Wednesday, February 18, 2015

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၄၆)

၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလများ

၂၀၁၀ ရွေးကောက်ပွဲအကြိုကာလအတွင်း ကျနော်အများဆုံး အင်တာဗျုးလုပ်မိသူဟာ NLD ပါတီ ထိပ်တန်းခေါင်းဆောင် သတင်းစာဆရာကြီးဦးဝင်းတင်လို့ထင်ပါတယ်။ အခု လူများစုကကန့်ကွက်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နာဂစ်မုန်တိုင်းကျနေတဲ့ မေလအတွင်းမှာ အတင်းအဓမ္မ အတည်ပြုလိုက်ပါတယ်။ အဲဒီလိုအတည်ပြုပြိးကာစ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ဦးဝင်းတင် အင်းစိန်ထောင်ကနေပြန်လွတ်လာပါတယ်။ ၁၉၈၉ ကတည်းက သူကိုဖမ်းဆီးထားတဲ့အတွက် ဒါဟာ ထောင်သက်အရှည်ဆုံး နိုင်ငံရေးအကျဉ်းသားတဦး ပြန်လွတ်လာခြင်းလည်းဖြစ်ပါတယ်။


(ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးခန်း)

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလအပါဝင် တလျောက်လုံးငြိမ်သက်နေတဲ့ NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဟာလည်း ဦးဝင်းတင်ပြန်လာချိန်မှာ အသက်ဝင်လှုပ်ရှားလာပါတယ်။ ပါတီတည်ဆောက်ရေးလှုပ်ရှားမှုတွေရှိလာသလို မီဒီယာတွေနဲ့ ဆက်စပ်ပြောဆိုမှုတွေလည်း တိုးလာပါတယ်။ သူဟာ ပါတီကိစ္စအပြင် မီဒီယာလောကအခြေနေ၊ တခြားအထွေထွေကိစ္စတွေကိုပါ ပြောနိုင်သူဖြစ်တဲ့အတွက် သတင်းလောက၊ အထူးသဖြင့် ပြည်ပရေဒီယိုတွေမှာ သူ့အသံကို ဆက်တိုက်ကြားလာရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကျင်းပမယ်ဆိုပြီး စစ်အစိုးရကကြေညာတော့ ဦးဝင်းတင် အပါဝင် ပြည်တွင်း-ပြည်ပရှိ နိုင်ငံရေးသမားအတော်များများက ကန့်ကွက်ကြပါတယ်။ အဲဒီထဲမှာ ဦးဝင်းတင်ရဲ့အသံက အကျယ် လောင်ဆုံးလို့ ကျနော် ထင်ပါတယ်။ တချိန်တည်းမှာပဲ ဒီရွေးကောက်ပွဲကို ၀င်သင့်တယ်ဆိုပြီး ပြောလာတဲ့ လေသံတချို့လည်း NLD ပါတီ ထဲကနေ ထွက်လာပါတယ်။

အဲဒီမတူတဲ့အသံကို ဦးဆောင်သူကတော့ NLD CEC တဦးဖြစ်သူ ဦးခင်မောင်ဆွေ ဖြစ်ပါတယ်။ NLD ပါတီရဲ့ ရွေးကောက်ပွဲအပေါ်သဘောထားဆုံးဖြတ်ချက်ချနိုင်ဖို့ စုံညီအစည်းဝေးခေါ်ပေးပါဆိုပြီး မိတ္တိလာက ဒေါ်မြင့်မြင့်အေး အပါဝင် အောက်ခြေရဲ့တာင်းဆိုမှုတွေလဲကျယ်လောင်လာပါတယ်။ ၂၀၁၀ ခုနှစ်မတ်လမှာ စုံညီအစည်းဝေးတခု ကျင်းပပြီး ပါတီမှတ်ပုံတင်အသစ်မလုပ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

