ကိုးကန့်အရေး ဆွေးနွေးကြတဲ့အခါ
ပညာရေးစနစ် ပြုပြင်ပြောင်းလဲပေးဖို့ ပြည်နယ်၊ တိုင်းအသီးသီးက ထောင်နဲ့ချီတဲ့ ကျောင်းသားတွေက လမ်းမပေါ်ထွက် ဆန္ဒပြနေတာ၊ အစိုးရနဲ့ ဆန္ဒပြကျောင်းသားတွေကြား ဆွေးနွေးနေမှု အတော်အရှိန်ကောင်းနေတာကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ ဒီလိုအချိန်မျိုးမှာ တရုတ်-မြန်မာ နယ်စပ်အနီးရှိ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လောက်ကိုင်မြို့ ဝန်းကျင်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်လာပြီး အစိုးရဘက်က အကျအဆုံးများတယ် ဆိုတဲ့ သတင်းတွေ ရုတ်တရက် ထွက်လာပါတယ်။
ဒီတော့ ဒါဟာ တိုက်ဆိုင်မှု သက်သက်ဟုတ်ရဲ့လားဆိုပြီး အကဲခတ်တချို့က မေးခွန်းထုတ်ကြပါတယ်။ တချို့နိုင်ငံရေးတက်ကြွသူတွေက ဆိုရင် ဒါဟာ ကျောင်းသားအရေးကို အာရုံလွှဲနိုင်ဖို့ အစိုးရဘက်က အချိန်ကိုက် တမင်ကြံစည်တာ ဆိုပြီးတောင် စွပ်စွဲကြပါတယ်။
ဒါပေမဲ့ ကိုးကန့်ဒေသရဲ့ သမိုင်းနောက်ခံ အခြေအနေ၊ အထူးသဖြင့် ၂၀၀၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနောက်ဆက်တွဲ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ဖိအားပေးရပုံကို ထည့်တွက်သူ၊ ထည့်ပြောသူ မရှိသလောက် နည်းနေတာကတော့ ထူးခြားနေပါတယ်။

တစ်ခါ ကိုးကန့်တိုက်ပွဲသတင်းကို ကာဗာလုပ်တဲ့ မီဒီယာအများစုကလည်း အစိုးရဘက်က ဘာကြောင့် အကျအဆုံး ဒီလောက်များရသလဲ။ လေယာဉ်တွေ၊ လက်နက်ကြီးတွေ သုံးတာတောင် ဒီလောက်အထိနာရသလား ဆိုတဲ့ ဘက်ကိုသာ ဇောင်းပေးနေပြီး ဒီပြဿနာ ဘာကြောင့် ပြန်ဖြစ်လာတာလဲ။ အရင်က ဘာတွေဖြစ်ခဲ့သလဲဆိုတဲ့ နောက်ခံအချက်အလက် သုံးသပ်ချက် မရှိသလောက် နည်းနေတာကို တွေ့ရပါတယ်။
သတင်း Source ကို ကိုးကားတဲ့အခါမှာလည်း ကိုးကန့်အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်း တစ်ဦးတည်းရဲ့ အသံကိုသာ ကြားရပြီး အစိုးရဘက်၊ စစ်တပ်ဘက်က ပြောခွင့်ရ ပုဂ္ဂိုလ်ရဲ့အသံက အချိန်မီ ထွက်မလာခဲ့ပါ။ ပြည်တွင်းရှိ သတင်းထောက်တွေကလည်း ကိုးကန့်ဒေသဆီအထိ သွားရောက်သတင်းယူခွင့် မရှိပါ။ (အခုတော့ သတင်းသမားတချို့ လောက်ကိုင်ဆီရောက်နေပြီလို့ သိရပါတယ်) ဒါပေမဲ့ အနည်းဆုံးအားဖြင့် အဲဒီဒေသအကြောင်း သိသူ၊ နိုင်ငံရေး၊ စစ်ရေး အမြင်ရှိသူတွေရဲ့ သဘောထား အမြင်လောက်ကိုတော့ ထည့်သွင်းဖော်ပြသင့်တယ်လို့ ထင်မိပါတယ်။
