Thursday, February 11, 2016

ပြည်ထောင်စုနေ့ ညစာစားပွဲများကို ကျော်၍ကြည့်ခြင်း

The Voice Daily, 11-02-2016.

၆၉ ကြိမ်မြောက် ပြည်ထောင်စုနေ့

မနက်ဖြန် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ဟာ ၆၉ ကြိမ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပါတယ်။ ပြည်ထောင်စုနေ့ ရောက်တိုင်း ပထမဆုံး သတိရမိတာကတော့ ကျောင်းသားဘ၀က ရေးခဲ့ဖူးတဲ့ စာစီစာကုန်းပြိုင်ပွဲတွေ၊ ပြည်ထောင်စုအလံ သယ်ယူပွဲအခမ်းအနားတွေ၊ ပြည်ထောင်စုနေ့ညမှာကျင်းပတဲ့ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြပွဲ၊ ကပွဲခုန်ပွဲတွေနဲ့ အားကစားပြိုင်ပွဲတွေပဲဖြစ်ပါတယ်။

အဲဒီခေတ်ကကျင်းပတဲ့ ကျိုက္ကဆံကွင်း ပြည်ထောင်စုနေ့ပွဲတော်ဆိုရင် တိုးလို့တောင်မပေါက်ဘူး။ အလားတူ ပြည်နယ်-တိုင်းအသီးသီးရဲ့မြို့တော် အားကစားကွင်းတွေမှာကျင်းပတဲ့ ပြည်ထောင်စုပြပွဲတွေကလည်း စည်သလားမမေးနဲ့။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း ရိုးရာဝတ်စုံတွေနဲ့ လှပစွာ ကနေဟန်တွေကို အခုထိ မြင်ရောင်နေဆဲပါ။

လူငယ်တွေဆိုတော့ ပြည်ထောင်စုနေ့ ပြခန်းမှာပြထားတာတွေ၊ ကျောင်းစာအုပ်ထဲမှာရေးထားတာတွေ ထက်ကျာ်ပြီး ပြည်ထောင်စုရဲ့တကယ့်အနှစ်သာရအကြောင်း တခါမှ အသေအချာမစဉ်းစားမိပါ။ ဆရာတွေကလည်း တခါမှ အကျယ်ချဲ့ပြီး မရှင်းပြ၊ ကျောင်းသားတွေကိုယ်တိုင်ကလည်း ရှင်းပြဖို့တခါမှ မမေးမိ။ မေးခွန်းထုတ်ရကောင်း မှန်းလည်း မသိခဲ့ပါဘူး။ ယုတ်စွအဆုံး သမိုင်းဝင်ပင်လုံစာချုပ် လက်မှတ်ရေးထိုးတဲ့နေရာ၊ ပြည်ထောင်စုကျောက်တိုင်ရှိတဲ့ ပင်လုံမြို့ဆီတောင် သွားလေ့လာဖို့ တခါမှ မစဉ်းစားမိခဲ့ဖူးပါ။ (အနောက်နိုင်ငံတွေမှာတော့ ဒီလိုအရေးကြီးတဲ့နေရာဆီ ကျောင်းသားတွေ မပျက်မကွက် သွားရောက်လေ့လာလေ့ရှိပါတယ်)

ဒီလိုနဲ့ ကျောင်းသားတွေဟာ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနောက်ခံအကျဉ်းလေး၊ ဗမာအစိုးရကိုယ်စား လှယ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တောင်တန်းသားတွေရဲ့ကိုယ်စားလှယ် တိုင်းရင်းသားခေါင်းဆောင်တွေ လက်မှတ်ရေးထိုးရာကနေ ပင်လုံစာချုပ်ဖြစ်ပေါ်လာတယ်၊ အဲဒီကတဆင့် လွတ်လပ်ရေးရခဲ့တယ်ဆိုတာ လောက်ပဲ အကြမ်းဖျင်းသိခဲ့ပြီး အဲဒီပင်လုံစာချုပ်ထဲမှာ ဘာတွေပါသလဲ၊ အဲဒီစာချုပ်ပါ အချက်တွေကို အစိုးရအဆက်ဆက်က ဘယ်လိုအကောင် အထည်ဖေါ်နေသလဲဆိုတဲ့ အဓိကအပိုင်းကိုတော့ သိခွင့် မရခဲ့ကြပါဘူး။

ပြည်ထောင်စုနေ့အပေါ် နားလည်မှုအဆင့် ဒီလာက်သာရှိခဲ့တဲ့ ကျနော်တို့ကျာင်းသားတွေဟာ ၁၉၈၈ မှာတော့ ကြီးမားတဲ့ လူထုတော်လှန်ရေးတရပ်ကိုကြုံတွေ့လိုက်ရပြီး စဉ်းစားပုံတွေအတော်ပြောင်းသွား ပါတယ်။ ဒီမိုကရေစီအရေးတောင်းဆိုမှုတိုက်ပွဲတွေကနေတဆင့် ဖက်ဒရယ်အရေး၊ စစ်မှန်တဲ့ပြည်ထောင်စု အခွင့်အရေးပေးဖို့ လက်နက်ကိုင်ပြီး တောင်းဆိုနေတဲ့ တိုင်းရင်းသားနယ်မြေဆီအထိ ဒီကျောင်းသား တွေရောက်သွားတဲ့အခါ ကျောင်းမှာသင်နေတဲ့ ပြည်ထောင်စုနေ့နဲ့ တကယ့်ပြည်ထောင်စုရဲ့အနှစ်သာရ အတော်ကွဲပြားနေတယ်ဆိုတာကို ကိုယ်တိုင်ကြုံတွေ့လိုက် ကြရပါတယ်။

