Monday, February 9, 2015

ထီးခီးနယ်စပ်ဂိတ် အလုပ်ဖြစ်ပြီလား

တနသာင်္ရီအပတ်စဉ်၊ ၃၄
(ဖေဖေါ်ဝါရီ ၉- ၁၅)

ရာဇ၀င်ထဲက မင်းသမီးစခန်းကို ပြန်လည်ရှာဖွေခြင်းအလုပ်ပြီးဆုံးတဲ့အချိန်မှာ နေ့လည် တနာရီကျော်နေပြီ။ အားလုံးလည်း အလွန်ဆာနေကြပြီ။ ထီးခီးမှာ ထမင်းစားဖို့ သွားကြပါတယ်။ အရင် ၁၉၉၇ တုန်းက ဆိုရင်တော့ ထီးခီးမှာ ဘာထမင်းဆိုင်မှမရှိ။ အလွန်ဆုံးရှိလှ ကျောင်း သားရုံးကလူတွေ အကြွေး သောက်နေကြ ဗိုလ်ဖားခလေးတို့၊ ဗိုလ်နီတို့ရဲ့ လက်ဖက်ရည်ဆိုင်လောက်ပဲရှိမှာပေါ့။

(ထီးခီးဂိတ်သို့ မြန်မာဖက်မှ အ၀င်) ဓာတ်ပုံ-ထက်အောင်ကျော်

ဒါပေမယ့် အခု ၂၀၁၄ အခြေနေက အရင်ကနဲ့ ဘာမှမတူတော့။ ထီးခီးဆိုတာ KNU တပ်မဟာ နဲ့ မြိတ်-ထားဝယ်ခရိုင် ဌာနချုပ်မဟုတ်တော့ပါ။ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကစခန်းကြီး တခုဖြစ်နေ ခဲ့ပါပြီ။ ဒီတော့ ထမင်းဆိုင်တင်မက အဖျော်ယမကာမျိုးစုံဆိုင်တွေနဲ့ တည်းခိုခန်းတွေပါရှိနေပြီ လို့သိရ ပါတယ်။ 

ထီးခီအသွားလမ်းမှာ ထိုင်းနံပတ်ပြားတပ်ထားတဲ့ နှစ်စီးတွဲကုန်တင်ကားကြီးက ကိုယ့်ကားရှေ့မှာ တအိအိ သွားနေတော့ သူလမ်းဖယ်ပေးအထိစောင့်နေရပါတယ်။ ‘’ဘာတွေတင်လာလဲမသိဘူး။ ကားဘီးကနစ် နေတာပဲ’’ ဆိုပြီး တယောက်က မေးခွန်းထုတ်ပါတယ်။

‘’သစ်တွေဖြစ်မှာပေါ့။ သစ်တွေကိုအလုံးလိုက်မတင်တော့ပဲ ခွဲစိတ်ပြီးမှ ဒီကားထဲ အလုံပိတ်ထည့်လာ တာဖြစ်မယ်’’ လို့ တဦးက ခန့်မှန်းပါတယ်။ ‘’မဟုတ်လောက်ဘူး။ ဒီဝန်းကျင်မှာ အရင်လို သစ်ခုတ်ထားတဲ့ လက္ခာလည်း မတွေ့ရဘူး။ ဒါဟာ ကထောင်းနီဖက်ကသယ်လာတဲ့ ကျောက်မီးသွေးပဲ ဖြစ်ရမယ်’’ ဆိုပြီး လမ်းပြဆရာကဆိုပါတယ်။ 

သူ့အဆိုကို အားလုံးကလက်ခံသလိုလိုရှိပေမဲ့ အမှန်တကယ် ဒီကားထဲ ဘာပါသလဲဆိုတာကိုတော့ သွားဖွင့်ကြည့်လို့မရပါ။ အမရာနဲ့ အလယ်စတိုကြားမှာတင် ဒီလိုကားမျိုး စီးလောက်တွေ့ပါတယ်။ အလယ်စတို-ထီးခီးလမ်းက လုံးဝဖြူးနေတဲ့အတွက် ၁၉၉၇ မတိုင်မီ အခြေနေနဲ့ ဘယ်လိုမှဆပ်စပ် စဉ်းစားလို့မရတော့ပါ။ ဒါပေမယ့် ကံကောင်း ထောက်မစွာနဲ့ ထီးခီးအ၀င်နားမှာ အရင်သစ်တောဌာနမှုး ပဒိုဂျင်းမီရဲ့ ကျွန်းခြံကြီးတခုကတော့ မူလလက်ရာ အတိုင်း ကျန်နေဆဲဖြစ်ပါတယ်။

