Wednesday, February 2, 2022

ဗိုလ်နဂါးနှင့် တော်လှန်ရေးနယ်မြေသစ်များ

 ဗိုလ်နဂါးနှင့် တော်လှန်ရေးနယ်မြေသစ်များ

-----------------------------------------------
(၁-၂-၂၀၂၂)




(၁) ဗိုလ်နဂါးနှင့် အင်တာဗျုး
-----------------------------
စစ်အာဏာသိမ်းမှု တနှစ်ပြည့် သို့မဟုတ် နွေဦးတော်လှန်ရေးတနှစ်ပြည့် သုံးသပ်ချက်တခုခု ရေးမလားဆိုပြီး စဉ်းစားတော့ ဗိုလ်နဂါးနဲ့ အင်တာဗျုးထားတာ၊ ဗိုလ်နဂါးတို့ နယ်မြေရဲ့ ထူးခြားချက်တွေကို သတိရမိပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း BNN (Burma News Network) ကနေ ဗိုလ်နဂါးနှင့် အင်တာဗျုးကို ထုတ်လွှင့်တော့ လုံခြုံရေးအရ မမေးသင့်တဲ့ မေးခွန်းတွေမေးတယ်။ အင်အားတွေ၊ လက်နက်တွေကို မမေးသင့်ဘူးလို့ ပရိသတ်အချို့က ဝေဖန်ကြပါတယ်။
ဗိုလ်နဂါးလုံခြုံရေးအတွက် စိတ်ပူလို့ပြောကြတယ်လို့ နားလည်ရပါတယ်။ ဒါပေမယ့် သူပြောသွားတဲ့ ရေဘူယျ အင်အားနဲ့ ရေဘူယျလက်နက်အမျိုးအစားတွေဟာ အသစ်အဆန်း မဟုတ်ပါဘူး။ အားလုံးသိပြီးသားအချက်တွေပါ။ FB ပေါ်မှာ တင်ထားပြီးသား အချက်တွေသာဖြစ်ပါတယ်။
လေယာဉ်ပစ် လက်နက်တွေ လိုနေတယ်ဆိုတာ PDF အဖွဲ့တွေ အားလုံးက ပေါ်တင် တောင်းဆိုထားတဲ့အချက်ဖြစ်ပါတယ်။ လုံခြုံရေးထိခိုက်နိုင်တဲ့ အဖြေ မပါပါဘူး။ NUG နဲ့ မဟာမိတ်တွေဖက်က လက်နက်ကူညီမှုတွေပေးနေပြီဆိုတာကလည်း တရားဝင်ထုတ်မပြောထားသေးပေမယ့် အားလုံးခန့်မှန်း နိုင်တဲ့အချက်ပါ။
တပ်တည်နေရာတွေနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းအတွင်းက ယင်းမာပင်၊ ပုလဲ၊ မကွေးအစပ်က မြိုင်၊ ပြီးတော့ ထီးလင်း၊ ဂန့်ကော၊ ကလေးနဲ့ ချင်းပြည်နယ်တကျော ဆက်စပ်နေတဲ့ နယ်မြေတွေဆိုတာ တရားဝင်ထုတ်မပြောလည်း မြေပုံကြည့်မှန်းလို့ရပါတယ်။
ဒီနယ်မြေရဲ့ အောက်ဖက်မှာ မကွေးနဲ့ မန်းတလေး၊ အပေါ်ဖက်မှာ ကချင်ပြည်နယ်ရှိနေတာလည်း လူတိုင်းသိပါတယ်။ ဆိုတော့ ဒီအင်တာဗျုးဟာ လုံခြုံရေးအတွက် ဘာမှ ထိခိုက်မှုမရှိဘူး။ အားလုံး သိပြီးသားအချက်တွေသာဖြစ်ပါတယ်။
ဒီနယ်မြေတကျောကို တော်လှန်ရေးတပ်ဖွဲ့တွေက အချိတ်အဆက်ရှိရှိနဲ့ထိန်းထားနိုင်ပြီမို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်ဖို့ မလွယ်တော့ဘူူး။ ပထမ ပိုင်း စစ်ရေးအတွေ့အကြုံမရှိခင်က ဗိုလ်နဂါးနဲ့အဖွဲ့အပါဝင် အချို့တော်လှန်ရေးခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ စကစ ကကြိုးစားခဲ့ပေမယ့် အခု အဲလို ထပ်လုပ်ဖို့မလွယ်တော့ပါဘူး။ တော်လှန်ရေးသမားတွေမှာ စစ်ရေးအတွေ့အကြုံအတော်ရသွားပြီမို့ ဒေသတွင်းမှာ လှည့်လည်လှုပ်ရှားနိုင်နေပြီလို့ယူဆရပါတယ်။

(၂) အသစ်အဆန်းက ဘာလဲ...
