Wednesday, January 13, 2016

မေးပါများ ဦးဖေသန်းသို့ တမ်းချင်း


‘'မေးပါများ စကားရ’’ ကဏ္ဍရဲ့ အစီစဉ်မှုး ဦးလေးကြီး ဦးဖေသန်း ဇန်နဝါရီလ ရက်နေ့ မနက်အစောကြီး (ဝဝ နာရီ မိနစ်) မှာ ကွယ်လွန်သွားတယ်ဆိုတဲ့သတင်းကိုကြားရတော့ အတော်စိတ်မကောင်းဖြစ်မိ ပါတယ်။ သတင်းကြားကတည်းက သူ့အကြောင်းတခုခုရေးမယ်လို့ စိတ်ကူးထားပေမဲ့ မရှိတဲ့အလုပ်တွေ ရှုပ်နေရင်းနဲ့ အခုမှာပဲ တကယ်ရေးဖြစ်ပါတော့တယ်။

အမှန်တရားက အင်အားလား၊ အင်အားက အမှန်တရားလား

တကယ်တော့ အသက် ၈၁ နှစ်အရွယ်မှာကွယ်လွန်သွားတဲ့ ဦးဖေသန်းကို ကျနော်လူချင်းမတွေ့ဖူးပါ။ ပုဂ္ဂိုလ်အရလည်းမသိပါ။ ‘’ဒါဖြင့် မင်းက ဘာကိုရေးမှာလဲ’’ လို့မေးစရာရှိပါတယ်။ ဒီလိုလေ၊ မသိဘူးဆို တာက သူကကျနော့်ကို ပုဂ္ဂိုလ်အရ မသိဘူးလို့ဆိုလိုတာပါ။ ကျနော်ကတော့ သူ့ဆီ (မေးပါများ စကားရ ကဏ္ဍဆီ) စာတွေ ခဏခဏရေးဖူးတော့ ပရိသတ်တဦးအနေနဲ့ သူ့ကိုသိနေတာပေါ့။


မှတ်မှတ်ရရ သူ့ဆီ ပထမ ဆုံးရေးတဲ့စာက တောထဲကနေပို့လိုက်တာ။ အတိအကျပြောရယ်ဆိုရင် အခု ထားဝယ်-ကန်ချနပူရီ နယ်စပ်ဖြတ်အဝေးပြေးကားလမ်းအနီးမှာရှိတဲ့ မင်းသမီးစခန်းကနေရေးလိုက်တာ။ တောထဲမှာ စာတိုက်ရှိလို့လားဆိုပြီး ထပ်မေးဦးမလို့လား။ ဘယ်ရှိပါ့မလဲ။ လူကြုံနဲ့ပေးလိုက်ပြီး ထိုင်းနိုင်ငံ ထဲကရှိ စာတိုက်တခုခုထဲ ထည့်ခိုင်းလိုက်တယ်ဆိုပါတော့။

ရေးတဲ့အကြောင်းအရာက ‘’အမှန်တရားက အင်အားလား၊ အင်အားက အမှန်တရားလား’’ ဆိုတဲ့ စာသားရဲ့ အဓိပါယ်ကိုရှင်းပြဖို့။ ဦးလေးကြီးကတော့ ထုံးစံအတိုင်း စာကြည့်တိုက်တွေ၊ စာအုပ်တွေလှန်ပြီး ရေဒီယို ကနေ သေအချာဖြေပါတယ်။ ဒါပေမဲ့ မေးသူ ကျနော် ဘာကြောင့်မေးလဲဆိုတဲ့ နောက်ခံ အချက်အလက် ကိုတော့ သူသိပုံမရ။

အဲဒီအချိန်က ABSDF နှစ်ချမ်းကွဲသွားလို့ ကျနော်တို့မင်းသမီးခစန်းရှိ အင်အား ၂၀၀ ၀န်းကျင်က ဘက်မလိုက် ကြားနေဆိုပြီး အလယ်မှာရပ်ကာ နှစ်ဖက်ပြန်ပေါင်းအောင် အကြီးအကျယ်ကြိုးစားနေ တဲ့အချိန်ပေါ့။ ဒါပေမဲ့ မအောင်မြင်ပါဘူး။ ကာလတခုရပ်အပြီးမှာ ဘက်မလိုက်ကနေ ဘက်လိုက်ဖြစ်သွားရ ပါတယ်။ ဘာကြောင့်လဲ။ ကျနော်တို့ရပ်တည်ချက်ကမှန်ရဲ့သားနဲ့ ဘာကြောင့်ကြာကြာ မရပ်နိုင်တာလဲ။