ကျွန်းခြံအလွန်ကနေ ထီးခီးဂိတ်ရောက်တဲ့အထိ ဘာအဆောက်ဦမှမရှိ။ ခရိုင်ကုန်းတွေ၊ တပ်မဟာကုန်းတွေ၊ ကျောင်းသားရုံးနေရာတွေ၊ မင်းသမီးချောင်းဖျားတွေ ဘယ်နားရောက်ကုန်းမှန်းတောင် မသိတော့ပါ။ ထီးခီးဂိတ် နေရာက အရင် ဂိတ်မှုးဟောင်း ဦးဟန်ညွန့်အိမ်ရှိတဲ့ တောင်ကုန်းနေရာလေးလို့ ယူဆရပါတယ်။ ဂိတ်မရောက်ခင် ကားလမ်းဘေးက မြေနိမ့်ရပ်ကွက်ထဲမှာတော့ သွပ်ပြားတွေ၊ သစ်တွေ၊ ၀ါးတွေနဲ့ ယာယီသဘောဆန်ဆန်ဆောက် ထားတဲ့ အိမ်ငယ် ၅၀-၆၀ လောက်တွေ့ရပါတယ်။ 

(ထီးခီးဂိတ်သို့ ထိုင်းဖက်က အမြင်) ဓာတ်ပုံ-ထက်အောင်ကျော်

ပြီးတော့ နယ်စပ်ကုန်ကားတွေကို စစ်ဆေးတဲ့ဂိတ်၊ လ၀က ရုံးနဲ့ နယ်စပ်ကုန်သွယ်ရေးရုံးခန်းငယ်ကိုတွေ့ရ ပါတယ်။ အဲဒီဂိတ်ဘေးရှိ လမ်းဘေးထမင်းဆိုင်မှာ ကျနော်တို့ထိုင်နေတုန်း ဖြတ်လာသမျှကားတွေထဲ မှာတော့ ရှေ့မှာတင်ပြခဲ့တဲ့ ထိုင်းနံပတ်ပြားတပ် ကျောက်မီးသွေးလို့ယူဆရတဲ့ ကားတွေ၊ ရွှေမင်းသမီး၊ တောင်ပေါ်သား၊ တိုင်းကျော်၊ စွမ်းသစ် စသဖြင့် ထီးခီး-ထားဝယ် ပြေးနေတဲ့ ပါင်မုန့်ကား (Mini-bus) ကားတွေ၊ နောက် မြန်မာယာယီနံပတ်တပ် ထားတဲ့ ထိုင်း ဖိုးဝှီး ကားတွေ၊ တခါ YGN, TNI ဆိုတဲ့ မြန်မာနံပတ် အနီနဲ့အနက် ဖိုးဝီးကား အကောင်းစားတွေကလည်း မနည်းလှ။ 

ဒီဂိတ်ကနေ ထိုင်းဖက်ကိုကြည့်လိုက်တော့ နယ်စပ်တောင်ကုန်လေးပေါ်မှာ ဓာတ်ဆီဆိုင်နဲ့ တခြားဆိုင်တန်း သစ်တွေကိုမြင်နေရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် မေလခရီးစဉ်တုန်းက အဲဒီဓာတ်ဆီဆိုင်အထိ ထိုင်းဖက် ကနေ ကျနော်ဝင်ခဲ့ဖူးပြီးဖြစ်တာကြောင့် အခုခရီးစဉ်ဟာ ထားဝယ်ကနေ ကန်ချနပူရီကြားအခြေနေကို ကွင်းဆက်မိသွားတဲ့ ဘာပါ။ အဲဒီဓာတ်ဆီဆိုင်အလွန်မှာ ထိုင်းနယ်ခြားစောင့် ရှေ့တန်းဂိတ်ရှိပါတယ်။ အဲဒီကနေ ကီလိုလောက် အကွာမှာတော့ ထိုင်းနိုင်ငံရဲ့ ပထမဆုံးရွာ ဖုနန်းရွန်ရဲ့ နယ်စပ်စစ်ဆေးရေး ဂိတ်ကိုတွေ့ရမှာဖြစ်ပါတယ်။ 

