Friday, June 5, 2015

သဘာဝပတ်ဝန်းကျင်နေ့မှာ ဘာလုပ်ကြရင်ကောင်းမလဲ

Friday, June 5, 2015. The Voice Daily. 

လူဦးရေ ဆတိုးလာပေမဲ့ ကမ္ဘာကြီးက ဆပိုကျယ်မလာပါ

ဇွန်လ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့အခမ်းအနားတွေ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျင်းပ ကြသလို မြန်မာနိုင်ငံရဲ့မြို့တော်သစ် နေပြည်တော်မှာလည်း ကျင်းပလိမ့်မယ်လို့မျှော်လင့်ရပါတယ်။ ၁၉၇၂ ခုနှစ် ကတည်းက ကုလသမဂ္ဂက အခုလိုသတ်မှတ်ထားတာဖြစ်ပြီး အဓိကရည်ရွယ်ချက်ကတော့ ကမ္ဘာမြေကြီးနဲ့ သဘာဝတရားကို ကာကွယ်ရေးအတွက် စဉ်းစားမိစေဖို့ဖြစ်ပါတယ်။


သဘာဝပတ်ဝန်းကျင်ဆိုတာဟာ ကမ္ဘာကြီးတခုလုံးနဲ့ဆက်စပ်နေတဲ့အတွက် သူ့ဧရိယာက ကျယ်ဝန်းလှ ပါတယ်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်း၊ စစ်ပွဲတွေနဲ့ သဘာဝဘေးဒဏ်၊ ဓာတုဗေဒစွန့်ပစ်ပစ္စည်းပြသာနာ၊ သဘာဝအရင်း အမြစ်များကို အကျိုးရှိစွာအသုံးချခြင်း၊ ဂေဟစနစ်ကို စီမံခန့်ခွဲခြင်း၊ သဘာဝပတ်ဝန်းကျင် ကိုစီမံခန့်ခွဲခြင်း စသဖြင့် ကဏ္ဍစုံလှပါတယ်။

၂၀၁၅ အတွက် သဘာဝပတ်ဝန်းကျင်နေ့ ဆောင်ပုဒ်ကတော့ "Seven Billion Dreams. One Planet. Consume with Care’’ လူသားရယ်၊ သဘာဝပတ်ဝန်းကျင်ရယ်၊ စီးပွါးရေးလည်ပတ်မှုတွေက ကမ္ဘာကြီးရဲ့ သဘာဝအရင်း အမြစ်အပေါ် စနစ်တကျ စီမံခန့်ခွဲနိုင်မှုနဲ့ ဆက်စပ်နေပါတယ်။

၁၉၈၈ ၀န်းကျင်က နားထောင်ခဲ့ဖူးတဲ့ ဘိုဘိုဟန်သီချင်းထဲမှာ ‘’ကမ္ဘာမှာလူတွေ လူသားသန်းပေါင်း ထောင်၊ အချစ်ဆုံး တို့နှစ်ယောက်ပါဝင်တယ်’’ ဆိုတာ အခုစာသားပြောင်းရပါတော့မယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာ လအတွင်း လူဦးရေ ဆနီးပါးတိုးလာပြီး အခု ၂၀၁၅ မှာ လူဦးရေး သန်း ထောင်ကျော်နေပါပြီ။ သက္ကရာဇ် ၂၀၅၀ ဆိုရင် သန်း   ထောင်ခွဲ အထိရှိလာမယ်လို့ ကျွမ်းကျင်သူတွေကခန့်မှန်းထားပါတယ်။

လူဦးရေက ဒီလို ဆတိုးလာပေမဲ့ ကမ္ဘာကြီးက ပိုကျယ်ဝန်းမလာပါ။ လွန်ခဲ့တဲ့ နှစ် ၁၀၀၊ နှစ် ၁၀၀၀ က တိုင်း ရှိမြဲရှိဆဲပါ။ ဒီတော့ ကမ္ဘာကြီးရဲ့ထုတ်လုပ်ပေးနိုင်မှု ပမာဏနဲ့ တိုးလာနေတဲ့ လူဦးရေရဲ့ စားသုံးမှု ပမာဏက မကာမိတော့ပါ။ ဒါကြောင့် ဒီကိစ္စကို အလေးထားစဉ်းစားပြီး သဘာဝအရင်းအမြစ်တွေကို ချွေတာသုံးကြဖို့ ကျွမ်း ကျင်သူတွေက ဒီနေ့မှာ အထူးသတိပေး တိုက်တွန်းနေပါတယ်။


စိမ်းလန်းတဲ့တောနဲ့တောင်တန်းတွေ မရှိတော့ပါ

ကမ္ဘာကြီးပူနွေးလာမှုကြောင့် အာတိတ်စက်ဝန်းမှာရေခဲတွေ အရည်ပျော်ပြီး ပိုလာဝက်ဝံတွေနေစရာ မရှိတော့တာ၊ ပင်လယ်ရေ မျက်နှာပြင်မြင့်လာတာ၊ အိုဇုန်းလွှာပေါက်တာ၊ ဓာတု စွန့်ပစ်ပစ္စည်းတွေများ လာတာ၊ ဖန်လုံအိမ် အာနိ သင် ဘာ-ညာ တွေကို သာမန်လူတွေနားလည်ဖို့မလွယ်ပါ။ ဒါပေမယ့် ကိုယ်ရပ်ကိုယ့်ရွာဝန်းကျင်က သစ်တော တွေ ပြုန်းသွားတာ၊ အရင်ကထက် ရာသီဥတုပိုပူလာတာ၊ နွေမှာရေရှားပြီး မိုးမှာရေလျှံမှုပိုများလာတာတွေကိုတော့ မြန်မာနိုင်ငံ ကျေးလက်ဒေသကလူတွေ ကောင်းကောင်းသတိထားမိမယ်ထင်ပါတယ်။


‘’ဒီနှစ်နွေက ပူလိုက်တာ သေတော့မယ်။ ရာသီဥတုကလဲ လူတွေလိုပဲ မမှန်တော့ဘူးလေ။ တိုင်းပြည် အုပ်ချုပ် မင်းလုပ်တဲ့လူတွေ အကျင့်သီလနဲ့ပြည်စုံမှ ရာသီဥတုကမှန်မှာလေ’’ ဆိုတဲ့ ပြောဆိုသံတွေကို မနှစ်နွေက ရွာပြန် ရောက်တုန်း ကျနော်ကြားခဲ့ရပါတယ်။ ဒီစကားကို ငယ်ငယ်ကတည်းက ကြားဖူးနေကြဖြစ်ပေမဲ့ အဓိပ္ဗယ်ကိုတော့  တခါမှ အသေချာမစဉ်းစားဖြစ်ခဲ့ပါ။

တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေလိုပြောလိုက်ရင် ရာဇပုလ္လင်ပေါ်မှာ သံလျက်ကိုင်ပြီး ထိုင်နေတဲ့ ရာဇ၀င်ထဲက သက်ဦး ဆံပိုင် ဘုရင်တွေကိုသာ စိတ်ထဲမြင်မိပါတယ်။ အကျင့်သီလဆိုတဲ့စကားလုံးကိုကြားမိရင်လည်း ဘုန်းကြီးကျောင်း သွားပြီး ဥပုဒ်စောင့်တာကိုသာ မျက်စိထဲမြင်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီတကြိမ်မှာတော့ လူကြီးတွေပြောနေတဲ့ မင်း ဆိုတာ ရာဇ၀င်ထဲကလူတွေတင်မဟုတ်၊ လက်ရှိ နေပြည်တော်မှာရုံးထိုင်နေတဲ့လူတွေလည်း အကျုံးဝင်တာပဲ။အကျင့်သီလဆိုတာ ဘုန်းကြီးကျောင်းသွားပြီး တရားထိုင်နေတာမဟုတ်။ အဲဒီ နေပြည်တော်ကလူတွေ လာဘ် စားတာ၊ အဂတိလိုက်စားတာ၊ အကျင့်ပျက်နေတာတွေလဲ အကျုံးဝင်နေတာပဲလို့ စဉ်းစားမိလာပါတယ်။

တကယ်တော့ လွန်ခဲ့တဲ့ နှစ် ၃၀ ၀န်းကျင်အတွင်း ကမ္ဘာ့လူဦးရေ ဆနီးပါးတိုးလာသလို မြန်မာ့လူဦးရေ ကလည်း ပုံ ပုံနီးပါးတိုးလာပါတယ်။ ၁၉၈၈ ၀န်းကျင်က သန်း ၄၀ ၀န်းကျင်သာရှိတဲ့မြန်မာ့လူဦးရေဟာ အခု ၂၀၁၅ မှာ သန်း ၆၀ နီးပါးရှိနေပါပြီ။ ဒီလို လူဦးရေ ပုံ ပုံတိုးလာပေမဲ့ မြန်မာနိုင်ငံအကျယ်အ၀န်းက ပုံ ပုံ ပိုကျယ်မလာ ပါ။ ဒီတော့ တောင်တောင်တွေကို ခုတ်ထွင်ရှင်းလင်းပြီး မြို့ပြတွေတည်ဆောက်၊ သစ်တောတွေပြုန်း၊ ရေ၊ မြေ၊ သဘာဝ အနေအထားတွေ အပြောင်းအလဲဖြစ်ခဲ့ပေါ့။

FAO ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က ထုတ်ပြန်ထားတဲ့စာရင်းတွေအရ ၁၉၉၀ ကနေ ၂၀၁၀ ခုနှစ် အတွင်း မြန်မာ့သစ်တောဧရိယာ စတုရန်းမိုင် သောင်းခန့်ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။ အဲဒီ ၁၀ နှစ်တာ ကိုကျော်ပြီးကြည့်မယ်ဆိုရင် ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရစဉ်က မြန်မာနိုင်ငံ ဧရီယာရဲ့ ၇၀ ရာခိုင်နှုန်းကို သစ်တောဖုံး လွှမ်းနေပြီး ၂၀၁၀ ခုနှစ်အကျော်မှာတော့ ၄၀ ရာခိုင်းနှုန်းသာကျန်တော့တယ်လို့ ထောက်ပြထားပါတယ်။


ဒါတွေဟာ လူဦးရေတိုးလာလို့ သဘာဝတရားအရ သူအလိုလိုဖြစ်သွားတာလား။ ရှေးလူကြီးတွေပြောသလို တိုင်း ပြည်အုပ်ချုပ်မင်းလုပ်တဲ့လူတွေ အကျင့်သီလဖောက်ပြန်လို့လား။ 

၂၀၀၉ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ Global Witness အဖွဲ့ရဲ့အစီရင်ခံစာအရဆိုရင် ကချင်ပြည်နယ်ရှိ သစ်တောတွေကနေ ခုနစ်မီနစ်မှာ သစ်ကားတစီးနှုန်း တရုတ်နိုင်ငံထဲ ခိုးဝင်နေပါတယ်။ တစီးမှာ ၁၅ တန်၊ မီနစ်မှာတစီးနှုန်းနဲ့ ၂၄ နာရီ ပတ်လုံးသွားနေတာဖြစ်တဲ့အတွက် တရက်တည်းမှာတင် တန်ချိန် ၃၀၀၀ ခန့် တရားဝင်ခိုးထုတ်နေတဲ့ သဘောဖြစ် နေတယ်လို့ထောက်ပြထားပါတယ်။

အခု ၂၀၁၅ မှာကော အခြေနေတွေတိုးတက်လာပြီလား။ ပြီးခဲ့တဲ့မတ်လကုန်ပိုင်း ရန်ကုန်မှာ ငြိမ်းချမ်းရေးလက်မှတ် ထိုးပွဲလုပ်နေစဉ် ကချင်ဖက်မှာဖြစ်တဲ့တိုက်ပွဲဟာ ‘’တရုတ်ဖက်က ၀င်လာတဲ့ သစ်ခိုးကားတွေကို လေယဉ်နဲ့ဗုံးကျဲ တာပါ’’ ဆိုတဲ့ပြောဆိုချက်၊ အဲဒီမတိုင်လေးမှာတင် တရုတ်နိုင်ငံသားတွေ ဒါဇင်နဲ့ချီပါတဲ့ သစ်မှောင်ခိုဂိုဏ်း ဖမ်းဆီးမှု သတင်းတွေက တရုတ်နယ်စပ်ရှိ သစ်မှောင်ခိုလုပ်ငန်း အရင်ထက်တောင် ပိုဆိုးလာနေတယ်ဆိုတာ သက်သေပြ နေပါတယ်။

ဒါက တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်ကအခြေနေကို ဥပမာအဖြစ်ထောက်ပြထားတာပါ။ တခြားပြည်နယ် တိုင်းတွေမှာလည်း ဒီလောက်အထိ အခြေအနေမဆိုးရင်တောင် ဒီထက်သိပ်မနည်းတဲ့ ပမာဏနဲ့ သစ်တောတွေ ပြုန်းသွားတယ်ဆိုတာ လူတိုင်းသိနိုင်တဲ့ အချက်တွေပါ။