-----------------------
အသစ်အဆန်း ဘာတွေပါလဲဆိုတာကို သိနိုင်ဖို့အတွက် နွေဦးတော်လှန်ရေးမှာ ပေါ်လစီချမှတ်နေသူတွေ၊ NUG, NUCC, EAO, CSO တွေက တာဝန်ရှိသူတွေ ဒီအင်တာဗျုးကို အသေချာနားထောင်သင့်ပါတယ်။
တနိုင်ငံလုံးမှာ မြိုနယ် ၃၃၀ သာရှိပေမယ့် PDF က ၄၀၀ ကျော်ရှိနေတယ်။ အဲဒီထဲကမှ ဘာကြောင့် ဗိုလ်နဂါးတို့နယ်မြေကိုမှ ရွေးပြီး ဦးစားပေးကူညီရမှာလဲဆိုပြီး မေးခွန်းထုတ်နိုင်ပါတယ်။ ဟုတ်ပါတယ်။ PDF ၄၀၀ ကျော်ရှိတဲ့အပြင် (ပကဖ) ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း မြို့နယ်တိုင်းမှာ ရှိနေပါသေးတယ်။
PDF မှာလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က အနည်းဆုံး ၂ နှစ်တာဝန်ထမ်းမယ်လို့ လက်မှတ်ထိုးထားတဲ့ အစိုးရ အမြဲတန်းတပ် PDF၊ မြို့နယ်တိုင်းလိုလိုမှာ ရှိနေတဲ့ ဒေသခံ LDF ဆိုတာရှိပါတယ်။ အဲဒီ ၂ မျိုးထဲမှာမပါသေးတဲ့ နောက်ထပ် အဖွဲ့ငယ်လေးတွေလည်း အများကြီးပါ။
ဒီလိုအဖွဲ့များစွာထဲကမှ ဘာကြောင့် ဗိုလ်နဂါးတို့ဒေသကိုမှ ဦးစားပေးထောက်ခံဖို့ ခင်ဗျားက ပြောနေတာလဲ...။
ပထမ တချက်က ဗိုလ်နဂါးဟာ ရိုးသားတယ်လို့ စာရေးသူက မြင်ပါတယ်။ ဘာမှဟန်ဆောင်ထားတာ မရှိပါဘူး။ ဖုံးကွယ်ထားတာ မရှိပါဘူး။ ရိုးရိုးလေးပဲ ဖြေသွားတာပါ။
ဒုတိယ တချက်ကတော့ ဗိုလ်နဂါးတို့ရှိနေတဲ့ နယ်မြေအနေအထားပါ။ ရှေ့မှာပြောခဲ့တဲ့အတိုင်း ချင်းတွင်းမြစ် အနောက်ချမ်း ယင်းမာပင်၊ ပုလဲကနေ မကွေးအစပ်က မြိုင်၊ ပြီးတော့ ထီးလင်း၊ ဂန့်ကော၊ ကလေးနဲ့ ချင်းပြည်နယ်အစပ် (CNF နယ်မြေ)၊ အဲဒီကနေ ဟိုဖက်မှာ ရခိုင်နယ် (AA-နယ်မြေ) ဆက်နေပါတယ်။ တခါ စစ်ကိုင်းအပေါ်မှာ ကချင်ပြည်နယ် (KIA နယ်မြေ) ဆက်နေတဲ့အတွက် ဒီဒေသဟာ ပထဝီအနေအထားအရ အရေးပါလှပါတယ်။




(၃) လွတ်မြေနယ်မြေအသစ်နှင့် တော်လှန်ရေးအတွေးသစ်
..............................................
