Thursday, February 5, 2015

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၄၄)

နေမ၀င်အရပ်ဆီ ခရီးသွားခြင်း

DVB က ၀န်ထမ်းတွေအပါဝင် နော်ဝေးရောက်မြန်မာအတော်များများဟာ ထိုင်း-မြန်မာနယ်စပ်ဆီ (အခုဆို ရန်ကုန် အထိ) မကြာခဏပြန်လည်လေ့ရှိပေမယ့် နော်ဝေးနိုင်ငံအတွင်း၊ အထူးသဖြင့် နေမ၀င်အလှနဲ့ နာမည်ကြီးလှတဲ့ နော်ဝေးမြောက်ပိုင်းဆီ သွားရောက်လည်ပတ်သူ အတော်နည်းပါတယ်။ 

(နော်ဝေးမြောက်ပိုင်းရှိ Tromsø မြို့မှ နာမည်ကြီးတံတားနဲ့ ဘုရားကျောင်း) ဓာတ်ပုံ- wikipedia.

ဈေးကြီးလွန်းတောင်ကြောင့်မသွားဖြစ်တာလို့ တချို့ကပြောပြီး တချို့ကတော့ အဲဒီအရပ်မှာ မြန်မာတွေ မရှိလို့ မသွားဖြစ်တာလို့ ဖြေကြပါတယ်။ ဒီလိုဈေးကြီးပြီး မြန်မာတွေမရှိသေးတဲ့အရပ် နော်ဝေးမြောက်ပိုင်း က (Tromsø) ထရွန်ဆွန်းမြို့ဆီ ၂၀၀၉ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှာ ကျနော်ရောက်သွားပါတယ်။ 

အသွားအပြန်မှ ရက်တည်းဆိုတော့ ထိုင်းကိုသွားသလို ရက်ရှည်ခွင့်ယူစရာမလို။ ဒါပေမယ့် ညအိပ် ရက် ခရီးစဉ်အတွက် ဟိုတယ်ခန်းနဲ့ လေယဉ်ခက ခရိုနာ ၄၀၀၀ (ဒေါ်လာ ၆၀၀ နီးပါးဆိုတော့ နော်ဝေး-ထိုင်း လေယဉ်ခနီးနီးပါးရှိပါတယ်) ၀န်းကျင် ပေးလိုက်ရပါတယ်။ နာရီခွဲမှ အော်စလိုကနေ စထွက်ပေမယ့် ဇွန်လ ၂၂ ဟာ ဥရောပရဲ့နေ့တာအရှည်ဆုံးရက်ဆိုတော့ နေရောင်ကတောက်ပနေဆဲ။ 

တဆောင်းလုံး အခန်းအောင်းခဲ့ရသမျှကို အတိုးချပြီး ဒီလိုနေသာချိန်မှာ အော်စလိုသူ၊ အော်စလိုသားတွေ အားလုံးနီးပါး ပန်းခြံတွေ၊ ကမ်းခြေတွေဆီသွားကြပါတယ်။ အပူချိန်ကလည်း ၂၀ ဒီဂရီကျော်တဲ့အတွက် ရေကူးကြ၊ တချို့ဆို ကိုယ်တုံးလုံးချွတ်ပြီး နေပူစာလှုံကြပေါ့။ ဒါပေမယ့် မြန်မာအများစုကတော့ ဒီယဉ်ကျေးမှုနဲ့ သိပ်အကျွမ်းတ၀င်မရှိသေးတဲ့အတွက် ကိုယ့်ဘာသာလူစု၊ အရက်ဝိုင်းဖွဲ့သောက်တာက များနေတုန်းပါ။

အဲဒီလို အပူချိန် ၂၀ ကျော်ရှိတဲ့အော်စလိုကနေ လေယဉ်ထွက်လာပြီး ၄၅ မီနစ်လာက်ကြာတာနဲ့ ရေခဲတောင်တွေကို လှမ်းမြင်ရပါတယ်။ ရာသီဥတုက မြို့တော်အော်စလိုနဲ့ မြောက်ပိုင်းမြို့တွေကြားမှာ အတော်ကွာခြားပုံရပါတယ်။ နော်ဝေးဟာ တနသာင်္ရီတိုင်းနဲ့ခပ်ဆင်ဆင်တူပြီး အရှေ့-အနောက် ကျဉ်းမြောင်းသလောက် တောင်-မြောက် တော်ရှည်လျားတဲ့ ပထ၀ီအနေထားရှိပါတယ်။ ဒီတော့ အော်စလိုနဲ့ ထရွန်ဆွန်းရဲ့ ရာသီဥတုကလည်း ထားဝယ်နဲ့ ပူတာအိုလို ကွာခြားနေတာဖြစ်နိုင်ပါတယ်။

