“တိုက်ပွဲသတင်းအစား ငြိမ်းချမ်းရေးသတင်း ရေးပါလား”
---
TV ဖွင့်လိုက်ရင် အီရန် စစ်ပွဲ...၊ တယ်လီဖုန်းဖွင့်လိုက်ရင် မြန်မာစစ်ပွဲ...၊ နေ့စဉ်လုပ်နေရတာက နောက်ဆုံးရ တိုက်ပွဲသတင်းများ... ဆိုတော့ကာ... နည်းနည်း စိတ်ညစ်လာတာနဲ့ ဒီနေ့ -စနေမှာတော့ ဘာမှမလုပ်ပဲ အိမ်နောက်က တောအုပ်ထဲ လမ်းလျောက်၊ ရေကန်ဘေးမှာထိုင်ပြီး ... အပေါ်က ခေါင်းစဉ်ကို စဉ်းစားမိပါတယ်။
အခုချိန်က ဥရောပမဲဇာမှာ နွေဦးရောက်ပြီဆိုတော့ (ဒါတောင် မနေ့ညက နှင်းကျထားသေး) လမ်းပေါ်မှာ ရေခဲတွေမရှိတော့ဘူး၊ ရေကန်မှာလည်း ရေခဲတွေပျော်စပြုနေပြီ၊ ရေကန် တဝင်လောက် ရေပြန်ဖြစ်နေပြီ...
အဲ... တဆောင်းလုံး ပျောက်နေတဲ့ ဘဲလေးတွေတောင် ပြန်ရောက်နေပြီ၊ ဇင်ယော်ငှက်တွေကတော့ အများကြီး... ပတ်ဝန်းကျင်ဆိတ်ငြိမ်နေပြီး လေတိုးသံမှအပ ဘာမှမကြားရချိန်မှာ ဇင်ယော် အော်သံက အတော်စိတ်ညစ်ဖို့ကောင်းသား...
ဘဲလေးတွေကတော့ ဆောင်းတွင်း ၃ လတာ အပူပိုင်းဒေသ မြေထဲပင်လယ်ဖက် ပြောင်းသွားကြတယ်လို့ ဆိုတာပဲ။ မနေ့တနေ့ကမှ ပြန်ရောက်လာကြတာဖြစ်မယ်။ ငါးတွေကတော့ ရေခဲအောက်မှာ အသက်ရှင်နိုင်တယ်ပေါ့။
ရေကန်က ခဲတယ်ဆိုပေမယ့် ၁၀ ပေလောက်အနက်မှာ အပေါ်က ၃ ပေလောက်ပဲ ခဲတယ်ထင်ပါတယ်။ ဘာကြောင့်လဲဆို ဆောင်းတွင်းမှာ အဲဒီရေခဲကို လွန်နဲ့ဖောက်ပြီး ငါးမျှားချိန်မှာ ငါးတွေ လာကိုက်တယ်ဆိုတော့ ဒီကောင်းတွေ ရေခဲအောက်မှာ ရှင်သန်နေနိုင်တာပေါ့...။
---
ရေခဲတွေပျော်သွားခြင်းနဲ့အတူ ဆောင်းတွင်းမှာ ကြွေသွားတဲ့ သစ်ရွက်တွေဟာလည်း အခု အဖူးလေးတွေ ပြန်ထွက်စပြုနေပြီ၊ (အဲဒီ အဖူးတွေကြောင့် အလဂျီဖြစ်တာကိုတော့ သီးခြား ရေးပါအူးမယ်)
ဆောင်းဦးဆိုပေမယ့် အပူချိန်က ၁၀ မပြည့်သေး၊ လေကလည်း ခပ်အေးအေးတိုက်နေတော့ နေမင်းကြီးက အလုံးလိုက်ရှိနေမှ ရေကန်ဘေးမှာ ထိုင်လို့ ကောင်းတာ၊ တိမ်လေးနည်းနည်းဖုံးတာနဲ့ အအေးဓာတ်က ပြန်တက်လာတာမျိုး။
ဟိုဖက်နားမှာတော့ ကလေးတွေ၊ ခွေးတွေ၊ ဘာဘီကျုး ကင်တာတွေနဲ့ မိသားစု ၅ ခုလောက် အလုပ်ရှုပ်နေလေရဲ့...။ ထူးခြားတာက သူတို့နဲ့အတူပါလာတဲ့ ခွေးလေးက ခုနက ရှေ့မှာပြောခဲ့တဲ့ ဘဲလေးတွေ ရေထဲကနေ ကုန်းပေါ်တာလာတာကို လိုက်မကိုက်ဘူး... ဟောင်ပဲ ဟောင်နေတာ တွေ့မိပါတယ်။
