တိုင်းရင်းသားအရေး ဘယ်လောက်အထိ တွေးထားကြသလဲ
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (၆၈) ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်ပါတယ်ဆိုပြီး သမ္မတဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။ ဇန်နဝါရီလ ၄ ရက်နေ့ (၆၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နေပြည်တော်မှာ ကျင်းပတဲ့ ဗိုလ်ရှုခံပွဲအပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ အဲဒီလိုပြောခဲ့တာပါ။
ဒါပေမဲ့ ပြည်ထောင်စုနေ့ မရောက်မီ ဖေဖော်ဝါရီလ ၉ ရက်နေ့ကတည်းက ရှမ်း-မြောက်ဒေသရှိ ကိုးကန့်အထူးဒေသဆီ ဖုန်ကြားရှင်တပ်တွေ (MNDAA) က ဝင်တိုက်လိုက်တဲ့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး ဆိုတာဟာ ၂၀၁၅ ပြည်ထောင်စုနေ့မှာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ဒါဆို ၂၀၁၅ နှောင်းပိုင်းနဲ့ ၂၀၁၆ အစောပိုင်းမှာကော ဖြစ်လာနိုင်ခြေ ရှိသေးလား။ ကိုးကန့်မှအပ ကျန်အဖွဲ့တွေ အားလုံးနဲ့ တပ်မတော်အကြား အပစ်အခတ်ရပ်ထားနိုင်ခဲ့ပြီလား။
တိုင်းရင်းသားအရေးလား၊ ပြည်ပ ပယောဂလား
လွတ်လပ်ရေးရပြီး ၆၇ နှစ်တာ ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်အကြား နယ်စပ်ဒေသမှာ ဒီလိုတိုက်ပွဲဖြစ်တာ အသစ်အဆန်း မဟုတ်ပါဘူး။ နေ့စဉ်မဟုတ်ရင်တောင် ကြိုကြားကြိုကြား ဖြစ်နေတာပါပဲ။
ဒါဖြင့် အခုတစ်ကြိမ် တိုက်ပွဲကျမှ ဘာကြောင့် တပ်မတော်ဘက်က အကြီးအကျယ် ခံပြင်းနေပြီး သမ္မတရော၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပါ ထိခိုက်ဒဏ်ရာရ စစ်သည်တွေကို သွားရောက်အားပေးတဲ့ ဓာတ်ပုံတွေကို နိုင်ငံပိုင်သတင်းစာတွေက အသားပေးဖော်ပြနေကြတာလဲ။ ဘာကြောင့် ဒီစစ်ပွဲကို ပြည်တွင်းစစ်လို့ မပြောဘဲ အချုပ်အခြာအာဏာကို ထိပါးတဲ့ ကျူးကျော်မှုလို့ ပြောလိုက်တာလဲ။ ဒီစစ်ပွဲနဲ့ အရင်ပွဲတွေ ဘာကွာလို့လဲ။
သေချာတာကတော့ အရင်ကဖြစ်ခဲ့တဲ့ စစ်ပွဲတွေဟာ အရင်တပ်မတော် အစိုးရက အာဏာသိမ်းထားစဉ်မှာ ဖြစ်ခဲ့ပြီး အခုစစ်ပွဲက ရွေးကောက်ပွဲနဲ့ တက်လာတယ်လို့ ပြောနိုင်တဲ့ လက်ရှိအစိုးရ၊ အပစ်အခတ်ရပ်စဲရေးကို တစ်နိုင်လုံး အတိုင်းအတာနဲ့ လုပ်ဖို့အထိ ကြိုးစားနေတဲ့ အစိုးရလက်ထက်မှာ ပေါ်ပေါက်လာတဲ့ ပထမဆုံးနဲ့ အပြင်းထန်ဆုံးတိုက်ပွဲ ဖြစ်နေလို့ပါပဲ။