တောထဲက ပြည်ထောင်စုနေ့

ဇန်နာဝါရီ ၇က်မှာ လွတ်လပ်ရေးနေ့၊ ဖေဖေါ်ဝါရီ ၁၂ မှာ ပြည်ထောင်စုနေ့ဆိုပြီး အရိုးစွဲလာခဲ့တဲ့ ကျနော်တို့ကျောင်းသားတွဟာ တောထဲရောက်တော့လည်း ဒီလိုအခမ်းအနားတွေကို အစဉ်အလာမပျက် ဆက်ကျင်းပခဲ့တယ်ဆိုပါတော့။ ဒါပေမဲ့ ကျနော်တို့ဟာ စာသင်ခန်းထဲကကျောင်းသားတွေမဟုတ်တော့ပါ၊ လက်နက်ကိုင်တော်လှန်ရေးလုပ်နေတဲ့ ကျောင်းသားကြီးတွေဖြစ်နေပါပြီ။ ဒီတော့ အနီးဝန်းကျင်ရှိ မဟာမိတ် တိုင်းရင်းသားခေါင်းဆောင်တွေကိုလည်း ဒီအခန်းအနားတွေဆီတက်ဖို့ ဖိတ်ကြားရတာပေါ့။

''လွတ်လပ်ရေးနေ့တွေ၊ ပြည်ထောင်စုနေ့တွေက အတုအယောင်တွေပါကွာ။ အဲဒါတွေသာ အစစ် အမှန်ဆိုရင် ငါတို့ ဒီနေရာမှာနေဖို့ ဘယ်လိုမလဲ'' ဆိုပြီး KNU ကရင့်အမျိုးသားအစည်းအရုံးရဲ့ ခေါင်းဆောင်တဦးက ကျနော်တို့ရဲ့ဖိတ် ကြားချက်ကို ငြင်းပယ်တဲ့အခါ အတော်အံ့သြသွားပါတယ်။ ပြည်တွင်းမှာနေစဉ်က ဒီလိုစကားလုံးမျိုး တခါမှ မကြားဖူးခဲ့ပါ။ ဒီလိုငြင်းပယ်လိမ့်မယ်လို့လည်း လုံးဝ ထင်မထားခဲ့ပါ။

‘’ဒီလူ ဘာကြောင်တာလဲ’’ ဆိုပြီး ပထမ ပိုင်းမှာ နည်းနည်းစိတ်ဆိုးသလိုဖြစ်သွားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သူရဲ့ ဆိုလိုရင်းကို တဖြေးဖြေးသဘောပေါက်လာပါတယ်။ အခုကျင်းပနေတဲ့ အခမ်းအနားတွေဟာ အစစ်မှန်အဓိပ္ပါယ်ရှိ မယ်ဆိုရင်၊ တနည်းအားဖြင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာစဉ်က ပေးခဲ့တဲ့ကတိတွေ၊ စာချုပ်စာတန်းတွေအတိုင်းသာ တာဝန်ရှိသူအားလုံးက စနစ်တကျဆောင်ရွက်လာမယ်ဆိုရင် ကျနော်တို့ ကျောင်းသားတွေ တောခိုစရာအကြောင်းမရှိသလို KNU အပါဝင် လူမျိုးစုတွေလဲ လက်နက်ကိုင် တော်လှန်ရေးလုပ်နေစရာမလိုဘူးလို့ သူက ဆိုလိုတာပါ။

ဒါ လွန်ခဲ့တဲ့ ၁၉၈၉၊ ၉၀ ၀န်းကျင်ကအခြေအနေကိုပြောတာပါ။ အခုတော့ ခေတ်ပြောင်းသွားပြီ။ ကျောင်းသားအဖွဲတွေက တောထဲမှာ ဒီလိုအခမ်းအနားမကျင်းပတော့သလို KNU အပါဝင် လက်နက် ကိုင်တိုင်းရင်းသားခေါင်းဆောင်တွေကလည်း ဒါမျိုးမငြင်းတော့ပါ။ ဗဟာဗမာ ရန်သူတွေဆိုပြီး တချိန်က သူတို့အသဲအသန်တိုက်ခဲ့ဖူးတဲ့ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့အတူ နေပြည်တော်က ပြည်ထောင်စု ညစာစားပွဲမှာ ရှန်ပိန်ခွက်ချင်း တိုက်နေကြပါပြီ။

ကျောင်းသားတွေဖိတ်တုန်းက ငြင်းဆိုဖူးခဲ့ဖူးသူတွေ အခုတော့ နေပြည်တော်အထိ တကူးတကာ့သွားပြီး အခမ်းအနားတက်နေတာ ဘာကြောင့်လဲ။ သူတို့ရဲ့ ပြည်ထောင်စုနေ့ဆိုင်ရာ သဘောထား မူဝါဒတွေ ပြောင်းသွားလို့လား။ လက်ရှိအစိုးရက ပင်လုံစာချုပ်ပါ မူတွေကို အကောင်အထည်ဖေါ်ပေးလာလို့လား။ ဒါမှမဟုတ် ငြင်းဖို့မသင့်တော်တဲ့အတွက် သံတမန်ဆန်ဆန် တက်နေကြရတာမျိုးလား။ 

ဘယ်လိုပဲဖြစ်ဖြစ် သေနတ်ချင်းတိုက်နေရာကနေ ရှန်ပိန်ခွက်ချင်းတိုက်ရတဲ့အဆင့်ဆီ ရောက်လာအောင် ကြားဝင်စေ့စပ်ပေးခဲ့တဲ့ MPC မြန်မာငြိမ်းချမ်းရေးစင်တာကိုတော့ ကျေးဇူးတင်သင့်ပါတယ်။ ဒါပေမဲ့ ဖက်ဒရယ်စနစ်တွေ၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌဏ်းခွင့်ဆိုတာတွေက ဒီလို နှစ်ဖက်လူကြီးမင်းတွေ ရှန်ပိန်ခွက်ချင်းတိုက်နေရုံနဲ့ သူအလိုလို ရလာနိုင်တာမျိုး မဟုတ်ပါ။ ဒီကြားထဲ NCA လက်မှတ်မထိုးတဲ့ တချို့အဖွဲ့တွေအပေါ် တပ်မတော်က အကြီးအကျယ်ထိုးစစ်ဆင်နေဆဲ။ တချို့အဖွဲ့တွေကတော့ တပ်မတော်နဲ့တိုက်ရတဲ့အပြင် တိုင်းရင်းသားအချင်းချင်းပါ လှည့်ပတ်တိုက်တဲ့အထိ အခြေအနေတွေက ရှုတ်ထွေးလာနေပါတယ်။

