ပင်လုံမြေမှာ ပြည်ထောင်စု အနှစ်သာရကို ရှာဖွေခြင်း
ပြည်တော်ပြန် သူငယ်ချင်းတွေ၊ ပြည်တွင်းရှိ မိတ်ဆွေတွေ အတော်များများ ရှမ်းပြည်ဘက်ရောက်ရင် အင်းလေးကန်ကို မရောက်ရောက်အောင် သွားလည်ကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ ရှမ်းပြည်ရဲ့ သမိုင်းဝင်နေရာ၊ ပြည်ထောင်စုကို မွေးဖွားပေးခဲ့တဲ့ နေရာ၊ မြန်မာ့လွတ်လပ်ရေးအတွက် အရေးကြီးလှတဲ့နေရာ ပင်လုံမြို့ဆီတော့ တကူးတက သွားသူ အတော်နည်းသေးတာကို သတိထားမိပါတယ်။
(၂၀၁၃ ခုနှစ် ဒီဇင်ဘာလက တွေ့ရတဲ့ ပင်လုံကျောက်တိုင်အခြေနေ) ဓာတ်ပုံ-ထက်အောင်ကျော်
ဒီလို လူသူအရောက်အပေါက် နည်းလှတဲ့ ပင်လုံမြို့ဆီကို မနှစ်နွေက ကျွန်တော် ရောက်သွားခဲ့ပါတယ်။ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးနဲ့ ပင်လုံဟာ မိုင် ၆၀ ကျော်သာ ဝေးတယ်ဆိုပေမယ့် တောင်ထူလွန်း၊ လမ်းကြမ်းလွန်းတဲ့အပြင်
လက်နက်ကိုင်လှုပ်ရှားမှုတွေ ရှိခဲ့တဲ့ နေရာဆိုတော့ နိုင်ငံခြားသားတွေနဲ့ ပြည်မဘက်ကလာတဲ့ လူတွေ သိပ်မသွားရဲသေးတာ ဖြစ်မယ်ထင်ပါတယ်။
လက်နက်ကိုင်လှုပ်ရှားမှုတွေ ရှိခဲ့တဲ့ နေရာဆိုတော့ နိုင်ငံခြားသားတွေနဲ့ ပြည်မဘက်ကလာတဲ့ လူတွေ သိပ်မသွားရဲသေးတာ ဖြစ်မယ်ထင်ပါတယ်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေရုံးရှိတဲ့ ဟိုပုံးမြို့ကနေ ရန်ကုန်အထိ နိုင်ငံခြားသားတွေ စီးနိုင်တဲ့ အကောင်းစား ဘတ်စ်ကားတွေ ပြေးနေပြီ ဖြစ်ပေမယ့် ဟိုပုံးရဲ့ ဟိုဘက်ကိုတော့ ဒီလိုကားတွေ မပြေးသေးပါ။ ဒီတော့ ကမ္ဘာလှည့်ခရီးသည်တွေ ဟိုပုံးကိုကျော်ပြီး ဟိုဘက်ကို မသွားဖြစ်သေးတဲ့ သဘော။ တစ်ခါပြည်မဘက်ကနေ ဘုရားဖူးလာတဲ့ လူတွေကလည်း အင်းလေးက အပြန်မှာ ဟိုပုံးမြို့အထွက်က တာဆန်းဂူဆီ ဘုရားဝင်ဖူးကြပေမယ့် ဒီဂူကိုကျော်ပြီး ဆက်သွားလေ့ မရှိပါ။
ဘုရားဖူး ခရီးစဉ်တွေ၊ လေ့လာရေး ခရီးစဉ်တွေမှာ တောင်ကြီး၊ အင်းလေး၊ ဟိုပုံး၊ တာဆန်းဂူဆိုပြီး ပါပေမယ့် အဲဒီဂူနဲ့ မိုင် ၄၀ လောက်သာ ဝေးတဲ့ ပင်လုံကျောက်တိုင်ဆီ သွားလည်နိုင်တဲ့ အစီအစဉ် ထည့်ဆွဲတာမျိုး မတွေ့မိသေးပါ။ ဒီတော့ အင်းလေးတို့၊ တာဆန်းဂူတို့ကို သွားသလိုမျိုး ပင်လုံကို သွားဖို့မဖြစ်နိုင်သေး။ သွားချင်သပဆိုရင် စင်းလုံးဖြတ်ကား ငှားဖို့ပဲ ရှိပါတယ်။
