(ကိုမင်းထက် facebook မှ ကူးယူထားပါသည်။ သူ့ကိုတောင် အသိမပေးရသေးဘူး)
အလွမ်းနဲ့ချလိုက်တဲ့ သံန္နိဋ္ဌာန် …
ကျွန်တော် ဘီဘီစီမြန်မာဌာနရဲ့ အယ်ဒီတာ ဖြစ်လာတော့ မိတ်ဆွေတွေက ပြောလာတဲ့ ဝမ်းမြောက်စကားတွေ၊ ပို့လာတဲ့ မက်ဆေ့ခ်ျတွေအထဲမှာ ထူးထူးခြားခြားလေးတစ်ခု ပါလာပါတယ်။ ထူးခြားတယ်ဆိုတာကလည်း ကျွန်တော့်စိတ်ထဲမှာ အဲဒီအချိန်က ဖြစ်နေတဲ့ ခံစားချက်နဲ့ သွားတိုက်ဆိုင်လို့ပါ။ ဖုန်းကနေ မက်ဆေ့ခ်ျပို့လာသူက မိတ်ဆွေ ဒေါက်တာကျော်သူသိန်းပါ။ သူပို့လိုက်တဲ့ မက်ဆေ့ခ်ျက ဒီလိုပါ။
"Big congratulations, friend.
ခင်ဗျား အဖေသာ သိခွင့်ရရင်
ဘယ်လောက်ဝမ်သာလိမ့်မလဲ၊ သူနေ့တိုင်း
ရေဒီယိုလေး နားနားကပ်ပြီး နားထောင်ခဲ့ရတဲ့
အသံလွှင့်ဌာနရဲ့ အကြီးအကဲဟာ
သူ့သားဖြစ်လာလိမ့်မယ်လို့။"
ကိုကျော်သူသိန်းနဲ့ ကျွန်တော် ၁၉၈၈ အရေးအခင်းမှာ ဆုံခဲ့ကြတယ်။ သူက ဆေးတက္ကသိုလ် ကျောင်းသား၊ ကျွန်တော်က အင်္ဂလိပ်စာအဓိကနဲ့ မဟာဝိဇ္ဇာတန်းတက်နေချိန်၊ ကျောင်းသားလှုပ်ရှားမှုမှာ အတူပါခဲ့ကြတယ်။ နေအိမ်ချင်းကလည်း နီးတော့ သူလည်း ကျွန်တော့်အိမ်ကို မကြာမကြာ ရောက်လာတတ်ပြီး ကျွန်တော့် မိဘတွေနဲ့လည်း ရင်းနှီးနေတယ်။ ဒါကြောင့် (သူရောက်လာတတ်ချိန်) ည ၈ နာရီ ၁၅ ကျော်မှာ အဖေက ညစဉ် ဘီဘီစီကို နားထောင်နေတတ်တာ သူမှတ်မိနေလို့ ပြောတာပါ။
အဲဒီအချိန်က ကျွန်တော်တို့က ကုက္ကိုင်းက စက်မှု(၁) ရိပ်သာမှာ နေတယ်၊ အဖေရော အမေပါ စက်မှု (၁) က ဝန်ထမ်းတွေမို့ အဲဒီ ရုံးကပေးတဲ့ အရာရှိရိပ်သာမှာ နေကြရတာပါ။ ဝန်ထမ်းအိမ်ရာဆိုတော့ ဝန်ထမ်းစည်းမျဉ်းရှိတယ် ဆိုပြီး ဘီဘီစီ နားမထောင်ရ ဘာညာ ညွှန်ကြားချက်တွေ ရှိခဲ့ချိန်ပေါ့။ အဖေကတော့ နေ့စဉ် မနက်ညတိုင်းမှာ ဘီဘီစီကို မပျက်မကွက်နားထောင်ဆဲ၊ နောက်တစ်ရက်မှာ သူ့ရုံးက စိတ်ချ ယုံကြည်ရသူတွေနဲ့ ဘီဘီစီ သတင်းတွေ ဖလှယ်ဝေမျှ ပြောနေကြမြဲပါပဲ။ ကိုကျော်သူသိန်း ရေးသလိုပဲ အိမ်ထဲမှာ ခပ်တိုးတိုး နားနားကပ်ပြီးတော့ တော့ နားထောင်ခဲ့ရသပေါ့။