ပြည်နယ်မူကို လူကြီးမင်း လက်ခံပါသလား 

အရင်ခေတ်က စကားထဲတောင် ထည့်မပြောရဲတဲ့ ဖက်ဒရယ်မူကို အခုတော့ သမ္မတဦးသိန်းစိန် ကိုယ်တိုင်က လက် ခံပါတယ်လို့ပြောလာနေပါပြီ။ ကာ-ချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကလည်း ဖက်ဒရယ်မူကို လက်ခံတယ်လို့ ပြောထားဖူးပါတယ်။ အခု ရွေးကောက်ပွဲမှာအပြတ်အသတ်အနိုင်ရပြီး လွှတ်တော်သစ်ဆီရောက်လာတဲ့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ NLD ပါတီကလည်း ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို လက်ခံတယ်လို့ပြောထားပါတယ်။

ဒါဆို ဘာလိုသေးလို့လဲ။ နှစ် ၅၀ ကျော်လက်နက်ကိုင်တိုက်နေတဲ့ တိုင်းရင်းသားတွေ သူ့ဒေသသူပြန်လို့ ရပြီပေါ့။ နှစ် ၁၀၀ ကျော်အထိ ထောင်ဒဏ်ချခံခဲ့ရဖူးတဲ့ တိုင်းရင်းသားပါတီခေါင်းဆောင်တွေလည်း ကိုယ့်ပြည်နယ်ကိုယ်ပြန် ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ချလို့ရပြီပေါ့။ နယ်စပ်ဒေသအသီးသီးမှာ နှစ် ၃၀ ကျော်သောင်တင်နေတဲ့ ဒုက္ခသည်တွေ၊  တတိယနိုင်ငံတွေဆီ ရောက်သွားသူတွေလည်း လွတ်လပ်စွာ အိမ်ပြန်ခွင့်ရပြီပေါ့။

ဒါက အကောင်းဖက်ကို အလွန်အကျွံမျော်ပြီး စိတ်ကူးယဉ်ကြည့်တာပါ။ တကယ့်အခြေအနေက အဲလောက်အထိ မျှော်လင့်လို့ မရသေး။ ဖက်ဒရယ်မူကိုလက်ခံပြီလို့ တာဝန်ရှိသူတွေဖက်က ပြောလိုက်တဲ့အချိန်နဲ့ လက်တွေ့ အကောင်အထည်ဖေါ်ရမဲ့အချိန်ကြားမှာ ဘယ်လောက်ကြာမယ်ဆိုတာ ခန့်မှန်းဖို့ ခက်နေပါသေးတယ်။ ဒီထက်ပို ဆိုးတာက အထက်ဖေါ်ပြပါ အာဏာရလူကြီးမင်းတွေပြောနေတဲ့ ဖက်ဒရယ်စနစ်နဲ့ ရှေ့မှာ စာရေးသူတင်ပြခဲ့တဲ့ တောထဲကလက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်တွေ၊ ထောင်ကျခံတိုင်းရင်းသား ပါတီခေါင်းဆောင်တွေပြောနေတဲ့ ဖက်ဒရယ်စနစ် အတူတူကော ဟုတ်ရဲ့လား၊ တထပ်တည်းကျပါရဲ့လား ဆိုတာပါပဲ။

အများမြင်သာအောင်ပြောရမယ်ဆိုရင် ရှမ်း မူ လို့ခေါ်ကြတဲ့ ပြည်နယ်မူကို အာဏာရပါတီနဲ့ စစ်တပ်ဖက် က လက်ခံပြီလား။ ဒါမှမဟုတ် အခုရှိနေတဲ့ ပြည်နယ်၊ တိုင်းကိုပဲ ဒေသဆိုင်ရာအုပ်ချုပ်ခွင့်ဖက်မှာ နည်းနည်းလေး လုပ်ပိုင်ခွင့်အာဏာတိုးပေးလိုက်ရင် ဖက်ဒရယ်စနစ်ဖြစ်လာပြီလို့ ထင်နေကြတာမျိုးလား။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ဖက်ဒရယ်ဆိုတဲ့စကားလုံးကိုလက်ခံတဲ့နေရာမှာ အားလုံးတူနေပြီ လို့ဆိုနိုင်ပေမဲ့ အနှစ်သာရအပိုင်း အကောင်အထည်ဖေါ်ဖို့ကိစ္စမှာတော့ အခုမှ အစပဲရှိသေးတယ်လို့ ဆိုချင်ပါတယ်။

ဒီလိုဆွေးနွေးတဲ့အခါ နိုင်ငံရေးသမားတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေက သက်ဆိုင်ရာပါတီ၊ အဖွဲ့အစည်းကို ကို်ယ်စားပြုငြင်းခုန်ကြတာ သဘာဝကျပါတယ်။ ဒါပေမဲ့ အကဲခတ်သူတွေ၊ အထူးသဖြင့် မီဒီယာသမားတွေကတော့ လွတ်လပ်သူတွေအဖြစ် ဘယ်ဖက်မှမပါပဲ ကြားလူအမြင်သက်သက်နဲ့ လေ့လာခွဲခြမ်းတင်ပြနိုင်ဖို့ လိုမယ်ထင်ပါ တယ်။ ဘာကြောင့်လဲဆိုရင် အရင်နှစ်တွေကဖြစ်ပွားခဲ့ဖူးတဲ့ ဘာသာရေးပတိပက္ခတွေတုန်းက သတင်းသမား အတော်များများဟာ ဗုဒ္ဒဘာသာဖက်မှာ ရပ်မိပြီး သားဖြစ်နေသလို အခုဖက်ဒရယ်ကိစ္စကိုတင်ပြတဲ့အခါမှာလည်း သတင်းသမားတချို့ ဗမာလူများစု ဖက်မှာရပ်ပြီး သတင်းတင်ပြတာမျိုး တွေ့ တွေ့နေရလို့ဖြစ်ပါတယ်။