ဒါမှမဟုတ် ဒေသခံတွေနဲ့ အတူတူသွားမယ် ဆိုရင်တော့ တောင်ကြီး-လွိုင်လင် လိုင်းကားကိုစီး၊ လွိုင်လင်ကနေ အငှားမော်တော် ဆိုင်ကယ်နဲ့ ပင်လုံကိုဝင်၊ ညနေပိုင်း လွိုင်လင်ကနေ တောင်ကြီးပြန်တဲ့ ကားဆီ မီအောင် ပြန်လာနိုင်ရင်တော့ ကျပ်ငွေ ၂-၃ သောင်းလောက်နဲ့ တောင်ကြီး-ပင်လုံကို နေ့ချင်းပြန်သွားနိုင်ပါတယ်။
ဟိုပုံးအထိ လမ်းတွေ ကောင်းပေမယ့် တာဆန်းဂူလွန်ကတည်းက လမ်းက အတော်ကျဉ်းသွားပြီး တစ်ဖက်မှာ တောင်နံရံ၊ တစ်ဖက်မှာ လျှိုမြှောင်၊ ကားတစ်စီးစာသွားနိုင်ရုံလေးပဲ လမ်းက ကျယ်တဲ့အတွက် အန္တရာယ်များတဲ့လမ်းလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ချမ်းစိမ့်စိမ့် ရာသီဥတု၊ မြူဆိုင်းနေတဲ့ တောင်တန်းတွေ၊ စိမ်းလန်းနေတဲ့ တောအုပ်တွေ၊ အကွေ့အကောက်၊ အတက်အဆင်းများလှတဲ့ တောလမ်းလေးကို ငေးနေမယ် ဆိုရင်တော့ ကြောက်စရာကို မတွေ့ဘဲ သဘာဝအလှအပတွေကို တငေးတမောခံစားနိုင်တဲ့ လမ်းမျိုးပါ။
ရန်ကုန်က မြင်ကွင်းနဲ့ ဘာမှမတူတဲ့ ဒီလို တောတွေ၊ တောင်တွေကို တစ်နာရီလောက် ဖြတ်ပြီးရင်တော့ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့သူ၊ ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့အတူ ကျဆုံးသွားခဲ့သူ အာဇာနည် မိုင်းပွန်စော်ဘွားစ၀်စံထွန်းရဲ့ ဟော်နန်းရှိရာ မိုင်းပွန်မြို့ကို ရောက်ပါတယ်။
အဲဒီမြို့ကနေ နောက်တစ်နာရီနီးပါး ထပ်သွားတော့ ခရိုင်မြို့တော် လွိုင်လင်ကို ရောက်ပါတယ်။ လွိုင်လင်ဟာ ရှမ်းပြည်တောင်ပိုင်းရဲ့ အဓိက လမ်းခွဲမြို့ဖြစ်ပြီး ပင်လုံ၊ လဲချား၊ မိုင်းကိုင် လမ်းခွဲကို အရင်ဆုံး တွေ့ရပါတယ်။ လွိုင်လင်အလွန် လေယာဉ်ကွင်းရှိတဲ့ နမ့်စန်မြို့ ရောက်ရင်တော့ ကျိုင်းတုံ၊ တာချီလိတ်ဘက် သွားတဲ့လမ်းနဲ့ လင်းခေး၊ မိုင်းပန်ဘက်သွားတဲ့ လမ်းခွဲကို တွေ့ရပါလိ့မ့်မယ်။
(၂၀၁၃ ခုနှစ် ဒီဇင်ဘာမှာ ပြန်လည်ပြင်ဆင်နေတဲ့ ပင်လုံရင်ပြင်) ဓာတ်ပုံ-ထက်အောင်ကျော်
လွိုင်လင်နဲ့ ပင်လုံဟာ ၆ မိုင်လောက်သာဝေးပြီး လမ်းသိပ်မဆိုးပါ။ မြို့အဝင်ဝ ရောက်တာနဲ့ “လှိုက်လှဲစွာကြိုဆိုပါ၏၊ ပင်လုံမြို့”၊ ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၄၄၄၀ လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကို တွေ့ရပါတယ်။ မြို့ထဲရောက်တာနဲ့ ရေကန်ကြီးတစ်ခုနဲ့ အဲဒီရေကန်ရဲ့ နောက်ကျောမှာ ရွှေတိဂုံနဲ့ ပုံစံတူ စေတီအကြီးကြီး တစ်ဆူကို လှမ်းမြင်ရပါတယ်။