အစိုးရရဲ့ သတင်းထုတ်ပြန်ချက်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ လေသံတွေကို အသေအချာ နားထောင်မယ်ဆိုရင် ဖုန်ကြားရှင်အဖွဲ့ နောက်မှာ တရုတ်အစိုးရက ပါဝင်ပတ်သက်နေတယ်၊ အားပေးထောက်ခံနေတယ်ဆိုတဲ့ သံသယတွေ ပါနေတာကို တွေ့နိုင်ပါတယ်။ တရုတ်နယ်စပ်မှာ ဖြစ်တိုင်း တရုတ်အစိုးရက ပါဝင်ပတ်သက်နေတယ်လို့ ပြောသင့်သလား။ ထိုင်းနယ်စပ် တိုက်ပွဲတွေတုန်းကလည်း ထိုင်းအစိုးရက သူပုန်တွေကို အားပေးနေပါတယ်ဆိုပြီး မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်ဘက်က အလားတူ စွပ်စွဲခဲ့ဖူးတာပဲ မဟုတ်ပါလား။
နယ်စပ်မှာ တိုက်ပွဲဖြစ်လို့ သူပုန်တပ်တွေ အိမ်နီးချင်းနိုင်ငံထဲ နယ်ကျွံသွားတာ၊ ဒုက္ခသည်တွေ အိမ်နီးချင်းနိုင်ငံထဲ ထွက်ပြေးသွားတာ။ အဲဒီဘက်မှာ အင်အားပြန်စုပြီး မြန်မာနိုင်ငံထဲ ပြန်လာတိုက်တယ် ဆိုတာဟာ လွန်ခဲ့နှစ် ၆၀ လောက်အတွင်း အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့ဖူးပြီးသားပါ။ ဘာကြောင့် အခုမှ အမျိုးသားရေးကို ရှေ့တန်းတင်ပြီး ပြည်ပကျုးကျော်မှုလိုလို ပုံဖော်ဖို့ ကြိုးစားလာတာလဲ။
လူမျိုး ၁၃၅ မျိုးနဲ့ ရှစ်ပြည်နယ်မူကို လက်ခံသလား
အရင်စစ်အစိုးရခေတ်က ချမှတ်ထားတဲ့ မြန်မာနိုင်ငံမှာ လူမျိုးစု ၁၃၅ မျိုး ရှိတယ် ဆိုတာကို လက်ရှိအစိုးရက လက်ခံတယ်ဆိုရင် ၁၃၅ ထဲက တစ်မျိုးဖြစ်တဲ့ ကိုးကန့်ကိုလည်း လူမျိုးစုတစ်ခုအဖြစ် လက်ခံရမှာ ဖြစ်ပါတယ်။ ဒီလိုလက်ခံပြီဆိုရင် ဒီကိစ္စကို တိုင်းရင်းသားကိစ္စအဖြစ် သဘောထားပြီး တွေ့ဆုံဆွေးနွေး အဖြေရှာရမှာ ဖြစ်ပါတယ်။ လောလောဆယ် လုံခြုံရေး လိုအပ်ချက်အရ ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေး ချလိုက်တာ၊ တိုက်ပွဲတွေ ဖြစ်နေတာကတစ်ပိုင်း ဖြစ်ပါတယ်။
၁၃၅ မူကို လက်ခံလို့ ဆွေးနွေးပြီဆိုရင် ဘယ်အထိ ဆွေးနွေးမှာလဲ။ အရင် ၁၉၈၉ ဆွေးနွေးပွဲလို အပစ်အခတ်ရပ်ပြီး စီးပွားရေး လုပ်ခွင့်ပေးရုံနဲ့မရ။ ၂၀၀၄ ခုနှစ်လို ညောင်နှစ်ပင်ညီလာခံဆီ တက်ခွင့်ပေးပြီး ကိုယ်စားလှယ် ခွဲတန်းပေးလိုက်ရုံနဲ့မရ။ ၂၀၀၉ ခုနှစ်လို BGF နယ်ခြားစောင့်တပ်ကို လက်မခံလို့ဆိုပြီး အပြတ်တိုက်ထုတ်လိုက်လို့လည်း မရပါ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် ဘယ်လိုသဘောထားသလဲ၊ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ နိုင်ငံရေးမူဝါဒတစ်ရပ် အစိုးရဆီမှာ တိကျပြတ်သားစွာရှိဖို့ လိုနေပါတယ်။
ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်တဲ့ တပ်မတော် ထောက်လှမ်းရေးခေတ် ၁၉၈၉ ကနေ ၂၀၀၄ ခုနှစ် ကာလအတွင်း အဓိကမူဝါဒဟာ တို့တာဝန် အရေးသုံးပါးကို လက်ခံရင် နှစ်ဖက်အပစ်ရပ်ထားမယ်။ ကျန်တဲ့ကိစ္စ ရွေးကောက်ခံ အရပ်သားအစိုးရအသစ် တက်လာမှ ဆက်ဆွေးနွေးမယ်ဆိုတဲ့ မူလောက်သာ ရှိပါတယ်။
ဒါပေမဲ့ ဒီမူဝါဒဟာ အခု ၂၀၁၁ နောက်ပိုင်း အရပ်သားတစ်ပိုင်း အစိုးရသစ် တက်လာတဲ့ အထိလည်း အပြောင်းအလဲ မရှိသေးပါ။ ဝန်ကြီး ဦးအောင်မင်းနဲ့ MPC ငြိမ်းချမ်းရေးစင်တာက အဖွဲ့တွေဟာလည်း တို့တာဝန် အရေးသုံးပါးနဲ့ သွားနေဆဲပါ။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ကိုပဲ ဇောင်းပေးနေပြီး လက်နက်ကိုင်တပ်တွေရဲ့ အနာဂတ်နဲ့ အဲဒီအဖွဲ့တွေက တောင်းဆိုနေတဲ့ လူမျိုးစုကို အခြေခံတဲ့ ရှစ်ပြည်နယ်မူကို လက်ခံမခံ တစ်ခါမှ ထုတ်ပြောတာ မတွေ့မိသေးပါ။
လူတစ်စုငြိမ်းချမ်းရေးမှ လူထုငြိမ်းချမ်းရေးသို့
တကယ်တမ်းပြောမယ် ဆိုရင်တော့ ၁၃၅ မျိုးတို့၊ ရှစ်ပြည်နယ်တို့ ဆိုတာတွေဟာ ဦးအောင်မင်းနဲ့ MPC က အာမခံလိုက်ရုံနဲ့ မရပါ။ တိုင်းရင်းသားတပ်ပေါင်းစု UNFC က လက်ခံထားတယ် ဆိုရုံနဲ့လည်း အတည်မဖြစ်ပါ။ ဒါဟာ မြန်မာနိုင်ငံသားတိုင်းနဲ့ ဆိုင်တဲ့ကိစ္စ၊ နိုင်ငံသားတိုင်းရဲ့ ဆန္ဒကို ခံယူပြီးမှ ပြောရဆိုရမယ့် ကိစ္စတွေပါ။ ဒါပေမဲ့ အခုချိန်ထိ မြင်ရသလောက် ဆွေးနွေးပွဲတွေထဲမှာ သာမန်နိုင်ငံသားတွေ ပါခွင့်မရသေး။ နှစ်ဖက်ဗိုလ်ချုပ်တွေနဲ့ အကျိုးတော်ဆောင်တွေသာ ထပ်ကာထပ်ကာ ဆွေးနွေးနေတာမျိုး ဖြစ်နေပါတယ်။
ဘာကြောင့်လဲ။ သာမန်နိုင်ငံသားတွေ ပါနိုင်တဲ့ အဆင့်ဆီ မရောက်သေးလို့လား။ ဒါမှမဟုတ် နှစ်ဖက်ဗိုလ်ချုပ်တွေက သဘောတူလိုက်ရင် သာမန်နိုင်ငံသား အားလုံးက လက်ခံရမယ်ဆိုတဲ့ လမ်းဟောင်းကြီးအတိုင်း သွားနေဆဲလား။ ၁၉၈၉ ကနေ ၂၀၁၀ မတိုင်ခင်အထိ အခြေအနေကိုတော့ ထားလိုက်ပါတော့။ အခုက ရွေးကောက်ခံ အစိုးရခေတ်၊ မီဒီယာလွတ်လပ်ခွင့် (အသံလွှင့် မီဒီယာမှအပ) ပေးထားတဲ့ခေတ်၊ ပညာရေးလွတ်လပ်ခွင့်အတွက် တွေ့ဆုံဆွေးနွေးနေတဲ့ ခေတ်မှာ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအရေးကို အများပြည်သူ များများသိအောင်၊ များများစိတ်ဝင်စားအောင်၊ များများပါလာအောင် လုပ်မပေးသင့်ဘူးလား။
ကောင်းတာတစ်ခုကတော့ အခု ကျွန်တော်ရေးနေတဲ့ ဆောင်းပါးမျိုးကို လွန်ခဲ့တဲ့သုံးနှစ်၊ စစ်အစိုးရခေတ်ကဆို မြန်မာနိုင်ငံမှာ ဘယ်ဖတ်ခွင့်ရပါ့မလဲ။ အခုဆို ကျွန်တော်တို့ထက်တောင် ပိုမိုပွင့်လင်း၊ ပိုမိုရဲတင်းတဲ့ ရေးသားချက်တွေကို နေ့စဉ်ထုတ်သတင်းစာ (ပုဂ္ဂလိကသတင်းစာ)၊ ဂျာနယ်တွေမှာ တွေ့လာနေရပါပြီ။ ကိုးကန့်ပြဿနာကို ဘယ်လိုကိုင်တွယ်သင့်သလဲ ဆိုတဲ့ မတူတဲ့ရှုထောင့်က တင်ပြထားတဲ့ ရဲရင့်တဲ့ အမြင်ပေါင်းစုံကို စာဖတ်သူတွေ ဖတ်ရှုဝေဖန်နိုင်နေပြီ။