ဒီအကြောင်းကိုအခြေခံပြီး ကျနော်ကမေးတာပါ။ ဘ၀မှာတခါတခါ မှန်တိုင်းတိုင်းလဲ အင်အားဖြစ်မလာပါ။ အင်အားရှိတိုင်းလည်း အမှန်တရားကို မကာကွယ်နိုင်ပါ။ ဒါက ပထမ မေးခွန်း။ အဲဒီမေးခွန်းကနေစပြီး အရှိန်ရသွားတဲ့ကျနော်ဟာ မေးပါများကဏ္ဍဆီ စာအတော်များများရေးဖြစ်ခဲ့ပါတယ်။ ဦးဖေသန်းကလည်း မေးသမျှကို ပြန်လည်ဖြေကြားပေးပါတယ်။ ဒီလိုနဲ့ လေလှိုင်းထဲကနေ သူကို ကျနော် ရင်းရင်းနှီးနှီးသိနေ တယ်ဆိုပါတော့။

အမေ့ရဲ့ ဒုက္ခအိုးလေး

ဒါက လူသိများတဲ့ မေးပါများကဏ္ဍ။ လူသိပ်မသိတဲ့ ၀တ္တုတိုပြိုင်ပွဲတခုကိုလည်း ဦးဖေသန်းက စီစဉ် ခဲ့ပါ သေးတယ်။ ခုနှစ်အတိအကျကိုမမှတ်မိတော့ပေမဲ့ ABSDF ကွဲနေစဉ်၊ ဒါမှမဟုတ် ပြန်ပေါင်းကာစ ၁၉၉၅ နှောင်းပိုင်းမှာလို့ထင်ပါတယ်။ တနိုင်ငံလုံးက စိတ်ဝင်စားသူတိုင်း ပြိုင်ပွဲဝင်နိုင်တယ်ဆိုပြီး ဖိတ်ခေါ်လိုက်ပါ တယ်။


ဘယ်ရမလဲ။ ဒေါင်းအိုဝေအပါဝင် ဟိုနားဒီနား စာတိုပေစရေးနေတဲ့ကျနော် ဘီဘီစီ ဆီ စာလှမ်းပို့တာပေါ့။ ပြန်ကြားရေးဌာနပိုင် ဗလာစာအုပ်ထဲက စာရွက်တွေကို အထပ်လိုက်ဖြုတ်ယူပြီးရေးပို့လိုက်တာ စာမျက်နှာ ၂၀ လောက်ရှိ မယ်ထင်ပါတယ်။ အစီရင်ခံစာရေးရင် အောက်မှာ (မဲနယ်စာရွက်လို့ခေါ်တယ်ထင်ပါတယ်) မဲနယ်စာရွက်ခံပြီး ကော်ပီထားလေ့ရှိပေမဲ့ ၀တ္တုကိုတော့ ကော်ပီမခံဖြစ်လိုက်ပါ။ ဆိုလိုတာက အဲဒီစာရွက်တွေကို စာအိတ်ထဲထည့်ပြီး ဒီတိုင်းပို့လိုက်တော့ ကျနော်ဆီမှာ ကော်ပီမကျန်ခဲ့ပါ။

ဝတ္တုခေါင်းစဉ်က ‘’အမေရဲ့ဒုက္ခအိုးလေး’’ ထူးအိမ်သင်ရဲ့ သီချင်းစာသားကို တိုက်ရိုက်ယူသုံးထားတာ။ အဲဒီကာလကတော့ ဒါမျိုးယူသုံးတာကို ကော်ပီရိုက်ခိုးတယ်၊ အပြစ်ရှိတယ်လို့ နားမလည်သေးတာအမှန်ပါ။ ၀တ္တုဆိုပေမဲ့ တကယ်တော့ ကိုယ့်ကိုယ်ကို ဇတ်လိုက်နေရာကထားပြီး ABSDF ကောင်းကြောင်း၊ ကျောင်းသားတွေတော်ကြောင်း ၀ါဒဖြန့်ချီရေးသိပ်ဆန်တဲ့ ဇတ်လမ်းတပုဒ်ပါ။