“အရင်က အဲဒီစေတီ မရှိဘူးလေ။ ဒီကားလမ်းပေါ်ကနေတောင် ပြည်ထောင်စုကျောက်တိုင်ကို လှမ်းမြင်နေရတာ” လို့ လိုက်ပို့တဲ့ ဒေသခံက ပြောပါတယ်။ ဘာကြောင့် စေတီကြီးကို ဒီနေရာမှာ လာတည်တာလဲ။ နိုင်ငံရေး သင်္ကေတနဲ့ ဘာသာရေး သင်္ကေတကို ဒီလောက်နီးနီးကပ်ကပ် ထားသင့်ရဲ့လား။ စေတီတည်သူရဲ့ ရည်ရွယ်ချက်ကို တီးခေါက်နိုင်ဖို့ မှတ်တမ်းတွေကို လိုက်ဖတ်ကြည့်တော့ “မဟာရဋ္ဌာဘိသာမဂ္ဂီစေတီ”။ ကောဇာသက္ကရာဇ် ၁၃၆၇ မှာ တည်သည်လို့ ရေးထားတာ တွေ့ရပါတယ်။
ဒီနှစ် ၁၃၇၆ မှာ ၁၃၆၇ ကို နုတ်လိုက်တော့ လွန်ခဲ့တဲ့ ကိုးနှစ်ကမှ တည်တဲ့သဘော။ တစ်နည်းအားဖြင့် နေပြည်တော် တည်တဲ့နှစ်မှာမှ ဒီစေတီကို တည်တယ်လို့ အဓိပ္ပာယ် ထွက်နေပါတယ်။ နေပြည်တော် ရောက်စဉ်ကလည်း ရွှေတိဂုံပုံစံတူ အလားတူစေတီကြီးကို တွေ့ဖူးပြီး ဖြစ်တဲ့အတွက် နိုင်ငံရေးအရ အရေးပါတဲ့ နေရာအတော်များများမှာ ဒီလိုစေတီတွေ လိုက်တည်ဖို့ အရင်စစ်အစိုးရခေတ်က ညွန်ကြားခဲ့တယ်လို့ ယူဆရပါတယ်။
စေတီကို ကျော်လိုက်တာနဲ့ မြေထိုးစက်တွေ၊ အလုပ်သမားတွေက ကျောက်တိုင်ရင်ပြင်ကို ပြန်လည်ပြင်ဆင်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ဒါဟာ ဦးသိန်းစိန် အစိုးရသစ် လက်ထက်မှာ ရှမ်းပြည်နယ်အစိုးရက တာဝန်ယူပြီး အဆင့်မြင့် ပြုပြင်နေတာလို့ သိရပါတယ်။ မြေထိုးစက်တွေ၊ အလုပ်သမားတွေကို ကျော်ပြီး ကျောက်တိုင်ရင်းအထိ ဝင်ကြည့်တော့ “ပြည်မ-တောင်တန်း ပူးပေါင်းရေးစာချုပ် ကျောက်တိုင်။ ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်” ဆိုတဲ့ စာတန်းကို တွေ့ရပါတယ်။
ဒီစာသားဟာ မူရင်း စာသားလား။ မဆလခေတ်၊ နအဖခေတ်မှာ ပြန်ပြင်ထားတာလား ဆိုတာကတော့ သိပ်မသေချာလှပါ။ ဘာကြောင့်လဲဆိုရင် တချို့လေ့လာသူတွေက မူရင်းစာသားဟာ တောင်တန်း-ပြည်မ ပူးပေါင်းရေးစာချုပ်လို့ ရေးထားတာဆိုပြီး ပြောနေကြလို့ ဖြစ်ပါတယ်။ ဒီအကြောင်းမှတ်တမ်းမှတ်ရာတွေမှာ ရှာနိုင်ဖို့ ပင်လုံကျောက်တိုင်နဲ့ ဆိုင်တဲ့ ပြတိုက်ကို လိုက်ရှာတော့ ဘာပြတိုက်မှမရှိပါ။
ပြတိုက်မရှိလည်း ဧည့်သည်တွေလာရင် ဝေငှလေ့ရှိတဲ့ လက်ကမ်းစာစောင်များ ရှိမလားဆိုပြီး လိုက်မေးကြည့်ပေမယ့် ဒါလည်း မရှိပါဘူး။ “ဒီမှာ ဘာမှမရှိဘူး။ လွိုင်လင်ပြတိုက်ထဲမှာတော့ ဒီကျောက်တိုင်အကြောင်း ပြသထားတာ ရှိတယ်လို့ ကြားဖူးတယ်” ဆိုပြီး ဒေသခံက ပြောပါတယ်။ အဲဒါမှ ဒုက္ခ။ အချိန်မရတဲ့ကြားထဲ အဲဒီပြတိုက်က နေ့စဉ် ဖွင့်ရဲ့လား၊ လူတိုင်း ဝင်ခွင့်ရှိရဲ့လား၊ မသေချာလှပါ။
