Wednesday, January 13, 2016

မေးပါများ ဦးဖေသန်းသို့ တမ်းချင်း


‘'မေးပါများ စကားရ’’ ကဏ္ဍရဲ့ အစီစဉ်မှုး ဦးလေးကြီး ဦးဖေသန်း ဇန်နဝါရီလ ရက်နေ့ မနက်အစောကြီး (ဝဝ နာရီ မိနစ်) မှာ ကွယ်လွန်သွားတယ်ဆိုတဲ့သတင်းကိုကြားရတော့ အတော်စိတ်မကောင်းဖြစ်မိ ပါတယ်။ သတင်းကြားကတည်းက သူ့အကြောင်းတခုခုရေးမယ်လို့ စိတ်ကူးထားပေမဲ့ မရှိတဲ့အလုပ်တွေ ရှုပ်နေရင်းနဲ့ အခုမှာပဲ တကယ်ရေးဖြစ်ပါတော့တယ်။

အမှန်တရားက အင်အားလား၊ အင်အားက အမှန်တရားလား

တကယ်တော့ အသက် ၈၁ နှစ်အရွယ်မှာကွယ်လွန်သွားတဲ့ ဦးဖေသန်းကို ကျနော်လူချင်းမတွေ့ဖူးပါ။ ပုဂ္ဂိုလ်အရလည်းမသိပါ။ ‘’ဒါဖြင့် မင်းက ဘာကိုရေးမှာလဲ’’ လို့မေးစရာရှိပါတယ်။ ဒီလိုလေ၊ မသိဘူးဆို တာက သူကကျနော့်ကို ပုဂ္ဂိုလ်အရ မသိဘူးလို့ဆိုလိုတာပါ။ ကျနော်ကတော့ သူ့ဆီ (မေးပါများ စကားရ ကဏ္ဍဆီ) စာတွေ ခဏခဏရေးဖူးတော့ ပရိသတ်တဦးအနေနဲ့ သူ့ကိုသိနေတာပေါ့။


မှတ်မှတ်ရရ သူ့ဆီ ပထမ ဆုံးရေးတဲ့စာက တောထဲကနေပို့လိုက်တာ။ အတိအကျပြောရယ်ဆိုရင် အခု ထားဝယ်-ကန်ချနပူရီ နယ်စပ်ဖြတ်အဝေးပြေးကားလမ်းအနီးမှာရှိတဲ့ မင်းသမီးစခန်းကနေရေးလိုက်တာ။ တောထဲမှာ စာတိုက်ရှိလို့လားဆိုပြီး ထပ်မေးဦးမလို့လား။ ဘယ်ရှိပါ့မလဲ။ လူကြုံနဲ့ပေးလိုက်ပြီး ထိုင်းနိုင်ငံ ထဲကရှိ စာတိုက်တခုခုထဲ ထည့်ခိုင်းလိုက်တယ်ဆိုပါတော့။

ရေးတဲ့အကြောင်းအရာက ‘’အမှန်တရားက အင်အားလား၊ အင်အားက အမှန်တရားလား’’ ဆိုတဲ့ စာသားရဲ့ အဓိပါယ်ကိုရှင်းပြဖို့။ ဦးလေးကြီးကတော့ ထုံးစံအတိုင်း စာကြည့်တိုက်တွေ၊ စာအုပ်တွေလှန်ပြီး ရေဒီယို ကနေ သေအချာဖြေပါတယ်။ ဒါပေမဲ့ မေးသူ ကျနော် ဘာကြောင့်မေးလဲဆိုတဲ့ နောက်ခံ အချက်အလက် ကိုတော့ သူသိပုံမရ။

အဲဒီအချိန်က ABSDF နှစ်ချမ်းကွဲသွားလို့ ကျနော်တို့မင်းသမီးခစန်းရှိ အင်အား ၂၀၀ ၀န်းကျင်က ဘက်မလိုက် ကြားနေဆိုပြီး အလယ်မှာရပ်ကာ နှစ်ဖက်ပြန်ပေါင်းအောင် အကြီးအကျယ်ကြိုးစားနေ တဲ့အချိန်ပေါ့။ ဒါပေမဲ့ မအောင်မြင်ပါဘူး။ ကာလတခုရပ်အပြီးမှာ ဘက်မလိုက်ကနေ ဘက်လိုက်ဖြစ်သွားရ ပါတယ်။ ဘာကြောင့်လဲ။ ကျနော်တို့ရပ်တည်ချက်ကမှန်ရဲ့သားနဲ့ ဘာကြောင့်ကြာကြာ မရပ်နိုင်တာလဲ။

ဒီအကြောင်းကိုအခြေခံပြီး ကျနော်ကမေးတာပါ။ ဘ၀မှာတခါတခါ မှန်တိုင်းတိုင်းလဲ အင်အားဖြစ်မလာပါ။ အင်အားရှိတိုင်းလည်း အမှန်တရားကို မကာကွယ်နိုင်ပါ။ ဒါက ပထမ မေးခွန်း။ အဲဒီမေးခွန်းကနေစပြီး အရှိန်ရသွားတဲ့ကျနော်ဟာ မေးပါများကဏ္ဍဆီ စာအတော်များများရေးဖြစ်ခဲ့ပါတယ်။ ဦးဖေသန်းကလည်း မေးသမျှကို ပြန်လည်ဖြေကြားပေးပါတယ်။ ဒီလိုနဲ့ လေလှိုင်းထဲကနေ သူကို ကျနော် ရင်းရင်းနှီးနှီးသိနေ တယ်ဆိုပါတော့။