ဒါတွေက နောက်ပိုင်းမှစဉ်းစားမိတာပါ။ အဲဒီအချိန်ကတော့ အားလုံးလည်း ဒီလိုပဲရေးနေကြတာပါပဲ။ မဆလ ခေတ် တက္ကသိုလ်တွေက ထွက်လာသူတွေဆိုတော့ စဉ်းစားပုံ၊ ရေးသားပုံတွေက တဦးနဲ့ တဦးသိပ်မကွာကြ။ ‘’၀တ္တုအကြောင်း ဒီလောက်ပြောနေရအောင် ခင်ဗျားဝတ္တုက ဆုရစာရင်းထဲပါလို့လား’’ ဆိုပြီး ပရိသတ်တချို့ကမေးချင်နေပြီ ထင်ပါတယ်။ 

ဘယ်ပါပါ့မလဲ။ ၀ါဒဖြန်ချီရေးသိပ်ဆန်နေပါတယ်ဆိုမှ။ ဒါပေမဲ့ အလကားတော့ဖြစ်မသွားပါဘူး။ -ဒု- ထဲမ၀င်ပေမဲ့ ဇွဲဆုတော့ရပါသေးတယ်။ နံပတ် ကနေ ၂၀ အထိကိုရွေးချယ်ပြီး တဦးကို စတာလင်ပေါင် ၂၀ စီ ဆုချပါတယ်။ -ဒု- ကတော့ ပေါင် ၁၀၀ စီအထက်နဲ့ ရေဒီယိုတွေပါ ရတယ်လို့ထင်ပါတယ်။

အဲဒီကာလက ပေါင် ၂၀ ဆိုတာ ဘယ်နည်းမလဲ။ ဘတ် ၁၀၀၀ ကျော်လောက်ရှိပါတယ်။ လစာတွေ၊ ၀င်ငွေတွေ တပြားမှမရှိတဲ့တောထဲမှာ ဒီလောက်ငွေရရင် ထောပြီပေါ့။ ဒါပေမဲ့ ဘီဘီစီက ငွေသားမပေးပဲ ချက်လက်မှတ်ကြီး ပို့လာပါတယ်။ တောထဲက ကျနော်က အဲဒီလက်မှတ်ကြီးနဲ့ ကန်ချနပူရီသွားပြီး ဘယ်လိုထုတ်မှာလဲ။ လူကြုံနဲ့ ထုတ်ခိုင်းတော့မရဘူး။ ချက်ပေါ်မှာရေးထားတဲ့အမည်ပေါက်လူကိုယ်တိုင် လာထုတ်ရမယ်တဲ့။

အဲဒီအချိန်ထိ ထိုင်းထဲသွားတယ်ဆိုတာ ဒီလိုပဲ ခိုးသွားနေတာ။ တခါတလေကို်င်တဲ့ ထောက်လှမ်းရေး လက်မှတ်ကလွဲပြီး ဘာလက်မှတ်မှရှိတာမဟုတ်။ ဘာ ID ပြပြီးသွားထုတ်မှာလဲ။ ပိုက်ဆံမရတဲ့အပြင် ID အတုပြမှုနဲ့ ရဲဖမ်းခံရမှ ပိုဆိုးနေဦးမယ်ဆိုပြီး အဲဒီလက်မှတ်ကြီးကို ဘီဘီစီ ဆီပြန်ပို့လိုက်ပါတယ်။ လက်မှတ်အစား ငွေသားကိုပဲ လူကြုံနဲ့ပို့ပေးပါလို့ စာပြန်ရေးလိုက်ပါတယ်။

