Friday, February 13, 2015

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၄၅)

သတင်းသမားသုံးဝေါဟာရများနှင့် ငြင်းခုန်ခြင်း

၂၀၁၀ ရွေးကောက်ပွဲကာလအခြေနေကိုမသွားခင် ၂၀၀၈၊ ၂၀၀၉ ခုနှစ်အတွင်းကပြုလုပ်ခဲ့တဲ့ သတင်း သုံးဝေါဟာရ ဆွေးနွေးပွဲတခုအကြောင်း တင်ပြချင်ပါတယ်။ သတင်းဌာနတိုင်းမှာ သူ့ကိုယ်ပိုင်ဟန် House Style ရှိကြမယ်ထင်ပါတယ်။ ဒီအတွက် ကျနော်တို့ DVB မှာလည်း တယောက်တမျိုးပြောနေတဲ့အသုံး အနှုန်းမဖြစ်စေပဲ အားလုံးက သဘောတူထားတဲ့ ‘’စံ’’ အသုံးအနှုန်း၊ House Style အသုံးအနှုန်းကိုသုံးနိုင်ဖို့ ဒီလိုဆွေးနွေးပွဲလုပ်ဖြစ်ခဲ့တာပါ။


ရန်ကုန်မှာကျင်းပတဲ့ DVB နဲ့ အစိုးရပြန်ကြားရေးဌာနတို့ကြားက ဆွေးနွေးပွဲတခု

အကြမ်းအားဖြင့်ကတော့ နိုက်တီးဂွမ်တီးကတည်းက DVB မှာပါလာတဲ့လူတွေဟာ တောထွက်နဲ့ ထောင်ထွက် (တောခိုကျောင်းသားဟောင်းနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း) တွေသာများပေမဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလ DVB-TV အောင်မြင်လာချိန်မှာတော့ နိုင်ငံရေးနောက်ခံနဲ့မဆိုင်တဲ့ အခြားနယ်ပယ်က တသီးပုဂ္ဂလ သတင်းသမားတွေလည်း DVB ထဲ အုပ်စုလိုက်ရောက်လာကြပါတယ်။ ဒီလိုနဲ့ ဒီလူ ၂ စုကြား သုံးတဲ့အသုံးအနှုန်းတွေက တယောက်တမျိုးစီဖြစ်လာခဲ့ပါတယ်။

ကျနော်မှတ်မိသလောက်ဆိုရင် အဲဒီဆွေးနွေးပွဲလုပ်တဲ့အချိန်မှာ ချင်းမိုင်ရုံးမှ အပတ်စဉ်ကဏ္ဍတာဝန်ခံ ကိုခင်မောင်စိုး (မောင်သာမည) နဲ့ ရုံးအုပ်ချုပ်ရေးမှုး ကိုတိုးဇော်လတ်တို့ အော်စလိုရုံးဆီရောက်နေပါတယ်။ အော်စလိုသတင်းခန်းမှ သတင်းအယ်ဒီတာ ကိုမိုးအေးနဲ့ ကျနော်ရယ်၊ ပြီးတော့ ညွန်မှုးတွေကလည်း ဖြတ်သွားဖြတ်လာ နားထောင်နေတယ်ထင်ပါတယ်။ ကျန်သတင်းခန်းကလူတချို့ကတော့ နားထောင်လိုက်၊ အလုပ်ပြန်သွားလုပ်လိုက်ပါပဲ။ ချင်းမိုင်ရုံးဖက်ကလူတွေက စကိုက် Skype ကနေလိုင်းပေါ်တက်ပြီး Conference သဘောမျိုးဆွေးနွေးကြတာပါ။ 

‘’လက်ရှိအစိုးရကိုကြံ့-ဖွတ်အစိုးရလို့ သုံးတာဟာ နှိမ်ချတဲ့သဘောဖြစ်နေသလိုပြည်ခိုင်ဖြိုးဆိုရင်လည်း လိုလား မြှောက်ပင့်တဲ့သဘောပါနေတယ်’’ ဒါကြောင့် ဒီအသုံးအနှုန်းကို အရင်ဆုံးဆွေးနွေးသင့်တယ်ဆိုပြီး တယောက်က အဆိုတင်ပါတယ်။ 