ဒီထက်ပွင့်လင်းအောင်ပြောရမယ်ဆိုရင် EAO တွေရှိပြီးသား နယ်စပ်ဒေသကို အခြေမခံပဲ သီးခြားလွတ်မြောက်နယ်မြေဖြစ်တာကြောင့် တော်လှန်ရေးကို အရှိန်မြှင့်တင်ဖို့ ပိုလွယ်ကူနိုင်ပါတယ်။ EAO တွေဟာ သူ့သဘာဝအရကိုက နေပြည်တော်သိမ်းရေး၊ ရန်ကုန်သိမ်းရေးအတွက်တိုက်နေတာမဟုတ်ပဲ သူ့ကိုယ်ပိုင်ဒေသ လွတ်မြောက်ရေးအတွက် တိုက်နေတာသာဖြစ်ပါတယ်။
ဒီအတွက် သူတို့နယ်ကို အခြေခံပြီး တိုက်ပွဲအရှိန်မြှင့်တဲ့အခါ ဆွေးနွေးသဘောတူညီချက်တွေ အများကြီးလုပ်နေရလေ့ရှိပါတယ်။ ဒါကလည်း သဘာဝကျပါတယ်။ နေပြည်တော်သိမ်းရေးအတွက် သူတို့က ပူးပေါင်းတိုက်ပေးရင် ခင်ဗျားတို့ သူတို့ကို ဘာပြန်ပေးမှာလဲ...။ ဒါဟာ မတိုက်ခင်ကတည်းက ကြိုဆွေးနွေးသဘောတူထားဖို့လိုတယ်ဆိုတာ ရှင်းနေပါတယ်။ ဒီလိုအရေးကြီးတဲ့အချက်တွေအတွက် ဆွေးနွေးမှုတွေဟာ အချိန်ယူရလေ့ရှိပါတယ်။
အရင်က နှစ် ၇၀ စာ အတွေ့အကြုံတွေ သူတို့မှာရှိပြီးသားဆိုတော့ အခုချိန်အထိ တုန့်ဆိုင်းဆိုင်းဖြစ်နေတာ၊ ၁၀၀% အထိ ပါမလာသေးတာတွေအပေါ် နားလည်လို့ရနိုင်ပါတယ်။ ဒီမိုကရေစီရတိုင်းလည်း ဖက်ဒရယ်ရတယ်လို့ မဆိုနိုင်ကြောင်း လွန်ခဲ့တဲ့ ၁၀ နှစ်တာ အတွင်း သူတို့သိခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမယ့် သေချာတာကတော့ စစ်အာဏာရှင်မပြုတ်မချင်း ဒီမိုကရေစီမရနိုင်သလို ဖက်ဒရယ်ကိုလည်း စိတ်ကူူးယဉ်ဖို့မဖြစ်နိုင်ပါဘူး။ ဒီအတွက် ဒီမိုကရေစီအင်အားစုနဲ့ ဖက်ဒရယ်အင်အာစု ၂ ခုပေါင်းပြီး ဒီတိုက်ပွဲမှာ လက်တွဲရမယ်ဆိုတာ ရှင်းနေပါတယ်။
စစ်အုပ်စုပြုတ်ကျပြီးမှ ဆွေးနွေးရမယ့်ဟာတွေအတွက် အခုကတည်းက အချိန်ကုန်ခံ သိပ်ငြင်းမနေကြပဲ စစ်အုပ်စုပြုတ်ရေးကိုသာ အချိန်မီ (အချိန်အကန့်အသတ်ရှိပါတယ်) တိုက်ပွဲအရှိန်မြှင့်ဖို့လိုနေပါတယ်။
ဆိုတော့... ဗိုလ်နဂါးတို့ ဒေသကိုသာ အကူညီတွေတိုးပေးပြီး လက်ရှိ လွတ်မြောက်ဒေသကို တဖြေးဖြေးချဲ့သွားမယ်၊ ခုခံစစ်ကနေ ထိုးစစ်ကို တက်သွားမယ်နိုင်မယ်ဆိုရင် ဒီဒေသဟာ နွေဦးတော်လှန်ရေးရဲ့ ပထမ ဆုံးအောင်မြေဖြစ်လာနိုင်တယ်လို့ စာရေးသူက ယူဆပါတယ်။