အမေ့ရဲ့ ဒုက္ခအိုးလေး

ဒါက လူသိများတဲ့ မေးပါများကဏ္ဍ။ လူသိပ်မသိတဲ့ ၀တ္တုတိုပြိုင်ပွဲတခုကိုလည်း ဦးဖေသန်းက စီစဉ် ခဲ့ပါ သေးတယ်။ ခုနှစ်အတိအကျကိုမမှတ်မိတော့ပေမဲ့ ABSDF ကွဲနေစဉ်၊ ဒါမှမဟုတ် ပြန်ပေါင်းကာစ ၁၉၉၅ နှောင်းပိုင်းမှာလို့ထင်ပါတယ်။ တနိုင်ငံလုံးက စိတ်ဝင်စားသူတိုင်း ပြိုင်ပွဲဝင်နိုင်တယ်ဆိုပြီး ဖိတ်ခေါ်လိုက်ပါ တယ်။


ဘယ်ရမလဲ။ ဒေါင်းအိုဝေအပါဝင် ဟိုနားဒီနား စာတိုပေစရေးနေတဲ့ကျနော် ဘီဘီစီ ဆီ စာလှမ်းပို့တာပေါ့။ ပြန်ကြားရေးဌာနပိုင် ဗလာစာအုပ်ထဲက စာရွက်တွေကို အထပ်လိုက်ဖြုတ်ယူပြီးရေးပို့လိုက်တာ စာမျက်နှာ ၂၀ လောက်ရှိ မယ်ထင်ပါတယ်။ အစီရင်ခံစာရေးရင် အောက်မှာ (မဲနယ်စာရွက်လို့ခေါ်တယ်ထင်ပါတယ်) မဲနယ်စာရွက်ခံပြီး ကော်ပီထားလေ့ရှိပေမဲ့ ၀တ္တုကိုတော့ ကော်ပီမခံဖြစ်လိုက်ပါ။ ဆိုလိုတာက အဲဒီစာရွက်တွေကို စာအိတ်ထဲထည့်ပြီး ဒီတိုင်းပို့လိုက်တော့ ကျနော်ဆီမှာ ကော်ပီမကျန်ခဲ့ပါ။

ဝတ္တုခေါင်းစဉ်က ‘’အမေရဲ့ဒုက္ခအိုးလေး’’ ထူးအိမ်သင်ရဲ့ သီချင်းစာသားကို တိုက်ရိုက်ယူသုံးထားတာ။ အဲဒီကာလကတော့ ဒါမျိုးယူသုံးတာကို ကော်ပီရိုက်ခိုးတယ်၊ အပြစ်ရှိတယ်လို့ နားမလည်သေးတာအမှန်ပါ။ ၀တ္တုဆိုပေမဲ့ တကယ်တော့ ကိုယ့်ကိုယ်ကို ဇတ်လိုက်နေရာကထားပြီး ABSDF ကောင်းကြောင်း၊ ကျောင်းသားတွေတော်ကြောင်း ၀ါဒဖြန့်ချီရေးသိပ်ဆန်တဲ့ ဇတ်လမ်းတပုဒ်ပါ။

ဒါတွေက နောက်ပိုင်းမှစဉ်းစားမိတာပါ။ အဲဒီအချိန်ကတော့ အားလုံးလည်း ဒီလိုပဲရေးနေကြတာပါပဲ။ မဆလ ခေတ် တက္ကသိုလ်တွေက ထွက်လာသူတွေဆိုတော့ စဉ်းစားပုံ၊ ရေးသားပုံတွေက တဦးနဲ့ တဦးသိပ်မကွာကြ။ ‘’၀တ္တုအကြောင်း ဒီလောက်ပြောနေရအောင် ခင်ဗျားဝတ္တုက ဆုရစာရင်းထဲပါလို့လား’’ ဆိုပြီး ပရိသတ်တချို့ကမေးချင်နေပြီ ထင်ပါတယ်။ 

ဘယ်ပါပါ့မလဲ။ ၀ါဒဖြန်ချီရေးသိပ်ဆန်နေပါတယ်ဆိုမှ။ ဒါပေမဲ့ အလကားတော့ဖြစ်မသွားပါဘူး။ -ဒု- ထဲမ၀င်ပေမဲ့ ဇွဲဆုတော့ရပါသေးတယ်။ နံပတ် ကနေ ၂၀ အထိကိုရွေးချယ်ပြီး တဦးကို စတာလင်ပေါင် ၂၀ စီ ဆုချပါတယ်။ -ဒု- ကတော့ ပေါင် ၁၀၀ စီအထက်နဲ့ ရေဒီယိုတွေပါ ရတယ်လို့ထင်ပါတယ်။

အဲဒီကာလက ပေါင် ၂၀ ဆိုတာ ဘယ်နည်းမလဲ။ ဘတ် ၁၀၀၀ ကျော်လောက်ရှိပါတယ်။ လစာတွေ၊ ၀င်ငွေတွေ တပြားမှမရှိတဲ့တောထဲမှာ ဒီလောက်ငွေရရင် ထောပြီပေါ့။ ဒါပေမဲ့ ဘီဘီစီက ငွေသားမပေးပဲ ချက်လက်မှတ်ကြီး ပို့လာပါတယ်။ တောထဲက ကျနော်က အဲဒီလက်မှတ်ကြီးနဲ့ ကန်ချနပူရီသွားပြီး ဘယ်လိုထုတ်မှာလဲ။ လူကြုံနဲ့ ထုတ်ခိုင်းတော့မရဘူး။ ချက်ပေါ်မှာရေးထားတဲ့အမည်ပေါက်လူကိုယ်တိုင် လာထုတ်ရမယ်တဲ့။