ဒီအဆိုကို ဘယ်သူတင်မှန်း မမှတ်မိတော့ပေမဲ့ ကြံ့-ဖွတ် ဆိုတဲ့အသုံးအနှုန်းကို အားပါးတရသုံးလာသူက တော့ ကျနော်ပါပဲ။ သူပုန်လူထွက်သတင်းသမားဆိုတော့ နဂိုကတည်းကပါလာတဲ့ အမြင်မကြည်မှုက မီဒီယာသမားဖြစ်တဲ့အထိ မဖျောက်နိုင်သေး။ တချို့က ကျနော်စားလုံးပေါင်းမှားရေးထားတယ်ထင်ပြီး ကြံ့-ဖွတ် နေရာမှာ ကြံ့-ဖွံ့ အဖြစ် လာပြောင်းပေးကြပါတယ်။ တကယ်က မှားရေးတာမဟုတ်။ အဲဒီလိုခေါ်ရ တာကို လျှာအရသာတွေ့လို့ တမင်ကို ဖွံ့ မဟုတ်ပဲ ဖွတ် အဖြစ်ပေါင်းထားတာပါ။

ဒါပေမယ့် လွတ်လပ်တဲ့မီဒီယာတခုအနေနဲ့ တန်းဝင်တဲ့အသုံးအနှုန်း၊ အများသဘောတူထားတဲ့အသုံးနှုန်း တခုကို ချမှတ်ရတော့မယ်ဆိုတော့ လျှာအရသာခံပြီးဆက်ပြောနေလို့မဖြစ်တော့။ ‘’ပြည်ခိုင်ဖြိုး တော့ မသုံးနိုင်ဘူးဗျာ။ ကြံ့ခိုင်ရေးပါတီ၊ ကြံ့ခိုင်ရေးအစိုးရ လောက်ဆိုရင်တော့ မဆိုးဘူးထင်ပါတယ်’’ လို့ဈေးညှိတော့ ‘’ကြံ့ခိုင်ရေး’’ ဆိုတဲ့အသုံး အနှုန်းကို အများကလက်ခံလိုက်ပါတယ်။


(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုရုံး)
ဒုတိယငြင်းခုန်တဲ့ကိစ္စက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အဖွဲ့ချုပ်လို့ခေါ်မလား၊ ဒီ-ချုပ် လို့ခေါ်မလား၊ NLD လို့ ခေါ်မလား။ အဲဒီအချိန်ထိ ကျနော်တို့တလျောက်လုံးသုံးလာတဲ့အသုံးအနှုန်းက ‘’အဖွဲ့ချုပ်’’ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအသုံးအနှုန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ချစ်စနိုးခေါ်တဲ့အသုံး၊ ထောက်ခံတဲ့အသုံးမျိုးဖြစ်နေတယ်ဆိုပြီး ဝေဖန်ခံရပါတယ်။ ဒီလိုနဲ့နောက်ဆုံးတော့ NLD အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဆိုပြီးသုံးဖို့ သဘောတူလိုက်ကြပါတယ်။

နောက်ထပ် ငြင်းခုန်ရတဲ့အသုံအနှုန်းတခုကတော့ ‘’ကြပ်ပြေးနေပြည်တော်’’ ဆိုတဲ့စကားလုံးပါ။ ၂၀၀၅ ခုနှစ်၊ ရန်ကုန်ကနေ နေပြည်တော်ဆီအစိုးရအဖွဲ့ပြောင်းကတည်းက ဒီအသုံးအနှုန်းကိုသုံးလာခဲ့ပေမဲ့ ဒါဟာ အရှိတရားကိုပြောတာ မဟုတ်ပဲ အစိုးရကိုနှိမ်ပြောတဲ့သဘောပါနေတဲ့အတွက် မသင့်တောဘူးဆိုတဲ့ ဆွေးနွေးချက်ပါ။ ဒီလိုနဲ့ ကြပ်ပြေးကို ဖြုတ်ပေးလိုက်ရပြီး နေပြည်တော်အဖြစ်သာ ခေါ်ခွင့်ရှိပါတော့တယ်။