ထရွန်ဆွန်းကို လေယဉ်ဆိုက်တော့   နာရီကျော်နေပြီ။ ဒါပေမယ့် နေရောင်က အော်စလိုထက်တောင် တောက်ပနေသေး။ အပြင်ရောက်တော့ နည်းနည်းအေးစိမ့်စိမ့်။ အပူချိန်ကိုကြည့်လိုက်တော့ ၁၀ ဒီဂရီ ကျော်ရုံလေး။ လေယဉ်ကွင်းဘတ်စ်ကားပေါ်ကနေဆင်း၊ ဟိုတယ်မှာပစ္စည်းထားပြီးထွက်လာတော့ ၁၁ နာရီကျော်နေပြီ။


(မြောက်ဝင်ရိုးစွန်းမှ သန်းကောင်ယံနေ) ဓာတ်ပုံ- wikipedia.

‘'သန်းကောင်ယံနေကိုကြည့်ချင်လို့၊ ဘယ်နားကနေကြည့်ရင် အဆင်ပြေမလဲ’’ ဆိုပြီး ဟိုတယ်ကောင်တာမှာမေးတော့ ‘’တံတားကြီးရှေ့က ဘုရားကျောင်းကိုသာသွားပါ။ အဲဒီနေရာ အကောင်းဆုံးပဲ’’ လို့ ဟိုတယ်ဝန်ထမ်းတဦးက အကြံပေးပါတယ်။ ဒါပေမယ့် ကိုယ်က ဒီမြို့ကိုတခါမှ မရောက်ဖူးတော့ အဲဒီတံတား ဘယ်နားရှိမှန်းမသိ။ တက္ကစီ ငှားရင်ကောင်းမလားဆိုတော့ နီးနီးလေး လမ်းလျောက်သွားလို့ရတယ်ဆိုပြီး သူကလမ်းညွန်ပါတယ်။

လုပ်ငန်းသုံး တီဗွီ ကင်မရာအိတ်နဲ့ ထရိုင်ပွတ်တိုင်ကြီးကို ထမ်းပြီးသွားနေရတာဆိုတော့ အိပ်မက်ထဲ လမ်းလျောက် နေရသလိုပါပဲ။ တံတားဆီကိုမရောက်နိုင်ဘူးဖြစ်နေပါတယ်။ အချိန်ကလည်း ၁၁ နာရီခွဲ နေပြီ။ ဟိုမှာတွေ့ပြီ၊ တံတား။ ဒါပေမယ့် ဘုရားကျောင်းက တံတားရဲ့ဟိုဖက်ထိပ်မှာ။ မြစ်အကျယ်က ပေ ၂၀၀ လောက်ရှိမယ်ထင်တယ်။ မတတ်နိုင်။ အပြေးတပိုင်းနဲ့လျောက်လိုက်တော့ ၁၂ နာရီထိုးဖို့ ၁၅ မီနစ် အလိုတိတိမှာ ဘုရားကျောင်းရှေ့ ကင်မရာ ဆင်ခွင့်ရပါတယ်။

ကျနော့်အရင်ရောက်နေသူတွေ ရာနဲ့ချီရှိပေမဲ့ ကျနော်ကင်မရာကြီးနဲ့ ပျာယာခတ်နေတဲ့ပုံကိုကြည့်ပြီး တချို့က နေရာဖယ်ပေးကြပါတယ်။ အနောက်ဖက်တောင်စွယ်မှာ ကွယ်တော့မလိုလိုဖြစ်နေတဲ့နေလုံးကြီးကို အသေချာ ချိန်ရိုက်။ သန်းကောင်ယံရောက်ဖို့ မီနစ်အလိုအထိ နေလုံးကဖြေးဖြေးနိမ့်ဆင်းနေပေမဲ့ မီနစ်နောက်ပိုင်းမှာတော့ နေလုံးက ဆက်မဆင်းတော့ပါ။ ဘေးကိုနည်းနည်းရွှေ့သွားပြီး ၁၂ နာရီနောက် ပိုင်းမှာ အပေါ်ကိုနည်းနည်း ပြန်ထောင်တက်လာတယ်လို့ ခံစားမိပါတယ်။