တခါ ၂၀၁၀ ခုနှစ် မေလ ၂၇ ရက်န့မှာ ကျင်းပတဲ့ NLD ပါတီစုံညီအစည်းဝေးမှာတော့ ပါတီမှတ်ပုံတင်အသစ်မလုပ် တဲ့အပြင် ရွေးကောက်ပွဲကိုလည်း မ၀င်ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦး သိန်းညွန့်တို့အပါဝင် ပါတီခေါင်းဆောင်တချို့ NLD ကနေနှုတ်ထွက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီကိုထောင်လိုက်ကြပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်သင့်တယ်လို့ စည်းရုံးဟော ပြောမှုတွေ စလုပ်လာ ပါတယ်။

ပြည်တွင်း-ပြည်ပရှိ ဒီမိုကရေစီအင်အားစုတွေကြားမှာလည်း ရွေးကောက်ကို ဆန့်ကျင်သူနဲ့ ၀င်သင့်တယ်ဆိုတဲ့လူ တွေအကြား ငြင်းခုန်မှု ကြီးကြီးမားမားဖြစ်လာခဲ့ပါတယ်။ အများစုက တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲကို သပိတ် မှောက်သင့်တယ်လို့မြင်ကြပါတယ်။ ဒါပေမယ့် တချို့ကတော့ ဒါကို ငြင်းပယ်လိုက်ရင် ၁၀၀ ရာခိုင်နှုန်း စစ်တပ်က ယူလိုက်တော့လို့ ခွင့်ပြုလိုက်သလိုဖြစ်နေမယ်။ ၀င်ပြိုင်မှ ၁၀၀ ထဲက အနည်းအကျဉ်းကို ပြည်သူက ရလာနိုင် တယ်။ ဒါကြောင့် ဒါကို နိုင်ငံရေးအခွင့်အခါကောင်းတခုအဖြစ် အမိအရဖမ်းဆုတ်သင့်တယ်ဆိုတဲ့ အမြင်တွေ လည်းရှိလာပါတယ်။ 

ပြည်မက ပါတီတွေကြား ဒီလိုအမြင်ကွဲလွဲမှုရှိလာသလို တိုင်းရင်းသားပါတီတွေကြားမှာလည်း ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်အပေါ်ဆက်ရပ်သူနဲ့ ၂၀၁၀ ကိုရွေးကောက်ပွဲကိုဝင်မဲ့သူဆိုပြီး ဖွဲ့ကွဲလာပါတယ်။ CRPP, UNA အဖွဲ့ဝင် ပါတီတွေက အရင်မူအတိုင်းဆက်ရပ်ပြီး အသစ်ပေါ်လာတဲ့ တိုင်းရင်းသားပါတီတွေက ရွေးကောက်ပွဲကို ၀င်ပြိုင်မယ် လို့ကြေညာခဲ့ပါတယ်။

အဲဒီပါတီတွေထဲမှာ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ (SNDP) မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMRDP), ရခိုင်အမျိုးသားတိုးတက်ရေးပါတီ RNDP, ချင်းအမျိုးသားပါတီ (CNP), ချင်းတိုးတက်ရေးပါတီ (CPP) ဖလုံစဝေါပါတီ (PSDP) တို့ဟာ လူသိများပါတယ်။ ဒီပါတီခေါင်းဆောင်တွေနဲ့လည်း ကျနော်တို့ DVB က အင်တာ ဗျုးလုပ်ပြီး အချိန်ပေးထုတ်လွှင့်ခဲ့ဖူးပါတယ်။


၂၀၁၀ ရွေးကောက်ပွဲနဲ့ DVB ရဲ့ မူဝါဒ

ခေါင်းစဉ်ကိုဖတ်ပြီး သတင်းဌာမှာလည်း နိုင်ငံရေးမူဝါဒရှိသလားဆိုပြီး မမေးပါနဲ့။ DVB ပေါ်ပေါက်လာပုံ ကိုက အခြားသတင်းဌာနတွေလို သီးခြားလွတ်လပ်စွာ ပေါ်ပေါက်လာခြင်းမဟုတ်ပါ။ လေးလုံး အရေးတော်ပုံနောက်ခံ၊ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်၊ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ပေါ်လာခြင်း၊ ၁၉၉၁ မှာ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေးဆုရရှိခြင်းတွေနဲ့ ဆက်စပ်နေပါတယ်။


(ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကြီးကို ရုံးနံရံမှာချိတ်ထားတဲ့ DVB ရုံးခန်း)

ဒီတော့ DVB ရဲ့မူ ချက်မှာကိုက သတင်းလွတ်လပ်ခွင့်ရရေးထက် ဒီမိုကရေစီရရှိရေးက ရှေ့မှာရောက်နေပါတယ်။ ‘’လူ့အခွင့်ရေးနဲ့ဒီမိုကရေစီ ရအောင်တိုက်မည် DVB’’ ဆိုတဲ့ အဖွင့်သီချင်းသံကို နားထောင်မိရင် ဒါကို သတိထားမိ မှာပါ။ (အခုတော့ နားထောင်လို့မရနိုင်တော့ပါ။ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာ ရေဒီယိုကို ရပ်နား လိုက်ပြီလို့သိရပါတယ်) 

၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉  ရက်နေ့မှာ စတင်ပေါ်ပေါလာတဲ့ DVB ရဲ့အသံလွှင့်ချက်တွေကို ပြန်နားထောင်မယ်ဆိုရင် လွတ်လပ်တဲ့မီဒီယာမဟုတ်ပဲ အတိုက်ခံအင်အားစုကို ကိုယ်စားပြုတဲ့ မီဒီယာဆိုတာကို တွေ့ရမှာပါ။ အစောပိုင်းကာ လတွေမှာ NLD, CRPP ကြေငြာချက်တွေကို မူရင်းအတိုင်လွှင့်နေလို့၊ နိုင်ငံရေးခေါင်းဆောင်များ မိန့်ခွန်းဆိုပြီး ဒေါ် အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းတွေကို အပတ်စဉ်လွှင့်နေလို့ ပီကင်းအသံလို ဖြစ်နေတယ်ဆိုပြီး ဝေဖန်ခံရတာကို မှတ်ရနေဆဲပါ။

ဆိုလိုတာက ဒီဗွီဘီမှာလည်း ဘယ်သတင်းကို ဘယ်လို ကာဗာလုပ်မယ်၊ ဘယ်လောက်အထိလုပ်မယ် ဆိုတာ မူရှိ ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီအထိ အကြမ်းဖျင်းမူကတော့ ဒီမိုကရေစီအရေး လှုပ်ရှားမှုသတင်းတွေကို ဦးစားပေးထုတ်လွှင့်ပေးရေးပါပဲ။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ ဒီမိုကရေစီကိုဦးတည်သလား၊ ဒီမိုကရေစီ ကို ဆန့်ကျင်သလားဆိုတာဟာ မေးခွန်းဖြစ်လာပါတယ်။ တချို့က ဒီမိုကရေစီဆီ ဦးတည်တယ်ပြောပြီး တချို့က ဆန့် ကျင်တယ်လို့ ပြောနေကြပါတယ်။