တကယ်တော့ တိုင်းရင်းသားအခွင့်အရေးဆိုတာကလည်း လူ့အခွင့်ရေးလိုပဲ မူလရပိုင်ခွင့်တွေပါ။ ဗမာ လူများစုက ပိုင်ရှင်ဖြစ်နေလို့ တိုင်းရင်းသားလူနည်းစုတွေက တောင်းခံနေရတာမျိုး မဟုတ်ပါ။ ဗမာက အကိုကြီးဖြစ်ပြီး တိုင်းရင်းသားတွေက ညီငယ်တွေလည်း မဟုတ်ပါ။ နိုင်ငံသားတိုင်း တန်းတူရည်တူ အခွင့်အရေးရှိပါတယ်။ လူများစုက လူနည်းစုကို အခွင့်အရေးတန်းတူပေးဖို့ တောင်းဆိုနေခြင်းမျှ သာဖြစ်ပါတယ်။ 

NLD အစိုးရခေတ်မှာ ဖက်ဒရယ်မူ ဖြစ်လာနိုင်သလား

သေချာတာကတော့ အခုရွေးကောက်ခံ NLD အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားတွေရဲ့အခွင့်အရေး တောင်းဆိုမှု၊ တနည်းအားဖြင့် ဖက်ဒရယ်ပြည်ထောင်စုမူတောင်းဆိုမှု ပိုအသံကျယ်လာမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ အရင်စစ်အစိုးရခေတ်က လက်နက်နဲ့ဖိနှိပ်ထားလို့၊ ဖမ်းဆီးပြီးထောင်ထဲထည့် ထားလို့ ဆွေးနွေးခွင့်မရတဲ့ ဒီကိစ္စကို လူထုရွေးချယ်မှုနဲ့တက်လာတဲ့ NLD အစိုးရလက်ထက်မှာ မဆွေးနွေးရင် ဘယ်အချိန်သွားဆွေးနွေးမှာလဲ။ ဒါပေမဲ့ NLD ဖက်ကတော့ လောလောဆယ်မှာ တိုင်းရင်းသားအရေးဖက်ကိုမလှည့်နိုင်သေးပဲ စစ်တပိုင်းအစိုးရဆီကနေ အာဏာလွဲပြောင်းရေး ကိစ္စချောမွေ့ရေးကိုပဲ ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ထားပုံရပါတယ်။ 


တဖက်မှာလည်း ဖက်ဒရယ်မူကိုဒီလိုဆွေးနွေးလို့၊ ပြည်နယ်မူကိုတောင်းလို့ ၁၉၆၂ ကလို စစ်တပ်အာ ဏာပြန်သိမ်းရင်ဘယ်လိုလုပ်မလဲဆိုပြီး စိုးရိမ်သူတွေ NLD ပါတီနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းကြားမှာ ရှိနေဆဲပါ။ စစ်တပ်ရဲ့ဖိနှိပ်မှုနဲ့ ၀ါဒဖြန့်မှုအောက်မှာ နှစ် ၅၀ ကျော်နေခဲ့ရသူတွေဆိုတော့ အတိတ်ရဲ့ အရိပ်တစ္ဆေကို အခုချိန်အထိ ဆက်ကြောက်နေတာကို အပြစ်ပြောဖို့တော့ ခက်ပါတယ်။ ဒါပေမဲ့ လွှတ်တော်ထဲမှာဆွေးနွေးရင်း၊ NCA လုပ်ငန်းစဉ် မှာဆွေးနွေးရင်း ညှိနှိုင်းရင်းနဲ့ တဖြေးဖြေး အဖြေနဲ့ ပိုနီးစပ်လာမယ်လို့မျှော်လင့်ရပါတယ်။ 

တချိန်တည်းမှာပဲ သာမန်လူထုကြားမှာလည်း တိုင်းရင်းသားတွေအပေါ် ခွဲခြားဆက်ဆံတာမျိုးတွေ ရှောင်ဖို့လိုပါတယ်။ညစ်ပတ်လိုက်တာကွာ၊ ကရင်ကျနေတာပဲဆိုတာမျိုး၊ ‘’တိုင်းရင်းသားဆိုပေမဲ့ မြန်မာစကား ပီအောင်ပြောတတ်သားပဲဆိုတာမျိုး၊ စသဖြင့် ခွဲခြားဆက်ဆံမှုမှန်း သတိမထားမိပဲ နေ့စဉ်သုံးနေတဲ့အသုံးအနှုန်းတချို့ကို ပြန်သုံးသပ်သင့်ပါတယ်။ အငြိမ်ထဲကလူရွှင်တော်တွေ၊ ရုပ်ရှင်ထဲက သရုပ်ဆောင်တွေပြောတဲ့စကား၊ အသုံးအနှုန်းတွေမှာလဲ တိုင်းရင်းသားတွေအပေါ် ခွဲခြားဆက်ဆံမှုပါတဲ့ စကားလုံးတွေကို စဉ်းစားဆင်ခြင်သင့်ပါတယ်။

တခါ အမျိုးဘာသာကာကွယ်ရေးဆိုပြီး ကြွေးကြော်နေတဲ့လူတွေကလည်း ဗမာနဲ့ ဗုဒ္ဒဘာသာကို ရှေ့တန်းတင်ရင်းနဲ့ တိုင်းရင်းသားတွေအပေါ် ခွဲခြားဆက်ဆံပြီးသားဖြစ်နေတာကို သတိထားသင့်ပါတယ်။ အမျိုးသားရေး Nationalism လို့ကြွေးကြော်နေပေမဲ့ တကယ်တော့ Nation Building နိုင်ငံတည် ဆောက်ရေးဆီ ဦးမတည်ပဲ ခွဲခြားဆက်ဆံရေး Racism ဆီ မြန်မာနိုင်ငံ ဦးတည်နေပြီလို့တောင် ပညာရှင် တချို့ကက ထောက်ပြနေပါတယ်။