ဒါဖြင့် ဘာလုပ်ကြမလဲ၊ သင်ကိုယ်တိုင်ကော ဘယ်လုပ်နိုင်မလဲ

သေချာတာတော့ လုပ်နေကြအတိုင်း ဇွန်လ ရက်နေ့မှာ သစ်တောဝန်ကြီးအပါဝင် လူတချို့ သစ်ပင်တွေ စိုက်ကြပါ  လိမ့်မယ်။ ဒါပေမယ့် မနှစ်က ဒီနေ့မှာစိုက်ခဲ့ဖူးတဲ့သစ်ပင်တွေထဲက ဘယ်နှစ်ပင်သေပြီး ဘယ်နှစ်ပင် ဆက်လက်ရှင် သန်နေသလဲ။ စိုက်တဲ့ပင်၊ ဆက်လက်ရှင်သန်တဲ့ပင်နဲ့ ခုတ်တဲ့အပင်ကြား အရေအတွက် ကာမိရဲ့လား၊ သစ်ခုတ်မှု တွေကို တကယ်ပဲ တားဆီးနိုင်ပြီလား ဆိုတာတွေကတော့ မေးခွန်းအဖြစ်ဆက်ရှိနေဆဲပါ။ 


ထူးခြားတာကတော့ မြန်မာ့နိုင်ငံ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဖက်မှာဆောင်ရွက်နေသူအများစုဟာ သစ် တောအရာရှိဟောင်းတွေဖြစ်နေခြင်းပါ။ ဒါ အစိုးရဖက်မှာတင်မဟုတ်၊ တိုင်းရင်းသားလက်နက်ကိုင် တွဖက်မှာ လည်း အတူတူပါပဲ။ ‘’သစ်ပင်တွေရောင်းစားလို့ကုန်သွားတော့ သစ်တောအရာရှိတွေလဲ သဘာဝပတ်ဝန်းကျင်ထိမ်း သိမ်းရေးအရာရှိအဖြစ် ဆိုင်းဘုတ်ပြောင်းလိုက်တာပေါ့’’ ဆိုတဲ့စကားဟာ နယ်စပ်က သစ်တောနဲ့နီးစပ်သူတွေကြား လူသိများပါတယ်။ ဒါပေမယ့် ဘာဖြစ်ဖြစ် တနှစ်မှာ တရက်တာသစ်ပင်စိုက်ခြင်းက ၃၆၅ ရက်စလုံး မနားတန်း ခုတ် နေတာနဲ့စာရင် ကြိုဆိုသင့်ပါတယ်။ 

ဒါက ရာသီဥတုပြောင်းလဲရေးနဲ့ဆိုင်တဲ့ သစ်တောသစ်ပင်ကိစ္စ။ သဘာဝပတ်ဝန်းကျင် သန့်ရှင်းလှပဖို့ တခြားကော ဘာတွေလုပ်နိုင်ဦးမလဲ။ စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချရေးနဲ့ ပတ်ဝန်းကျင်ကို ညစ်ထေးမှုမဖြစ်အောင် စနစ်တကျ နေထိုင်ရေးတွေကလည်း အရေကြီးမယ်ထင်ပါတယ်။

သစ်ခုတ်သမားတွေ ၃၆၅ ရက်မှာ တရက်နားပြီး သစ်ပင်စိုက်ကြသလို လမ်းဘေး ကွမ်းသွေးထွေးသူတွေ တရက်တာ ကွမ်းသွေးကို တွေ့တဲ့နေရာမှာမထွေးပဲနဲ့ သတ်မှတ်နေရာမှာ စနစ်တကျ ထွေးခြင်းအားဖြင့် သဘာဝပတ်ကျင် မညစ်ထေးမှုကို လျော့ချနိုင်မလား။ လမ်းဘေးအမှိုက်ပစ်သူတွေ၊ အိမ်နောက်ဖေး လမ်းကြားထဲအမှိုက်ပစ်သူတွေ ဒီနေ့မှာ အဲဒီလိုမပစ်ပဲ စုပေါင်းအမှိုက်ကောက်တာကို လုပ်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် သန့်ရှင်းလာအောင် ကူညီပေးနိုင်မလား။ 

ဒါက လူတိုင်းလုပ်နိုင်တဲ့ကိစ္စ။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုတာ တနှစ်မှာ တရက်လုပ်ရုံနဲ့ ဘယ် ရပါ့မလဲ။ စနစ်တကျနဲ့ရေရှည်လုပ်နိုင်မှ၊ မျိုးဆက်အလိုက် လုပ်နိုင်မှ အကျိုးသက်ရောက်မှုရှိမှာပါ။ ဒီအတွက် လူ ငယ်တွေရှိတဲ့ စာသခန်းတွေဆီ ဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဟာ ဘာသာရပ်တခုအနေနဲ့ ရောက်လာသင့်ပါ တယ်။ ကျောင်းသားဘ၀မှာကတည်းက သဘာဝပတ်ဝန်းကျင်အကြောင်း စနစ်တကျ ပညာပေးသင့်ပါတယ်။


အဲဒီလိုအဆင့်ဆင့်ဖြစ်လာစေဖို့အတွက် သဘာဝပတ်ဝန်းကျင်ကို စီမံခန့်ခွဲပိုင်ခွင့်ရှိသူတွေ၊ တိုင်းပြည်ကို စီမံခန့်ခွဲပိုင် ခွင့်ရှိသူတွေရဲ့ အခန်းကဏ္ဍက အရေးကြီးလာပါတယ်။ ရှေ့ပိုင်းမှာလူကြီးသူမတွေပြောခဲ့တဲ့ အတိုင်း တိုင်းပြည်အုပ် ချုပ် မင်းလုပ်တဲ့လူတွေ အကျင့်သီလနဲ့ပြည့်စုံဖို့လိုပါတယ်။ သဘာဝ အရင်းအမြစ်တွေကို စနစ်တကျစီမံခန့်ခွဲတတ်ဖို့ ရေရှည်အမြင် လိုလာနေပါတယ်။

Back story 2 (ကင်မရာနောက်ကွယ်က စက်ဘီးသမားများရဲ့ဘ၀ ၂)။

ကင်မရာနောက်ကွယ်က စက်ဘီးသမားများရဲ့ဘ၀ ၂


တခွန်စိုက် ပြိုင်ပွဲစီးရင်နဲ့ စက်ဘီးသမားတွေအားလုံးနားပြီး လက်ဖက်ရည်ထိုင် သောက်တဲ့အကြောင်း ရေးမယ်လို့ ပြီးခဲ့တဲ့ ၂ ပတ်ကတည်းကပြောထားပေမဲ့ အခုမှ တကယ်ရေးဖြစ်ပါတယ်။