အဲဒီလက်မှတ်နဲ့စာ ဘီဘီစီ ဆီ ပြန်ရောက်မရောက်မသိပါ။ မသိဆို ကို်ယ်ကလည်း စာတိုက်ထဲ တိုက်ရိုက်ထည့်တာ မဟုတ်။ ဗဟိုကလူတွေနဲ့လူကြုံပေးလိုက်တာဆိုတော့ ဒီစာအကြောင်း အဲဒီကတည်းကသတင်းမကြားတော့တာ ဒီနေ့အထိပါပဲ။ ဒီလိုနဲ့ ထီပေါက်ပြီး ဒီလက်မှတ်ပျောက် တယ်ပြောရမလား။ မှတ်ပုံတင်မရှိလို့ မထုတ်နိုင်ဘူးပြောရမလား။ သေချာတာကတော့ အဲဒီ ပထမဆုံးဆုရတဲ့ ပေါင် ၂၀ ကျနော်မြင်ခွင့်မရလိုက်ပါ။

ငွေသာမရလိုက်ပေမဲ့ ကျနော်ဆုရတယ်ဆိုတာကို တပ်ရင်းတခုလုံးက သိထားတော့ ဘီဘီစီက ချက်လက်မှတ် ပို့မလာခင်ကတည်းက ဘော်ဘော်တွေကို လက်ဖက်ရည်တိုက်ထားရပြီးပြီ။ ချက်လက်မှတ်အားကိုးနဲ့ တပ်ရင်းဘေးက မစီစီအေးဆိုမှာ အကြွေးစာရင်းမှတ်ပြီးစားလိုက်တာ တပ်ရင်းကျတဲ့အထိ အဲဒီအကြွေး ဆပ်ဖြစ်ရဲ့လားတောင် မမှတ်မိတော့ပါဘူး။

လန်ဒန်မြို့မှာ ခဏတာ

ဦးဖေသန်းဆီ စာရေးရင်းနဲ့ ရေဒီယိုနဲ့ သတင်းဖက်ကို စိတ်ဝင်စားလာတာလား၊ လက်နက်ကိုင်တိုက်ပွဲ ခေတ် မကောင်းလို့ မီဒီယာဖက် ရွေ့လာတာလား မပြောတတ်ပါဘူး။ ၁၉၉၅ နှောင်းပိုင်းမှာ ကျနော်ဟာ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ရဲ့ နော်ဝေးအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) ရဲ့ တောတွင်းသတင်းထောက်အဖြစ် တာဝန်ပေးခြင်းခံရပါတယ်။


၁၉၉၇ မှာ မင်းသမီးခစန်းကျတော့ တောသတင်းထောက်ကနေ ဘန်ကောက်အခြေစိုက် သတင်းထောက်ဖြစ်လာပါတယ်။ ၁၉၉၉ မှာတော့ လက်နက်ကိုင်ဖက်ကိုလျော့ချပြီး မီဒီယာဖက်ကို စောင်းပေးလာခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၀၁ ခုနှစ်မှာ နော်ဝေးနိုင်ငံ အော်စလိုရုံးမှာ လူလိုတဲ့အတွက် ကျနော်ကိုခေါ်လိုက်ပါတယ်။ 

နောက်တနှစ်အကြာ ၂၀၀၂ မှာတော့ ဝေလပြည်နယ် ကားဒစ်တက္ကသိုလ်မှာဖွင့်တဲ့ဖွင့်တဲ့ အသံလွှင့်သတင်း ပညာသင်တန်းကိုတက်ဖို့သွားရင်း လန်ဒန်မြို့ဆီ ကျနော်ရောက်သွားခဲ့ပါတယ်။

လန်ဒန်ရောက်တော့ ဘီဘီစီ ကိုသွားလည်တာပေါ့။ အဲဒီရုံးမှာ ကျနော်အတွေ့ချင်ဆုံးပုဂ္ဂိုလ်ရှိတယ် မဟုတ်ပါလား။ ဒါပေမဲ့ ဦးလေးကြီးက အဲဒီအချိန်မှာ ပင်စင်ယူသွားပြီ။ တွေ့ချင်ဆုံးလူနဲ့တွေ့ခွင့်မရလိုက်ပါ။ ဒါပေမဲ့ မျှော်လင့်ချက်ကတော့ ရှိပါသေးတယ်။ ဘာကြောင့်လဲဆို ကျနော်ကို ညစာကျွေးမဲ့ ဒေါ်တင်ထားဆွေက သူ့အိပ်မှာလုပ်မဲ့ပွဲဆီ ဘယ်သူတွေကိုဖိတ်ချင်သလဲဆိုတော့ ‘’ဦးဖေသန်းပေါ့’’ ဆိုပြီး ကျနော်ကပြောထားလို့ဖြစ်ပါတယ်။ 