(မူလ ကျောက်တိုင်နဲ့ အသစ်ပြန်လုပ်ထားတဲ့ ကျောက်တိုင်) ဓာတ်ပုံ-ရှမ်းသံတော်ဆင့်
ဒီတော့ ပင်လုံကို ရောက်ပြီးမှ၊ ကျောက်တိုင်ကြီးကို အသေအချာ ဓာတ်ပုံရိုက်ပြီးမှ ဘာအချက်အလက်မှ လက်ထဲမပါဘဲ ဒီတိုင်းပြန်လာခဲ့ရပါတယ်။ တောင်ကြီး ပြန်ရောက်တော့ အင်တာနက်ပေါ်က ဖိုင်တွေကိုလှန်၊ အရင် DVB မှာ တာဝန်ထမ်းစဉ်က မကြာခဏ အင်တာဗျူး လုပ်ဖူးတဲ့ ရှမ်းဝါရင့်ခေါင်းဆောင် ဦးရွှေအုန်း (ကွယ်လွန်) ရဲ့ အသံတွေ ပြန်နားထာင်၊ သူရေးထားတဲ့ “ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ” စာအုပ်ကို ပြန်ဖတ်ရပါတယ်။
ပင်လုံညီလာခံဆီ သတင်းထောက်တစ်ဦး အဖြစ် တက်ခဲ့သူ ဦးရွှေအုန်းရဲ့ မှတ်တမ်းအရဆိုရင် ၁၉၄၇ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ပင်လုံညီလာခံကို စတင်ခဲ့ပါတယ်။ ဗိုလ်ချုပ်အာင်ဆန်းတို့ ရောက်လာတဲ့ ၈ ရက်နေ့ မတိုင်မီ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ရှမ်းစော်ဘွားတွေနဲ့ ရှမ်းလူထု အဖွဲ့အစည်း ကိုယ်စားလှယ်တွေကြား ညီညွတ်မှု ရရှိခဲ့ပြီး နယ်ချဲ့အင်္ဂလိပ် အစိုးရကို အာခံတဲ့ ကြေညာချက်တစ်ခုကို ပူးတွဲထုတ်ပြန်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပင်လုံညီလာခံတက်မယ့် ရှမ်းပြည်ကိုယ်စားလှယ် အဖွဲ့ကိုလည်း အဲဒီ ၇ ရက်နေ့ အစည်းအဝေးကနေ ရွေးချယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီ ၇ ရက်နေ့ကို ရှမ်းအမျိုးသားနေ့၊ နောက်ပိုင်းမှာ ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်နိုင်ခဲ့တယ်လို့ ဦးရွှေအုန်းက ရေးထားပါတယ်။
၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ဆွေးနွေးပွဲအပြီးမှာတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အရေးကြီးလှတဲ့ ပင်လုံစာချုပ်ကို တောင်တန်းသားတွေနဲ့ မြန်မာအစိုးရ ကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ဆန်းတို့ အကြား လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒီစာချုပ်အရ နယ်ချဲ့ဗြိတိသျှဆီကနေ တောင်တန်း-ပြည်မ ပူးပေါင်းပြီး မြန်မာ့လွတ်လပ်ရေးကို အရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ရောက်တိုင်း ပြည်ထောင်စုနေ့ဆိုပြီး နှစ်စဉ် ကျင်းပလာခဲ့တာ အခု ၂၀၁၅ ဆိုရင် ၆၈ ကြိမ် တောင် ရှိပြီပေါ့။