အရင် ၂၀၀၉ ခုနှစ်လို သတင်းလွတ်လပ်ခွင့်လည်း မရှိ၊ သတင်းထောက်တွေလည်း ပြည်တွင်းဝင်ခွင့်မရှိ၊ သွားလာခွင့်မရှိ၊ စစ်ရေးသတင်း ဖော်ပြခွင့် လုံးဝမရှိခင် အခြေအနေမှာတောင် တရုတ်-မြန်မာနယ်စပ်က စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇော တစ်ဦးတည်းကိုမေးပြီး ထောင့်စုံ၊ မြင်ကွင်းစုံ တင်ပြနိုင်ခဲ့တဲ့ ပြည်ပအခြေစိုက် မြန်မာပိုင်းအသံလွှင့်ဌာနတွေ ဒီတစ်ကြိမ်မှာ သတင်းထောက်တွေ ကိုယ်တိုင် မြန်မာနိုင်ငံအတွင်းမှာ ရှိရက်နဲ့ အရင်လို မြင်ကွင်းစုံ မတင်ဆက်နိုင်ကြတာကတော့ ဘာကြောင့်လဲဆိုပြီး မေးခွန်းထုတ်ချင်စရာပါ။
(Mainstream Media) ပင်မရေစီးကြောင်း မီဒီယာတွေက ဒီလိုမြင်ကွင်းစုံ တင်ပြမှု အားနည်းတော့ ပရိသတ် အများစုဟာ (Social Media) လူမှုကွန်ရက် မီဒီယာတွေပေါ်က ရေးသားချက်တွေအပေါ် အာရုံထားလာကြပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၂၀၀၉ တိုက်ပွဲနဲ့ ဒီနေ့ ၂၀၁၅ တိုက်ပွဲ သတင်းစီးဆင်းမှုပုံစံ ကွာခြားချက်ပါပဲ။
ပြီးခဲ့တဲ့ စနေ၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကတော့ တပ်/ချုပ်ကိုယ်တိုင် သတင်းထောက်တချို့နဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး တိုက်ပွဲအခြေအနေကို အကြမ်းဖျင်း ရှင်းပြခဲ့တယ်လို့ သိရပါတယ်။ ဒီမတိုင်ခင် တစ်ရက်ကတော့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်တစ်ခု ထွက်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း အစိုးရစစ်သား ၅၀ နီးပါး ကျဆုံးပြီး ၇၀ ဒဏ်ရာရခဲ့တယ်လို့ အဲဒီကြေညာချက်က ဆိုပါတယ်။
တကယ်ကတော့ ဒီထုတ်ပြန်ချက်တွေဟာ သိပ်နောက်ကျပါတယ်။ တိုက်ပွဲစဖြစ်တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကတည်းက စပြီး လူမှုကွန်ရက်မီဒီယာ Facebook ပေါ်မှာ တိုက်ပွဲသတင်းတွေက ပလူပျံနေပါပြီ။ ရဲမိုးဆိုတဲ့ အကောင့်ပိုင်ရှင် အပါအဝင် တပ်မတော်နဲ့ နီးစပ်တယ်လို့ ယူဆရတဲ့ လူတွေက သတင်းတွေဆက်တိုက်ထုတ်ပြန်နေပြီး အဲဒီသတင်းရဲ့အောက်မှာ တပ်မတော်ဘက်က အထိနာနေပြီ။ ပြည်ထောင်စုနေ့မှာ ကျူးကျော်လာတဲ့ တရုတ်တွေ၊ ဘိန်းမှောင်ခိုတွေကို အပြတ်တိုက်ရမယ် စသဖြင့် တရားဝင် မဟုတ်တဲ့ သတင်းထုတ်ပြန်ချက်တွေ၊ လှုံ့ဆော်မှုပါတဲ့ ဓာတ်ပုံတွေ၊ အမြင်မျိုးစုံပါတဲ့ ထင်မြင်ချက်တွေနဲ့ အတော်ပွဲဆူနေခဲ့ပါပြီ။
ဒါတွေဟာ တာဝန်ရှိသူတွေဘက်က စစ်သတင်းကို အချိန်မီမထုတ်ပြန်ခြင်းရဲ့ အကျိုးဆက်တွေပါပဲ။ သတင်းသမားတွေ ကိုယ်တိုင် တိုက်ပွဲဖြစ်ရာ ဒေသအထိ သွားရောက်သတင်းယူခွင့် မရခြင်းရဲ့ အကျိုးဆက်တွေပါပဲ။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ အခု ဦးသိန်းစိန်အစိုးရသစ် လက်ထက်မှာ အတိုးတက်ဆုံးကဏ္ဍလို့ မကြာခဏ တင်စားခံရတဲ့ မီဒီယာလွတ်လပ်ခွင့်ဟာ ကန့်သတ်ချက်များစွာ ရှိနေဆဲ ဆိုတာကို ဒီတိုက်ပွဲက သက်သေပြသလိုက်တာလည်း ဖြစ်ပါတယ်။