ဒီအကြောင်းမရေးခင် ၁၉၈ရ နှောင်းပိုင်းနဲ့ ၈၈ အစောပိုင်းကာလတွေ အကြောင်းနည်းနည်း နိဒါန်းချီချင်ပါသေးတယ်။ အဲဒီကာလက မဆလ ခေတ်၊ မှောင်ခိုခေတ်ဆိုတော့ ပိုက်ဆံရှိတိုင်း စက်ဘီးပစ္စည်းတွေက ၀ယ်လို့ရတာမဟုတ်။ သဘာင်္သားအသိုင်းအ၀ိုင်းနဲ့နီးစပ်သူတွေ ဆီကတဆင့်၊ ထိုင်းဖက်အသွားအလာပေါက်တဲ့ စက်ဘီးသမားဘော်ဒါတွေ၊ ဒါမှမဟုတ်ရင်လည်း တနှစ်မှတခါလောက်ထုတ်ပေးတဲ့ အား-ကာ က ပစ္စည်း မဲနှိုက်ပွဲတွေကိုစောင့်ဝယ်ပြီးမှ လိုချင်တဲ့ပစ္စည်းသန့်သန့်လေးတွေရတာမျိုးပါ။

အဲဒီ ၃ ခုကိုမစောင့်နိုင်ဘူးဆိုရင်တော့ ၂၅ လမ်းက စက်ဘီးတန်းကိုသွား၊ ဈေး ကြီးပေးပြီးရွေးပေတော့။ ဒါပေမယ့် အဲဒီမှာလည်း Pro တန်းဝင်တဲ့ပစ္စည်းက သိပ်မရှိ။ ဒါပေမယ့် အဲဒီလမ်းကို ကျနော်ကတော့ မကြာခဏရောက်ဖြစ်ပါတယ်။

စက်ဘီးပစ္စည်းဝယ်ဖို့မဟုတ်။ ထားဝယ်ကနေ မှောင်ခိုသယ်လာတဲ့ စက်ဘီး ပစ္စည်းတွေသွားရောင်းတာပါ။ ဟုတ်တယ်လေ၊ အဲဒီခေတ်က မှောင်ခိုခေတ် ဆိုတော့ ထားဝယ်ကနေ ရန်ကုန်သွားတဲ့လူတိုင်း မှောင်ခိုပစ္စည်းသယ်ကြပါတယ်။ အရေးယူမှုမရှိဘူးလားဆိုပြီး မေးမလို့လား။ လေယဉ်မှုးတွေသယ်တာက ပိုတောင်ဆိုးသေး။

အဲဒီကာလက ခရီးသွားဖူးသူတိုင်း၊ ဒါမှမဟုတ် ကာစတန်မှာတာဝန်ထမ်းဖူး သူတိုင်း သိပါတယ်။ အုန်းပင်လုံချည်၊ ခေါက်ထီး၊ အချိုမှုန့်၊ ကျွတ်ကျပ်အိတ် စသဖြင့် ပစ္စည်းထုတ် ၂ ထုတ်လောက်သယ်သွားပေးရင် အနည်းဆုံး ကျပ် ၃၀၀ ရပါတယ်။ အဲဒါ ၁၉၈၇-၈၈ ၀န်းကျင်ကိုပြောတာနော်။ ကျပ် ၃၀၀ ဆိုတာ တလစာ ကျောင်းစရိတ်အတွက်လောက်ငှတဲ့ ငွေပါ။

အဲဒီငွေရဖို့အတွက် ဘာမှလုပ်စရာမလိုဘူး။ ထားဝယ်ကွင်းက မှောင်ခိုပွဲစား ပေးလိုက်တဲ့ အထုတ်ကိုဆွဲပြီး လေယဉ်ပေါ်တက်သွားရုံ။ ရန်ကုန်ကွင်းရောက် ရင် အဲဒီပွဲစားပေးလိုက်တဲ့ စာရွက်လေးကို ရန်ကုန်ကွင်းမှာစောင့်နေတဲ့ ပွဲစား ဆီ ပေးလိုက်ရုံပဲ။ ပစ္စည်းရွေးဖို့တောင် စောင့်နေစရာမလိုဘူး။ ပွဲစားတွေက လေယဉ်ပို့ဆောင်ရေးဝန်ထမ်းတွေကို အမိန့်ပေးအုပ်ချုပ်ထားတဲ့အတိုင်း အားလုံး ဘာပြသာနာမှမရှိ။


ဒါက သာမန်အရပ်သားတွေပေါ့။ ကျနော်ကတော့ အား-ကာ ကထုတ်ပေးထားတဲ့ စက်ဘီးသယ်ခွင့် အထူးလက်မှတ်ရှိတယ်ဆိုတော့ ၃၀၀ နဲ့ မတင်းတိမ်။ ပွဲ စားပေးတဲ့ အထုတ်ကိုမဆွဲ။ ကိုယ့်ဘာသာ ထားဝယ်ဈေးမှာ စက်ဘီးပစ္စည်း တွေဝယ်ပြီး ရှေ့မှာပြောခဲ့တဲ့ ၂၅ လမ်းမှာ ကိုယ်တိုင်သွားသွင်းပါတယ်။ ဒီတော့ ပွဲစားခေါင်းပုံဖြတ်မှုမခံရတဲ့အတွက် တခေါက်မှာ ၆၀၀ လောက်ရပါတယ်။ ၂ လစာ ကျောင်းစရိတ် ကာမိတယ်ဆိုပါတော့။

ဒါက ထားဝယ်နဲ့ ရန်ကုန်ကြား မောင်ခိုသယ်တဲ့ စက်ဘီးသမားဘ၀။ လေယဉ် စီးပြီးသယ်တာဆိုတော့ စက်ဘီးစီးပြီသယ်ရသလောက် စိတ်ဝင်စားဖို့မကောင်း ပါ။ ဒါဖြင့် မောင်ရင်က စက်ဘီးစီးရင်းနဲ့လည်း မှောင်ခိုသယ်ဖူးတာပေါ့ ဆိုပြီး မေးမလို့လား။ သေချာတာပေါ့။ ဒါပေမယ့် တဦးတည်းတော့မလုပ်ရဲဘူး။ အဖေါ် အပေါင်းနဲ့မှ။ ဟောဒီဓာတ်ပုံထဲမှာပါတဲ့ မွန်ပြည်နယ်လက်ရွေးစင်၊ လက်ရှိ UCI အသိအမှတ်ပြု မြန်မာစက်ဘီးနည်းပြကြီး သရာဖိုးအောင်လည်းပါသပေါ့။