သန်းကောင်းယံနေကို မီနစ် ၂၀ နီးပါး မနားတန်း မှတ်တမ်းတင်ပြီးတဲ့နောက် ဒီနေရောင်ကို တကူးတကာ့လာ ကြည့်ကြတဲ့လူတွေကို အင်တာဗျုးလုပ်ပါတယ်။ အများစုက နော်ဝေးတွေမဟုတ်။ အင်္ဂလန်၊ ဂျာမဏီ၊ စပိန်ဖက်ကနေ လာကြည့်ကြသူတွေ။ ဘေးနားကဘုရားကျောင်းမှာတော့ သန်းကောင်ယံ ဆုတောင်း ပွဲလုပ်နေလေရဲ့။

သန်းကောင် ၁၂ နာရီနဲ့ မနက် နာရီကြား နေရောင်ကို အရင်က ကျနော်တခါမှမမြင်ဖူးတော့ ဘယ်လိုရှင်းပြရမှန်းမသိပါ။ လပြည့်ညအလင်းရောင်ထက် ၁၀ လောက်ပိုလင်းတယ်ပြောရမလား။ နေ၀င်ချိန် တိမ်တောက်နေတဲ့ အလင်းရောင်မျိုးလို့ဆိုနိုင်မလား။ နှိုင်းပြစရာမရှိသေးတဲ့၊ ဒီနေရာကို ရောက်ပြီး ဒီလိုကြည့်မှ သိနိုင်တဲ့ အလင်းရာင်မျိုးလို့ပဲ ဆိုရမလား။ အရှေ့တောင်အာရှသားတဦးအဖို့ ဘယ်လိုမှနားလည်ဖို့မလွယ်တဲ့ သဘာဝတရားရဲ့ ထူးခြားချက်တွေပါပဲ။

တကယ်တော့ ဒီနေရာကိုရောက်တာနဲ့ ဒီလို သန်းကောင်ယံနေကို မြင်ရနိုင်တယ်ဆိုပြီး ပုံသေတွက်ထားလို့ မရသေး။ ကံတရားကလည်း ကိုယ်ဖက်ပါဖို့လိုပါသေးတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီ ရောက်စညမှာပဲ နေ သာပြီး ကျန်တဲ့ ရက်လုံးလုံး တိမ်ထူနေတဲ့အတွက် အဲဒီနေကို နောက်ရက်တွေမှာ ကျနော်မြင်ခွင့်၊ ရိုက်ခွင့်မရတော့ပါ။ ဒီတော့မှ သတင်းသမားတွေပြောနေကြစကားဖြစ်တဲ့ ‘’အခွင့်အရေးဆိုတာ ခါမရဘူး’’ ဆိုတာကို သဘောပေါက်လိုက်ပါတယ်။


(သန်းကောင်ယံနေ အဆင့်ဆင့်ပြထားပုံ) ဓာတ်ပုံ- wikipedia.

တချိန်တည်းမှာပဲ ‘’နေထွက်ရာအရပ်သည် ရှေ့အရပ်ဖြစ်ပြီး နေ၀င်ရာအရပ်သည် နောက်အရပ်ဖြစ်သည်’’ ဆိုတဲ့ ငယ်ငယ်ကသင်ဖူးတဲ့ ပထ၀ီ ဖတ်စာကို ပြန်သတိရမိပါတယ်။ အခုတော့ နေလုံးကြီးက အနောက်မှာ လညးမ၀င်၊ အရှေ့မှာလည်း မထွက်။ အရုဏ်တက်ချိန်ကိုစောင့်ပြီး ဆွမ်းကပ်လို့လဲမရ။ တောင်စွယ်မှာနေ ကွယ်ရင် သတ်စေဆိုတဲ့အမိန်န့်တွလည်း ဒီအရပ်မှာ အလုပ်မဖြစ်တော့။ နေထွက်ကနေ နေ၀င်အထိ အလုပ်လုပ်နေရပါတယ်ဆိုတဲ့လူတွေလည်း ဒီလိုနေရာမျိုးဆို ၂၄ နာရီ လုပ်နေရမဲ့ကိန်း။ 

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ အမြဲတန်းအမှန်တရားတခုအဖြစ် ကမ္ဘာကြီးရဲ့ဒေသတခုရှိလူတွေက ယုံကြည်စွာသတ်မှတ်ထားတဲ့ အမှန်တရားဆိုတာဟာ ကမ္ဘာကြီးရဲ့အခြားတနေရာမှာ မှန်ချင်မှမှန်မယ်။ အမှန်တရားဆိုတာဟာ ကမ္ဘာကြီးလည်သလိုပဲ လည်နေသလားဆိုပြီး နေမ၀င်ညမှာ ကျနော်စဉ်းစားနေ မိပါတယ်။