NUG တာဝန်ရှိသူတွေက ၂၀၂၂ အတွင်း တိုက်ပွဲအရှိန်မြှင့်မယ်။ ခုခံစစ်ကနေ ထိုးစစ်ဆင်တော့မယ်လို့ ပြောသံတွေလည်း ကြားလာနေရပါတယ်။ ဒါပေမယ့် စစ်ကြေညာလောက်တဲ့အထိ တိကျပြတ်သားတဲ့ Plan တော့ ထွက်မလာသေးပါဘူး။

(၄) ၂၀၂၂ အတွက် ဘာတွေပြင်ထားသလဲ...
..........................................
လက်နက်ကိုင်တိုက်ပွဲဆိုတာ ရေရှည်သဘောကိုဆောင်တယ်။ ဒါပေမယ့် တဖက်မှာလည်း ရေရှည်ဖြစ်သွားရင် တဖက်ရန်သူက ပိုခိုင်သွားနိုင်တယ်၊ လူထုက ပိုနာလာတဲ့အတွက် တော်လှန်ရေး အီသွားနိုင်တယ်။ (အရင် ၈၈ အတွေ့အကြုံ ရှိခဲ့ဖူးပြီး)။
ဒါကြောင့် သွေးမအေးခင် တော်လှန်ရေးကို အရှိန်မြင့်ပြီး ဒီနှစ်ထဲမှာ အင်အားချိန်ခွင်လျှာ ပြောင်းလာတာကို မြင်ရတဲ့အထိ လုပ်ဖို့လိုနေပါတယ်။ ဒီနှစ်ထဲမှာ မလုပ်နိုင်ရင် တော်လှန်ရေး အီပြီး အရှိန်ကျသွားနိုင်ပါတယ်။
NUG တာဝန်ရှိတွေက ၂၀၂၂ အတွင်း အောင်ပွဲရမယ်ပြောနေပြီး တပ်ပေါင်းစု NUCC ကို အရှိန်တင်လာတာလည်း တွေ့နေရပါတယ်။ တခါ EAO တွေဖက်က တဖြေးဖြေး တိုးပြီး ပါဝင်လာနေတာတွေ့ရပေမယ့် ၁၀၀% အထိ ပါဝင်လာတာ မတွေ့ရသေးပါ။
တချိန်တည်းမှာပဲ စစ်ကောင်စီ တပ်ဖက်ကလည်း တဦးစ နှစ်ဦးစ ထွက်ပြေးလာနေပေမယ့် အစုအပြုံလိုက် ပြိုဆင်း ထွက်ပြေးလာတာ မတွေ့ရသေးပါဘူး။ ဒါတွေကို ဒီနှစ် ထဲမှာ ပေါ်လာအောင် ဆောင်ရွက်ဖို့လိုနေပါတယ်။
လမ်းပြမြေပုံကို မထုတ်ပြန်သေးဘူူးဆိုပေမယ့် EAO တွေနဲ့ NUG ကြားမှာ စနစ်တကျ ဆွေးနွေးပြင်ဆင်မှုတွေ ရှိနေတယ်၊ တရွေ့ရွေ့နဲ့ ရှေ့ကို ချီတက်နေတယ်ဆိုတာကတော့ နယ်စပ်သတင်းတွေအရ သိထားပြီးဖြစ်ပါတယ်။
ဒီအရှိန်ကို ဒီနှစ်အတွင်း၊ အတိအကျပြောရမယ်ဆိုရင် မိုးမကျမီ ကာလအတွင်း အစွမ်းကုန် မြှင့်တင်ဖို့လိုအပ်နေပါတယ်။ နိုင်ငံတကာ သံတမန်ရေးတိုက်ပွဲ၊ ပြည်တွင်းက လူထု တိုက်ပွဲတွေကိုလည်း အချိန်ကိုက် မြှင့်တင်ဖို့ လိုအပ်နေပါတယ်။