ထီးခီး-ဖုနန်းရွန်နယ်စပ်ဂိတ်ဟာ နိုင်ငံခြားသားတွေဖြတ်သွားခွင့်ရှိတဲ့ တခြားစင်ပြိုင်ဂိတ် ခုဖြစ်တဲ့ တာချီလိတ်-မယ်ဆိုင်၊ မြ၀တီ-မဲဆောက်၊ ကော့သောင်-ရနောင်တို့လောက် မစည်ကားသေးပါ။ ထူးခြားတာက ခုနက ကျောက် မိသွေးကားကလွဲရင် တခြားကုန်တင်ကားမတွေ့မိပါ။ တခြားဂိတ် ခုမှာသာ ဒီလို တနာရီ လောက်ထိုင်ကြည့် မယ်ဆိုရင် ကုန်ကားအများအပြားကိုတွေ့ရနိုင်ပါတယ်။ ထီးခီးဂိတ်မှာ ဘာကြောင့်များ ကုန်ကားတွေ မတွေ့မိပါလိမ့်။ ထားဝယ်ဖက်ကနေ ထိုင်းဖက်ကိုတင်ပို့စရာ ဘာကုန်မှမရှိလို့လား။ ဒါမှမဟုတ် လမ်းမကောင်း သေးလို့ ကုန်ကား တွေ မပြေးသေးတာလား။

ဒါပေမယ့် ထားဝယ်မြို့ကမ်းနားဈေးမှာ ဟင်းသီးဟင်းရွက် ရောင်းနေသူတဦးရဲ့ပြောကြားချက်အရဆိုရင် ဒီဂိတ်ကို ဖြတ်ပြီး ထိုင်းဖက်ကနေ ၀င်လာနေတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ ကားတွေက နည်းတာမဟုတ်။ လွန်ခဲ့တဲ့ နှစ်၊ ဒီဂိတ်ဖွင့်ကတည်းကစပြီး ထိုင်းဖက်က ပစ္စည်းတွေဒီလို နင်းကန်ဝင်လာနေတဲ့တွက် ထားဝယ်ဒေသခံ တွေစိုက်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သိးဝလံတွေ အရောင်းထိုင်းသွားတဲ့အထိဖြစ်နေတယ်လို့ အဲဒီအမျိုးသမီး ကပြောပါတယ်။ ဒါပေမယ့် တနသာင်္ရီတိုင်းအစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းဇယားဘာမှမရှိသေးတဲ့ အတွက် ထီးခီးဂိတ်ရဲ့ ကုန်သွယ်မှုဇယားကို အတိအကျမသိနိုင်သေးပါ။

ထီးခီးဝန်းကျင်မှာ နောက်ထပ်ကြားရတဲ့ ထူခြားသတင်းတခုကတော့ အရင်က KNU နဲ့ ABSDF နယ်မြေ သို့မဟုတ် မြေလွတ်မြေရိုင်းတွေဖြစ်တဲ့ ဒီဒေသမှာ အခုတော့ ပိုင်ရှင်တွေရှိနေပြီလို့ဆိုပါတယ်။ မေတ္တာနဲ့ ထီးခီး လမ်းတလျောက်က တောင်ကုန်းလေးတွေပေါ်မှာ ‘’ပိုင်ရှင်ရှိသည်၊ ………ဖုန်းနံပတ်ကိုဆက်သွယ်ပါ’’ ဆိုတဲ့ ဆိုင်း ဘုတ်ငယ်တချို့ကိုတွေ့ရပေမဲ့ နေရာအများစုမှာတော့ ဘာဆိုင်းဘုတ်မှမတွေ့မိပါဘူး။ ဒါပေမယ့် အဲဒီလို ဘာမှ ရေးမ ထားတဲ့ ထောင်နဲ့ချီရှိတဲ့ မြေဧကတွေကို ငြိမ်းချမ်းရေးရအောင် စေ့စပ်ပေးခဲ့တဲ့ စစ်တပ် နဲ့ KNU နှစ်ဖက်ကိုယ်စား လှယ်တွေက ပိုင်ထားကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