ကျွန်တော့်အဖေက ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက ဘီဘီစီကို နားထောင်လာတာမို့ ကျွန်တော်လည်း ဘီဘီစီနဲ့ ကြီးပြင်းခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ မနက် ၆ နာရီခွဲဆို အဖွင့်တီးလုံးသံနဲ့ အတူ ကျောင်းသွားဖို့ ပြင်ခဲ့ရတယ်။ ကျောင်းပိတ်ရက်မနက်တွေမှာတောင် အဖေက ဟေ့ ထတော့ ဘီဘီစီ လာနေပြီဆိုပြီး နှိုးတတ်လို့ အိပ်ချင်နေသေးတဲ့ ကျွန်တော် ဘီဘီစီရဲ့ အဖွင့်တီးလုံးသံကို နားကြားပြင်း ကပ်ခဲ့ချိန်လည်း ရှိပါသေးတယ်။ အဖေဟာ တခါတလေ အသံလှိုင်းမကောင်းလို့ တဂျစ်ဂျစ်မြည်သံကြားကပဲ ရေဒီယိုနား နားကပ်ပြီး တောက်လျှောက်နားထောင်ခဲ့ပါတယ်။
နောက်ပိုင်းမှာ တရုတ်လုပ် ရေဒီယို အသေးလေးတွေ ရလာတော့လည်း အိမ်ထဲနဲ့ အိမ်ပြင်ဝရန်တာ လိုက်ရွှေ့ပြီး အသံလှိုင်းကြည်မယ့်နေရာမှာ ရပ်နားထောင်ခဲ့သူပါ။ အသံ ပိုကြည်အောင်ဆိုပြီးလည်း အိမ်ပြင်ဝရန်တာမှာ ဝါယာကြိုးချည်လို့ ရေဒီယိုနဲ့ ချိတ်ပြီး ဇွဲတင်း နားထောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ဘီဘီစီကို သိပ်ချစ်ခဲ့တာ သေချာပါတယ်။
ကျွန်တော် ၂၀၀၁ မှာ ဘီဘီစီကို ရောက်တော့ စပြီးအသံလွှင့်နေတဲ့အထိ အဖေ မသိပါဘူး။ ၂၀၀၀ မှာ အမေရိကားကို ထွက်သွားပြီး Berkeley တက္ကသိုလ်မှာ ဂျာနယ်လစ်ဇင် သွားတက်နေတာကိုပဲ သူသိပါတယ်။ ကျွန်တော်က နောက်တစ်နှစ်မှာ ဘီဘီစီမှာ အလုပ်လျှောက်ပြီး ရတော့ ရန်ကုန်မှာ ကျန်ခဲ့တဲ့ ဇနီးနဲ့သားကို လန်ဒန်ကို ခေါ်ဖို့ လုပ်ပါတယ်။ အဲဒီအချိန်က စစ်အစိုးရရဲ့ ချုပ်ချယ်ကန့်သတ်ချက်တွေကြောင့် ကျွန်တော့်ဇနီးကလည်း သူ့ယောက်ျားကျွန်တော့်ဆီ သွားမယ်လို့ အတိအလင်းထုတ် မပြောသာတဲ့ အခြေအနေပါ။ ဒါကြောင့် နှစ်ဘက်မိဘတွေတောင် ကျွန်တော် ကယ်လီဖိုးနီးယားမှာပဲ ရှိသေးပြီး ဇနီးသည်က အဲဒီကို လိုက်သွားမယ်လို့ပဲ သိထားကြပါတယ်။
ကျွန်တော် ဘီဘီစီကို ရောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ အသံ စလွှင့်ပါတယ်။ အဲဒီအချိန်ကမိသားစုလည်း လိုက်မလာနိုင်သေး (လိုက်လာဖို့ စီစဉ်ဆဲ) ဆိုတော့ ကျန်ခဲ့တဲ့သူတွေကို အနှောက်အယှက် မဖြစ်နိုင်အောင် အသံလွှင့်တဲ့အခါ အသံလွှင့်အမည်တစ်ခုကို ယူတတ်ကြပါတယ်။ ဒါကြောင့် ကျွန်တော်လည်း အဲဒီလိုပဲ အသံလွှင့် အမည်တစ်ခု ယူခဲ့ပါတယ်။
မိသားစုတွေလည်း ရောက်လာပြီး နောက်ပိုင်း တစ်ရက်မှာ အဖေ့ဆီ ဖုန်းပြောရင်းနဲ့ အဖေ ဘီဘီစီ နားထောင်သေးလားလို့ မေးလိုက်ပါတယ်။ သူက နားထောင်တာပေါ့ကွ၊ ဒါပဲ နားထောင်စရာရှိတာကိုးလို့ ပြောပါတယ်။ အဲဒီအချိန်မှာ အဖေ အငြိမ်းစားယူပြီးလို့ ဝန်ထမ်းအိမ်ရာက ဆင်းခဲ့ပါပြီ။ ဒါနဲ့ ကျွန်တော်က နားထောင်တယ်ဆို မင်းထက်ဆိုတာ ကြားလားလို့ မေးလိုက်ပါတယ်။ အဖေက ကြားတယ်လေ၊ အသစ်ထင်တယ်တဲ့၊ ကျွန်တော်က စ ချင်တာနဲ့ အဲဒီ မင်းထက်က ဘယ်လိုနေလဲဆိုတော့ အသစ်ပဲကွ၊ မဆိုးပါဘူးတဲ့။ ကျွန်တော်လည်း ရယ်ချင်မိပါတယ်။ သူနားထောင်နေမိတဲ့ အသံရှင်ဟာ သူ့သားမှန်း မသိ ဖြစ်နေတာပါ။ ဒါနဲ့ ကျွန်တော်က အဖေ၊ အဲဒီ မင်းထက်ဆိုတာ ကျွန်တော်ပဲ၊ လန်ဒန်ကို ရောက်နေပြီလို့ ပြောလိုက်တော့ သူ အကြာကြီး တိတ်သွားပါတယ်။
ဒါနဲ့ ကျွန်တော်လည်း ဘယ်တုန်းက ဘယ်လို စီစဉ်ပြီး ရောက်လာတယ်ဆိုတာ ပြောပြလိုက်တော့ သူ နည်းနည်း စိုးရိမ်သွားပြီး ဟာ ဖုန်းထဲမှာ ဒါတွေ မပြောနဲ့လေ၊ ပြောလို့ရလို့လားလို့ စိုးရိမ်တကြီးမေးပါတယ်။ ကျွန်တော်လည်း ကိုယ့်အဖေအဖြစ်နဲ့ တစ်ဆက်တည်း ပြည်တွင်းက လူတွေကို သနားသွားပါတယ်။ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်းတွေနဲ့ နေ့စဉ်ဘဝတွေ ဖြတ်သန်းနေရတဲ့ အဖြစ်တွေပါ။ ဖုန်းကို ကြားဖြတ်နားထောင်နေတယ်၊ ထောက်လှမ်းရေးတွေ နေရာတကာရှိတယ်၊ ဘီဘီစီနဲ့ ဆက်သွယ်ရင် အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးတွေဟာ မြန်မာပြည်သူ ပြည်သားတွေ ရင်ဆိုင်နေခဲ့ရတဲ့ အမှန်တရားတွေပါ။
သူ သိပ်ကြိုက်တဲ့ ဘီဘီစီမှာ သူ့သား အလုပ်လုပ်နေပြီဆိုတာကို အဖေက သိပ်ဂုဏ်ယူ ပါတယ်။ ဒါပေမယ့် အဲဒီခေတ်ထဲ ဖြတ်သန်းနေရသူတစ်ယောက် ဖြစ်တော့ သိပ်ကျယ်ကျယ်လောင်လောင် ဂုဏ်မယူနိုင်ခဲ့ရှာပါဘူး။ တော်တော်လေး ရင်းနှီးတဲ့ မိတ်ဆွေတွေအကြားလောက်မှာပဲ ကျွန်တော် ဘီဘီစီ ရောက်နေတာကို ဝမ်းသာစွာ တိုးတိုး ပြောပြနိုင်တဲ့ အခြေအနေပါ။
ဒါပေမယ့် အနည်းဆုံးတော့ ညစဉ်၊ မနက်စဉ် စောင့်နားထောင်ရင်း ကျွန်တော့်အသံ ကြားရတဲ့အခါ မိဘတွေ ဝမ်းသာနေနိုင်ကြမှာပဲလေဆိုတဲ့ ပီတိလေးတော့ ရခဲ့တဲ့အတွက် ဘီဘီစီကို ကျေးဇူးတင်ရပါတယ်။ အဖေကလည်း ကျွန်တော် ထုတ်လွှင့်တဲ့ သတင်းမှန်သမျှ မှတ်ထားပါတယ်။ ဖုန်းဆက်ဖြစ်တဲ့အခါတိုင်းမှာ သူ ပြောပြတတ်ပါတယ်။ ကျွန်တော့်ရဲ့ အကြီးမားဆုံး ပရိတ်သတ်တစ်ယောက် ဖြစ်လာသလို သူ ဝေဖန်ချင်တာ တွေလည်း ပြောပြတတ်ပါတယ်။
