Thursday, April 30, 2026

ပိုကောင်းတဲ့ နိုင်ငံရေးအခင်းအကျင်းသစ်ကိုရဖို့အတွက် ...

 “အခုအခြေအနေက ဦးသိန်းစိန်ခေတ်ကို မပြောနဲ့ ဦးသန်းရွှေရဲ့ နဝတ-နအဖ ခေတ်ထက်တောင် ပိုဆိုးနေတယ်”...ဆိုပြီး နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP တာဝန်ရှိသူတဦးက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အင်တာဗျုးမှာ ပြောသွားတာ အခုထိ ခေါင်းထဲ စွဲနေပါတယ်။

နိုင်-ကျဉ်း တွေလွတ်ပေးမှု- ပြန်ဖမ်းမှု အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းစဉ်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ဗိုလ်ချုပ်တွေရဲ့ သဘောထားနဲ့ပတ်သက်ပြီး မေးမြန်းစဉ် သူက ဒီလို သုံးသပ်ချက်ပေးတာပါ။


သူပြောမှ အရင် နဝတ-နအဖ ခေတ်က နိုင်-ကျဉ်းတွေ ထောင်ကလွတ်လာရင် ပြည်ပ မီဒီယာ (အဲတုန်းကတော့ BBC, VOA, RFA, DVB ရေဒီယိုတွေကိုပဲ အားကိုးရတာ) တွေကို တယ်လီဖုန်းနဲ့ အင်တာဗျုးပေးတာတွေ ပြန် သတိရမိပါတယ်။


အဲတုန်းက အခုလို လက်ကိုင်ဖုန်းမရှိ၊ အင်တာနက်မရှိ... နေ့တဝက်ခရီးလောက် လမ်းလျောက်ပြီး တယ်လီဖုန်းရှိတဲ့နေရာကနေ ချိန်းဆို၊ ခိုးခိုးဝှက်ဝှက်ပြောကြရတာ။ အထူးသဖြင့်တော့ NLD ပါဝင်တီဝင်အမာခံတွေ၊ နိုင်ငံရေးလှုပ်ရှားမှုကို ထောက်ခံအားပေးတဲ့ တယ်လီဖုန်းပိုင်ရှင် အိမ်တွေက ကူညီပေးကြတာ...။


အဲလို ခဲရာခဲဆစ် အချိန်မှာတောင် လွတ်လာတဲ့ နိုင်-ကျဉ်းတွေက ထောင်ထဲမှာ ဘယ်လို ညှင်းပန်းခံရတယ်၊ နိုင်ငံရေးကို ဘယ်လိုဆက်လုပ်မယ်...စသဖြင့် ရဲရဲတောက်ပြောကြပေမယ့် အခုခေတ် လွတ်လာတဲ့ နိုင်-ကျဉ်းတွေက ဆက်သွယ်ရေး ဒီလောက်လွယ်ကူနေတာတောင် အဲလို မပြောရဲကြတော့ဘူး။


ဘာကြောင့်လဲ...

---


ဒါက သာမန် နိုင်-ကျဉ်းတွေရဲ့ အခြေအနေ...။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးလည်း အရင် နဝတ-နအဖ ခေတ်က ထောင်ထဲမထည့်ဘူး။ အင်းယားကန်ဘေးက နေအိမ်မှာ အကျယ်ချုပ်နဲ့ပဲ ချထားတာ၊


အပြင်ထွက်ခွင့်မရပေမယ့် အိမ်ထဲမှာ ရေဒီယို နားထောင်ခွင့်ရတယ်၊ ဆရာဝန်နဲ့ တွေ့ခွင့်ရတယ်၊ ရှေ့နေနဲ့ တွေ့ခွင့်ရတယ်၊ နိုင်ငံတကာ ဖိအားများလာရင် သံတမန်တွေနဲ့တောင် ပေးတွေ့တာမျိုးရှိပါတယ်။


ဟော... အခုတော့ ဘယ်မှာ ဖမ်းလို့ ဖမ်းထားမှန်းတောင်မသိ၊ သေသလား- ရှင်သလားတောင် မသိရတဲ့အခြေအနေ...။

---


ဒါက မြို့ပြဒေသက နိုင်-ကျဉ်းတွေရဲ့ ဘဝကို နှိုင်းယှဉ်ပြတာ...။ ကျေးလက်က စစ်ပြေးတွေရဲ့ဘဝက ဘယ်လိုရှိသလဲ...။ အရင်ခေတ်က စစ်ဘေးရှောင်ဆိုတာ နယ်စပ်ဒေသမှာပဲ ရှိတာ... အခုက တနိုင်ငံလုံး...