အဲဒီအချိန်ထိ ထိုင်းထဲသွားတယ်ဆိုတာ ဒီလိုပဲ ခိုးသွားနေတာ။ တခါတလေကို်င်တဲ့ ထောက်လှမ်းရေး လက်မှတ်ကလွဲပြီး ဘာလက်မှတ်မှရှိတာမဟုတ်။ ဘာ ID ပြပြီးသွားထုတ်မှာလဲ။ ပိုက်ဆံမရတဲ့အပြင် ID အတုပြမှုနဲ့ ရဲဖမ်းခံရမှ ပိုဆိုးနေဦးမယ်ဆိုပြီး အဲဒီလက်မှတ်ကြီးကို ဘီဘီစီ ဆီပြန်ပို့လိုက်ပါတယ်။ လက်မှတ်အစား ငွေသားကိုပဲ လူကြုံနဲ့ပို့ပေးပါလို့ စာပြန်ရေးလိုက်ပါတယ်။

အဲဒီလက်မှတ်နဲ့စာ ဘီဘီစီ ဆီ ပြန်ရောက်မရောက်မသိပါ။ မသိဆို ကို်ယ်ကလည်း စာတိုက်ထဲ တိုက်ရိုက်ထည့်တာ မဟုတ်။ ဗဟိုကလူတွေနဲ့လူကြုံပေးလိုက်တာဆိုတော့ ဒီစာအကြောင်း အဲဒီကတည်းကသတင်းမကြားတော့တာ ဒီနေ့အထိပါပဲ။ ဒီလိုနဲ့ ထီပေါက်ပြီး ဒီလက်မှတ်ပျောက် တယ်ပြောရမလား။ မှတ်ပုံတင်မရှိလို့ မထုတ်နိုင်ဘူးပြောရမလား။ သေချာတာကတော့ အဲဒီ ပထမဆုံးဆုရတဲ့ ပေါင် ၂၀ ကျနော်မြင်ခွင့်မရလိုက်ပါ။

ငွေသာမရလိုက်ပေမဲ့ ကျနော်ဆုရတယ်ဆိုတာကို တပ်ရင်းတခုလုံးက သိထားတော့ ဘီဘီစီက ချက်လက်မှတ် ပို့မလာခင်ကတည်းက ဘော်ဘော်တွေကို လက်ဖက်ရည်တိုက်ထားရပြီးပြီ။ ချက်လက်မှတ်အားကိုးနဲ့ တပ်ရင်းဘေးက မစီစီအေးဆိုမှာ အကြွေးစာရင်းမှတ်ပြီးစားလိုက်တာ တပ်ရင်းကျတဲ့အထိ အဲဒီအကြွေး ဆပ်ဖြစ်ရဲ့လားတောင် မမှတ်မိတော့ပါဘူး။

လန်ဒန်မြို့မှာ ခဏတာ

ဦးဖေသန်းဆီ စာရေးရင်းနဲ့ ရေဒီယိုနဲ့ သတင်းဖက်ကို စိတ်ဝင်စားလာတာလား၊ လက်နက်ကိုင်တိုက်ပွဲ ခေတ် မကောင်းလို့ မီဒီယာဖက် ရွေ့လာတာလား မပြောတတ်ပါဘူး။ ၁၉၉၅ နှောင်းပိုင်းမှာ ကျနော်ဟာ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ရဲ့ နော်ဝေးအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ရဲ့ တောတွင်းသတင်းထောက်အဖြစ် တာဝန်ပေးခြင်းခံရပါတယ်။


၁၉၉၇ မှာ မင်းသမီးခစန်းကျတော့ တောသတင်းထောက်ကနေ ဘန်ကောက်အခြေစိုက် သတင်းထောက်ဖြစ်လာပါတယ်။ ၁၉၉၉ မှာတော့ လက်နက်ကိုင်ဖက်ကိုလျော့ချပြီး မီဒီယာဖက်ကို စောင်းပေးလာခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၀၁ ခုနှစ်မှာ နော်ဝေးနိုင်ငံ အော်စလိုရုံးမှာ လူလိုတဲ့အတွက် ကျနော်ကိုခေါ်လိုက်ပါတယ်။ 

နောက်တနှစ်အကြာ ၂၀၀၂ မှာတော့ ဝေလပြည်နယ် ကားဒစ်တက္ကသိုလ်မှာဖွင့်တဲ့ဖွင့်တဲ့ အသံလွှင့်သတင်း ပညာသင်တန်းကိုတက်ဖို့သွားရင်း လန်ဒန်မြို့ဆီ ကျနော်ရောက်သွားခဲ့ပါတယ်။

လန်ဒန်ရောက်တော့ ဘီဘီစီ ကိုသွားလည်တာပေါ့။ အဲဒီရုံးမှာ ကျနော်အတွေ့ချင်ဆုံးပုဂ္ဂိုလ်ရှိတယ် မဟုတ်ပါလား။ ဒါပေမဲ့ ဦးလေးကြီးက အဲဒီအချိန်မှာ ပင်စင်ယူသွားပြီ။ တွေ့ချင်ဆုံးလူနဲ့တွေ့ခွင့်မရလိုက်ပါ။ ဒါပေမဲ့ မျှော်လင့်ချက်ကတော့ ရှိပါသေးတယ်။ ဘာကြောင့်လဲဆို ကျနော်ကို ညစာကျွေးမဲ့ ဒေါ်တင်ထားဆွေက သူ့အိပ်မှာလုပ်မဲ့ပွဲဆီ ဘယ်သူတွေကိုဖိတ်ချင်သလဲဆိုတော့ ‘’ဦးဖေသန်းပေါ့’’ ဆိုပြီး ကျနော်ကပြောထားလို့ဖြစ်ပါတယ်။ 