နေမထွက်တဲ့အရပ်ဆီ ခရီးသွားခြင်း

နေမ၀င်ခရီးစဉ်ပြီးတော့ နေမထွက်တဲ့အရပ်ဆီ ခရီးတခုသွားဖြစ်လိုက်ပြန်ပါတယ်။ တကယ်တော့ နေမ၀င်တဲ့အရပ်နဲ့ နေမထွက်တဲ့အရပ်ဟာသီးခြားစီမဟုတ်။ ရှေ့မှာတင်ပြခဲ့တဲ့ နော်ဝေးမြောက်ပိုင်းဟာ နွေမှာ လလောက် နေ မ၀င်သလို ဆောင်းမှာ လလောက် နေ မထွက်ပါ။ 

(မြောက်လတ္တီကျု ၆၆.၃၃၊ အာတိတ်စက်ဝန်းဖြတ်သွားတဲ့နေရာ)

၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီ ဆောင်းတွင်းကာလမှာ ကျနော်ရောက်သွားတဲ့နေရာက နော်ဝေးမြောက်ပိုင်း (Tromsø) ထရွန်ဆွန်းမြို့နဲ့ လတ္တီကျုတူတဲ့ နော်ဝေး၊ ဆွီဒင်၊ ဖင်လန် နိုင်ငံနယ်စပ်အနီးရှိ (Rovaniemi) ရိုဗာနီယာမီမြို့ပါ။ မြောက်လတ္တီကျု ၆၆.၃၃ အရပ်မှာရှိတဲ့ ဒီမြို့ဟာ အာတိတ်စက်ဝန်းဖြတ်သွားတဲ့အပြင် (The Santa Claus Village) စန်တာခရု ကျေးရွာရှိတဲ့အရပ်လည်းဖြစ်ပါတယ်။ 

၆၆.၃၃ ဖြတ်သွားတဲ့နေရာမှာ အဖြူရောင်လိုင်းတားပြီး မီးအိမ်တန်းတခုလည်းစိုက်ထားပါတယ်။ ဒါပေမယ့် ဆောင်းတွင်းကာလ ဆီးနှင်းကသိပ်ထူနေတဲ့အတွက် မီးအိမ်တန်းကိုသာမြင်ရပြီး မြေပြင်အနေထား အတိအကျကို မမြင်နိုင်တော့ပါ။ ဒီမီးအိမ်တန်းဘေးက ဘုရားကျောင်းလိုအဆောက်ဦထဲမှာတော့ Santa Claus နဲ့ တွေ့ခွင့်ရဖို့ တန်းစီးတိုးနေသူတွေက မနည်းလှ။

ဒီခရီးစဉ်ကို စတင်အဆိုပြုသူကတော့ ABSDF တပ်ရင်းတခုတည်းမှာ ၁၀ နှစ်နီးပါး အတူတာဝန်ထမ်းခဲ့ပြီး အခု ဖင်လန်မှာအခြေချနေထိုင်နေသူ ရေဇင်းစိုက်ပျိုးရေးတက္ကသိုလ်ကျောင်းသားဟောင်း ကိုအောင်မော်။ သူ့ဆီ သွားလည်သူက နော်ဝေးက ကျနော်နဲ့ ဟိုးအိုဇိုးလွှာပေါက်နေတဲ့အရပ် သြစတေလျကနေ ရောက်လာသူ ကိုဖိုးချို။ ဖင်လန်နဲ့ နော်ဝေးက ရာသီဥတု သိပ်မကွာပေမဲ့ သြစီမှာတော့ ဖေဖေါ်ဝါရီဟာ နွေလည်ခေါင်ခေါင်ကြီး။ ဒါပေမယ့် ဦးစလုံးရဲ့ မူလဘူတက ထားဝယ်သားတွေဆိုတော့ ဒီလို နှင်းတောတွေ၊ မြောက်ဝင်းရိုးစွန်းတွေ၊ လတ္တီကျု ၆၆.၃၃ မြောက်ဆိုတောတွေ၊ အာတိတ်စက်ဝန်း ဆိုတာတွေကို ပထ၀ီ စာအုပ်ထဲမှာဖတ်ဖူးတာကလွဲပြီး တခါမှမြင်ဖူးကြ သူတွေမဟုတ်ပါ။

