မိုးမိတ်မြို့သိမ်းတိုက်ပွဲကနေ လက်နက်မျိုးစုံ ၄၀၀ ကျော်သိမ်းမိ... သံတွဲကမ်းခြေမှာ AA က စစ်ရှိန်မြှင့်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ
(၂- ၈- ၂၀၂၄)
၁၀၂၇ စစ်ဆင်ရေး၊ ဒုတိယလှိုင်းအဖြစ် မိုးမိတ်မြို့ကို ဇူလိုင် ၃၁ ရက်၊ နေလယ်တနာရီခန့်မှာ အပြီးသိမ်းပိုက်လိုက်ပြီး လေယာဉ်ပစ် လက်နက်အပါဝင် လက်နက်မျိုးစုံ ၄၀၀ ကျော်သိမ်းမိတယ်လို့ PSLF/TNLA - တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
မိုးမိတ်မြို့နယ်ရှိ စကခ-၂၁ လက်အောက်ခံ၊ ခမရ-၃၄၈၊ ခလရ ၂၂၃ နဲ့ ၂၇၆၊ အခြေချ ဗျုဟာ တခုလုံးကို ဇွန် ၂၇ မှာစတင်တိုက်ခိုက်ပြီး တလအကြာ ဇူလိုင် ၃၁ မှာ သိမ်းမိတာ ဖြစ်ပါတယ်။ ဗျုဟာကုန်းကို မသိမ်းခင်မှာတော့ ကင်းချောင်း၊ ရွှေသာယာ၊ လက်ခုပ်ပင်၊ မိုင်တိုင်(၆)တပ်စခန်းအပါဝင် ရဲစခန်းနဲ့ အစိုးရဌာနဆိုင်ရာရုံးတွေကို အရင်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဖက်က Jet Fighter ၊ Y12၊ ရဟတ်ယာဉ်အပါဝင် လေကြောင်းပစ်ကူအဆက်မပြတ်လုပ်နေတဲ့ကြားက အခုလို မိုးမိတ်မြို့ကို သိမ်းနိုင်ခဲ့တာလို့ဆိုပါတယ်။
သိမ်းမိလက်နက်တွေထဲမှာတော့ လေယာဉ်ပစ်လက်နက်၊ ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ၊ RPG အပါဝင် လက်နက်မျိုးစုံ ၄၀၀ ကျော်တယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွဖေါ်ပြထားပါတယ်။ မိုးမိတ်တိုက်ပွဲမှာ TNLA နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ PLA- ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကလည်း ဓာတ်ပုံမှတ်တမ်းတွေ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
မိုးမိတ်ဟာ ၁၀၂၇ ဒုတိယလှိုင်းအတွင်း TNLA နဲ့ မဟာမိတ်တွေသိမ်းပိုက်တဲ့ တတိယမြောက်မြို့ဖြစ်ပြီး အခြား ၂ မြို့ကတော့ နောင်ချိုနဲ့ မိုးကုတ်ဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေးကတော့ စဉ့်ကူးမြို့ကို သိမ်းပိုက်ထားပြီး MNDAA နဲ့ မဟာမိတ်တွေကတော့ လားရှိုးမြို့ကို အပြီးသတ်သိမ်းနိုင်ရေး ဆောင်ရွက်နေတာ တွေ့ရပါတယ်။
မိုးမိတ်မြို့သိမ်း တော်လှန်ရေးတပ်တွေကို ဒေသခံလူထုက ကြိုဆိုနေတဲ့ ဓာတ်ပုံတွေ ဆိုရှယ်မီဒီယာမှာ ပြန့်နေတာလည်း တွေ့ရပါတယ်။
ဒါ့အပြင်...
- လားရှိုး ရမခ ဌာနချုပ် ဝန်းကျင်မှာတော့ တိုက်ပွဲပြင်းထန်နေပေမယ့် လေယာဉ်ကွင်းအပါဝင် နေရာအတော်များများကို MNDAA- က သိမ်းထားနိုင်ပြီဟုဆို...
- မြစ်ကြီးနား – ဆွမ်ပရာဘွမ့် လမ်းပေါ်ရှိ တယန်ဇွပ်(Tayang Zup) နဲ့ အင်ဆောပ့်(Nsawp) စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA- က ထိုးစစ်ဆင်...
- စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မတ္တရာမြိုနယ်၊ အောင်ချမ်းသာရွာက အပြစ်မဲ့အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ...
- ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာရှိ စစ်ကောင်စီဂိတ်ကို ဒေသခံ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ငယ် ၄ လက်သိမ်းမိ...
- သံတွဲ၊ ဂွနဲ့ ပင်လယ်ပြင်မှာ ကျန်နေတဲ့ စစ်ကောင်စီစခန်းတွေကို အပြီးသတ်သိမ်းပိုက်ဖို့ ပြင်ဆင်နေတဲ့တွက် သြဂုတ်လ ၁ ရက်နေ့ကစပြီး အရပ်သားလှေတွေ ဒီဒေသအတွင်း သွားလာမှုမလုပ်ကြဖို့ AA က အသိပေး...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)
0 comments:
Post a Comment