‘’မင်းက ဘာကောင်မို့လို့ ဘီဘီစီ ဌာနမှုးက သူ့အိမ်ဆီဖိတ်ပြီး ထမင်းကျွေးရမှာလဲ’’ ဆိုပြီး ပရိတ်သတ်ထဲ မေးခွန်းထုတ်ချင်သူ ရှိကောင်းရှိနေမယ်ထင်ပါတယ်။ ဒီလိုပါ၊ ဒေါ်တင်ထားဆွေအပါဝင် ဘီဘီစီ ၀ိုင်းတော်သား - ဦး လောက်ကို ဘန်ကောက်မှာ ကွင်းသတင်းထောက်လုပ်စဉ်ကတည်းက ကျနော်တွေ့ဖူးပါတယ်။ ထူးထူးခြားခြား တောထဲကနေ ဘန်ကောက်ကိုရောက်ပြိး ပထမ ဆုံးတွေ့ဖူးတဲ့ မြန်မာသတင်းသမားက ဒေါ်တင်ထားဆွေပါပဲ။

အဲဒီ ၁၉၉၈ ၀န်းကျင်ကာလက ဘီဘီစီ ဟာ အခုလို ဘန်ကောက်မှာရုံးခန်းကြီးမရှိသေးပါ။ လမ်းသွယ်လေး တခုထဲက ထိုင်း စတူဒီယို ငယ်လေးတခုမှာ အသံသွင်းပြီး စမ်းပို့ကာစပဲရှိပါသေးတယ်။ ဘန်ကောက်မှာ ဒုတိယတွေ့ဖူးသူက အခု VOA မှာ တိုက်ရိုက်လေလှိုင်းနဲ့နာမည်ကြီးနေတဲ့ ဦးကျော်ဇံသာပါ။ သူ့ကို ဘယ်မှာစတွေ့လည်းဆိုတော့ ကိုဂျော်နီတို့ စွမ်းအားမြင့်အဖွဲ့ (VBSW) က ဘန်ကောက်သံရုံးကိုစီးနင်း ထားချိန် ဘန်ကောက်မှာ အကြိတ်အနယ်သတင်းယူနေစဉ်မှာပေါ့။

ဒေါ်တင်ထားဆွေနဲ့ ဒုတိယ တခါထပ်တွေ့တာက ၂၀၀၀ ပြည့်နှစ်အစောပိုင်း God Army ဂွတ်အာမီက ရတ်ချပူရီ ဆေးရုံကို ၀င်စီးစဉ်မှာ။ အဲဒီဆေးရုံမှာသတင်းယူတဲ့အပြင် နယ်စပ်က တောတွင်းခစန်းတွေ အထိသွားဖူးတဲ့အတွက် အတော်ရင်းရင်းနှီးနှီးရှိတယ်လို့ပြောနိုင်ပါတယ်။ ပြီးတော့ ကိုမင်းထက်တို့ ကိုကိုအောင်တို့ကိုလည်း ဘန်ကောက်မှာ တင်းအတူတွဲယူဖူးတဲ့အတွက် အတော်ရင်းရင်းနှီးနှီး ရှိနေပါတယ်။ ဆိုလိုတာက ဘီဘီစီ ရုံးကို အခုမှ ပထမ ဆုံး အကြိမ်ရောက်ဖူးတယ်ဆိုပေမဲ့ ၀န်ထမ်းအတော်များများက ကျနော်နဲ့သိပြီသားဆိုတဲ့သဘောပါ။

၂၀၀၀ ခုနှစ်အစောပိုင်း ဘန်ကောက်မှာကျင်းပတဲ့ အာဆီယံ အစည်းဝေးမှာကတည်းက ရင်းနှီးခဲ့တဲ့ ကိုမင်းထက်က ဘီဘီစီ တခွင့်လှည့်လည်စဉ်သဘောမျိုးနဲ့ ဌာနပေါင်းစုံကိုလိုက်ပြတော့ Archive မှတ်တမ်းဌာနကို ကျနော် တော်သဘောကျမိပါတယ်။ တိတ်ခွေတွေ၊ စာရွက်တွေ၊ တခြားပစ္စည်းတွေကို စနစ်တကျသိမ်းထားတာများ ကျနော်တို့ DVB နဲ့တခြားစီ။ 

‘’ဘီဘီစီမှာက မှတ်တမ်းတွေကိုအသေအချာသိမ်းထားတာဗျ။ ဘီဘီစီ စလွှင့်တဲ့အချိန်ကနေ ဒီနေ့အထိ အားလုံးရဲ့ မှတ်တမ်းတွေ ဒီမှာရှိတယ်’’ ဆိုပြီး ကိုမင်းထက်ကပြောပါတယ်။ အဲဒီအချိန် မဆီမဆိုင် ကျနော်ခေါင်းထဲ ပေါ်လာတဲ့လာတဲ့စိတ်ကူးက ‘’အဲဒါဆို ခင်ဗျားကိုကျနော်တခါပြောဖူးတဲ့၊ ဦးဖေသန်း ဆီပို့ဖူးတဲ့ ၀တ္တုတိုစာမူများ ဒီထဲမှာရှိမလား မသိဘူး၊ ရမယ်ဆို ကော်ပီလိုချင်တယ်ဗျာ’’ ဆိုပြီး သွားပြော မိပါတယ်။

''ရှိနိုင်ပါတယ်။ ရှာပေးပါ့မယ်'' လို့ သူကပြောပေမဲ့ အသေအချာစဉ်းစားတော့ ဘယ်ရှိပါ့မလဲ။ အသံလွှင့်တဲ့ အဆင့်ထိ တောင်ရွေးချယ်မခံရတဲ့၊ ဇွဲဆုလောက်သာရတဲ့ဒီစာမူကို ဘယ်သူက တကူးတကာ့သိမ်းထား ပါ့မလဲ။ ကော်ပီလိုချင်ရင် နဂိုကတည်းက ကူးထားပေါ့လို့အပြောမခံရတာ ကံကောင်း။