ဒါကအရေးကြိးတဲ့ အဖွဲ့အစည်းအမည်တချို့ကိစ္စပါ။ နောက်ထပ်အငြင်းပွားရတဲ့ကိစ္စက လူအမည်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကို ‘’ဒေါ်စု’’ ‘’အန်တီစု’’ လို့ခေါ်ခွင့်ရှိသလား၊ (အခုဆိုရင်တော့ အမေစု ပေါ့) ဆိုပြိး ငြင်းကြပါတယ်။ အဲဒီအချိန်ထိ ကျနော်တို့လူဟောင်းအတော်များများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အဖွဲ့ချုပ်၊ ဒေါ် အောင်ဆန်းစုကြည်ကို ဒေါ်စု အဖြစ်ခေါ်လာတာ နှုတ်ကျိုးနေဆဲပါ။ တခါ ဒေါ်အောင်ဆန်းစု ကြည်နဲ့ အင်တာဗျုးတခုအတွင်း ‘’အန်တီ’’ ဆိုတဲ့ နာမ်စားကို ကိုယ့်ဖက်ကသုံးမိသလို ဒေါ်အောင်ဆန်စု ကြည်ဖက်ကလည်း ‘’သား’’ ဆိုတဲ့ နမ်စားကိုသုံးမိလို့ အတော်လေးဝေဖန်ခံလိုက်ရတာကို မှတ်မိနေပါ သေးတယ်။

ဒီလိုငြင်းခုန်ပြီးနောက်ဆုံးမှာတော့ ဒေါ်စု၊ အန်တီစု ဆိုတဲ့ အတိုကောက်အခေါ်အဝေါ်တွေဟာ ချစ်ခြင်း၊ လိုလားခြင်း သဘောပါနေတဲ့အတွက် မသုံးသင့်ဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်။ ဘက်မလိုက်တဲ့ မီဒီယာ သမားဆိုရင် ချစ်ခြင်း၊ မုန်းခြင်း၊ လိုလားခြင်း Pro ဆန့်ကျင်ခြင်း Anti တွကို ရှောင်ကိုရှောင်ရမှာဖြစ် တယ်လို့ အများသဘောတူ လက်ခံခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံရေးရပ်တည်ချက်နဲ့လည်းမဆိုင်၊ ချစ်ခြင်း၊ မုန်ခြင်းနဲ့လည်းမဆိုင်တဲ့ ဝေါဟာရတခုကတော့ ကျနော်တို့ကြားဆုံးဖြတ်ချက်မချနိုင်ပဲ။ ဒါမှမဟုတ် အများစုက လက်ခံပေမယ့် ကျနော်ကလက်မခံနိုင်ပဲ ဖြစ်ခဲ့ဖူးပါတယ်။ အဲဒါကတော့ ‘’သူ’’ နဲ့ ‘’သူမ’’ ကိစ္စပါ။ 

မြန်မာစကားမှာ ‘’သူမ’’ ဆိုတာ မရှိဘူး။ ‘’သူ’’ ပဲ ရှိတယ်ဆိုပြီး ကိုခင်မောင်စိုး (မောင်သာမည) က အခိုင် အမာပြောပါတယ်။ ဒါကို ကျနော်က လက်မခံပါဘူး။ အရင်က မရှိပေမဲ့ အခုခေတ်လိုအပ်ချက်အရ အသစ် တိုးသင့်ရင်တိုးရမှာပေါ့။ လမ်းဟောင်းကြီးအတိုင်ချည်းလိုက်နေလို့ဘယ်ဖြစ်မလဲ။ ထွင်သင့်ရင်ထွင်ရမှာပေါ့ ဆိုတော့ အများစုက ကျနော့်အဆိုကို လက်မခံပါ။ 

ဥပမာ ဒေါ်အောင်ဆန်းစုကြည်အမည်ကို သတင်းထဲမှာပြောမယ်ဆိုရင် သူ့အမည်ကိုချည်းထပ်ကာထပ်ကာ ပြောနေရရင် အဲဒီအတွက် အချိန်အများကြီးကုန်လိမ့်မယ်။ ပရိသတ်လည်း နားဝင်ချောမှာမဟုတ်။ ပြီးတော့ အရင်လို ‘’ဒေါ်စု’’ ဆိုပြီးလည်း အတိုကောက်ခေါ်ခွင့်မရှိတော့ပါ။

ဒီတော့ ပထမ တကြိမ်မှာ ဒေါ်အောင်ဆန်းစုကြည်လို့သုံးပြီး နောက်ပိုင်းမှာ နာမ်စားသုံးရမှာပေါ့။ အဲဒီ နာမ်စားက ဘာဖြစ်မလဲ။ ‘’သူ’’ လား။ ‘’သူမ’’ လား ဆိုတော့ ‘’သူ’’ ပဲ သုံးရမယ်လို့ သူတို့ဆိုပါတယ်။ ကျနော်ကတော့ သူမ ကို ပိုသဘောကျပါတယ်။ တခြားနေရာတွေတော့မသိဘူး။ ဒီနေရာမှာတော့ သူမ သုံးမှကိုဖြစ်လိမ့်မယ်လို့ ကန့်ကွက်မိခဲ့ပါတယ်။