ဒီနေရာကိုရောက်နိုင်ဖို့အတွက် ဟိုး ဖင်လန်တောင်ပိုင်းရှိ မြို့တော် (Helsinki) ဟယ်စကီကနေ ကီလိုမီတာ ၁၀၀၀ ကျော် ကားမောင်းလာရတာပါ။ ဆောင်းတွင်းကားမောင်းရတဲ့ ဒုက္ခကလည်း မသေးလှ။ ကားဘီးတွေအားလုံးမှာ သံဆူးချွန်တွေနဲ့။ ဒါကို ဆောင်းတွင်းတာရာလို့ စကင်းဒစ်နိုင်ငံတွေမှာ ခေါ်ကြပါတယ်။ ဒီဇင်ဘာလဆန်းကနေ မတ်လကုန်အထိ ဒီတာရာတွေကို မတပ်လို့မဖြစ်။ ဆိုင်ကယ်၊ စက်ဘီး အားလုံး ဒီလိုတာရာပြောင်းဖို့ ဥပဒေ ထုတ်ထားပါတယ်။

ဖင်လန်ဟာလည်း နော်ဝေးလိုပဲ တောင်-မြောက်ရှည်တဲ့နိုင်ငံဖြစ်တာကြောင့် ဟယ်စကီနဲ့ ရိုဗာနီယာမီဟာ လည်း အော်စလိုနဲ့ ထရွန်ဆွန်းလောက်ဝေးမယ်ထင်ပါတယ်။ နော်ဝေးနဲ့ကွာကတော့ ဒီ လောက်ဝေးလံ ခေါင်းဖျားတဲ့ ဖင်လန်မြောက်ပိုင်းမှာ မြန်မာတွေရှိနေခြင်းပါ။

(ဖင်လန်နိုင်ငံ ကီမီမြို့ရှိ ရေခဲ ရဲတိုက်)

ABSDF တပ်ရင်းတခုတည်းက ကိုရဲမင်းအောင်ဟာ ရိုဗာနီယာမီနဲ့အနီးဆုံးမြောက်ပိုင်းမြို့ဖြစ်တဲ့ Kemi ကီမီမြို့မှာ ရောက်နေပါတယ်။ (Baltic) ဘောလတစ် ပင်လယ်ရဲ့အဆုံး ဖင်လန်နဲ့ဆွဒင်နယ်စပ်က ဒီမြို့မှာရှိတဲ့ ရေခဲရဲတိုက်ကလည်း အတော်ထင်ရှားပါတယ်။

ရေခဲခြစ်ရောင်းတဲ့၊ ရေခဲရေရောင်းတဲ့ ရေခဲတုံးလောက်ကိုသာတွေ့ဖူးတဲ့ ထားဝယ်သားတွေအတွက် ရေခဲရဲတိုက်ဟာ အထူးအဆန်းပေါ့။ ရေခဲတိုင်၊ ရေခဲအမိုး၊ ရေခဲအကာ၊ ရေခဲအခင်း အားလုံး ရေခဲ တွေနဲချည်းဆောက်ထားတဲ့ ရဲတိုက်ကြီး လျှပ်စစ်ရောင်စုံမီးလေး ခပ်မှိန်မှိန်ထွန်းထားတော့ လှလိုက် သည်ဖြစ်ခြင်း။ ပြီးတော့ ရေခဲကုတင်တဲ့။ ဘယ်သူတွေ အိပ်နိုင်မလဲတော့မသိ။ ရေခဲကုတင်ပေါ်မှာ ၀က်ဝံသရေအကောင်းစားကိုခင်းထားပေးပါတယ်။

ဒီဖက်ခန်းမှာတော့ ရေခဲကော်ဖီဆိုင်။ ရေခဲစားပွဲ၊ ရေခဲကုလားထိုင်၊ ရေခဲရုပ်ထု၊ နောက်ဆုံး ရေခဲဆွဲကြိုးပါ လုပ်ပြထားတာကို အဲဒီရဲတိုက်အတွင်းတွေ့ရပါတယ်။ တကယ်တော့ အရှေ့တောင်အာရှက ရောက်လာ သူတွေတင် မဟုတ်။ စပိန်၊ ပေါ်တူဂီ၊ ဂရိဖက်ကရောက်လာတဲ့ ဧည့်သည်တွေကလည်း ကျနော်တို့လိုပဲ ရေခဲရဲတိုက်ကို အထူးအဆန်း ကြည့်နေကြပါတယ်။