‘’မင်းက ဘာကောင်မို့လို့ ဘီဘီစီ ဌာနမှုးက သူ့အိမ်ဆီဖိတ်ပြီး ထမင်းကျွေးရမှာလဲ’’ ဆိုပြီး ပရိတ်သတ်ထဲ မေးခွန်းထုတ်ချင်သူ ရှိကောင်းရှိနေမယ်ထင်ပါတယ်။ ဒီလိုပါ၊ ဒေါ်တင်ထားဆွေအပါဝင် ဘီဘီစီ ၀ိုင်းတော်သား - ဦး လောက်ကို ဘန်ကောက်မှာ ကွင်းသတင်းထောက်လုပ်စဉ်ကတည်းက ကျနော်တွေ့ဖူးပါတယ်။ ထူးထူးခြားခြား တောထဲကနေ ဘန်ကောက်ကိုရောက်ပြိး ပထမ ဆုံးတွေ့ဖူးတဲ့ မြန်မာသတင်းသမားက ဒေါ်တင်ထားဆွေပါပဲ။

အဲဒီ ၁၉၉၈ ၀န်းကျင်ကာလက ဘီဘီစီ ဟာ အခုလို ဘန်ကောက်မှာရုံးခန်းကြီးမရှိသေးပါ။ လမ်းသွယ်လေး တခုထဲက ထိုင်း စတူဒီယို ငယ်လေးတခုမှာ အသံသွင်းပြီး စမ်းပို့ကာစပဲရှိပါသေးတယ်။ ဘန်ကောက်မှာ ဒုတိယတွေ့ဖူးသူက အခု VOA မှာ တိုက်ရိုက်လေလှိုင်းနဲ့နာမည်ကြီးနေတဲ့ ဦးကျော်ဇံသာပါ။ သူ့ကို ဘယ်မှာစတွေ့လည်းဆိုတော့ ကိုဂျော်နီတို့ စွမ်းအားမြင့်အဖွဲ့ (VBSW) က ဘန်ကောက်သံရုံးကိုစီးနင်း ထားချိန် ဘန်ကောက်မှာ အကြိတ်အနယ်သတင်းယူနေစဉ်မှာပေါ့။

ဒေါ်တင်ထားဆွေနဲ့ ဒုတိယ တခါထပ်တွေ့တာက ၂၀၀၀ ပြည့်နှစ်အစောပိုင်း God Army ဂွတ်အာမီက ရတ်ချပူရီ ဆေးရုံကို ၀င်စီးစဉ်မှာ။ အဲဒီဆေးရုံမှာသတင်းယူတဲ့အပြင် နယ်စပ်က တောတွင်းခစန်းတွေ အထိသွားဖူးတဲ့အတွက် အတော်ရင်းရင်းနှီးနှီးရှိတယ်လို့ပြောနိုင်ပါတယ်။ ပြီးတော့ ကိုမင်းထက်တို့ ကိုကိုအောင်တို့ကိုလည်း ဘန်ကောက်မှာ တင်းအတူတွဲယူဖူးတဲ့အတွက် အတော်ရင်းရင်းနှီးနှီး ရှိနေပါတယ်။ ဆိုလိုတာက ဘီဘီစီ ရုံးကို အခုမှ ပထမ ဆုံး အကြိမ်ရောက်ဖူးတယ်ဆိုပေမဲ့ ၀န်ထမ်းအတော်များများက ကျနော်နဲ့သိပြီသားဆိုတဲ့သဘောပါ။

၂၀၀၀ ခုနှစ်အစောပိုင်း ဘန်ကောက်မှာကျင်းပတဲ့ အာဆီယံ အစည်းဝေးမှာကတည်းက ရင်းနှီးခဲ့တဲ့ ကိုမင်းထက်က ဘီဘီစီ တခွင့်လှည့်လည်စဉ်သဘောမျိုးနဲ့ ဌာနပေါင်းစုံကိုလိုက်ပြတော့ Archive မှတ်တမ်းဌာနကို ကျနော် တော်သဘောကျမိပါတယ်။ တိတ်ခွေတွေ၊ စာရွက်တွေ၊ တခြားပစ္စည်းတွေကို စနစ်တကျသိမ်းထားတာများ ကျနော်တို့ DVB နဲ့တခြားစီ။ 