ဒီအတွက် အဲဒီကာလ DVB မူကတော့ အမြင်ပေါင်းစုံကို အရှိတရားအတိုင်း ထုတ်လွင့်ပေးရေးပါပဲ။ ဒီမူ ကျအောင် မနည်းဆွေးနွေးခဲ့ရတယ်လို့မှတ်မိနေပါတယ်။ ပုံမှန်အားဖြင့်ကတော့ ဒီရွေးကောက်ပွဲမတိုင်မှီ အထိ အစိုးရဖက်က လုပ်သမျှအားလုံးကို (ကျနော့်အထင်) ဒီဗွီဘီက ဆန့်ကျင်တဲ့ဖက်ကနေဇောင်းပေးပြီး ထုတ်လွှင့်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲကျတော့ ဒီမိုကရေစီအင်အားစုတွေကြားမှာတင် ဆန့်ကျင်-ထောက်ခံ မျိုးဖြစ်နေတဲ့အတွက် ဘက်မလိုက်ပဲ အရှိတရားအတိုင်း အတတ်နိုင်ဆုံးတင်ပြဖို့ အယ်ဒီတိုရီရယ်ကိုချမှတ်ခဲ့ တယ်လို့ ထင်ပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့လူရော၊ ထောက်ခံတဲ့လူရောကို ကျနော်တို့ အင်တာဗျုးလုပ် ထုတ်လွှင့်ပေး ခဲ့ပါတယ်။ ဘယ်ဖက်ကအသံကို ပိုလွှင့်ပေးခဲ့မိသလဲဆိုတာကိုတော့ အသေချာပြန်သုတေသနလုပ်သင့်ပါတယ်။ ဒီ နေရာမှာ ဘယ်သူတွေက ဘယ်နေရာမှာတာဝန်ယူရသလဲ။ အဲဒီတာဝန်အပေါ်မူတည်ပြီး ဘယ်ဖက်ကိုဇောင်းပေးမိ ခဲ့သလဲဆိုတာကိုလည်း မေးခွန်းထုတ်သင့်တဲ့ကိစ္စပါပဲ။

DVB ကနေ ကျနော့်ကိုအလုပ်ထုတ်တဲ့အထဲမှာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ၀င်ရေးဖက်ကို ဇောင်းပေးလွှင့်မိတာ များသွားတာာကြောင့်ဖြစ်နိုင်တယ်ဆိုပြီး ကျနော်နဲ့ပုဂ္ဂိုလ်အရရင်းနှီးသူတချို့က ထင်မြင်ချက်ပေးကြပါတယ်။ အစော ပိုင်းကတော့ ဒီအချက်ဟာ သံသယရှိစရာပါပဲ။ ဒါပေမယ့် အခုတော့ ကျနော့်ကို အလုပ်ထုတ်ခဲ့တဲ့ ညွှန်မှုးတွေကိုယ် တိုင်က အဲဒီရွေးကောက်ပွဲကနေတက်လာတဲ့ အစိုးရဆီရောက်သွားပြီဆိုတော့ ဒါဟာ ခိုင်လုံတဲ့အကြောင်းပြချက် တော့ မဟုတ်လောက်ဘူးလို့ထင်မိပါတယ်။

() ကို () ဖြစ်အောင်မလုပ်နိုင်ပေမယ့် () ကို () လောက်တော့ လုပ်နိုင်လိမ့်မယ်

၂၀၁၀ ရွေးကောက်ပွဲဝင်မဲ့ ပါတီတွေကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ ကြံ့ခိုင်ရေးပါတီမှအပ ကျန်ပါတီ အားလုံးနီးပါးနဲ့ ကျနော်တို့ အင်တာဗျုးရအောင် လုပ်နိုင်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD ပါတီကိုရှုံးခဲ့တဲ့ တစည ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ရွှေဆိုရင် DVB ကနေ ခေါ်တာပါ၊ အင်တာဗျုး လုပ်ချင်လို့ပါလို့ပြောတာကို မယုံနိုင်ပဲ ဖြစ်နေတဲ့အထိ အံသြနေတာနဲ့ကြုံခဲ့ရဖူးပါတယ်။


(၂၀၁၀ ရွေးကောက်ပွဲမှာ ပြိုင်ခဲ့တဲ့ NDF- USDP ပါတီ မဲဆွယ်စဉ်ကာလများ)