တရွာလုံးပြာကျ၊ ပြေးရလွှားရ- ထမင်းမဝ... ဒုက္ခတွေက စကားလုံးနဲ့ဖေါ်ပြလို့ မရလောက်အောင်ကို ဆိုးလှပါတယ်။

---


တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့... သန်းရွှေ-ခင်ညွန့်ခေတ်ထက် မင်းအောင်လှိုင်-ရဲဝင်းဦး ခေတ်က ပိုဆိုးလာတယ်ပေါ့...


အဲဒီရဲ့ ရှေ့ကို နည်းနည်းပြန်ကောက်မယ်ဆိုရင် ဗိုလ်နေဝင်းရဲ့ မဆလ ခေတ်ထက် သန်းရွှေ-ခင်ညွန့်ရဲ့ နဝတ-နအဖ ခေတ်က ပိုးဆိုးလာတယ်ပေါ့...


စာအုပ်တွေထဲ ဖတ်ရသလောက်ဆိုရင်... ဗိုလ်နေဝင်းဟာ တောခိုသွားတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီက ရဲဘော်သုံးကျိပ်ဝင်တွေရဲ့ မိသားစုဝင်တွေကို ဒုက္ခမပေးဘူး၊ သာရေး-နာရေးအခမ်းနားတွေကိုတောင် သွားတယ်။


စစ်ရေးအရတိုက်တာကို ရှေ့တန်းနယ်မြေမှာပဲ လုပ်တယ်၊ နောက်တန်းမှာ အရပ်သားတွေလိုပဲ ဆက်ဆံတယ်... ဒီလိုဖတ်ရဖူးပါတယ်။

---


ထားတော့... နိဒါန်းက နည်းနည်းရှည်သွားပြီ...


ဆိုလိုတာက ပိုကောင်းတဲ့ နိုင်ငံရေးအခင်းအကျင်းသစ်ကိုရဖို့အတွက် အသက်တွေ- ဘဝတွေရင်းပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်လာကြတာ... ဘာကြောင့် ပိုဆိုးတဲ့ စစ်ဗိုလ်ချုပ်တွေကို မွေးထုတ်ပေးသလို ဖြစ်နေရတာလဲ...


ဘာကြောင့် တခေတ်ထက် တခေတ် ပိုဆိုးလာနေတာလဲ...


(တဦးချင်း- တဖွဲ့ချင်းစီးမှာ မတူတဲ့ သုံးသပ်ချက်တွေ၊ ကောက်ချက်တွေ ရှိနေနိုင်ပါတယ်)


တောတွင်းဘ၀ ဖြတ်သန်းမှုရော၊ သတင်းထောက်ဘ၀ ဖြတ်သန်းမှုရောကို အခြေခံပြီးကောက်ချက်ချရမယ်ဆိုရင်တော့ ...


တော်လှန်သူတွေဖက်က ပွဲပြတ်အောင် မလုပ်နိုင်တာ... သတ်မှတ်ကာလတခုအတွင်း ပန်းတိုင်ရောက်တဲ့အထိ မချီတက်နိုင်တာ... ရွာသူကြီးလုပ်ချင်သူနဲ့ သမ္မတ လုပ်ချင်သူတွေကြားမှာ တစုံလုံးဆိုင်ရာ သဘောတူချက်ရအောင် မလုပ်နိုင်တာတွေကြောင့်လို့ ထင်ပါတယ်။


...ပိုကောင်းတဲ့ ခေတ်စနစ်တခုဆီ တကယ်ရောက်အောင် ချီတက်ရေး၊ တစုံးလုံးဆိုင်ရာ ဘုံသဘောတူချက်ရအောင် ဆောင်ရွက်ရေးတွေဟာ အရေးတကြီး လိုအပ်လာနေပြီဖြစ်ပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More