အဲဒါ ၂၀၀၈၊ ၂၀၀၉ ခုနှစ် ၀န်းကျင်ကဆွေးနွေးငြင်းခုန်ခဲ့ဖူးတာပါ။ အဲဒီနောက်ပိုင်း ဘယ်သူတွေ ဘယ်လို သုံးကြသလဲ အသေချာမှတ်မထားဖြစ်ပေမဲ့ ကျနော်ကိုယ်တိုင်ကတော့ ‘’သူ’’ ကိုမသုံးချင်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်အမည်ကိုပါပဲ ထပ်ခါထပ်ခါသုံးတဲ့နည်းကိုပဲရွေးချယ်ခဲ့မိပါတယ်။ သတင်းဌာန တချို့ကတော့ သူ ရော၊ သူမ ရော နှစ်မျိုး စလုံးသုံးနေကြတာ သတိထားမိပါတယ်။ DVB မှာ လက်ရှိ ဘယ်လိုမူတွေ ဆက်ချထားသလဲတော့ မသိပါ။


(ကြံ့ခိုင်ရေးပါတီက ကြီးစိုးထားတဲ့ လက်ရှိလွှတ်တော်)

အခု ၂၀၁၄ အကုန်၊ ၂၀၁၅ အစောပိုင်း။ တနည်းအားဖြင့် မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်အရှိဆုံး ကာလမှာသုံးနေကြတဲ့ သတင်းသမားတချို့ရဲ့ အသုံးအနှုံးကို ကျနော်စိတ်ဝင်တစားနားထောင်မိပါတယ်။ တနေ့က ကြည့်မိတဲ့ TV ချာနယ်တခုမှာဆိုရင် စစ်ဗိုလ်တွေ၊ ၀န်ကြီးတွေ၊ အစိုးရအရာရှိတွေကို ‘’အဘ’’ ဆိုတဲ့ နာမ်စားကို တရားဝင် သုံးနေကြတာ သတိထားမိပါတယ်။

ဒါဟာ သတင်းသမားတွေသုံးသင့်တဲ့ ဝေါဟာရတခု ဟုတ်ပါရဲ့လား။ ဒေါ်စု လို့ခေါ်ရင်၊ အန်တီစု လို့ခေါ်ရင် သူကို လိုလားထောက်ခံတဲ့သဘော၊ ချစ်ခြင်း၊ မုန်ခြင်းပါလာတဲ့သဘောဖြစ်တယ်ဆိုရင် အဘ လို့ခေါ်တဲ့ အဓိပ္ဗါယ်က ဘာလဲ။ အစိုးရဖက်ကို လိုလားတဲ့၊ စစ်တပ်ကိုလိုလားတဲ့၊ အစိုးရဖက်ယိမ်းတဲ့ မီဒီယာတွေလား။

ဒါပေမယ့် အဲဒီလိုလည်းပြောလို့မဖြစ်ပြန်ပါဘူး။ ဘာကြောင့်လည်းဆိုရင် အဲဒီမီဒီယာတွေဟာ ဒေါ်အောင် ဆန်စုကြည်နဲ့ တွေ့တော့လဲ ‘’အမေစု’’ ဆိုပြီးခေါ်ထည့်လိုက်တာပါပဲ။ ဒါဖြင့် ဒီနေ့ မီဒီယာတွေမှာ ရပ်တည် ချက်မရှိတော့ဘူးလား။ သင့်သလိုခေါ်ရေး၊ မီးစင်ကြည့်ကရေးဖက် စောင်းပေးလိုက်ကြပြီလား။ 

ဒါလည်း မဟုတ်သေးဘူးနဲ့တူပါတယ်။ ဒါကြောင့် ဒီနေ့ မီဒီယာလောကမှာ အားလုံးကလက်ခံနိုင်တဲ့ ဝေါဟာရတွေ၊ မြန်မာသတင်းသမားအားလုံးက ‘’စံ’’ အဖြစ်လက်ခံနိုင်တဲ့ ဝေါဟာရတွေ ထပ်မံရှာဖွေ ဆွေးနွေးဖို့လိုနေဦးမယ်ထင်ပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More