တိုင်းရင်းသားပါတီတွေထဲက မကြာခဏမေးမြန်းဖြစ်သူတွေထဲမှာ ချင်းပါတီမှ ဦးဇိုဇမ်၊ ရခိုင်ပါတီမှ ဦးအေးမောင်၊ မွန်ပါတီမှ နိုင်ငွေသိန်း၊ ရှမ်းပါတီမှ စိုင်းဆောင်စီတို့ကို အမှတ်ရနေပါတယ်။ ရန်ကုန်အခြေစိုက် ပါတီတွေထဲမှာတော့ ရှေ့မှာတင်ပြခဲ့တဲ့ NDF ပါတီမှ ဦးခင်မောင်ဆွေ၊ ဒီမိုကရက်တစ်ပါတီ-မြန်မာမှ ဥက္ကဌဦးသုဝေနဲ့ အတွင်းရေးမှုး ဒေါ် သန်းသန်းနုတို့ဟာ အများဆုံးလို့ထင်ပါတယ်။ နောက်ပိုင်းမှာတော့  NDF မှ လွှတ်တ်ာကိုယ်စားလှယ်လောင်းတဦး ဖြစ်သူ မြတ်ညဏစိုးနဲ့အတော်များများ အင်တာဗျုးလုပ်ဖြစ်ပါတယ်။ တခါ လူငယ်တဦးဖြစ်တဲ့ မတူကွဲပြားခြင်းနဲ့ငြိမ်း ချမ်းရေးပါတီမှ ကိုနေမျိုးဝေကိုလည်း အတော်များများမေးဖြစ်ခဲ့ပါတယ်။

တသီးပုဂ္ဂလအမတ်လောင်းတွေထဲမှာတော့ ဒေါက်တာဖုန်ဝင်း၊ ဒေါ်ယူဇာမော်ထွန်း၊ ဦးရန်ကျော်နဲ့၊ ဦးဗတင့်ဆွေတို့ ကိုမေးမြန်းဖြစ်ပါတယ်။ ဒီမေးမြန်းချက်တွေထဲက အခုချိန်ထိအမှတ်တရဖြစ်နေတဲ့ စကားလုံးပိုင်ရှင်ကတော့ ဦး ဗတင့်ဆွေပါပဲ။ သူပြောတဲ့စကားလုံးအတိအကျကိုပြန်ပြောရမယ်ဆိုရင်

‘’ဒီရွေးကောက်ပွဲကတော့ဗျာ၊ ပစောင့်ကို ဂငယ်ဖြစ်လောက်တဲ့အထိ ချက်ခြင်းကြီး ပြောင်းပြန် ပြောင်းဖို့ကတော့မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် ၀လုံးကို ဗလချိုင့်လောက်ဖြစ်အောင်တော့ လုပ်နိုင်မယ်ထင်ပါတယ်ဗျ’’ တဲ့။ အဲဒါ ၂၀၁၀ ရွေး ကောက်ပွဲကျင်းပဖို့ ရက်ပိုင်းအလို လွှတ်တော်ကိုယ်စား လှယ်လောင်းတွေနဲ့ အင်တာဗျုးမှာ ဦးဗတင့်ဆွေ ပြောခဲ့တာပါ။

DVB ကိုပြောခဲ့တဲ့ အဲဒီစကားလုံးဟာ အတော်လူသိများသွားတယ်လို့ထင်ပါတယ်။ ဒါပေမယ့် တချို့ကတော့ ဒါဟာ စကားလုံးအရပြောတာသာဖြစ်ပြီး လက်တွေမှာ ဗလချိုင့်လောက်ဖြစ်အောင်တောင် လုပ်နိုင်ဘွယ်မရှိဘူးလို့ ဝေဖန် ကြပါတယ်။ အခု ဒီဆောင်းပါးရေးရင်းနဲ့ ဦးဗတင့်ဆွေကိုသတိရလို့ အွန်လိုင်းကနေ ကျနော်ဆက်သွယ်မေးမြန်း ကြည့်တော့ ‘’အခုလဲ ကျုပ်ပြောသလောက်ပဲ ပြောင်းနိုင်တာ တွေ့နေရတာပါဘဲ မဟုတ်ဘူးလား’’ ဆိုပြီး သူက မှတ်ချက်ပေးပါတယ်။ 