ထားတော့။ ဒါက အစိုးရဘက်က အားနည်းချက်။ မီဒီယာတွေဘက်က အားနည်းချက်ဖြစ်တဲ့ မြင်ကွင်းစုံ မတင်ပြနိုင်ခြင်းကို နည်းနည်းဆွေးနွေးလိုပါတယ်။ ကိုးကန့်တွေ ဘယ်အချိန်ကတည်းက မြန်မာ့နယ်မြေထဲ ရောက်နေသလဲ။ ဘယ်အချိန်ကတည်းက တိုင်းရင်းသား ဖြစ်နေသလဲ ဆိုတဲ့ နှစ်ရာနဲ့ချီတဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို ခဏထားပါဦး။
အနည်းဆုံးအားဖြင့်တော့ ၁၉၈၉ မှာ ကိုးကန့်အပါအဝင် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး ဗမာပြည်ကွန်မြူနစ်ပါတီ အောက်ကနေ ခွဲထွက်လာပြီး မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့တဲ့ အချိန်ကစလို့ ၁၉၈၈ နောက်ပိုင်း သမိုင်းလောက်ကိုတော့ သတင်းနောက်ခံအဖြစ် ထည့်ပြောသင့်၊ ထည့်ရေးသင့်ပါတယ်။
အစိုးရဘက်က ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေ၊ သမိုင်းမှတ်တမ်းတွေအရ အခု တိုက်ပွဲဖြစ်နေတဲ့၊ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်အဖွဲ့ National Democratic Alliance Army (NDAA) ဆိုတာဟာ ၁၉၈၉ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာ စစ်အစိုးရနဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲရေး လုပ်တဲ့ ရှမ်းပြည်နယ် အထူးဒေသ (၁) အဖွဲ့ပါပဲ။ သူနဲ့လုပ်ပြီးမှ ဝ၊ မိုင်းလားနဲ့ တခြားအဖွဲ့တွေ ဆက်တိုက်ပါလာတာပါ။
အဲဒီကာလ အပစ်အခတ်ရပ်စဲရေး (အစိုးရအခေါ် ငြိမ်းချမ်းရေး) ကို ဦးဆောင်ခဲ့သူကတော့ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်ပါပဲ။ ဖုန်ကြားရှင်နဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့ လက်ဆွဲနှုတ်ဆက်နေတဲ့ ပုံတွေကို မှတ်တမ်းတွေထဲ မြင်နိုင်ပါတယ်။ အဲဒီနောက်ပိုင်း တဖြည်းဖြည်းနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်လာလိုက်တာ KNU ကရင်အမျိုးသားအစည်းအရုံး အဖွဲ့တစ်ခုသာ ကျန်တော့တဲ့ အနေအထားအထိပါပဲ။
ဒါပေမဲ့ ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ကို အတည်ပြုပြီးတဲ့နောက် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ အဲဒီ ငြိမ်- အဖွဲ့တွေအားလုံး နယ်ခြားစောင့်တပ် BGF အဖြစ် အသွင်ပြောင်းရမယ်ဆိုပြီး စစ်အစိုးရဘက်က ဖိအားပေးလာပါတယ်။ ငြိမ်းအဖွဲ့ငယ်တချို့က ဒါကိုလက်ခံပြီး BGF အဖြစ် အသွင်ပြောင်းလိုက်ကြပေမယ့် ကိုးကန့်အပါအဝင် ငြိမ်းချမ်းရေးအဖွဲ့ ၁၅ ဖွဲ့နီးပါးက ဒါကိုလက်မခံခဲ့ကြပါဘူး။