ဒီအတွက် လောလောဆယ် အရေးတကြီးလုပ်ဖို့လိုနေတာကတော့ တိုင်းရင်းသားတွေနဲ့ဖြစ်နေတဲ့ စစ်ပွဲတွေကို ချက်ချင်းရပ်တန့်ဖို့ပါပဲ။ ထိုးစစ်ရပ်ဆိုင်းခြင်းကနေတဆင့် NCA မှာ အားလုံးပါဝင်ခွင့်ရ လာအောင် အစိုးရသစ်က စွမ်းဆောင်ပြဖို့လိုနေပါတယ်။ ဒါကြောင့် ဒီနှစ် ပြည်ထောင်စုနေ့ညစာစားပွဲကို အရင်နှစ်တွေကလို ရှန်ပိန်ခွက်ချင်း တိုက်ရုံသက်သက်အသုံးမချပဲ ဖက်ဒရယ်မူဆီ ဦးတည်တဲ့အဆင့် ဆွေးနွေးပွဲတွေအထိ ရောက်အောင်တက်လှမ်းနိုင်ရေး ပထမ ခြေလှမ်းအဖြစ်အသုံးချသင့်ပါကြောင်း နှိုးဆော်တင်ပြလိုက်ရပါတယ်။    
......
(ပင်လုံနှင့်ဆိုင်တဲ့ ဓာတ်ပုံတွေ၊ စာချုပ် စာတမ်းတွေကို ဒီနေရာမှာ စုပေါင်း ဖေါ်ပြလိုက်ပါတယ်။ မှတ်တမ်းနဲ့ သုတေသနလုပ်ချင်သူများအတွက် ရည်ရွယ်ပါတယ်)။
...........
ပင်လုံစာချုပ်အပြီးမှာ ရေးဆွဲခဲ့တဲ့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဒီနေရာမှာ ဖေါ်ပြအပ်ပါတယ်...

.......

Tuesday, February 2, 2016

ပြောခွင့်ရပုဂ္ဂိုလ် ဘယ်သူလုပ်မလဲ

The Voice Daily, 02-02-2016.

အစိုးရသစ်နှင့် မီဒီယာလွတ်လပ်ခွင့်

စစ်တပိုင်းအစိုးရခေတ်နဲ့စာရင် ရွေးကောက်ခံအရပ်သားအစိုးရသစ်လက်ထက်မှာ မီဒီယာလွတ်လပ်ခွင့် အပါဝင် လူ့အခွင့်အရေးတွေ၊ နိုင်ငံသားအခွင့်အရေးတွေ ပိုတိုးတက်ရရှိလာမယ်ဆိုတာ သံသယရှိ စရာမလိုပါဘူး။ တနေ့က ထုတ်ပြန်လိုက်တဲ့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့အစီရင်ခံစာ ကလည်း မြန်မာနိုင်ငံရဲ့ လွတ်လပ်ခွင့်အဆင့်အတန်းဟာ အဆင့် ကနေ အထိ တိုးတက်လာတယ် လို့ညွှန်းဆိုထားတာ တွေ့ရပါတယ်။


ဒါက သီအိုရီအပိုင်းကိုပြောတာပါ။ လက်တွေ့ ကွင်းထဲကအခြေနေကတော့ အပေါ်ကညွှန်းကိန်းတွေနဲ့ မတူတာလေးတွေ နည်းနည်း ရှိနေဆဲဖြစ်ပါတယ်။ အဲဒီထဲက ပထမ အချက်ကတော့ စစ်တပိုင်းအစိုးရ ကိုရော၊ အသစ်တက်လာမဲ့ NLD အစိုးရကိုပါ ပွင့်လင်းစွာဝေဖန်တဲ့ ကာတွန်းဆရာမောင်မောင်ဖောင်တိန်ရဲ့ Facebook အကောင့် ဇန်နာဝါရီလဆန်းပိုင်းက Report ထိတဲ့ကိစ္စပါ။

ဇန်ဝါရီလ ၁၀ ရက်နေ့ညမှာ အခုလိုထိတာဖြစ်ပြီး တညလုံးသုံးခွင့်မရပဲ ယာယီအပိတ်ခံလိုက်ရတယ်လို့ မောင်မောင်ဖောင်တိန်က ပြောပါတယ်။အံ့အားသင့်တယ်။ လန့်သွားတယ်။ ဦးသိန်းစိန် အစိုးရ ခေတ်တလျှောက်လုံး ကျနော်ရေးလာခဲ့တယ်။ ဒီလိုမဖြစ်ခဲ့ဖူးဘူးလို့ ဧရာဝတီသတင်းဌာနဆီ သူပြောခဲ့တာကို  မောင်မောင်ဖောင်တိန်က သူ့ရဲ့ Facebook ပြန်သုံးခွင့်ရချိန်မှာ တင်ထားတာတွေ့ ရပါတယ်။ 

အဲဒီလို Report မထိခင် သူရေးခဲ့တဲ့ ကာတွန်းကတော့ မောနှမ သုံးဦးစကားပြောနေတဲ့ပုံဖြစ်ပါတယ်။ အမဖြစ်သူကို မောင်လေးနှစ်ဦးကအစ်မ လုပ်ချင်တာကြ ပြောပြီး၊ ကျနော်တို့ လုပ်ချင်တာပြောတော့ စိတ်ဆိုးတယ်နော်ဆိုပြီး မေးခွန်းထုတ်နေတဲ့ပုံ ဖြစ်ပါတယ်။ ဒါဟာ NLD ပါတီဥက္ကဌက ‘’ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့’’ ဆိုပြီး ပါတီ မှာ ဒုတိယခေါင်းမထားပဲ တဦးတည်းသြဇာပြနေတဲ့အပေါ် ညွှန်းဆိုတဲ့ သင်္ကေတဖြစ်တာကြောင့် ဒေါ်စုကို မျက်စိမှိတ် ထောက်ခံသူကတွေ အခုလို Report လုပ်တာဖြစ်နိုင်တယ် လို့ အကဲခတ်တွေက ဆိုပါတယ်။