ဒီနှစ် ပြည်ထောင်စုနေ့ အခမ်းအနားကို အုပ်ချုပ်ရေးမြို့တော်သစ် နေပြည်တော် အပါအဝင် ပြည်နယ်-တိုင်း မြို့တော်အားလုံးမှာ ကျင်းပလိမ့်မယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ အခု ကျွန်တော်ရောက်ခဲ့တဲ့ ပင်လုံမြို့က မူလကျောက်တိုင်ရှေ့မှာ ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပဖို့ ရှိ သလား။ ပင်လုံစာချုပ်မှာပါတဲ့ အချက်အလက်တွေကို အသေအချာ လေ့လာဖို့ရှိသလား ဆိုတာကိုတော့ မသိနိုင်သေးပါ။
ထားဝယ်ဘက်ကရတဲ့ သတင်းတွေအရ ဆိုရင်တော့ နေပြည်တော်မှာ ကျင်းပမယ့် ပြည်ထောင်စုနေ့မှာ ထားဝယ်ရိုးရာ အကနဲ့ ဖျော်ဖြေဖို့ အဆိုအက အဖွဲ့တစ်ခု ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက နေပြည်တော်ကို ခရီးထွက်သွားပြီလို့ ဆိုပါတယ်။ တခြား ပြည်နယ်၊ တိုင်းအသီးသီးကလည်း အလားတူ ယဉ်ကျေးမှုအဖွဲ့တွေကို နေပြည်တော်ဆီ မပျက်မကွက် စေလွှတ်လိမ့်မယ်ဆိုတာ သံသယရှိစရာ မလိုပါ။ ဒါဟာ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်အတွင်း အစဉ်အလာမပျက် လုပ်လာခဲ့တဲ့ လုပ်ထုံးလုပ်နည်းတွေ မဟုတ်ပါလား။
ပြီးရင် သက်ဆိုင်ရာ ကျောင်းတွေအလိုက် ပြည်ထောင်စုနေ့ အကြောင်း စာစီစာကုံးပြိုင်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ အားကစားပွဲတွေ လုပ်ပါလိမ့်မယ်။ တစ်ခါ ပြည်နယ်-တိုင်း အသီးသီးရှိ အားကစားကွင်းတွေမှာလည်း တိုင်းရင်းသားပေါင်းစုံရဲ့ ယဉ်ကျေးမှုအကတွေ၊ ယဉ်ကျေးမှုပြခန်းတွေ ခင်းကျင်းပြသပါလိမ့်မယ်။ ဒါဟာ ကျွန်တော်တို့ ကျောင်းသားဘဝကနေ ဒီနေ့အထိ လုပ်နေကျ အလုပ်တွေ၊ မြင်နေကျ မြင်ကွင်းတွေပါပဲ။
ဒါပေမဲ့ ခက်နေတာက အဲဒီကျောင်သားတွေဟာ အစိုးရက ပြဋ္ဌာန်းထားတဲ့ သမိုင်းနဲ့ ပထဝီ စာအုပ်ပါ အချက်အလက်တွေကိုကျော်ပြီး ပြည်ထောင်စုရဲ့ လက်ရှိ ပကတိအခြေအနေကို ထည့်ရေးခွင့်မရှိပါ။ ပင်လုံစာချုပ်ပါ အခွင့်အရေးတွေ မရတဲ့အတွက် ဒါဇင်နဲ့ချီတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ နယ်စပ်တစ်ကျောမှာ တော်လှန်ရေး လုပ်နေကြတယ်။ မြန်မာနိုင်ငံ ဧရိယာရဲ့ ၁၀ ပုံ တစ်ပုံလောက်ကို အဲဒီလက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားတယ်။ လက်ရှိအစိုးရနဲ့ အဲဒီအဖွဲ့တွေ တိုက်နေဆဲ ဖြစ်သလို တစ်ဖက်မှာလည်း ဆွေးနွေးနေတယ်ဆိုတဲ့ အရှိတရားတွေဟာ ပြဋ္ဌာန်းစာအုပ်ထဲမှာ မပါသေးတဲ့အတွက် ကျောင်းသားတွေက ထည့်ရေးခွင့်မရှိပါ။
(ပြည်မ-တောင်တန်း ပူးပေါင်းရေးစာချုပ်ကျောက်တိုင်)