(ထားဝယ်-ထီးခီး ပြေးနေတဲ့ ခရီးသည်တင်ကားတစီး) ဓာတ်ပုံ-ထက်အောင်ကျော်

ငြိမ်းချမ်းရေးရဲ့အသီးအပွင့်မို့ ငြိမ်းချမ်းရေးကို်ယ်စားလှယ်တွေ ခွဲတန်းယူလိုက်တာကို အပြစ်ပြောဖို့ခက်ပါ လိမ့်မယ်။ ဒါပေမယ့် ဒီဒေသမှာတိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေ၊ ရဲဘော်ဟောင်းတွေအားလုံးကို ဒီအသီး အပွင့်တွေ မျှဝေမပေး သင့်ဘူးလား။ တခါ တော်လှန်ရေးလုပ်တယ်ဆိုတာ ယုံကြည်ချက်အတွက်ဖြစ်တယ်။ အများပြည်သူအကျိုးအတွက် ဖြစ်တယ်ဆိုရင် ဒီမြေတွေကို အများပြည်သူဆီ မျှဝေပေးသင့်တာပေါ့။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ မြို့ပေါ်မှာပေးတဲ့ ကားအစိး ၆၀၊ ၁၂၀ ကို လူအများက အလွယ်တကူမြင်နိုင်ပေမဲ့ နယ်စပ်ဒေသက ဒီလို မြေခွဲတန်း ကိစ္စကိုတော့ မီဒီယာတွေ သိပ်မသိသေး ဘူးလို့ထင်ပါတယ်။

ထီးခီးကနေ လာလမ်းအတိုင်းပြန်လှည့်ပြီး မေတ္တာဖက်ပြန်တော့ အလာတုန်းက သတိမထားဖြစ်လိုက်တဲ့ သဘာဝ ပတ်ဝန်းထိမ်းသိမ်းရေးဆိုင်းဘုတ်တခုကို အိုင်ဝိုင်းရွာအနီးမှာတွေ့ရပါတယ်။ KNU အဖွဲ့က တင်ထားတဲ့ အဲဒီဆိုင်း ဘုတ်မှာ တောတောင်ရေမြေကို ထိမ်းသိမ်းဖို့၊ အသား ငါးမပစ်ဖို့၊ ပစ်ပါက ပြင်းထန်စွာ အရေးယူမယ်ဆိုပြီး သေနတ်ပုံတွေ၊ တောရိုင်းတိရိစ္တန်တွေပုံနဲ့တကွ ပညာပေးဖေါ်ပြထား ပါတယ်။

ဒါပေမယ့် ကံဆိုးချင်တော့ အဲဒီဆိုင်းဘုတ်ပေးက ထမင်းဆိုင်မှာ ဆတ်သားဟင်း၊ တောဝက်ဟင်းနဲ့ မျောက်ချီးခါး တွေရောင်းချနေတာတွေ့ရပါတယ်။ ဆိုင်းဘုတ်ကြီးတင်ထားပေမဲ့ တောရိုင်းတိရိစ္တန်ကို သတ်ဖြတ်မှုရိမရှိ၊ သယ်ယူမှုရှိမရှိ ဘယ်ဂိတ်ကမှ စစ်ဆေးနေတာမျိုး မတွေ့မိပါ။

ခမောင်သွယ်ချောင်းထိပ်ရှိ မေတ္တာစစ်ဆေးရေးဂိတ်ကနေ ရွာထဲကိုမ၀င်တော့ပဲ ရေနက်ဆိပ်ကမ်းရှိတဲ့ နဘုလယ် ဖက်သွားတဲ့ မြေနီလမ်းတိုင်းမောင်းလာခဲ့ပါတယ်။ နဘုလယ်ရေနက်ဆိပ်ကမ်းဆီ ပစ္စည်းတွေ သယ်ယူနေတဲ့ ကားလမ်းဆိုပေမဲ့ တောင်တွေက မေတ္တာ-ထားဝယ် လမ်း ဖက်ကထက် ပိုမြင့်နေ၊ လမ်းကပိုဆိုးနေပါတယ်။ မြင့်မားလှပလှတဲ့ ဒီတောင်တန်းကို ဆင်ဖို ဆင်မတောင်တန်း ခေါ်တယ်လို့ လမ်းပြဆရာကဆိုပါတယ်။

(အိုင်ဝိုင်းရွာအနီးတွေ့ရတဲ့ တောရိုင်းတိရီစ္ဆန်ကာကွယ်ရေးဆိုင်းဘုတ်) ဓာတ်ပုံ- ထက်အောင်ကျော်