သောတရှင်တွေကော၊ အဲ ရောင်လို့။ စာဖတ်ပရိသတ်တွေကော ဘယ်လိုထင်ပါသလဲ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ဒီမိုကရေစီအင်အားစုတွေက လုံးကို လောက်ဖြစ်အောင် ပြောင်းနိုင်ခဲ့တယ်လို့ ထင်ပါသလား။ မည်သို့ပင်ဆို စေကာမူ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက ရွေးကောက်ပွဲဝင်လိုက် တဲ့အတွက် လောက်ကတော့ ကောင်းကောင်းပြောင်းနိုင် လိုက်တယ်လို့ထင်မိပါတယ်။

ထားတော့။ အဲဒီကာလက အင်တာဗျုးပုံစံတွေကိုပြန်ကောက်ရမယ်ဆိုရင် ထူးခြားတဲ့ သတင်းနည်းပညာ အသစ် တခုကိုတောင် ကျနော်တို့ ထွင်နိုင်ခဲ့တယ် ပြောရမလားပါပဲ။ ဘာကြောင့်လည်းဆိုရင် အဲဒီကာလက ပြည်တွင်းမှာ အင်တာဗျုးတွေ၊ စကားဝိုင်းတွေ လုပ်ခွင့်မရသေးတဲ့အတွက် ဦးဗတင့်ဆွေအပါဝင် ပြည်တွင်းက လွှတ်တော် ကိုယ်စားလှယ်တချို့ကို တယ်လီဖုန်းနဲ့လိုင်းပေါ်ခေါ်တင်ပြီး တီဗွီ စခရင်မှာ သူတို့ဓာတ်ပုံကိုပြထား။ တခါ သူတို့ကို မေးမြန်းချင်တဲ့ နော်ဝေးရှိ ပရိသတ်တချို့ကို တီဗွီ စတူဒီယို ထဲဖိတ်ခေါ်ပြီး တယ်လီဖုန်းတပိုင်း၊ ရုပ်သံ တပိုင်း အင်တာဗျုးကို ကျနော်တို့ လုပ်ခဲ့ဖူး လို့ဖြစ်ပါတယ်။

ဒီလို တယ်လီဖုန်းတပိုင်း၊ တီဗွီ တပိုင်း အင်တာဗျုးအတွက် ၀င်ရောက်ဖြေဆိုသူတွေထဲမှာ လွှတ်တော်ကိုယ်စား လှယ်လောင်းတွေထဲက ဦးဘတင့်ဆွေ၊ ဦးနေမျိုးဝေ။ ဦးမြတ်ညဏစိုးတို့ကို ကျနော်အမှတ်ရနေပါတယ်။ အော်စလို ၀န်းကျင်ကနေ စတူဒီယိုထဲအထိ လာရောက်ဆွေးနွေးသူတွေ ထဲမှာတော့ ကိုအောင်ကျော်စိုး၊ ကိုထွန်းထွန်းအောင်၊ နန်းကြည်အေးနဲ့ မအေးအေးခိုင်တို့ဖြစ်ပါတယ်။

အခုခေတ်ဆိုရင်တော့ စကိုက်ပီ Skype ဗီဒီယိုနဲ့ လုပ်ကြမယ်ထင်ပါတယ်။ ဒါပေမယ့် ဘာဖြစ်ဖြစ် ရောက်နေတဲ့ ခေတ်မှာ ရှိနေတဲ့ပစ္စည်းတွေ၊ ရှိနေတဲ့အခြေနေတွေပေါ်မူတည်ပြီး မရ ရအောင် နည်းလမ်းသစ်ထွင်လုပ်နိုင်ခဲ့တာ ကိုတော့ တယ်လီဖုန်းတပိုင်း၊ တီဗွီ တပိုင်း မီဒီယာနည်းနာအသစ်တခု အဖြစ် အမှတ်ရနေပါတယ်။
..................................................

( မီဒီယာ နည်းသစ်တခုဖြစ်တဲ့ ဦးခင်မောင်ဆွေ ဓာတ်ပုံနဲ့ အသံကို ကြည့်နိုင်ရန်...)



....................


.......

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More