‘’ဘီဘီစီမှာက မှတ်တမ်းတွေကိုအသေအချာသိမ်းထားတာဗျ။ ဘီဘီစီ စလွှင့်တဲ့အချိန်ကနေ ဒီနေ့အထိ အားလုံးရဲ့ မှတ်တမ်းတွေ ဒီမှာရှိတယ်’’ ဆိုပြီး ကိုမင်းထက်ကပြောပါတယ်။ အဲဒီအချိန် မဆီမဆိုင် ကျနော်ခေါင်းထဲ ပေါ်လာတဲ့လာတဲ့စိတ်ကူးက ‘’အဲဒါဆို ခင်ဗျားကိုကျနော်တခါပြောဖူးတဲ့၊ ဦးဖေသန်း ဆီပို့ဖူးတဲ့ ၀တ္တုတိုစာမူများ ဒီထဲမှာရှိမလား မသိဘူး၊ ရမယ်ဆို ကော်ပီလိုချင်တယ်ဗျာ’’ ဆိုပြီး သွားပြော မိပါတယ်။

''ရှိနိုင်ပါတယ်။ ရှာပေးပါ့မယ်'' လို့ သူကပြောပေမဲ့ အသေအချာစဉ်းစားတော့ ဘယ်ရှိပါ့မလဲ။ အသံလွှင့်တဲ့ အဆင့်ထိ တောင်ရွေးချယ်မခံရတဲ့၊ ဇွဲဆုလောက်သာရတဲ့ဒီစာမူကို ဘယ်သူက တကူးတကာ့သိမ်းထား ပါ့မလဲ။ ကော်ပီလိုချင်ရင် နဂိုကတည်းက ကူးထားပေါ့လို့အပြောမခံရတာ ကံကောင်း။

ထားတော့။ စာမူမတွေ့လည်း ညနေ ဦးလေးကြီးနဲ့တွေ့ရင်တော့ အဲဒီဝတ္တုအကြောင်း၊ မေးပါများကဏ္ဍ အတွက် စာရေးခဲ့ပုံအကြောင်းတွေပြောကြသေးတာပေါ့။ ဒါပေမဲ့ ကံကဆိုးချင်တော့ အဲဒီညက ဒေါ်တင်ထားဆွေအိမ်မှာလုပ်တဲ့ပွဲဆီ ဦးလေးကြီးက ရောက်မလာခဲ့ပါဘူး။ မအားတာလား၊ နေမကောင်းတာလား၊ အသက်ကလည်း အတော်ကြီးနေပြီဆိုတော့ သူကိုခေါ်ရမှာ အားနားလို့လား မပြောတတ်ပါ။ 

ဒီတော့ လန်ဒန်မြို့ဆီရောက်ခဲ့ရဲ့သားနဲ့၊ ဘီဘီစီရုံးဆီရောက်ခဲ့ရဲ့သားနဲ့ မေးပါများ ဦးလေးကြီးကို တွေ့ခွင့် မကြံလိုက်ပါ။ အခုတော့ ဦးလေးကြီးက သတင်းလောက၊ လူလောကနေ အပြီးတိုင် ထွက်ခွာသွားခဲပါပြီ။ ဘယ်တော့မှ လူချင်းတွေ့ဆုံခွင့် မရနိုင်တော့ပါ။ ဦးလေးကြီးရဲ့ မေးပါများကဏ္ဍကိုမကြားနိုင်တော့ပေမဲ့ အဲဒီ ကဏ္ဍရဲ့အဖွင့်သီချင်း Please Mr Postman သီချင်းသံကိုကြားတိုင်း ဦးလေးကြီးကို သတိရနေမှာပါ။   ။

(ဓာတ်ပုံများကို ဘီဘီဘီ ဖေ့စ်ဘုတ်မှ ယူထားပါသည်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More