တစ်ခါ ပြည်ထောင်စုနေ့ ညစာစားပွဲဆီ တက်လာကြမယ့် ဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေ၊ (အခုဆိုရင်တော့ ငြိမ်းကိုယ်စားလှယ်တွေ အပါအဝင်ပေါ့) လူကြီးလူကောင်းတွေ အားလုံးက ယဉ်ကျေးမှုအကတွေကို အားပေးကြမယ်။ ဆုချီးမြှင့်ကြမယ်။ ပြီးရင် စားကြသောက်ကြနဲ့ ပျော်စရာပွဲကြီး နွှဲကြမယ်ပေါ့။ ဒါပေမဲ့ ပြည်ထောင်စုရဲ့ အရှိတရားတွေကို လွတ်လပ်စွာ ဆွေးနွေးငြင်းခုံခွင့် ရှိပုံမရသေး။
ဒီတော့ ဒီပွဲအတွက် ပေးလိုက်ရတဲ့ ပြည်ထောင်စုဘတ်ဂျက်က တန်ပါရဲ့လား။ ပြည်နယ်-တိုင်း အသီးသီးက ပွဲတွေအတွက် ကုန်ကျစရိတ်ကကော တန်ပါရဲ့လား။ ရိုးရာဝတ်စုံ ဝတ်ပြီး ရိုးရာအက ကခွင့်ရတာကိုက တိုင်းရင်းသားတွေအတွက် အထူးအခွင့်အရေးတစ်ခု ဖြစ်နေပြီလား။ ပင်လုံမှာ တိုင်းရင်းသားတွေ ဘာတွေတောင်းဆိုခဲ့သလဲ။ ပင်လုံစာချုပ်ပါ အခွင့်အရေးတွေ မရလို့ နှစ် ၆၀ ကျော် လက်နက်ကိုင်တိုက်ပွဲ ဝင်ခဲ့ရပါတယ် ဆိုတဲ့ အခု ပြည်ထောင်စုနေ့ ညစာစားပွဲဆီ တက်ဖို့ ပြင်နေတဲ့ ငြိမ်း-ခေါင်းဆောင်တွေ အသိဆုံးဖြစ်မှာပါ။
အနှစ်ပြန်ချုပ်ရရင်တော့ ပြည်ထောင်စုနေ့ ဆိုတာဟာ ယဉ်ကျေးမှု ကပွဲတွေလုပ်ပြီး သမ္မတနဲ့ ဝန်ကြီးတွေ၊ လွှတ်တော်အမတ်တွေ၊ ပါတီခေါင်းဆောင်တွေ၊ ငြိမ်း-ခေါင်းဆောင်တွေ ညစာစားပြနေရုံနဲ့ မပြီးပါ။ လွန်ခဲ့တဲ့ မဆလခေတ်၊ နအဖ စစ်အစိုးရခေတ်တွေမှာ ဒီလိုလုပ်ခဲ့တာကို ထားလိုက်ပါတော့။ လက်ရှိ ဒီမိုကရေစီအစိုးရ ခေတ်မှာတော့ အနှစ်သာရမပါတဲ့ အရင်က လုပ်ရပ်တွေကို ရာဇဝင်ထဲမှာ ထားခဲ့သင့်ပါပြီ။
ပင်လုံစာချုပ်မှာ ဘာတွေပါသလဲ။ တိုင်းရင်းသားတွေဘက်က ဘာကြောင့် မကျေမနပ် ဖြစ်နေတာလဲ။ လွတ်လပ်ရေး ရပြီးလို့ ၆၇ နှစ် ကြာပြီးတဲ့အထိ ငြိမ်းချမ်းရေး ဘာကြောင့် မရသေးတာလဲ။ အပစ်အခတ်ရပ်စဲရေး လက်မှတ် ဘာကြောင့်မထိုးနိုင်သေးတာလဲ။ မြန်မာထက် အများကြီး နောက်ကျပြီးမှ လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံတွေက မြန်မာကို ကျော်ပြီး နိုင်ငံတကာအဆင့်မီ တိုးတက်နေချိန်မှာ မြန်မာနိုင်ငံက ဘာကြောင့် ဒီလို နောက်ကျကျန်နေခဲ့တာလဲ။
ရှန်ပိန်ခွက်ကိုင်ပြီး ယဉ်ကျေးမှုအကကို ထိုင်ငေးနေမယ့်အစား ဒီအချက်တွေကို အသေအချာ စဉ်းစားသုံးသပ်ပြီး တိုင်းပြည်အတွက် တကယ်အလုပ်လုပ်ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်းပါ။
ထက်အောင်ကျော်
0 comments:
Post a Comment