ဒါပေမဲ့ ဒီစာစောင်တွေကို မြန်မာနိုင်ငံ လူဦးရေ သန်း ၅၀ မှာ ဘယ်နှရာခိုင်နှုန်းလောက် ဖတ်သလဲ။ အထူးသဖြင့် အခုလောက်ကိုင်မှာ တိုက်ပွဲဖြစ်လို့ ထွက်ပြေးလာရတဲ့ အရပ်သားတွေ ဒီလိုမတူတဲ့သ ဘောထားအမြင်တွေကို ဖတ်ခွင့်ရပါရဲ့လား။ တိုက်ပွဲတွေ ဘာကြောင့်ဖြစ်ပြီး သူတို့ ဘာကြောင့်ထွက်ပြေးလာရသလဲ။ အရင်က ဘာတွေဖြစ်ခဲ့သလဲ။ သူတို့ ဘယ်အချိန်မှာ အဲဒီနယ်ဆီ ပြန်လာခွင့်ရမလဲ ဆိုတာကို စဉ်းစားနိုင်ဖို့ အများပြည်သူဆီမှာ သတင်းအချက်အလက် အပြည့်အဝ လက်ခံရရှိပါရဲ့လား။
မျိုးဆက်အလိုက် အသိပညာပေးဖို့လို
ကိုးကန့်အပါအဝင် တိုင်းရင်းသား ၁၃၅ မျိုးဟာ လက်ရှိသမ္မတနဲ့ လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မတက်ခင် နှစ်ပေါင်းပဝေသဏီကတည်းက မြန်မာနိုင်ငံမှာ ရှိနေတဲ့အတွက် ဒါကိုမကြိုက်လို့ ဆိုပြီး တိုက်ထုတ်ပစ်လို့ မရပါ။ ဒီလိုပါပဲ မြောက်ဘက်အိမ်နီးချင်း တရုတ်၊ အရှေ့ဘက်အိမ်နီးချင်း ထိုင်း၊ အနောက်ဘက် အိမ်နီးချင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကိုလည်း မကြိုက်လို့ဆိုပြီး မဆက်ဆံဘဲ နေလို့မရပါ။ သူပုန်အားပေးတဲ့ နိုင်ငံတွေလို့ စွပ်စွဲပြီး ရန်မူနေလို့ မဖြစ်ပါ။ မည်သို့ပင် ပြဿနာတွေ ရှိခဲ့စေ၊ ရှိနေစေကာမူ တွေ့ဆုံဆွေးနွေးပြီး အတူတကွ ရှင်တွဲနေထိုင်ကြရမှာပဲ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံ အားလုံးဟာ မြန်မာနိုင်ငံထက် ပိုမိုငြိမ်းချမ်း၊ ပိုမိုတိုးတက်ဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေ ဖြစ်နေတယ် ဆိုတာကိုလည်း သတိမူဖို့ မေ့မနေသင့်ပါ။
ဒီအတွက် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို နှစ်ဖက်ဗိုလ်ချုပ်တွေတင်မက အများပြည်သူကိုပါ အသိပေးဖို့ လိုလာပါတယ်။ အခုတိုက်နေတဲ့ ဖုန်ကြားရှင်ဆိုရင် အသက် ၈၀ ကျော်နေပြီ။ သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၇၀ တန်း၊ ၆၀ တန်းတွေ။ ပြဿနာစခဲ့တာက လွတ်လပ်ရေးနဲ့အပြိုင် လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်ကတည်းက။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ဒီပြဿနာတွေဟာ တစ်ထိုင်တည်းဖြေရှင်းလို့ မပြီးနိုင်၊ မျိုးဆက်အလိုက် ဖြေရှင်းရမယ့် ပြဿနာတွေ ဖြစ်ပါတယ်။
ဒါကြောင့် ဒီပြဿနာတွေ၊ ဖြေရှင်းသင့်တဲ့ နည်းလမ်းတွေကို မျိုးဆက်အလိုက် လေ့လာသိရှိဖို့ လိုပါတယ်။ အသက် ၈၀ တန်း၊ ၆၀ တန်း လူတွေချည်း စဉ်းစားနေလို့မရ။ အသက် ၄၀ တန်း၊ ၂၀ တန်း မျိုးဆက်သစ်တွေပါ ဝိုင်းစဉ်းစားဖို့ လိုနေပါတယ်။ ဒီအတွက် ဘာလုပ်ကြမလဲ။ ဒီဖြစ်စဉ်တွေ၊ သမိုင်းတွေကို ကျောင်းသားသင်ရိုးညွန်းတမ်းတွေထဲမှာ ထည့်ပြီး မျိုးဆက်သစ် ကျောင်းသားတွေကို အသိပေးဖို့လိုမယ်လို့ ထင်မိပါတယ်။