ဒီလိုငေးလို့ကောင်းတုန်း ချောင်းကူးတံတားလေးရဲ့ဘေးမှာ KNU ဂိတ်တခုနဲ့တိုးပြန်ပါတယ်။ ဒါဟာ မြေးခံဘော် နယ်မြေကပိုင်တဲ့ သပြုချောင်းဂိတ်လို့ဆိုပါတယ်။ မေတ္တာနဲ့ ရေဖြူကြားမှာ KNU ဂိတ်တခုကိုသာတွေ့ရပြီး ရေဖြူ ရောက်မှ အစိုးရတပ်ရင်း ခုကိုတွေ့ရပါတယ်။ 

ဒီဂိတ်အလွန်မှာတော့ ၂၀၁၃ ခုနှစ် မေလတုန်းက ကျနော်ရောက်ဖူးပြီးသားဖြစ်တဲ့ ကလုံးထာရွာဆီ ရောက်လာ ပါတယ်။ စီမံကိန်းခြံဝင်းတွေအလွန်၊ စီမံကိန်းဆီအုန်းပင်တွေအလွန် ထားဝယ်-ရေး ကားလမ်းပေါ်ရောက်တော့ ညနေ နာရီခွဲနေပြီ။ ရေဖြူနဲ့ တလိုင်းယာရွာကြားက လမ်းဘးဓတ်ဆီဆိုင်မှာ ကားဆီဖြည့်၊ ၁၀ မိုင်ကျော်ဝေးတဲ့ ရေနက်ဆိပ်ကမ်းဆီ အမြန်မောင်းရပါတယ်။

ဒါပေမယ့် အတော်မှောင်သွားခဲ့ပါပြီ။ ရေနက်ဆိပ်ကမ်းရောက်ရင်လည်း အလံတိုင်တချောင်းကလွဲပြီး ဘာမှမြင် တော့မှာမဟုတ်တဲ့အတူတူ နဘုလယ်ဖက် မ၀င်တော့ပဲ ပန်းတက်အင်းကတဆင့် မောင်းမကန်ကမ်းခြေဆီကိုသာ ဦးတည်လိုက်ပါတော့တယ်။

နဘုလယ်နဲ့ ပန်းတက်အင်းကြားက ရွာငယ်လေးတွေရှိတဲ့ ကားလမ်းဟာ အရင်နှစ်ကထက် ပိုကောင်းလာပါတယ်။ မောင်းမကန်ကလည်း အရင်နှစ်ကထက် ပိုစည်ကားလာပါတယ်။ တည်းခိုဖို့ ဟိုတယ်တွေလဲရှိနေပြီ။

(မောင်းမကန်ကမ်းခြေရဲ့ နေ၀င်ချိန်) ဓာတ်ပုံ-ထက်အောင်ကျော်

အခု ကျနော်တို့လာတဲ့ ကားလမ်းအတိုင်း ဘန်ကောက်-ကန်ချနပူရီ- ဖုနန်းရွန်ကနေလာမယ်ဆိုရင် နယ်စပ်ကနေ နာရီအတွင်း မောင်းမကန်းကမ်းခြေကိုရောက်နိုင်ပါတယ်။ ထိုင်းနိုင်ငံက ပူးခက်ကမ်းခြေ၊ ဖန်ငကမ်းခြေတွေထက် ပိုကျယ်ဝန်းတဲ့ မောင်းမကန်ကမ်းခြေမှာ တညအိပ်အနားယူဖို့  Weekend စနေ- တနင်္ဂနွေခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ သားတွေဝင်လာနိုင်သလို ကမ္ဘာလှည့်ခရီးသည်တွေလည်း လာလည်နိုင်တဲ့အနေထားရှိနေပြီဖြစ်ပါတယ်။

ပြီးတော့ မောင်းမကန်ကမ်းခြေနဲ့ထားဝယ်မြို့ကြားမှာလည်း လမ်းတွေတိုးချဲ့ပြုပြင်၊ လမ်းမီးတွေဆင်ပေး ထားတဲ့အတွက် တညလုံး ကား၊ ဆိုင်ကယ်တွေ အသွားအလာမပြတ်စည်ကားနေပါတယ်။ 


ဒါကြောင့် ထီးခီးဂိတ်နဲ့ ခရီးသွားလုပ်ငန်း၊ ထီးခီးဂိတ်နဲ့ ကုန်သွယ်မှု၊ ထီးခီးဂိတ်နဲ့ ရေနက်ဆိပ်ကမ်းတွေကို ဆက်စပ် စဉ်းစားနေမိပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More