‘’ရေမှာအရုပ်ရေးနေလို့ ဘာမှဖြစ်လာမှာမဟုတ်ဘူး’’ ဆိုတဲ့ စကားကို ကျနော်အကြိမ်ကြိမ်ကြားဖူးခဲ့ပေမဲ့ အဲဒီရေကို ခဲအောင်လုပ်ပြီး ပန်းပုထုလိုက်ရင် ဒီလို ကမ္ဘာကျော်ရဲတိုက်ကြီးဖြစ်လာနိုင်တယ်ဆိုတာကိုတော့ ကျနော်တခါမှ မတွေးခဲ့ဖူးတာ အမှန်ပါ။ 

သတင်းသမားတွေ သတိထားနိုင်ဖို့ ကင်မရာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ ဒီလိုအေးတဲ့နေရာမှာ ကင်မရာကိုအပြင်မှာ သုံးချေင်းထောက်နဲ့ရိုက်ရင် ပျက်စီးသွားနိုင်ပါတယ်။ ဒါပေမယ့် ကံကောင်းတာက ဒီတခေါက်ခရီးစဉ်မှာ ရုံးကလုပ်ငန်းသုံးကင်မရာကိုမယူပဲ ကိုယ်ပိုင်ကင်မရာအသေးလေးကိုသာ ယူလာ မိလို့တော်သေးတယ်။ အဲဒီကင်မရာငယ်ကို ထောင်ပြီး နှင်းလျောစီးရင်း Report လုပ်တဲ့ပုံ ရိုက်လိုက်တာ ကင်မရက ပိတ်လို့မရ၊ ဖွင့်လို့မရ၊ ဘာမှလုပ်မရဖြစ် သွားခဲ့ပါတယ်။ ပျက်သွားပြီလို့ ထင်ပေမယ့် တကယ်က ပျက်တာမဟုတ်။ အေးလွန်းလို့ Freez ဖြစ်သွားတဲ့သဘော။ အခန်းထဲပြန် ရောက်ပြီး မီနစ် ၃၀ ခန့်ကြာတဲ့အချိန်မှာ ကင်မရာက သူ့အလိုလို မီးပြန်လင်းလာပါတယ်။

(ရေခဲရဲတိုက်ထဲမှ ရေခဲကော်ဖီဆိုင်)

ဖင်လန်က အဲဒီမြောက်ပိုင်းမှာ ဘယ်လောက်အထိအေးသလဲဆိုရင် အနှုတ် ၃၀ ဒီဂရီအထိရှိပါတယ်။ နှင်းတွေကလည်းကျလိုက်တာအရမ်းပါပဲ။ တကယ်တော့ ဒီလောက်နှင်းကျနေရင် နှင်းလျောစီးလို့ကောင်း တဲ့အချိန်မဟုတ်ပါ။ ဒါကိုမသိ၊ နှင်းလျောလဲတခါမှမစီးဖူးတဲ့ ကျနော်တို့ဟာ ကိုအောင်မော်ဆီက နှင်းလျောစီးကရိယာတွေ၊ ၀တ်စုံတွေငှားပြီး ဟန်ပြဓာတ်ပုံရိုက်၊ ဟန်ပြ ရီပုဒ်လုပ်ရင်းနဲ့ ကင်မရာကြီးပါ စက်တော်ခေါ်သွားတဲ့အထိပါပဲ။

နောက်ထပ် မှတ်မိနေတဲ့အချက်တခုကတော့ ဖင်လန်က အိမ်တိုင်းလိုလိုမှာ (Sauna) ဆောင်နာ (ဆွေးထုတ်ခန်း) ရှိပါတယ်။ နော်ဝေးမှာမရှိပါဘူး။ ဆောင်နာသွားချင်ရင် အားကစားရုံတွေဆီ အခပေးပြီးဝင်ရပါတယ်။ ဒီလောက် အေးတဲ့နေရာမှာ ချွေးထွက်အောင်လုပ်ဖို့အရေးက သိပ်မလွယ်လှ။ ဒီတော့ ဆောင်နာထဲဝင်ပြီး ချွေးထုတ်ရပါတယ်။ ချွေးတဒီဒီးစီးကျလာတဲ့အခါ ဆီးနှင်းပြင်ထဲ ပြေးထွက်ပြိး ရေခဲရေအိုင်ထဲ ခုန်ချလိုက်ရင် အပူ-အအေး Shock ရိုက်သလိုဖြစ်ကာ လူကအတော်လန်းလန်းဆန်းဆန်း ဖြစ်သွားလေ့ရှိပါတယ်။