ဆိုတော့ ဥရေပက ခွေးက မြန်မာပြည်ကခွေးနဲ့ မတူဘူးလား၊ ဘယ်တူမလဲ... ဒီက ခွေးတွေက ချစ်စရာလေးတွေ၊ “ခွေး” လို့ပြောလိုက်ရင်ကို ချစ်စရာလေးလို့ နားလည်ကြတာ။
အဲ... မြန်မာပြည်မှာတော့ “ရာဇပုလ္လင်ပေါ် ခွေးတက်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီနေ့ ဆိုရှယ်မီဒီယာမှာ ပို့စ်အတော်များများတွေ့နေရတာကို ကြည့်ရင် မြန်မာခွေးနဲ့ ဥရောပခွေး အဓိပ္ဗယ်ခြင်း မတူလောက်ပါဘူး။
---
ဘဲလေးတွေဆိုလည်း အဲလိုပါပဲ...။ မြန်မာပြည်မှာတုန်းက ရေကန်တွေမှာ (အခုက သဘာဝရေကန်၊ ရေချောင်းတွေလည်း အတော်များများ တိမ်ကောကုန်ပါပြီ) သဘာ၀ ဘေးမဲ့ ဘဲလေးတွေ မတွေ့မိပါဘူး။ သဘာ၀ ငှက်ပဲရှိတယ်၊ ဘဘာ၀ ဘဲ မတွေ့ဖူးဘူးထင်တာပဲ။
ပြီးတော့ လူတွေကလည်း သဘာဝကို ဒီလို အလှကြည့်နေကြတာမဟုတ်ဘူးလေ...။ ငါးဆိုရင် မျှားလိုက်ရမှ။ ခုနက ဘဲလေးတွေဆို ပိုဆိုးတာပေါ့... လည်ပင်းညှစ် အမွေးနုတ်ပြီး ရေကန်ဘေးမှာတင် ကင်စားချင်နေကြတာမျိုး။
ဒီနေ့တောင် ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ်တခု ဖတ်လိုက်ရပါသေးတယ်။ အညာလား- မြေလတ်ဒေသလား မသိဘူး။ ကားမောင်းသွားရင်းနဲ့ လမ်းဘေးမှာ တောကြက်အုပ်ကြီးတွေ့တာ ဘာလက်နက်မှ မပါလို့ တံတွေးနဲ့ပဲ ထွေးခဲ့ရတယ်တဲ့...
မြန်မာတွေစိတ်မှာက အဲလို စွဲပြီးပါလာတာ။ ကျနော်တို့ဆိုလည်း ဥရောပမဲဇာကို ရောက်စက အဲလိုပဲ...။ ဘဲတွေ့ရင် လိုက်ဖမ်းချင်နေတာ၊ အနည်ဆုံးတော့ ဘဲဥလေးများ ရှိမလား- မြက်ခင်းထဲ လိုက်ရှာမိပေါ့၊
ဒီကလူတွေက အသားတွေ၊ ငါးတွေကို ဒီတိုင်း စားကြကြတာမဟုတ်ဘူး။ စားသောက်ကုန် ဌာနက စစ်ဆေးပြီးသား ဆိုင်မှာတင်ရောင်းတဲ့ဟာမှ စားသင့်တယ်လို့ နားလည်ထားကြတာ။
ကိုယ်တွေက ဘဲဆိုလည်းဖမ်း၊ ငှက်ဆိုလည်းပစ်၊ ငါးဆိုလည်းမျှား... အဲ အိမ်မွေးတိရိဆန်တွေဖြစ်တဲ့ ကြောင် ဆိုရင်း ကန်ထည့်လိုက်တာမျိုး...။ ခွေးဆိုရင်တော့ လမ်းဘေးမှာ ပစ်ထားကြတာပေါ့...။
ဒီမှာက လမ်းဘေးခွေးမရှိဘူး။ ခွေးအားလုံး မှတ်ပုံတင်နဲ့။ လူတွေက တနေ့တကြိမ် အိမ်ပေါ်ကမဆင်းပဲ နေချင်နေနိုင်ပေမယ့် ခွေးကိုတော့ တနေ့ ၃ ကြိမ် အိမ်အောက်ဆင်း လမ်းလျောက်ပေးရ၊ ခွေးချီးကျုံးပေးရတယ်တဲ့... ဘေးအိမ်က ခွေးမွေးသူတွေကို ကြည့်ပြီး ကိုယ် မြင်နေရတာ။
---
ရေကန်ဘေးမှာ တနာရီလောက် ထိုင်ငေးရင်း စဉ်းစားမိတာက...