ဒုတိယ တင်ပြချင်တဲ့ကိစ္စကတော့ NLD ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ဦးဝင်းထိန်ကနေ RFA (လွတ်လပ် သော အာရှအသံ- မြန်မာပိုင်းအစီစဉ်) သတင်းထောက်ကို မေးခွန်းမမေးခင် မေးသင့်မသင့် အသေအချာစဉ်းစားဖို့၊ မပြောချင်တာကို အတင်းမမေးဖို့၊ မီဒီယာမှာ သတင်းဖေါ်ပြခွင့် ၁၀ မီနစ်လောက်ရဖို့ထက် တိုင်းပြည်ရှေ့ရေးအတွက် နှစ် ၂၀ ကျော်ကြိုးပန်းလာခဲ့တဲ့ ရလာဒ်က ပိုအရေးကြီးတယ်ဆိုတာကို သတိချပ်ဖို့ စသဖြင့် သတင်းသမားတွေကို သတိပေးတဲ့သဘောမျိုး လေသံမာမာနဲ့ ဇန်နာဝါရီလ ပထမ သတင်းပတ်အတွင်း ပြောဆိုခဲ့တဲ့အချက်ဖြစ်ပါတယ်။

တတိယ တင်ပြချင်တာကတော့ ပူပူနွေးနွေး ပြီးခဲ့တဲ့သတင်းပတ် ဇန်နာဝါရီ ၂၂ ရက်နေ့ကမှ ထုတ်ပြန်လိုက်တဲ့ ပါတီမူဝါဒတွေ၊ အသွင်ကူးပြောင်းရေးဆိုင်ရာကိစ္စရပ်တွေကို ဥက္ကဌမှတပါး အခြားပုဂ္ဂိုလ်များပြောခွင့်မရှိဆိုတဲ့ ကြေ ညာချက်ဖြစ်ပါတယ်။ NLD ပါတီရဲ့အသုံးအနှုန်းတိုင်းဆိုရင် ‘’သိမ်သိမ်မွေ့မွေ့ လုပ်ကိုင်ဆောင်ရွက်နေရသည့် အချိန် ကာလ’’ ဖြစ်တဲ့အတွက် ဒီလိုအမိန့်ထုတ်လိုက် ရတာလို့ဆိုပါတယ်။

မြန်မာ့နိုင်ငံနှင့် ပြောခွင့်ရပုဂ္ဂိုလ်ရှားပါးမှုအကျပ်အတည်း

NLD ပါတီရဲ့ နောက်ဆုံးကြေညာချက်အပေါ် မီဒီယာသမားတွေဖက်က အနည်းအကျဉ်းဝေဖန် တာကြားရပေမဲ့ နိုင်ငံရေးနယ်ပယ်ကပုဂ္ဂိုလ်တွေ၊ သတင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေသူတွေ၊ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်အဖွဲ့တွေဆီက ဘာအသံမှ မကြားရသေးပါ။ ပြည်ပက ဝေဖန်သံမကြားရတဲ့အပြင် ပြည်တွင်းရှိ သာမန်ပြည်သူတချို့ကဆိုရင် ဒီအချိန်မှာ ဒီလိုကြေညာချက်ထုတ်ပြီး သတင်းပိတ်ပင်ထားတာဟာ လုပ်သင့်တဲ့ကိစ္စတခုဖြစ် တယ်လို့တောင် ထောက်ခံပြောဆိုနေကြပါတယ်။


တကယ်တော့ NLD ပါတီဖက်က ဒါမျိုး ကြေညာချက်ထုတ်တာ ဒါ ပထမ ဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ၂၀၀၃ ခု နှစ် ဒီပဲယင်းအရေးအခင်းအပြီး ထိပ်ပိုင်းခေါင်းဆောင်တွေအားလုံးနီးပါးအဖမ်းခံနေရချိန်မှာ အောက်ခြေပါတီဝင်တွေက သူတို့ရဲ့အမြင်တွေကို ပြည်ပအသံလွှင့်ဌာနတွေဆီ ထုတ်ပြောစဉ်ကလည်း ပါတီဗဟိုက အလားတူ အမိန့်ထုတ်ပြီး တားမြစ်ခဲ့ဖူးပါတယ်။ 

အဲဒီကာလက ပါတီပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ ဦးလွင်ဆိုရင် အခု ဦးဝင်းထိန်ပြောတယ်ဆိုတဲ့ အချက်ထက် ပိုပြင်းထန်တဲ့ သတိပေးချက်များစွာကို ပြည်ပအသံလွှင့်ဌာနတွေဆီပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဦးလွင်တာဝန်ယူရတဲ့အချိန်နဲ့ ဦးဝင်းထိန် တာဝန်ယူရတဲ့အချိန် အနေအထားချင်း မတူပါ။ ဦးလွင်က တကယ့်ကျင်းထဲကျပ်ထဲ စစ်အစိုးရရဲ့ဖိနှိပ်မှု အဆိုးဝါးဆုံးအချိန်ကို အတိုက်အခံပါတီအဖြစ် လည်စင်းခံနေရချိန်မှာ မီဒီယာကို အဲဒီလို သတိပေးခဲ့တာပါ။