ပြည်ပရှိ ဒီမိုကရေစီနဲ့ ဖက်ဒရယ်လိုလားသူ ပြည်သူအားလုံးကလည်း အလှူငွေတွေကို ဒီထက်ပိုပေးအပ်ဖို့၊ လစဉ်ပုံမှန်ပေးနေတာအပြင် ဒီနှစ် ပထမ ၆ လအတွင်း ပုံအောပေးအပ်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ၈၈ ကအတွေ့အကြုံရှိပြီးသားမို့ တော်လှန်ရေးကို အရှိန်ကောင်းတုန်းမှာ အားကုန် မောင်းနှင်ဖို့လိုပါတယ်။ အတိအကျ ပြောရမယ်ဆိုရင် ရှေ့နှစ် စစ်ကောင်စီကလုပ်ပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲမတိုင်မီ အပြောင်းအလဲ တခုခုဖြစ်အောင် တော်လှန်ရေးအင်အားစုတွေဖက်က ဆောင်ရွက်နိုင်ဖို့လိုပါတယ်။
ဒါကြောင့် အခုလို အရေးကြီးနေတဲ့အချိန်မှာ ခေါင်းဆောင်ပိုင်း တာဝန်ယူထားသူတွေ တတိယ နိုင်ငံဆီ ထွက်သွားမိတာမျိုး၊ အချင်းချင်း ဝေဖန်ပုတ်ခတ်မှုတိုးလာတာမျိုးကို ရှောင်ဖို့လိုပါတယ်။
သဘောတရားတွေကို အွန်လိုင်းကနေ ဟောပြောနေတာအပြင် စစ်မြေပြင်အထိ ဆင်းဖို့၊ ရဲဘော်တွေနဲ့အတူ တိုက်ပွဲဝင်ဖို့လိုအပ်နေပါတယ်။ အဲလို အရှိန်တင်ပြီး ဒီနှစ် ပွင့်လင်းရာသီမကုန်ခင်မှာ မြို့သိမ်းတိုက်ပွဲ၊ နယ်မြေသိမ်းပိုက်ရေးစစ်ပွဲဆင်နိုင်တဲ့အထိဖြစ်လာအောင် အားလုံး လက်တွဲဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။
ဒီမိုကရေစီနဲ့ ဖက်ဒရယ်လိုလားသူတိုင်း ဒီတိုက်ပွဲမှာ နိုင်တဲ့နေရာကနေ ပါဝင်ဖို့ လိုပါတယ်။ သတင်းသမားတွေပြောနေကြစကားလုံးအတိုင်း ပြောရမယ်ဆိုရင်... “အခွင့်အရေးဆိုတာ ၂ ခါ မရနိုင်ပါဘူး”။ ဒါကြောင့် အခုလို နှစ် ၇၀ မှာ တခါသာပေါ်တဲ့အခွင့်အရေးကို အင်အားစု အားလုံးက တညီတညွတ်တည်းနဲ့ အမိအရ အချိန်မီ အသုံးချဖို့လိုနေပြီဖြစ်ပါကြောင်း တိုက်တွန်း တင်ပြလိုက်ရပါတယ်။

ထက်အောင်ကျော်
(၁-၂-၂၀၂၂)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More