ထားတော့။ စာမူမတွေ့လည်း ညနေ ဦးလေးကြီးနဲ့တွေ့ရင်တော့ အဲဒီဝတ္တုအကြောင်း၊ မေးပါများကဏ္ဍ အတွက် စာရေးခဲ့ပုံအကြောင်းတွေပြောကြသေးတာပေါ့။ ဒါပေမဲ့ ကံကဆိုးချင်တော့ အဲဒီညက ဒေါ်တင်ထားဆွေအိမ်မှာလုပ်တဲ့ပွဲဆီ ဦးလေးကြီးက ရောက်မလာခဲ့ပါဘူး။ မအားတာလား၊ နေမကောင်းတာလား၊ အသက်ကလည်း အတော်ကြီးနေပြီဆိုတော့ သူကိုခေါ်ရမှာ အားနားလို့လား မပြောတတ်ပါ။ 

ဒီတော့ လန်ဒန်မြို့ဆီရောက်ခဲ့ရဲ့သားနဲ့၊ ဘီဘီစီရုံးဆီရောက်ခဲ့ရဲ့သားနဲ့ မေးပါများ ဦးလေးကြီးကို တွေ့ခွင့် မကြံလိုက်ပါ။ အခုတော့ ဦးလေးကြီးက သတင်းလောက၊ လူလောကနေ အပြီးတိုင် ထွက်ခွာသွားခဲပါပြီ။ ဘယ်တော့မှ လူချင်းတွေ့ဆုံခွင့် မရနိုင်တော့ပါ။ ဦးလေးကြီးရဲ့ မေးပါများကဏ္ဍကိုမကြားနိုင်တော့ပေမဲ့ အဲဒီ ကဏ္ဍရဲ့အဖွင့်သီချင်း Please Mr Postman သီချင်းသံကိုကြားတိုင်း ဦးလေးကြီးကို သတိရနေမှာပါ။   ။

(ဓာတ်ပုံများကို ဘီဘီဘီ ဖေ့စ်ဘုတ်မှ ယူထားပါသည်)။

Monday, January 11, 2016

အားလုံးပါတဲ့ ငြိမ်းချမ်းရေးဖြစ်အောင် ဘယ်လိုလုပ်မလဲ

The Voice Daily, 11-01-2016.

ကိုယ်စားလှယ် ၇၀၀ ကျော်တက်မယ့် ညီလာခံ

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ကတည်း စတင်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ် (အစိုးရအခေါ် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ) အဆုံးသတ်နိုင်ရေးအတွက် ဦးသိန်းစိန် အစိုးရက ကြိုးပမ်းခဲ့တာကို အားလုံးသိပြီး ဖြစ်ပါတယ်။ အစိုးရသက်တမ်း ၅ နှစ်တာကာလ ကြိုးပမ်းချက်ရဲ့ နောက်ဆုံးရလဒ်တော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နဲ့ (NCA) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ချုပ်ဆိုနိုင်ခဲ့ခြင်းပါပဲ။

ဒီစာချုပ်ပါ သဘောတူညီချက်တွေအရ စာချုပ်ကို လက်မှတ်ထိုးပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးမူဘောင် ချမှတ်ခြင်း၊ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ စတင်ခြင်းတွေ ဆောင်ရွက်ရမှာဖြစ်တဲ့ အတွက် စာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့နေ့ကနေ ရက် ၉၀ အကွာ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ အခုလို ငြိမ်းချမ်းရေး ညီလာခံခေါ်ဖို့ ဆုံးဖြတ်ရတာ ဖြစ်တယ်လို့ အစိုးရဘက်က ပြောပါတယ်။

ဒီညီလာခံကို တက်ဖို့အတွက် ကိုယ်စားလှယ် ၇၀၀ ခန့်ကို ရွေးချယ်ထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒီထဲမှာ တပ်မတော်ဘက်က ၁၅၀၊ လွှတ်တော်ဘက်က ၇၅၊ အစိုးရဘက်မှ ၇၅၊ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ၁၅၀၊ နိုင်ငံရေးပါတီတွေဘက်က ၁၅၀၊ တိုင်းရင်းသား ကိုယ်စားလှယ် ၅၀ နဲ့ အခြားဖိတ်ကြားသင့်သူ ၅၀ ပါတယ်လို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် (MPC) မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမဲ့ ဝေဖန်သူတွေကတော့ ညီလာခံ ကျင်းပချိန်အထိ တိုက်ပွဲဖြစ်နေဆဲဖြစ်တဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်ဘက်က လက်နက်ကိုင်အဖွဲ့တွေ မပါတာကြောင့် ဒီညီလာခံဟာ တစ်နိုင်ငံလုံးကို ကိုယ်စားမပြုတဲ့အပြင် လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကိုတောင် ရပ်စဲအောင် လုပ်နိုင်ဖွယ် မရှိဘူးလို့ ထောက်ပြနေပါတယ်။

ပုံသဏ္ဌာန်နဲ့ အနှစ်သာရ အားပြိုင်မှု

ဝေဖန်သူတွေက ဘယ်လိုပဲ ထောက်ပြနေပါစေ၊ ဦးသိန်းစိန်အစိုးရ ဘက်ကတော့ သူ့သက်တမ်းအတွင်း NCA ကို (ရှစ်ဖွဲ့တည်း ထိုးသည့်တိုင်) လက်မှတ်ထိုးနိုင်တဲ့အပြင် ငြိမ်းချမ်းရေး ညီလာခံကိုတောင် ကျင်းပနိုင်ခဲ့တယ်ဆိုပြီး ပြချင်နေတာ သေချာပါတယ်။ ညီလာခံ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဆိုတဲ့ ရလဒ်က အဓိကမဟုတ်။ သူ့အစိုးရသက်တမ်းအတွင်း ဘာတွေလုပ်နိုင်ခဲ့တယ်ဆိုတဲ့ လုပ်ရပ်ကိုသာ အဓိက ပြသချင်နေပုံ ရပါတယ်။