နောက်တချက်အမှတ်ရနေတာကတော့ ရေခဲပြင်မှာ ငါးမျှားခြင်းပါပဲ။ မင်းသမီးစခန်းဘေးက တနသာင်္ရီမြစ် ထဲမှာသာ ငှားမျှားဖူးခဲ့တဲ့ ထားဝယ်သားတွေ ရေခဲပြင်မှာငါးမျှားတာကို ဘယ်တတ်ပါ့မလဲ။ ဒါပေမယ့် ကိုအောင်မော်ရဲ့သူငယ်ချင်း ဖင်း အိမ်နီးချင်းတဦးက ကျနော်တို့ကိုအသေချာသင်ပေးပါတယ်။ နွေရာသီတုန်းက ရေကန်ကြီးဟာ အခုဆောင်းရာသီမှာ ရေခဲပြင်ကြီးဖြစ်နေပါတယ်။ အဲဒီရေခဲပြင်ကို လွန်နဲ့တူးတော့ ရေခဲတွေပဲထွက်လာတာပေါ့။ အဲဒီလို ရေခဲလွန်စာ တပေကျော်လောက်ထွက် လာပြီးတဲ့အခါမှာတော့ လွန်ကရေထဲရောက်သွားပြီ။ အဲဒီလွန်ပေါက်ထဲကို ငှားမှားချိတ် ထိုးထည့်။ စိတ်ရှည်လက်ရှည်နဲ့စောင့်နိုင်ရင် ၁၀ မီနစ်လောက်ဆို ငါးလာကိုက်တယ်လို့ဆိုပါတယ်။

ဒါပေမယ့် အအေးချိန် အနှုတ် ၃၀ လောက်ရှိတဲ့ရေခဲပြင်မှာ ထားဝယ်သားတွေ ကြာကြာဘယ်ထိုင်နိုင် ပါ့မလဲ။ ငါး မရလဲနေတော့ဆိုပြီး တညတာတည်းခိုရာ ဆောင်းတွင်းတည်းခိုခန်းငယ်လေး ဆီပြေးဝင်ကြ တာပေါ့။ ပုံမှန်အားဖြင့် ဆိုရင်တော့ ဒီလောက်အေးတဲ့ရာသီဥတုအခြေနေမှာ ကွန်ကရစ်နဲ့ဆောက်ထားတဲ့ ဟိုတယ်အကြီးကြီးတွေမှာ တည်းသင့်တယ်လို့ထင်မိမှာပေါ့။

ဒါပေမယ့် ဒီစကင်းဒစ်နိုင်ငံတွေမှာတော့ ကောင်းဘွိုင်ကားထဲကလို သစ်လုံးအိမ်ငယ်လေးတွေမှာသာ ဂုဏ်ယူစွာတည်းလေ့ ရှိကြပါတယ်။ အမိုးနဲ့ အကာက သစ်လုံးကြီးတွေ၊ အခင်းက သစ်သား အကြမ်းထည်။ အားလုံး သစ်တွေချည်း။ သဘာဝအတိုင်းနေချင်သူတွေအတွက်ဆောက်ထားတာဆိုတော့ အနွေးပေး စက်လည်းမရှိပါ။ ထင်းမီးဖိုကြီးထဲ ထင်းတွေထည့်ပြီး မီးမွေးရတာကိုက အရသာတခု။ ဥရောပရောက် တောပြန်ရဲဘော်တွေအတွက်တော့ တချိန်ကတနသာင်္ရိုးမက သစ်ပင်တွေကြားရှင်သန်ခဲ့ဖူးတဲ့ ဘ၀တွေကို အမှတ်ရစရာပေါ့။