ဒီလိုနဲ့ ရွေးကောက်ပွဲကျင်းပဖို့ တစ်နှစ်အလို ၂၀၀၉ ခုနှစ် သြဂုတ်လမှာတော့ ဘိန်းချက်စက်ရုံတွေ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အထူးဒေသ (၁)၊ လောက်ကိုင်ကနေ ဖုန်ကြားရှင်တို့ ကိုးကန့်အဖွဲ့ကို စစ်အစိုးရက စတင်တိုက်ခိုက်ခဲ့ပါတယ်။ ဒေသခံ အများအပြား တရုတ်နိုင်ငံထဲ ထွက်ပြေးခဲ့ပါတယ်။ ဖုန်ကြားရှင် ကိုယ်တိုင်လည်း အဲဒီကတည်းကနေ ပျောက်သွားလိုက်တာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ တရုတ်အစိုးရအာဘော် Global Times သတင်းစာမှာ ပြန်ပေါ်လာပြီး အခုလို တိုက်ပွဲတွေ ပြန်ဖြစ်လာတာပါပဲ။
ဒါကြောင့် ဒီကိစ္စဟာ ရုတ်တရက် ပေါ်လာတဲ့ ဖြစ်စဉ်မဟုတ်ပါဘူး။ အရင်ကရှိခဲ့တဲ့ ပြဿနာတွေကို နိုင်ငံရေးအရ ပြေလည်တဲ့အထိ မဖြေရှင်းနိုင်ခဲ့တဲ့အတွက် အဟောင်းတွေက အသစ်ပြန်ဖြစ်လာတဲ့ သဘောပါပဲ။ အခုအစိုးရနဲ့ အကြီးအကျယ် တိုက်နေတဲ့ KIO ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ ဆိုရင်လည်း အရင် ဗိုလ်ချုပ်ခင်ညွန့်ခေတ် ၁၉၉၄ ကနေ အခု ၂၀၁၀ ရွေးကောက်ပွဲအလွန် ကာလအထိ ၁၇ နှစ်ကြာ ငြိမ်နေပြီး ဦးသိန်းစိန်အစိုးရ တက်လာတဲ့ ၂၀၁၁ ဇွန်လကျမှ ငြိမ်းချမ်းရေး ပျက်ခဲ့ရတာမျိုးပါ။
ကချင်နဲ့ ကိုးကန့်ကို တန်းတူထားမထား၊ တန်းတူအခွင့်အရေး ပေး မပေးက နောက်တစ်ပိုင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အရင်အစိုးရခေတ်က ပြဿနာတွေကို နိုင်ငံရေးအရ ကျေလည်တဲ့အထိ ပြေလည်အောင် မဖြေရှင်းပေးခဲ့တဲ့အတွက် အဟောင်းတွေ အသစ်ပြန်ဖြစ်လာတယ်။ ငြိမ်းချမ်းရေးပျက်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာရတယ် ဆိုတာကိုတော့ ငြင်းပယ်လို့မရ၊ မပြောဘဲ ချန်ထားလို့ မရပါဘူး။
ဒါကြောင့် အစိုးရဘက်က သတင်းထုတ်ပြန်တဲ့အခါမှာ ဖြစ်စေ၊ အတိုက်အခံဘက်က ထုတ်ပြန်တဲ့အခါ ဖြစ်စေ၊ MPC လို ငြိမ်းချမ်းရေးစင်တာက ကြားဝင်ဖြေကြားတဲ့အခါမျိုးမှာ ဖြစ်စေ ကျဆုံး၊ သေဆုံးစာရင်းနဲ့ ခံစားချက် အမြင်တွေအပြင် နောက်ခံအချက်အလက်တွေကိုပါ ထည့်ပြောသင့်ပါတယ်။ တစ်ချိန်တည်းမှာပဲ သတင်းမီဒီယာတွေကလည်း ခံစားချက်တွေ၊ အမျိုးသားရေးတွေကို ရှေ့တန်းမတင်ဘဲ အခြေအနေအရပ်ရပ်ကို တင်ပြပြီး ပရိသတ်တွေ မြင်ကွင်းစုံ၊ ထောင့်စုံစဉ်းစားနိုင်အာင် စီစဉ်ပေးဖို့ လိုအပ်နေပါကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်။
ထက်အောင်ကျော်
0 comments:
Post a Comment