ဒါကြောင့် ၁၂ ရက်နေ့ပွဲကို ကြီးသထက်ကြီးအောင် လုပ်ပြမှာ သေချာပါတယ်။ အခုဖိတ်ထားတဲ့ ကိုယ်စားလှယ် ၇၀၀ ကျော်အပြင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ သံတမန်တွေ၊ အထူးဧည့်သည်တွေ၊ လေ့လာသူတွေနဲ့ နိုင်ငံတကာ သတင်းစာဆရာတွေကိုပါ ဖိတ်ကြားထားတဲ့အတွက် ဖွင့်ပွဲနေ့မှာ လူ ၁၀၀၀ တောင် ကျော်သွားနိုင်တယ်လို့ သတင်းသမားတွေက ခန့်မှန်းနေပါတယ်။

ဒါပေမဲ့ အဲဒီလူ ၁၀၀၀ ထဲမှာ လက်ရှိဖြစ်နေဆဲ တိုက်ပွဲတွေကို ရပ်တန့်သွားအောင် နိုင်ငံရေးသြဇာအရ အမိန့်ပေးနိုင်သူ၊ စစ်ရေးသြဇာအရ အမိန့်ပေးနိုင်သူတွေ ပါလာပါ့မလား။ အတိအကျပြောရမယ်ဆိုရင် မကြာခင် တက်လာတော့မယ့် အစိုးရသစ်ရဲ့ခေါင်းဆောင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိတပ်မတော်ကို အမိန့်ပေးနိုင်သူ တပ်/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီပွဲကို တက်မတက် မသေချာသေးပါ။

တစ်ခါ NCA မှာ လက်မှတ်မထိုးရသေးတဲ့၊ တစ်နည်းအားဖြင့် တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်နေဆဲ KIA (ကချင်လွတ်လပ်ရေး တပ်မတော်)၊ SAA-N (ရှမ်းပြည်တပ်မတော် မြောက်ပိုင်း)၊ TNLA (တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်)၊ AA (ရက္ခိုင့်တပ်မတော်) အပါအဝင် UNFC (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ) က ဒီပွဲကို တက်မှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ငြင်းဆိုထားပြီး ဖြစ်ပါတယ်။

ဒါကြောင့် ဒီပွဲကို အသံသာရှိပြီး အဆန်မပါတဲ့ပွဲ၊ အဓိက ဇာတ်ကောင်တွေ မပါဘဲ ဇာတ်ရံတွေချည်း ကပြရမယ့်ပွဲဆိုပြီး ဝေဖန်သူတွေက ထောက်ပြနေတာပါ။ ဒီလိုဝေဖန်သူတွေထဲမှာ NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ထဲက အဓိကအဖွဲ့ဖြစ်တဲ့ KNU အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ပါပါနေတယ် ဆိုရင်တော့ ဒါဟာ အတော်အလေးထား စဉ်းစားသင့်တဲ့ အဆင့်မှာ ရောက်နေပြီလို့ ထင်ပါတယ်။

“NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကို မစောင့်ဘဲ၊ အသစ်တက်လာတော့မယ့် NLD အစိုးရကို မစောင့်ဘဲ လက်ရှိ ဦးသိန်းစိန်အစိုးရ သက်တမ်းအတွင်း တက်သုတ်ရိုက် ဆောင်ရွက်သွားမယ်ဆိုရင် အဖြေမရဘဲ ရှုပ်ထွေးမှုကိုသာ ပိုဖြစ်လာစေမှာ ဖြစ်တယ်” လို့ KNU ဒုဥက္ကဋ္ဌလည်းဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ (EAO) ရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ နော်စီပိုးရာစိန်က ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျင်းပတဲ့ အော်စလို ဆွေးနွေးပွဲအတွင်း အတိအလင်း ဝေဖန်ခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ဒီဆွေးနွေးပွဲတွေအတွက် ငွေကြေးအကူအညီပေးနေတဲ့ နော်ဝေ အပါအဝင် နိုင်ငံတကာ အစိုးရတွေကိုလည်း “နိုင်ငံတကာ အလှူရှင်တွေဟာ ကွင်းထဲက အခြေအနေမှန်တွေကို အချိန်ယူ လေ့လာနားထောင်မှုလုပ်ဖို့ ပျက်ကွက်ခဲ့တယ်။ EAO နဲ့ ဒေသခံ တိုင်းရင်းသားတွေဘက်က ဘာတွေလိုအပ်နေသလဲ ဆိုတာကို မေးမြန်းခြင်းမရှိဘဲ သူတို့ လုပ်ချင်တာကို လက်ခံဖို့ လာပြောတာမျိုးသာ ဖြစ်နေတယ်” လို့ သူက ထောက်ပြခဲ့ပါတယ်။

တကယ်တော့ အပစ်ရပ်လက်မှတ်ထိုးတယ် ဆိုတာဟာ နိုင်ငံတကာ အကူအညီတွေ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာစေရေးအတွက် မဖြစ်သင့်ဘဲ ရေရှည်နိုင်ငံရေး ပြဿနာ ပြေလည်စေရေး အတွက်သာ ဖြစ်သင့်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။