၂၀၀၈ ခုနှစ် အောက်တိုဘာ ၃၀ ရက်မှာ အဖေ ဆုံးပါတယ်။ ဖြစ်ချင်တော့ အဖေဆုံးပြီဆိုတဲ့သတင်း လန်ဒန်ကို ရောက်လာချိန်မှာ ကျွန်တော်က အမေရိကားကို သွားနေတဲ့ လေယာဉ်ပျံပေါ်မှာ ရောက်နေပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲ သတင်းယူဖို့ တာဝန်နဲ့ သွားနေတာပါ။ ဝါရှင်တန်လေဆိပ်ဆင်းတော့ ကျွန်တော်တို့ရဲ့ သတင်းထောက် ကိုသင်းကိုကိုက လာကြိုနေပြီး သတင်းကို ပြောပါတယ်။ ဌာနမှူး ဒေါ်တင်ထားဆွေက ကျွန်တော် သတင်းဆက်မလုပ်တော့ပဲ မြန်မာပြည်ပြန်ချင်ရင် ပြန်နိုင်အောင် အစစ ကူညီစီစဉ်ပေးလိုက်ဖို့လည်း သူ့ကို မှာထားတယ်လို့ ဆိုပါတယ်။
ကျွန်တော်လည်း လေဆိပ်ထဲမှာပဲ တစ်ထိုင်တည်း စဉ်းစား ဆုံးဖြတ်လိုက်ပါတယ်။ အမေရိကန်နဲ့ မြန်မာအချိန်ကွာတာကြောင့် ကျွန်တော် ပြန်ရင်တောင် ဈာပနကို မီဖို့ တော်တော်လေး ခက်မယ်၊ နောက်တစ်ခါ ဌာနက ဒီ ရွေးကောက်ပွဲ သတင်းကြီးကို ယူဖို့ ကျွန်တော့်ကို တာဝန်ပေးထားပြီဆိုတော့ အဲဒီ တာဝန်လည်း ကျေချင်တယ်။ နောက်ဆုံးတော့ အဖေသာ ရှိရင်လည်း သူ့သား ဒီလို ကမ္ဘာ့ခေါင်းစဉ်သတင်းကြီးလာယူဖို့ ရွေးချယ်တာဝန်ပေးခံရတာကို ဂုဏ်ယူမှာပါပဲ၊ ကျွန်တော် ဆက်လုပ်ပြီး တင်ပြမယ့် သတင်းတွေ ပရိတ်သတ်တွေဆီ ပို့ပေးနေမှာကို သူ သဘောတူမှာပါပဲလို့ စဉ်းစားပြီး မပြန်တော့ဘူး၊ သတင်းဆက်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော့် အမေရိကန်သမ္မတရွေးကောက်ပွဲ သတင်းတွေနဲ့ပဲ အဖေ့ရဲ့ နောက်ဆုံးခရီးကို နှုတ်ဆက်ရင်း ကန်တော့ခဲ့လိုက်ပါတယ်။
အခု ကိုးနှစ်အတိကြာခဲ့ချိန်မှာ ကျွန်တော် ဘီဘီစီမြန်မာဌာနရဲ့ အကြီးအကဲ ဖြစ်လာပါတယ်။ ကိုကျော်သူသိန်းပြောသလို အဖေသာ ရှိရင် သိပ်ကို ဝမ်းသာ ဂုဏ်ယူနေမှာ အသေအချာပါ။ ခေတ်ပြောင်းလာခဲ့ပြီဆိုတော့ သူ ဂုဏ်ယူကြောင်းလည်း ကျယ်ကျယ်လောင်လောင် ပြောပြနိုင်ခဲ့မှာပါ။ အခုတော့ သူ ချစ်ခဲ့တဲ့ ဘီဘီစီကို ပဲ့ကိုင်ရမယ့် တာဝန် ကျွန်တော့်ဆီကို ပုခုံးပြောင်းရောက်ရှိလာပါပြီ။
ကျွန်တော့်ရှေ့က တာဝန်ကျေစွာ ပြောင်မြောက်စွာ ဦးဆောင်သွားခဲ့ကြတဲ့ ပဲ့ကိုင်ရှင်ကြီးများရဲ့ ကျေးဇူးကို အောက်မေ့ရင်း၊ ကျွန်တော့် အဖေလိုပဲ ဘီဘီစီကို သူတို့ဘဝတလျှောက်လုံး အားကိုး၊ ချစ်ခင်၊ ယုံကြည်သွားကြတဲ့ ပရိသတ်များရဲ့ မျှော်လင့်ချက်တွေကို ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် အစွမ်းကုန်ကြိုးစား ဖြည့်ဆည်းပေးသွားဖို့ဆိုတဲ့ သံန္နိဋ္ဌာန်ကို မြဲမြဲ ခိုင်ခိုင် ချမှတ်ထားလိုက်ပါပြီ။
စာရေးဖြစ်သွားအောင် မက်ဆေ့ခ်ျလေးပို့လာတဲ့ ကိုကျော်သူသိန်းကို ကျေးဇူး အထူး တင်ပါတယ်။ (မင်းထက်)
0 comments:
Post a Comment