အခု ဦးဝင်းထိန် တာဝန်ယူရတဲ့အချိန်က အဲဒီလို အဖိနှိပ်ခံ အတိုက်အခံပါတီ ဘ၀မဟုတ်တော့ပါ။ အာဏာရပါတီ ဖြစ်နေပြီ။ မနက်ဖြန် သဖန်ခါအစိုးရဖွဲ့တော့မဲ့ပါတီက ဘာမှထုတ်မပြောရဲပဲ၊ ဒါမှမဟုတ် ထုတ်ပြောသင့်တာကိုပြောပြီး မပြောသင့်တာကို ကိုယ်ဘာသာချန်ထားတာမျိုးမဟုတ်ပဲ မေးခွန်းမေးတဲ့ သတင်းသမားအပေါ် အခုလို ဟိန်းဟောက်တာကတော့ နည်းနည်းလွန်သွားတယ်လို့ဆိုချင်ပါတယ်။

တကယ်တော့ ဒီလိုမျိုး ပြောခွင့်ရပုဂ္ဂိုလ်ရှားပါးတဲ့ပြသာနာကို ရင်ဆိုင်နေရတာဟာ NLD ပါတီတခု တည်းတော့ မဟုတ်ပါဘူး။ လက်ရှိစစ်တပိုင်းအစိုးရအပါဝင် အဖွဲ့အစည်းအားလုံးနီးပါးမှာ Professional ပြောခွင့်ရပုဂ္ဂိုလ်ခန့် ထားတာမျိုး မတွေ့မိသေးပါ။ အရင် စစ်အုပ်ချုပ်ရေးခေတ်မှာ ဒါမျိုးခန့်အပ်ဖို့မလွယ်သေး ရင်တောင် အခုလို ဒီမို ကရေစီ အရပ်သားအစိုးရခေတ်မှာတော့ အစိုးရပြောခွင့်ရပုဂ္ဂိုလ်၊ အာဏာရ ပါတီပြောခွင့်ရပုဂ္ဂိုလ်အပါဝင် အဖွဲ့အစည်းအသီးသီး၊ ၀န်ကြီးဌာနအသီးသီး၊ စက်ရုံ၊ အလုပ်ရုံအသီးသီးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တွေကို Professional တွေထဲက ရွေးချယ်ခန့်အပ်ဖို့ လိုနေပြီထင်ပါတယ်။

ဘာလဲ Professional ပြောခွင့်ရပုဂ္ဂိုလ်

ဒီမေးခွန်းကိုမဖြေခင် အရင် စစ်အစိုးရကြီးစိုးစဉ်ခေတ်က နော်ဝေးအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ DVB ရေဒီယို၊ အဝေးရောက်ညွန့်ပေါင်းအစိုးရရဲ့ မြန်မာ့ဒီမိုကရေစီအင်အားစု အသံလွှင့်ဌာနမှာ တာဝန်ထမ်းစဉ်က အတွေ့အကြုံတချိုကို နည်းနည်းတင်ပြချင်ပါတယ်။ 


ရှေ့မှာညွန်းဆိုခဲ့တဲ့အတိုင်း ၁၉၉၀ ပြည့်လွန်နှစ်တွေကနေ ၂၀၁၀ ခုနှစ်အစောပိုင်း ကာလတွေအကြား အခြေအနေဟာ စစ်အုပ်ချုပ်ရေး အပြင်းထန်ဆုံးကာလဖြစ်တာကြောင့် ကျနော်တို့ ဒီဗွီဘီကနေ ဖုန်းခေါ်ရင် ဘယ်သူကမှ လက်ခံစကားမပြောရဲပါ။ ပြည်ပအသံလွှင့်ဌာနဆီ သတင်ပေးလို့ဆိုပြီး ဖမ်းဆီးထောင်ချ ခံလိုက်ရသူတွေ အဲဒီခေတ်မှာ မနည်းလှပါ။ အဲဒီလိုအခြေအနေမျိုးမှာ ကျနော်တို့နေ့စဉ်နီးပါး မပျက်မကွက်ဖုန်းခေါ်ပြီး သတင်းမေးနေရတဲ့နေရာကတော့ NLD ဗဟိုရုံးပဲဖြစ်ပါတယ်။

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ NLD ပြောခွင့်ရပုဂ္ဂိုလ်တွေနဲ့ အမြဲတန်းမဟုတ်ရင်တောင် တလတခါနီးပါး လောက်ပြသာနာတက်ပါတယ်။ အထူးသဖြင့် ၂၀၀၃ နောက်ပိုင်း ကုလသမဂ္ဂအထူးကို်ယ်စားလှယ် မစ္စတာရာဇာလေ ရောက်လာပြီး အစိုးရနဲ့အတိုက်ခံတို့ လျှိုဝှက်ဆွေးနွေးတယ်ဆိုတဲ့ကာလပေါ့။ ဘာတွေဆွေးနွေးသလဲဆိုတာကို အများကသိချင်တော့ ကျနော်တို့ကလဲ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးလွင်ကို မကြာခဏမေးမြန်းရပါတယ်။

ဦးလွင်က မပြောချင်တာလား၊ သူကို်ယ်တိုင်မသိသေးတာလား မပြောတတ်ပါ။ ‘’ကျနော်မပြောချင်တဲ့ကိစ္စကို ခင်ဗျားတို့က ဘာလို့ ဒီလောက်သိချင်နေရတာလဲ’’ ဆိုပြီး ပြန်ဟောက်ပါတယ်။ မီဒီယာသမားရဲ့ သဘောသဘာဝကိုရှင်းပြပေမဲ့ သူကလက်မခံပါ။ ခင်ဗျားတို့သတ္တိရှိရင် ကျနော့်နေရာဆီလာပြီး တာဝန်ထမ်းကြည့်ပါလား၊ အပြင်မှာနေပြီး သတ္တိသိပ်ကောင်းမနေနဲ့ ဆိုတဲ့စကားလုံးတွေနဲ့ ဦးလွင်က ဆူပါတယ်။