တောင်ပိုင်းနဲ့ မြောက်ပိုင်း အားပြိုင်မှု

ဒါက အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြားက မကျေလည်မှုအပေါ် အပြင်ကနေ ကြည့်တဲ့ ယေဘုယျအမြင်ပါ။ ဒါပေမဲ့ လက်နက်ကိုင် တော်လှန်ရေး ထဲထဲထဲဝင်ဝင် ပါဝင်ခဲ့ဖူးသူတွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ နီးစပ်သူတွေဘက်က ကြားရတဲ့ သတင်းတွေအရဆိုရင် NCA ဖြစ်စဉ်မှာ အစိုးရနဲ့ MPC ဘက်က အားနည်းချက်တွေရှိတဲ့အပြင် လက်နက်ကိုင်အဖွဲ့တွေကြား တောင်ပိုင်းနဲ့ မြောက်ပိုင်း အားပြိုင်မှုလည်း ရှိကောင်းရှိနေနိုင်တယ်လို့ သိရပါတယ်။

(၂၀၁၂ ခုနှစ် အပစ်ရပ်ရေးအတွက် ဘားအံမှာစတင်ဆွေးနွေးစဉ်ကပုံ။ ဓာတ်ပုံ-ဧရာဝတီ)

တောင်ပိုင်းဆိုတာက လက်ရှိ NCA ကို ဦးဆောင်လက်မှတ်ရေးထိုးလိုက်တဲ့ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် KNU ကရင့်အမျိုးသားအစည်းအရုံးနဲ့ မဟာမိတ်အဖွဲ့တွေကို ဆိုလိုတာပါ။ မြောက်ပိုင်းဆိုတာကတော့ အခုချိန်ထိ တိုက်ပွဲတွေ ဖြစ်နေဆဲဖြစ်ပြီး NCA မှာ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးတဲ့ တရုတ်-မြန်မာ နယ်စပ်အခြေစိုက် KIO (ကချင်လွတ်လပ်ရေးအဖွဲ့)၊ USWA (‘ဝ’ အဖွဲ့) အပါအဝင် လက်ရှိ UNFC မဟာမိတ်တွေကို ဆိုလိုတာပါ။

နောက်ကြောင်းကို နည်းနည်းပြောရမယ်ဆိုရင် ၈ လေးလုံး အရေးတော်ပုံ ဖြိုခွဲခံရပြီး နောက်ပိုင်း ကျောင်းသားတွေ ထောင်နဲ့ချီ တောခိုနေစဉ် တရုတ်-မြန်မာနယ်စပ်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီမှာ အတွင်းရေး ပြဿနာတချို့ ဖြစ်ပွားခဲ့ပါတယ်။ ဒါကိုအခွင့်ကောင်းယူပြီး အဲဒီကာလက ထောက်လှမ်းရေး အကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်ခင်ညွန့်က ဗကပ ခွဲထွက်အဖွဲ့တွေဖြစ်တဲ့ (USWA) ‘ဝ’၊ (NDAA) မိုင်းလား အပါအဝင် တရုတ်နယ်စပ် တစ်လျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးနီးပါးနဲ့ အပစ်ရပ် သဘောတူချက် အလျင်အမြန် လုပ်လိုက်ပါတယ်။

အာဏာသိမ်းခါစ စစ်အစိုးရသစ်နဲ့ ဗကပ ခွဲထွက်အဖွဲ့တွေ အဲဒီလို အပစ်ရပ်လိုက်တဲ့ အချိန်ဟာ တောခိုကျောင်းသားတွေ အပါအဝင် ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေရဲ့ ဗဟိုဌာနချုပ်၊ KNU ရဲ့ ဗဟိုဌာနချုပ် မာနယ်ပလော အင်အားအကောင်းဆုံး၊ သြဇာအကြီးဆုံး အချိန်ဖြစ်ပါတယ်။ DAB (ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု) ကို KNU နဲ့ KIO က အဓိကဦးဆောင်ပြီး စစ်အစိုးရကို လက်နက်ကိုင်တိုက်ပွဲ အရှိန်မြှင့်နေချိန် ဖြစ်ပါတယ်။

၁၉၉၂ မာနယ်ပလော ထိုးစစ်ကို DAB တပ်ပေါင်းစုက ကြံ့ကြံ့ခံ တွန်းလှန်ခဲ့တဲ့အတွက် နဝတတပ်တွေ စစ်ဦးကျိုးပြီး ပြန်ဆုတ်သွားခဲ့ရပါတယ်။ ဒါပေမဲ့ မာနယ်ပလော တိုက်ပွဲအပြီး သိပ်မကြာခင် ၁၉၉၄ မှာတော့ KIO ဟာ DAB တပ်ပေါင်းစုထဲကနေ ထွက်ခွာပြီး နဝတနဲ့ သီးခြားအပစ်အခတ်ရပ်စဲရေး လုပ်သွားခဲ့ပါတယ်။
မာနယ်ပလော ဌာနချုပ်မှာ နိုင်ငံရေး မုန်တိုင်းထန်ပြီး အတော့်ကို လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီလမ်းကြောင်းက KIO တစ်ဖွဲ့တည်းနဲ့ ပြီးမသွား။ ရှမ်းပြည်နယ်ထဲက အဖွဲ့ငယ်လေးတွေ တဖြည်းဖြည်းနဲ့ ပဲ့ပါကုန်ပြီး ၁၉၉၅ မှာတော့ KNU နဲ့ နယ်မြေချင်း ထိနေတဲ့ မွန်ပြည်သစ်ပါတီ (NMSP) ကပါ နဝတနဲ့ အပစ်ရပ်ရေး လုပ်လိုက်ပါတော့တယ်။