မှောင်ခိုခေတ်ဆိုတော့ ပစ္စည်းဈေးက ထားဝယ်နဲ့ ရန်ကုန်ကြားမှာတင် ကွာတာ မဟုတ်။ တမိုင်လောက်သာဝေးတဲ့ မော်လမြိုင်နဲ့ မတ္တမကြားမှာလည်း ကွာပါ တယ်။ အဲဒီခေတ်က အခုလို သံလွင်တံတားမရှိသေးဘူးလေ။ ဇက်တွေနဲ့ ကူး ရတာ။ အဲဒီပေါ်မှောင်ခိုသယ်တဲ့ လူတွေကို ကန်စတာက စက်လှေတွေနဲ့လိုက် လာပြီး ရေလယ်ကြမှ ဇက်ပေါ်တက်စစ်။ လာဘ်ငွေမရဘူးဆိုရင် ထမိန် ၄-၅ ထပ် ၀တ်ထားတဲ့ (ရောင်မဲ့ထမိန်အသစ်တွေကို ကို်ယ်မှာပတ်ထားတာ) အမျိုး သမီးတွေကို ထမိန်ချွတ်ဖမ်းတဲ့အထိလုပ်ကြတဲ့အတွက် ကာစတန်စက်လှေ ကပ်လာပြီဆိုရင် ရင် တထိပ်ထိပ်နဲ့။

တမိုင်လောက်ပဲဝေးတဲ့ မော်လမြိုင်နဲ့ မုတ္တမကြားမှာတောင် ဈေးဒီလောက်ကွာ တယ်ဆိုရင် မိုင် ၄၀ ကျော်ဝေးတဲ့ မော်လမြိုင်နဲ့ သံဖြူဇရပ်ကြားဆို ဘယ် လောက်များကွာနေလေမလဲ။ ဈေးတွေကို ကျနော်မမှတ်မိတော့ပေမယ့် ရှေ့က ဆရာကိုဖိုးအောင်နဲ့အတူ မွန်လက်ရွေးစင်၊ မော်လမြိုင်လက်ရွေးစင်နဲ့ ဒေသခံ စက်ဘီးဝါသနားအိုး အားလုံး ၉ ယောက်စုပြီး သံဖြူဇရပ်ဈေးက (အချို့မုန့်လို့ ထင်ပါတယ်) မှောင်ခိုပစ္စည်းကို သယ်ပြီး မော်လမြိုင် ဒေါင်းမင်းလမ်းမှာ ပြန် သွင်းခဲ့တာကိုတော့ အမှတ်ရနေဆဲပါ။


မှတ်မိသလောက်ဆိုရင် အခုချိန်ထိ စက်ဘီးစီးနေဆဲဖြစ်တဲ့ ကိုတင့်နိုင်၊ မောင် မောင်အောင်၊ ကိုစိုးနိုင်၊ ပြီးတော့ ဈေးထဲက ကိုကြက်တင် (အမည်ရင်း မမှတ်မိ တော့ပါ)၊ နောက်ဈေးထဲကပဲ ကုလားလေး (အမည်ရင်းမမှတ်မိတော့ပါ)၊ ပြီးရင် ရခိုင်ကုန်းက ကိုပေါက်တို့ ညီအကိုတွေပါတယ်ထင်တာပဲ။ သေချာတာက တော့ အားလုံး ၉ ယောက်။ ဗေဒင်ယုံတဲ့ ဆရာသမားကိုဖိုးအောင်က ၉ ယောက်ဆိုရင် နမိတ်မကောင်းဘူး။ ၁၀ ယောက်ပြည့်အောင်ဖြည့်တဲ့အနေနဲ့ လမ်းဘေးက ခဲတလုံးကိုကောက်ပြီး သူ့ရဲ့ ကျောပိုးအိတ်ထဲ ထည့်လိုက်တာကို မှတ်မိနေဆဲပါ။

သံဖြူဇရပ်ဈေးမှာ ကျနော်တို့အဖွဲ့နဲ့တွေ့သူက မွန်လက်ရွေးစင် ကိုအောင်ဆန်း (၁၉၈၈ နောက်ပိုင်း Burma လက်ရွေးစင်) ဖြစ်ပါတယ်။ နောက် သထုံက ရဲ ဘော်ကြီးကိုမောင်လှနဲ့ ဇီးကုန်းက မင်းသိန်းချစ်တို့လည်း အဲဒီကာလမှာ Burma လက်ရွေးစင်တွေဖြစ်ခဲ့တယ်လို့ ကြားရပါတယ်။

ထားတော့။ မှောင်ခိုသယ်တဲ့ကိစ္စကို ဆက်ရမယ်ဆိုရင် အရင်အခေါက်တွေ တုန်းက ဘာကျောပိုးအိတ်မှမပါပဲ လွတ်လပ်စွာအရှိန်မြှင့်စီးနေတဲ့ စက်ဘီးအ ဖွဲ့ဟာ ဒီတခေါက်မှာတော့ တရုတ်ကျောပိုအိတ်ကိုယ်စီနဲ့ ချွေးတလုံးလုံး။ စက် ဘီးသမားတွေဆိုတော့ လမ်းတလျောက်ရှိ စစ်ဆေးရေးဂိတ်တွေကလည်း မစစ်ပါဘူး။ (အဲဒီခေတ်က တရွာတဂိတ်နီးပါး ၀ါးတာဂိတ်တွေရှိပြီး အစစ်အ ဆေးအတော်များပါတယ်)။ ဒါပေမယ့် သံဖြူဇရပ်နဲ့ မုဒုံကြားမှာလားမသိဘူး၊ ဂိတ်တခုက ခရာမှုတ်ပြီး လှမ်းတားပါသေးတယ်။ ဘယ်ရမလဲ မကြားသလို ဟန်ဆောင်ပြီး အားလုံး အရှိန်မြင့် အသားကုန် နင်းပြေးကြပေါ့။

ဒါကို သိသွားတဲ့ ဘော်ဒါတချို့က မှောင်ခိုကယ်ရီသယ်တဲ့ စက်ဘီးသမားဝနဲ့ တက္ကသိုလ်တက်သူအဖြစ် ကျနော်ကိုနောက်ကြပါတယ်။ ထားတော့။ ဒါက မော်လမြိုင်တက္ကသိုလ် ၂ နှစ်တာအတွေ့အကြုံ။