အဲဒီလို ထူးဆန်းတဲ့သဘာဝအလှတရားတွေ၊ အရှေ့နဲ့အနောက်ရဲ့ကွာခြားချက်တွေ၊ အပူ-အအေး ဓာတ်တွေကို လ့လာပြီးတဲ့အခါမှာတော့ ကီမီမြို့က ကိုရဲမင်းအောင်ရဲ့ နေအိမ်ဆီရောက်သွားပါတယ်။ သူရေးထားတဲ့ ဖင်လန်-မြန်မာ၊ ဖင်လန်-ကရင် အဘိဓာန်တွေကိုထုတ်ပြမှ တောပြန်ဆရာက အဘိဓာန်ပြုစုနေသူမှန်း သိခွင့်ရလိုက်ပါ တယ်။ မြန်မာနိုင်ငံမှာနေစဉ်တုန်းကတော့ အဘိဓာန်ပြုစု တယ်ဆိုတာဟာ ဦးထွန်းငြိမ်းတို့လို၊ ဆရာယုဒဿန်တို့လို၊ ဆရာတက်တိုးတို့လို ပုဂ္ဂိုလ်ကြီးတွေနဲ့ သာဆိုင်ပီး ကိုယ်နဲ့ဘာမှမဆိုင်ဘူးလို့ထင်ထားပေမဲ့ ဒီမှာတော့ အဲဒီလို မဟုတ်တော့။ 

အစဉ်အလာအရ မြန်မာနိုင်ငံသားတွေ တခါမှမရှိခဲ့ဖူးတဲ့၊ ရှိရင်လဲ ဆယ်ဂဏန်းထက်မပိုခဲ့ဖူးတဲ့၊ မြန်မာ သံရုံးလဲ တခါမှမဖွင့်ဖူးသေးတဲ့ ဒီ စကင်ဒီနေဗီယန်းဒေသမှာ သက်ဆိုင်ရာဘာသာစကားကိုသင်ဖို့ ဘာ အဘိဓာန်မှ မရှိသေးပါ။ အနောက်တိုင်းသားအားလုံး အင်္ဂလိပ်စကားပြောတယ်လို့ ထင်ထားခဲ့တဲ့ ဟိုး ရှေးရှေးကအမြင်တွေဟာလဲ ဒီရောက်တော့မှ လက်တွေ့နဲ့အထင် တလွဲစီဖြစ်နေခဲ့ပေါ့။ ဥရောပဟာလဲ ကျနော်တို့ အရှေ့တောင်အာရှက နိုင်ငံတွေလိုပါပဲ။ နိုင်ငံတခုချင်းစီအလိုက် ကိုယ်ပိုင်ဘာသာ စကား တခုစီရှိနေတဲ့အတွက် အဲဒီနိုင်ငံမှာနေရင် အဲဒီစကားကို မပြောတတ်လို့မဖြစ်။ ဆိုလိုတာကတော့ အင်္ဂလိပ်စကားတတ်နေယုံနဲ့ ဒီနိုင်ငံတွေမှာ အလုပ်မဖြစ်ပါ။ 

ဒါကြောင့် သက်ဆိုင်ရာနိုင်ငံရဲ့ စာပေနဲ့ မြန်မာစာပေအကြား ပေါင်းကူးသင်ပြနိုင်အောင် အဘိဓာန်တွေကို အခုမှ ရောက်လာတဲ့လူတွေ ကိုယ်တိုင်ဦးစီးပြီး ပြုစုနေရတယ်ဆိုပါတော့။ အလားတူ ပြုစုနေမှုတွေကို နယ်သာလန် ရောက်စဉ်ကလဲ ကျနော်တွေ့ခဲ့ရပြီး ကျနော်တို့ နော်ဝေးမှာလညး မကြာသေးခင်ကဘဲ့ နော်ဝေး-မြန်မာ အဘိဓာန် ထုတ်ဝေလိုက်ပြီဖြစ်ပါတယ်။ ဒီအဘိဓာန်တွေဟာ ရှေ့မှာပြောခဲ့တဲ့ ဦးထွန်းငြိမ်းတို့၊ ယုဒသန်တို့လို ပညာရှင်တွေပြုစုတဲ့အဘိဓာန်မဟုတ်ဘဲ လုပ်ငန်းခွင်ထဲကလူတွေက တကယ့်လိုအပ်ချက်အရပြုစုထားတာဖြစ်တဲ့အတွက် ဘာသာဗေဒအရ အားနဲချက်တွေရှိကောင်း ရှိနေနိုင်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ တတိယ နိုင်ငံရောက်မြန်မာတွေအတွက် မရှိမဖြစ်လိုနေတဲ့ စာအုပ်တွေပဲ မဟုတ်ပါလား။
.................................................................................

နေမ၀င်အရပ်ရောက်ခဲ့စဉ်က ရုပ်-သံ မှတ်တမ်း

...........................................................

နေမထွက်တဲ့အရပ် ရောက်ခဲ့စဉ်က ရုပ်-သံ မှတ်တမ်း

...........................................................

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More