ဖုန်ကြားရှင်အဖွဲ့နဲ့ တိုက်ပွဲဖြစ်တာ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ နီးပါးနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်နေတာ။ MPC ကဦးစီးပြီး နိုင်ငံတကာ ငွေကြေးအထောက်အပံ့နဲ့ အကြိမ်ကြိမ်အခါခါ ဆွေးနွေးပွဲ လုပ်နေတာတွေကို သတင်းစာ၊ ဂျာနယ်တွေထဲမှာ လွတ်လပ်စွာ ရေးခွင့်ပေးသလိုမျိုး ကျောင်းသင်ခန်းစာတွေအတွင်း (IR နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်မှာ အနည်းအကျဉ်း ထည့်ပေးထားတာအပြင်) တရားဝင် ပြဋ္ဌာန်းပေးဖို့ လိုပါလိမ့်မယ်။
လွန်ခဲ့တဲ့ ၂၅ နှစ် ကျွန်တော်တို့ ကျောင်းသားဘဝကတော့ လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေ၊ အနည်းဆုံးအားဖြင့် အခု ဖုန်ကြားရှင် တစ်ချိန်က တာဝန်ထမ်းခဲ့ဖူးတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အစိုးရတပ်မတော်အကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲသမိုင်းတွေ၊ နယ်မြေအတော်များများကို ဗကပနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက ထိန်းထားတယ်ဆိုတဲ့ လက်တွေ့ပထဝီတွေကို သင်ခွင့်မရခဲ့ကြပါ။ အခုခေတ် ကျောင်းသားတွေကော သမိုင်းမှန်၊ ပထဝီ မှန်တွေကို သင်ခွင့်ရနေပြီလား။
ဒါမှမဟုတ် အစိုးရဘက်က စိတ်ကြိုက်ရေးထားတဲ့ တစ်ဖက်သတ် သမိုင်းနဲ့ ပထဝီတွေကိုပဲ အရင်ခေတ်လို သင်ခိုင်းနေဆဲလား။ သမိုင်းမှန်ကို သိမှသာ အနာဂတ်အမှန်ကို ပြဋ္ဌာန်းနိုင်မှာ ဖြစ်ပါတယ်။ တစ်ဖက်သတ် သမိုင်းကိုသာ သိရင်တော့ ကျောင်းသားတွေရဲ့ စိတ်ဟာလည်း တစ်ဖက်သတ် စိတ်ဆက်ဖြစ်နေပြီး တစ်ဖက်သတ်အနိုင်ရရေး ဗျူဟာနဲ့ပဲ မျိုးဆက်အလိုက် ဆက်မှားနေဦးမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့ ပကတိရှိနေတဲ့ သမိုင်းမှန် အရှိတရားအတိုင်း လူငယ်ကျောင်းသားတွေ၊ မျိုးဆက်သစ်တွေကို အသိပေးတင်ပြဖို့ လိုပါတယ်။ ဒီလို သမိုင်းအချက်လက်တွေကို အရှိအရှိအတိုင်း၊ အမှန်အမှန်အတိုင်း အများပြည်သူဆီ၊ မျိုးဆက်သစ်လူငယ်တွေဆီ တင်ပြသွားမယ် ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေး လုပ်လိုက်၊ ပြန်တိုက်လိုက်ခေတ်ကိုကျော်ပြီး လူမျိုးစု ၁၃၅ မျိုးစလုံး အတူတကွ ရှင်တွဲနေထိုင်နိုင်တဲ့၊ အပြန်အလှန် နားလည်ယုံကြည်မှု ရှိလာမယ့် အများပြည်သူပါ ပါဝင်ပတ်သက်ဆွေးနွေးခွင့်ရမယ့် ငြိမ်းချမ်းရေးခေတ်ဆီ အနှေးနဲ့အမြန် မလွှဲမသွေ ရောက်လာမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
ထက်အောင်ကျော်
0 comments:
Post a Comment