မော်လမြိုင်မှာကျောင်းတက်ရင်း၊ အထူးသဖြင့် ဆရာသမား ကိုဖိုးအောင်နဲ့ အကြိတ်အနယ်ပြိုင်ရင်းနဲ့ ၁၉၈၇ ဇွန်လမှာကျင်းပတဲ့ တခွန်စိုက်ပွဲ မီတာ ၁၆၀၀ မှာ ရွှေတံဆိပ် စရပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ နောက်နေ့သတင်းစာမှာ ပါလာတဲ့အမည်က ကျနော်အမည်မဟုတ်။ မော်လမြိုင်က ကိုစိုးဝေ အမည်ကြီးနဲ့။

ဖြစ်ပုံက ဒီလို။ စက်ဘီးစီးကျင့်တာကို အသဲအသန်လုပ်ပြီး ထားဝယ်ကနေ ရန်ကုန်တက်လာတဲ့ကျနော်ဟာ မိုးမိပြီး အဖျားဝင်သွားပါတယ်။ ဆေးခန်း သွားပြတော့ ဆရာဝန်က ပြိုင်ပွဲမ၀င်သင့်တော့ဘူးလို့ဆိုပါတယ်။ ဒီတော့ ပြိုင်ပွဲဝင်ဖို့စရင်းမပေးတော့ပါ။ ဒါပေမယ့် ပြိုင်ပွဲလုပ်တဲ့နေ့မှာ အဖျားနည်းနည်း သက်သာနေတာမို့ ပွဲသွားကြည့်ဦးမှဆိုပြီး ကျနော်တည်းတဲ့ အမျိုးတွေအိမ်ကနေ အောင်ဆန်းကွင်းက ကိုဖိုးအောင်တို့အဆောင်ဆီ ရောက်လာခဲ့ပါတယ်။


''ထားဝယ်ကြီး မင်းဝင်စီးကြည့်ပါလား။ ဟောဒီမှာ စိုးဝေနေရာလွတ်နေတယ်'' ဆိုပြီး ဆရာသမား ကိုဖိုးအောင်က အကြံပေးတာနဲ့ ၀င်ကြိတ်လိုက်ပါတယ်။ ကံ ကကောင်းချင်တော့ ၁၆၀၀ ဆရာကြီးတွေဖြစ်တဲ့ ကာစတန် (အရင် ဧရာဝတီ လက်ရွေးစင်) က ကိုထိန်လင်းနဲ့ ကိုခင်မောင်လတ် (နှုတ်ခမ်းမွေး)၊ Burma လက်ရွေးစင်ဟောင်း ဦးကျော်ဇောလင်း (လို့ထင်ပါတယ်၊ အမည်မှားနေရင် ပြင်ပေးကြပါ) တို့ကို ၅ မီတာလောက်အထိ ဖြတ်ပြီး ပန်းဝင်သွားခဲ့ပါတယ်။

ဒီလိုနဲ့ ရွှေတံဆိပ်ရသွားတော့ အမည်က ကိုစိုးဝေ ဖြစ်နေခဲ့ပေါ့။ တာဝန်ရှိသူ တွေကိုပြော အပြီး အမည်ပြောင်းခိုင်းပေမဲ့ မရတော့ပါ။ ၀မ်းနည်းရမလား၊ ၀မ်းသာရမလား မသိန်းကြည်။

အလွဲအချော်တွေဖြစ်တဲ့ အဲဒီတခွန်စိုက်ပွဲမှာ နောက်ထပ်ကြုံရတဲ့ အထူးအဆန်းတခုကတော့ မိုင် ၁၀၀ (ကီလိုမီတာ ၁၅၀) ပွဲမှာ စက်ဘီးသမားအားလုံး လမ်းဘေးက လဖက်ရည်ဆိုင်မှာ ထိုင်ခဲ့ခြင်းပါ။ ကျနော်မှတ်မိသလောက်ဆိုရင် ရှေ့မှာပြောခဲ့တဲ့ ဆရာသမားကိုဖိုးအောင်နဲ့ အဲဒီအချိန်က ရန်ကုန်တိုင်းက နာ မည်အကြီးဆုံး တာဝေးဘုရင် (ကာကွယ်ရေးဌာနအနေနဲ့ စီးနေတယ်လို့ ထင် မိ) အတာ၊ ပြီးတော့ မောင်မောင်းစိုး တို့ ၃ ဦးက ပ-ဒု-တ အဖြစ် အပြတ်အသတ်လွတ်သွားပြီ။

နောက်မှာကျန်တာက ဘားမားလက်ရွေးစင်ဟောင်း ဆရာသမား ဦးကျော်ဇော်လင်းရယ်။ မန်းတလေးက ကိုစိုးနောင်ရယ်၊ စုစုပေါင်း ၁၃ ဦး၊ ကျန်တယ်ဆိုတာက အောင်ဆန်းကွင်း ကနေတာထွက်ပြီး မှော်ဘီမြို့အလွန်ကနေပြန်ကွေ့ ပြည် လမ်းအတိုင်းပြန်လည်စဉ် ရှေ့က ပုဂ္ဂိုလ် ၃ ဦးက လွတ်သွားတာပါ။ အဲဒီအချိန် မှာ "First to third ကတော့ ပြီးသွားပီ။ အဲတော့ မောင်ရင်တို့ ကျုပ်နဲ့အတူ လက်ဖက်ရည်ဆိုင်ထိုင်ရဲလား" ဆိုပြိး ဦးကျော်ဇောလင်းက မေးပါတယ်။

''ဝေးဟေးဟေး..'' ဆိုပြီး ကန့်ကွန်သူမရှိ လက်ခံလိုက်ပါတယ်။ ''တို့လူတွေ ညီစေနော်။ သောက်နေတုန်း ထပြေးတဲ့ကောင်တော့ သစ္စဖောက်ဘဲ့" လို့ ပြောပီး ဗိုလ်ရွေးတောင် မရောက်ခင် မိုင် ၂၀-ခန့်အကွာက (ရွာအမည်မမှတ် မိတော့) လမ်းဘေး လက်ဖက်ရည်ဆိုင်ကြီးတခုမှာ ကျနော်တို့ ၁၃-ဦး ထိုင် သောက်ပါလေရော။ မှာတာနဲ့သောက်တာနဲ့ဆို ရင် ၁၅-မီနစ် မီနစ် ၂၀-တော့ အနည်းဆုံးကြမယ်ထင်ပါတယ်။

