးပါတယ်။ ဖြစ်ချင်တော့ အဖေဆုံးပြီဆိုတဲ့သတင်း လန်ဒန်ကို ရောက်လာချိန်မှာ ကျွန်တော်က အမေရိကားကို သွားနေတဲ့ လေယာဉ်ပျံပေါ်မှာ ရောက်နေပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲ သတင်းယူဖို့ တာဝန်နဲ့ သွားနေတာပါ။ ဝါရှင်တန်လေဆိပ်ဆင်းတော့ ကျွန်တော်တို့ရဲ့ သတင်းထောက် ကိုသင်းကိုကိုက လာကြိုနေပြီး သတင်းကို ပြောပါတယ်။ ဌာနမှူး ဒေါ်တင်ထားဆွေက ကျွန်တော် သတင်းဆက်မလုပ်တော့ပဲ မြန်မာပြည်ပြန်ချင်ရင် ပြန်နိုင်အောင် အစစ ကူညီစီစဉ်ပေးလိုက်ဖို့လည်း သူ့ကို မှာထားတယ်လို့ ဆိုပါတယ်။ 

ကျွန်တော်လည်း လေဆိပ်ထဲမှာပဲ တစ်ထိုင်တည်း စဉ်းစား ဆုံးဖြတ်လိုက်ပါတယ်။ အမေရိကန်နဲ့ မြန်မာအချိန်ကွာတာကြောင့် ကျွန်တော် ပြန်ရင်တောင် ဈာပနကို မီဖို့ တော်တော်လေး ခက်မယ်၊ နောက်တစ်ခါ ဌာနက ဒီ ရွေးကောက်ပွဲ သတင်းကြီးကို ယူဖို့ ကျွန်တော့်ကို တာဝန်ပေးထားပြီဆိုတော့ အဲဒီ တာဝန်လည်း ကျေချင်တယ်။ နောက်ဆုံးတော့ အဖေသာ ရှိရင်လည်း သူ့သား ဒီလို ကမ္ဘာ့ခေါင်းစဉ်သတင်းကြီးလာယူဖို့ ရွေးချယ်တာဝန်ပေးခံရတာကို ဂုဏ်ယူမှာပါပဲ၊ ကျွန်တော် ဆက်လုပ်ပြီး တင်ပြမယ့် သတင်းတွေ ပရိတ်သတ်တွေဆီ ပို့ပေးနေမှာကို သူ သဘောတူမှာပါပဲလို့ စဉ်းစားပြီး မပြန်တော့ဘူး၊ သတင်းဆက်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော့် အမေရိကန်သမ္မတရွေးကောက်ပွဲ သတင်းတွေနဲ့ပဲ အဖေ့ရဲ့ နောက်ဆုံးခရီးကို နှုတ်ဆက်ရင်း ကန်တော့ခဲ့လိုက်ပါတယ်။

အခု ကိုးနှစ်အတိကြာခဲ့ချိန်မှာ ကျွန်တော် ဘီဘီစီမြန်မာဌာနရဲ့ အကြီးအကဲ ဖြစ်လာပါတယ်။ ကိုကျော်သူသိန်းပြောသလို အဖေသာ ရှိရင် သိပ်ကို ဝမ်းသာ ဂုဏ်ယူနေမှာ အသေအချာပါ။ ခေတ်ပြောင်းလာခဲ့ပြီဆိုတော့ သူ ဂုဏ်ယူကြောင်းလည်း ကျယ်ကျယ်လောင်လောင် ပြောပြနိုင်ခဲ့မှာပါ။ အခုတော့ သူ ချစ်ခဲ့တဲ့ ဘီဘီစီကို ပဲ့ကိုင်ရမယ့် တာဝန် ကျွန်တော့်ဆီကို ပုခုံးပြောင်းရောက်ရှိလာပါပြီ။ 

ကျွန်တော့်ရှေ့က တာဝန်ကျေစွာ ပြောင်မြောက်စွာ ဦးဆောင်သွားခဲ့ကြတဲ့ ပဲ့ကိုင်ရှင်ကြီးများရဲ့ ကျေးဇူးကို အောက်မေ့ရင်း၊ ကျွန်တော့် အဖေလိုပဲ ဘီဘီစီကို သူတို့ဘဝတလျှောက်လုံး အားကိုး၊ ချစ်ခင်၊ ယုံကြည်သွားကြတဲ့ ပရိသတ်များရဲ့ မျှော်လင့်ချက်တွေကို ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် အစွမ်းကုန်ကြိုးစား ဖြည့်ဆည်းပေးသွားဖို့ဆိုတဲ့ သံန္နိဋ္ဌာန်ကို မြဲမြဲ ခိုင်ခိုင် ချမှတ်ထားလိုက်ပါပြီ။ 


စာရေးဖြစ်သွားအောင် မက်ဆေ့ခ်ျလေးပို့လာတဲ့ ကိုကျော်သူသိန်းကို ကျေးဇူး အထူး တင်ပါတယ်။ (မင်းထက်)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More