စစ်ပွဲတွေဖြစ်နေတယ်ဆိုပေမယ့် ကမ္ဘာကြီးတခုလုံး စစ်ဖြစ်နေတာမျိုးတော့ မဟုတ်ဘူး။ ငြိမ်းချမ်းတဲ့ နေရာတွေလည်း ရှိပါသေးတယ်ပေါ့။ အဲ... မြန်မာပြည်မှာလည်း ဒီလိုပါပဲ... တနိုင်ငံလုံး စစ်ဖြစ်နေတာမဟုတ်ဘူး။ ငြိမ်းချမ်းတဲ့နေရာတွေ ရှိနေပါသေးတယ်ပေါ့...
ဆိုတော့ စစ်ပွဲတို့၊ ငြိမ်းချမ်းရေးဆိုတာ နေရာရွေးပြီး ဖြစ်တတ်- ရှိတတ်တာမျိုးလား...
စစ်ပွဲဖြစ်ခြင်း- ငြိမ်းချမ်းရေရှိခြင်းတွေက ရေမြေတောတောင်နဲ့ဆိုင်လား... အဲဒီဒေသရှိ လူသားတွေနဲ့ဆိုင်သလား...
စစ်ပွဲကိုရှောင်ပြီး ငြိမ်းချမ်းရေးရှိတဲ့ဒေသဆီမှာ ပြောင်းရွှေ့နေထိုင်လို့ ရသလား...
ဒါမှမဟုတ် စစ်ပွဲတွေရပ်ပြီး နေရာအားလုံး ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်သင့်သလား...
ကမ္ဘာနဲ့ချီ၊ နိုင်ငံနဲ့ချီဖြစ်နေတဲ့ကိစ္စမှာ တဦးချင်းစီရဲ့ ဆန္ဒက ဘယ်လောက်အရေးပါနိုင်သလဲ...
လောလောဆယ်တော့ ကန်ရေပြင်ထဲ ကူးနေတဲ့ ဘဲလေးတွေရယ်၊ အော်နေတဲ့ ဇင်ယော်တွေရယ်၊ ဘဲလေးတွေကို လိုက်မကိုက်ပဲ ဘဲလေးတွေနဲ့ ဆော့ကစားချင်နေပုံရတဲ့ ထူးဆန်းတဲ့ ခွေးလေးတွေရယ်... နွေဦး နေရောင်နဲ့ ထင်းရူးတောတွေကို ငေးရင်း...
ဒီနေ့တော့ နောက်ဆုံးရတိုက်ပွဲသတင်းအစား... သဘာဝရဲ့ ရင်သွေးငယ်တွေအကြောင်း- သတင်းတပုဒ် တင်ပြနိုင်လေမလား...
ဒါပေမယ့် ပိတ်သတ်တွေက စစ်ပွဲသတင်းကိုပဲ ပိုစိတ်ဝင်စားကြသလား...
ငြိမ်းချမ်းရေးသတင်းမှာ ဘာမှ စိတ်ဝင်စားစရာ မပါဘူးလား...
===
(ပုံတွေကတော့ ဒီနေ့ အငေးလွန်ပြီး မရိုက်မိလို့... အရင်နှစ်ဆောင်းဦးက တပုံ၊ ဆောင်းတွင်းကတပုံနဲ့ ဆန်ဗီကာ ပင်လယ်ကမ်းစပ်က ငန်းဘဲတွေပုံ ဖြစ်ပါကြောင်း)









0 comments:
Post a Comment