ရှေ့က ပြေးတဲ့ ရဲကားတွေကတော့ မရှိတော့ပါဘူး။ ဒါပေမယ့် နောက်ဆုံးက လိုက်တဲ့ ''ပျော်ပျော်ရွှင်ရွှင်မော်တော်ယဉ်'' လို့ခေါ်တဲ့ မစီးနိုင်တဲ့လူ၊ ဒဏ်ရာ ရတဲ့လူတွေကိုတင်တဲ့ ကုန်တင်ကားလိုဟာကြီးကတော့ ကျနော်တို့ လဖက် ရည်ထိုင်သောက်နေတာကို ရပ်စောင့်နေလေရဲ့။

ဒီလိုနဲ့ ဗိုလ်ရွေးတောင်မှာပန်းဝင်ခါနီး ထောက်ကြံ စစ်သချိုင်းကျော်တာနဲ့ ကျ နော်က အသားကုန် Sprint တင်ပြေးပါတယ်။ ဘယ်လွတ်ပါ့မလဲ။ မီတာ ၅၀ လောက်အထိပြတ်သွားပေမဲ့ ဗိုလ်ရွေးတောင်လဲတက်ရော ခြေကကုန်နေပြီ။ ဒီလိုနဲ့ ၁၆ ပြိုင်တဲ့အထဲမှာ ၁၆ နေရာနဲ့ ပန်းဝင်ခဲ့ရပေါ့။


ဒါပေမယ့် ဘာပြောပြော ဒီပွဲက အတွေ့အကြုံတွေအများကြီးရလိုက်ပါတယ်။ ၁၉၈၈ ဖေဖေါ်ဝါရီမှာကျင်းပတဲ့ ပြည်နယ်- တိုင်း ပြိုင်ပွဲ မီတာ ၁၆၀၀ မှာ ကျနော်ရွှေတံဆိပ်ကို ကိုယ့်အမည်မှန်နဲ့ ရလိုက်ရပါတယ်။ မီတာ ၈၀၀ မှာတော့ မန်းတလေးသား ကိုစိုးနိုင်ကို နှာတဖျားစာရှုံးပြီး ဒုတိယနဲ့ ကျေ နပ်လိုက်ရပါတယ်။ မီတာ ၁၀၀၀ တဦးချင်းစံချိန်ပြုကို မစီးပဲ ကီလို ၁၀၀ (၆၂ မိုင်) လမ်းပေါ်ပွဲကိုသွားစီးမိပါတယ်။

ပြည်နယ်-တိုင်း ပွဲက တံခွန်စိုက်ပွဲလို မော်ဘီဖက်ကိုမသွား။ ပဲခူးဖက်ကိုသွားပါ တယ်။ အဲဒါ ဘယ်သူက စမှားမှန်းမသိ။ ကိုယ့်ရှေ့ကလူတွေ ပြိုလဲတာကိုရှောင် ရင်းနဲ့ လမ်းဘေးရေမြောင်းထဲ စက်ဘီးထိုးကျသွားပြီး ဂီယာဘောတွေ ကျေ သွားပါတယ်။ တံခွန်စိုက်ပွဲက ၁၆ ဥိးသာရှိပေမယ့် ပြည်နယ်-တိုင်းပွဲကတော့ စက်ဘီးသမား ၅၀ လောက်ရှိမယ်ထင်ပါတယ်။

ဒီတော့ ရှေ့ကလူတွေကိုမီအောင် မနည်းပြန်လိုက်ရပါတယ်။ ဒီလိုက်ရင်းနဲ့ စက်ဘီးဘောက ကကျွတ်ကကျွတ်မည်သံကြားနေရတော့ စီးရတာအဆင် မပြေတော့ပါ။ မြန်မာပြည်ကပွဲဆိုတော့ နိုင်ငံတကာပွဲတွေလို စက်ဘီးပျက် ရင် ချက်ချင်းလဲနိုင်ဖို့ ဘေးမှာကိုယ့်အသင်းရဲ့စက်ဘီးကား ရှိတာမဟုတ်။ ကိုယ့် ချွေးနဲစာနဲ့ ကိုယ်ဝယ်ထားရတဲ့ဘိန်း ပျက်ရင် ကို်ယ့်ဘာသာပြင်ပေတော့။

အဲဒီပွဲမှာ နောက်တချက်ကြုံခဲ့ရတာက တကယ်ပြိုင်သူနဲ့အရံ စက်ဘီးသမား ဆိုတဲ့ မှားယွင်းတဲ့စာရင်းသွင်းမှု စင်စတန်။ နိုင်ငံတကာပွဲတွေမှာတော့ ဒါမျိုး မတွေ့မိ။ ဘယ်သူ ပထမ ၀င်ဝင်၊ ၀င်တဲ့လူ ပထမ ရတာပါပဲ။ ဒါပေမယ့် အဲဒီ ကာလ မြန်မာနိုင်ငံစက်ဘီးဥပဒေ (လုပ်ထုံးလုပ်နည်း) အရ တသင်းစီကနေ ၄ ဦးပဲ တာဝေးပွဲအတွက် စာရင်းသွင်းခွင့်ရပြီး အဲဒီထဲက ၂ ဦးက အဓိက၊ ၂ ဦးက အရံဖြစ်ပါတယ်။

အဲဒါ တာဝေးကောင်းတဲ့ ကိုသက်ဝေကို အရံနေရာမှာထားပြီး ကိုသိန်းရီနဲ့ ကျနော်က အဓိကနေရာကနေ ၀င်ပြိုင်မိပါတယ်။ တကယ်တန်းပန်းဝင်တော့ ကိုသက်ဝေက တတိယနေရာကနေ၀င်ပါတယ်။ ဒါပေမယ့် သူဟာ အရံသာ ဖြစ်တဲ့အတွက် သူကို ဆုမပေးပါဘူး။

ဒါကို ကိုသက်ဝေက ပြောလို့မဆုံးတော့ပါ။ တာဝေးပွဲမှာ တတိယ ရဖို့ဆိုတာ လွယ်တာမဟုတ်ဘူးလေ။ အခုတော့ တတိယ ရရဲ့သားနဲ့ အရံလူအဖြစ် စာရင်း ပေးထားလို့ဆိုပြီး အလကားဖြစ်ခဲ့ရပေါ့။ အဲဒါ ၁၉၈၈ ဖေဖေါ်ဝါရီလ ပြည်နယ် တိုင်းပြိုင်ပွဲမှာပါ။


ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၄ မှာ ကျနော်ထားဝယ်မြို့ဆီ ခဏပြန်ရောက်တော့ ကိုသက်ဝေက ဒါကိုမမေ့သေး။ ၂၆ နှစ်ကြာပြီးတဲ့အထိ သူ့စိတ်ထဲမှာ မကျေ နပ်သေး။ အခုတော့ သူလဲ တနသာင်္ရီတိုင်း စက်ဘီးနည်းပြဖြစ်နေပါပြီ။ အဲဒီ လက်တွေ့မကျတဲ့ တာဝေးပွဲလုပ်ထုံလုပ်နည်းတွေလည်း ပြင်လိုက်ပြီထင်ပါရဲ့။

တချိန်က စီးဖေါ်စီးဖက်များနဲ့ ပရိတ်သတ်များကိုလေးစားလျက်။

ထက်အောင်ကျော်။

Thursday, June 4, 2015

နော်ဝေးနိုင်ငံ အောစလိုမြို့မှ ရိုဟင်ဂျာအရေး ဆွေးနွေးပွဲများ

နော်ဝေနိုင်ငံ အော်စလိုမြို့မှ ရိုဟင်ဂျာအရေး ဆွေးနွေးပွဲများ

  • Thursday, 04 June 2015, The Voice Daily.
- See more at: http://www.thevoicemyanmar.com/index.php/perspective/item/7243-nwn#sthash.EFu7Qrp2.dpuf

Tuesday, June 2, 2015

ထားဝယ်စကားကို ကျောင်းချိန် အတွင်း သင်ကြားနိုင်တော့မည်

|Dawei Watch| ထားဝယ်၊ မေ ၃၁

ယခုနှစ် ပညာရေးနှစ်အတွင်း ထားဝယ်စကားကို ကျောင်းချိန်အတွင်း
သင်ကြားနိုင်မည်ဖြစ်ကြောင်း ထားဝယ်စကား သင်ရိုး ပြုစုရေး လုပ်ငန်း
ကော်မတီ ဥက္ကဋ္ဌ ဦးဘမြင့်က ပြော ကြားသည်။


ထားဝယ်စကား အခြေခံ ဖတ်စာ ကို သူငယ်တန်း၊ ပထမတန်းနှင့် ဒုတိ
ယတန်းတို့အတွက် မူကြမ်းစာအုပ်များ ပြီးစီးနေပြီဖြစ်ပြီး ယင်းမူကြမ်း
စာအုပ် များကို ဧပြီလလယ်က တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်၊
လူမှုရေးဝန်ကြီးနှင့် တိုင်းပညာရေး ညွှန် ကြားမှု ဦးစီးဌာနတို့ထံ တင်ပြထား
ပြီးဖြစ်ကြောင်း ဦးဘမြင့်က ပြောသည်။

ဒီနှစ် ပညာသင်နှစ်မှာ သင်နိုင် မယ်လို့ ခန့်မှန်းထားတယ်။ သင်နိုင်
အောင်လည်း ဒီလို ကြိုးစားခဲ့တာပဲဟု ၎င်းက ဆိုသည်။
သူငယ်တန်း၊ ပထမတန်းနှင့် ဒုတိယတန်းတို့အတွက် ထားဝယ် စကား အခြေခံ ဖတ်စာကို
ကျောင်းသား ကိုင်နှင့် ဆရာကိုင် စာအုပ် အုပ်ကို ပြုစုထားကြောင်း
ထားဝယ်စကား သင်ရိုး ပြုစုရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။

ယင်းဖတ်စာအုပ်များတွင် ထား ဝယ်ရိုးရာ ကဗျာများ၊ ပုံပြင်များ၊
စကားပုံနှင့် စကားထာများကို ထားဝယ် ရိုးရာယဉ်ကျေးမှု သရုပ်ဖော် ပန်းချီ
များနှင့်အတူ ထည့်သွင်း ရေးဆွဲထား ကြောင်း သိရသည်။


သင်မယ်လို့ အကြောင်းကြား စာရတာနဲ့ ကော်မတီကနေပြီးတော့ မြို့နယ်အလိုက်
ဆရာ၊ ဆရာမ တွေကို ပြန်သင်နိုင်မယ့် နည်းပြတွေကို ခေါ် သင်မယ်ဟု ဦးဘမြင့်က
ပြောသည်။

ထားဝယ်စကားအခြေခံ ဖတ်စာ အုပ်များကို ပညာရေးဝန်ကြီးဌာနထံ
တင်ပြထားပြီးဖြစ်ကြောင်း တိုင်းဒေသ ကြီး ပညာရေး ညွှန်ကြားရေးမှူးရုံးထံမှ
သိရသည်။

ဒီပညာသင်နှစ်ထဲမှာ သင်နိုင်ဖို့ အမြန်ဆုံး ခွင့်ပြုဖို့
မျှော်လင့်ရတာပဲဟု အထက်ပါရုံးမှ ညွှန်ကြားရေးမှူး ဦးထွန်းရီက ပြောသည်။
၎င်းအပြင် တိုင်းအတွင်း ပိုးကရင်၊ စကောကရင်နှင့် မွန်လူမျိုးတို့၏ တိုင်း
ရင်းသား ဘာသာများကို ယခင်နှစ်က စတင်သင်ကြားခဲ့ပြီး ယခုနှစ်တွင်
သင်ရိုးများကို ပြန်လည် ပြင်ဆင်မှု များလည်း ရှိသည်ဟု ၎င်းက ဆိုသည်။

ထားဝယ်စာ သင်တာက ကောင်း တာပေါ့။ ထားဝယ်စကားကို ထိန်းသိမ်း ရာလည်း
ရောက်တယ်။ ဒါပေမယ့် ကျောင်းတွေမှာ ဗမာကျောင်းသားတွေ လည်း ရှိနိုင်တယ်။
ထားဝယ်စာ သင်တဲ့ အချိန်ဆိုရင် အဲဒီ ကျောင်းသား တွေအတွက် ဆရာ၊ ဆရာမတွေနဲ့
ဘယ်လို စီစဉ်မလဲ ဆိုတာတော့ သိချင် တယ်ဟု ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်မှ
ကိုမင်းကိုက ပြောသည်။

တိုင်းဒေသကြီးအတွင်း ထားဝယ် အခြေခံဖတ်စာ သင်ကြားမည့် ကျောင်း သား
သူငယ်တန်းတွင် ၁၁၄၂၄ ဦး၊ ပထမတန်းတွင် ၁၀၀၉၂ ဦးနှင့် ဒုတိယတန်းတွင် ၁၀၀၈၆
ဦး ရှိမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူးရုံးထံမှ

သိရသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More