ဒီလိုနဲ့ DAB တပ်ပေါင်းစုမှာ KNU နဲ့ သူ့နယ်မြေအတွင်း အခြေစိုက်တဲ့ ABSDFင်္ (ကျောင်းသားတပ်မတော်) အပါအဝင် အဖွဲ့ငယ်တချို့သာ ကျန်ပါတော့တယ်။ အဲဒီကာလ ၁၉၉၀ ပြည့်လွန် အပစ်ရပ်တဲ့ နှစ်တွေကို မြောက်ပိုင်းပြိုတဲ့ နှစ်တွေလို့ နယ်စပ်မှာ ခေါ်ကြပါတယ်။ အခု ၂၀၁၀ နောက်ပိုင်း ဝန်ကြီးဦးအောင်မင်းနဲ့ MPC ဦးစီးပြီး အပစ်ရပ်တဲ့ နှစ်တွေကိုတော့ တောင်ပိုင်းပြိုတဲ့ နှစ်တွေလို့ ခေါ်ဝေါ်ကြပါတယ်။

အားလုံးပါလာအောင် ဘယ်လိုလုပ်မလဲ

ဒါဖြင့် ဒီလိုတစ်ပိုင်းစီ မဖြစ်စေဘဲ ရှိသမျှ လက်နက်ကိုင်အဖွဲ့ အားလုံး ပါလာအောင် ဘယ်လိုလုပ်မလဲ။ ဒီမေးခွန်းကို ၁၂ ရက်နေ့မှာ စတင်ကျင်းပမယ့် ညီလာခံကနေ အဖြေရှာပေးဖို့ လိုနေပါတယ်။ ဒီလိုအဖြေရှာနိုင်ဖို့ဆိုရင် အဲဒီညီလာခံမှာ အဓိက ဇာတ်ကောင်တွေ အားလုံး ပါဝင်ခွင့်ရဖို့ လိုပါတယ်။


ဒါပေမဲ့ အခုထိကတော့ အားလုံးပါဝင်ခွင့်ရမယ့် အလားအလာ မတွေ့ရသေးပါ။ ဒါကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အဖြေကို ဒီညီလာခံထဲမှာ ရှာလို့မတွေ့နိုင်ပါ။ ဒါဖြင့် ဘယ်မှာသွားရှာရမှာလဲ။ တစ်နေ့ကပဲ UWSA ‘ဝ’ အဖွဲ့ တာဝန်ရှိသူတစ်ဦးက မီဒီယာတွေကို ပြောလိုက်တာ ရှင်းရှင်းလေးပါ။ “NLD အစိုးရသစ် တက်လာမှ အစိုးရနဲ့ ပြန်ဆက်ဆံမယ်” တဲ့။

အဖြေက ဒါပါပဲ။ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့၊ နိုင်ငံရေးအရ တရားဝင်မှုရှိတဲ့ အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးနိုင်မှ သူတို့ရဲ့ အနာဂတ်အတွက အာမခံချက်ရှိမယ် ဆိုတာကို တိုင်းရင်းသားတွေဘက်က ယုံကြည်ထားပါတယ်။
တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ၁၉၉၀ ပြည့်လွန်နှစ်တွေက ကြိုးပမ်းခဲ့တဲ့ စစ်ထောက်လှမ်းရေးရဲ့ ဖြိုခွဲရေးနည်း ဗျူဟာရော၊ အခု ၂၀၁၀ နောက်ပိုင်း ဦးသိန်းစိန်အစိုးရခေတ်မှာ ကြိုးပမ်းခဲ့တဲ့ MPC ရဲ့ တစ်ဆင့်ပြီးတစ်ဆင့် သိမ်းသွင်းဆွဲဆောင်ရေး နည်းနာတွေရောဟာ အလုပ်မဖြစ်ပါ။ ဘာကြောင့်လဲဆိုရင် ဒီနှစ်ဖွဲ့စလုံးမှာ၊ ဒါမှမဟုတ် ဒီနှစ်ဖွဲ့ကို တာဝန်ပေးခဲ့တဲ့ အရင်အစိုးရတွေမှာ လူထုက ရွေးချယ်ပေးအပ်ထားတဲ့ တရားဝင် နိုင်ငံရေးအာဏာ (legitimacy) မရှိလို့ ဖြစ်ပါတယ်။

ဒါကြောင့် လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ NLD အစိုးရ တာဝန်ရှိသူတွေနဲ့ လက်ရှိတိုက်နေဆဲ အဖွဲ့တွေ၊ NCA မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ လိုပါလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း လူထုရွေးချယ်ထားတဲ့ NLD အစိုးရသစ်ရဲ့ မူဝါဒတွေကို ပူးပေါင်းဆောင်ရွက်ပြီး သူ့တပ်တွေကို ပြန်ညွန်ကြားမယ်ဆိုရင် ဒီကိစ္စ တဖြည်းဖြည်းနဲ့ ပြေလည်သွားနိုင်ပါတယ်။

ဒီလိုလုပ်နိုင်ဖို့အတွက် NLD ဟာ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေ၊ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ အခုရှိနေတဲ့ ဆက်ဆံရေးထက် မက ထဲထဲဝင်ဝင် ဆက်ဆံပြောဆိုဖို့ လိုပါတယ်။ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စုအပေါ် NLD ရဲ့ မူဝါဒလည်း အခုထက် ပိုတိကျအောင် ထုတ်ပြောဖို့ လိုပါတယ်။ ဒီကိစ္စတွေကို ရှောင်ဖယ်ဖယ် လုပ်မနေဘဲ ရဲရဲတင်းတင်း ကိုင်တွယ်ဖို့ NLD အစိုးရသစ်ရဲ့ပခုံးပေါ် တာဝန်ကျရောက်နေပြီ ဖြစ်ပါတယ်။

ထက်အောင်ကျော်

Share

Twitter Delicious Facebook Digg Stumbleupon Favorites More