အဲဒီအသံဖွိုင်ကို နားထောင်ပြီး နေ့စဉ်အလှည်ကျ အယ်ဒီတာတွေကြားဆွေးနွေးတော့ ‘’အဓိက ပြသာနာက မြန်မာ နိုင်ငံမှာ Professional ပြောခွင့်ရပုဂ္ဂိုလ်မရှိတဲ့ကိစ္စပဲ’’ ဆိုပြီး အယ်ဒီတာတဦးက မှတ်ချက်ချပါတယ်။ အဲဒီအချိန် စစ်အစိုးရဖက်ကပြောခွင့်ရပုဂ္ဂိုလ်က စစ်ထောက်လှမ်းရေးနဲ့ မဟာဗျုဟာလေ့လာရေးဌာနမှ ဗိုလ်မှုးကြီး လှမင်း။ ဘယ်လိုမှ မေးမြန်းဖို့မဖြစ်နိုင်ပါ။ ဒီတော့ ဆွေးနွေးပွဲတွေမှာ တခါတလေပါခွင့်ရတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေထဲက ခွန်ထွန်းဦးတို့၊ ကျင်ရှင်ထန်တို့ကိုပဲ မေးခဲ့ရပါတယ်။

အဲဒီလို ဘယ်သူမှမပြောရဲတဲ့အချိန်မှာ ကျနော်တို့ DVB ကို အလေးထား ပြောပေးတဲ့ ၀ါရင့်နိုင်ငံရေးသမားတွေ ထဲက သခင်သိန်းဖေ၊ သခင်ချန်ထွန်းနဲ့ ဗိုလ်တထောင် ဦးထိန်လင်းတို့ဟာ အများပြည်သူကိုယ်စား တကယ့်ပြော ခွင့်ရပုဂ္ဂိုလ်တွေပါပဲ။ ဒါက စစ်အုပ်ချုပ်ရေးပြင်းထန်လွန်းတဲ့အချိန်မှာ လူငယ်တွေမပြောရဲလို့ ရှေ့မီနောက်မီ ပုဂ္ဂိုလ်ကြီးတွေက ၀င်ရောက်တာဝန်ယူပေးခဲ့တဲ့သဘောပါ။

အခုက စစ်အုပ်ချုပ်ရေးခေတ်မဟုတ်တော့။ ဒီမိုကရေစိခေတ်ရောက်နေပြီ။ လူတွေမပြောရဲတဲ့ခေတ် မဟုတ်တော့ပါ။ ပြောရဲလွန်းလို့၊ ပွင့်လင်းလှတဲ့ ဆိုရှယ်မီဒီယာ Facebook ပေါ်မှာ လိုတာထက်ပိုပြောနေကြလို့ ဆင်ဆာတောင် လုပ်မလိုဖြစ်နေတဲ့ခေတ်မှာ ပါတီကြီးတွေမှာ ပြောခွင့်ရပုဂ္ဂိုလ်မရှိတဲ့ကိစ္စဟာ အရင်ခေတ်ကလို မပြောရဲလို့ မဟုတ်တော့ပါ။ စနစ်တကျလေ့ကျင့် တတ်မြောက်ထားတဲ့ ပြောခွင့်ရပုဂ္ဂိုလ်မရှိခြင်းသာဖြစ်တယ်လို့ စာရေးသူက မြင်ပါတယ်။

ပြောခွင့်ရပုဂ္ဂိုလ်ဟာ ပါတီဝင်ဖြစ်ဖို့လိုအပ်သလား

မြန်မာနိုင်ငံလို စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းကာစနိုင်ငံတခုမှာ ပါတီကြီးတခုရဲ့ပြောခွင့်ရပုဂ္ဂိုလ်၊ အစိုးရအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်၊ သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ်တွေဟာ အာဏာရပါတီရဲ့ ပါတီဝင်ဖြစ်မှ သင့်တော်လိမ့်မယ်လို့ စဉ်းစားကောင်းစဉ်းစားနိုင်ပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတာ့ အဲဒီလိုမစဉ်းစားတော့ပါ။ 


(journalism, communications, public relations and public affairs) သတင်းစာပညာ၊ ဆက်သွယ်ရေးပညာ၊ လူထုဆက်ဆံရေးပညာနဲ့ ပြည့်သူ့ရေးရာတွေကို စနစ်တကျလေ့လာဆည်းပူးခဲ့သူ၊ မီဒီယာဖက်မှာ နားလည်တတ်ကျွမ်းသူ Media Professional တွေကိုရွေးပြီး ရှေ့နေငှားသလိုမျိုး အစိုးရသက်တန်း နှစ်စာ၊ နှစ်စာအတွက် တခါတည်းငှားလေ့ရှိတယ်လို့ဆိုပါတယ်။ 

ဒါကြောင့်ဖြစ်မယ်။ ဘန်ကောက်မှာ DVB သတင်းထောက်အဖြစ်တာဝန်ထမ်းစဉ်က EU ဥရောပသမဂ္ဂရုံးရဲ့ သတင်းစာရှင်းပွဲတွေမှာ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ်တွေ့ဖူးသူကို သိပ်မကြာခင်မှာ အေဂျင်စီသတင်းဌာနတခုရဲ့ သတင်းထောက်အဖြစ် ပြန်တွေ့ဖူးပါတယ်။ အဲဒီလိုမတွေ့ဖူးခင်အထိ EU ပြောခွင့်ရပုဂ္ဂိုလ်ဟာ သက်ဆိုင်ရာနိုင်ငံအလိုက် ကိုယ်စား ပြု ရွေးချယ်ထားတဲ့ နိုင်ငံရေးသမားတွေ၊ ပါတီဝင်တွေလို့ပဲ ထင်ထားခဲ့တာပါ။

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ Professional ပြောခွင့်ရပုဂ္ဂိုလ်တွေနဲ့ Professional သတင်းသမားတွေဟာ ဘာမှမကွာပါ။ တကျောင်းတည်း ထွက်လာသူတွေသာဖြစ်ပြီး လက်ရှိကိုယ်တာဝန်ထမ်းနေရတဲ့ အဖွဲ့အစည်းရဲ့ တာဝန်ပေပးမှုအရ တချို့ကမေးခွန်းဖြေကြားရတဲ့ ပြောခွင့်ရပုဂ္ဂိုလ်၊ တချို့က မေးခွန်းမေးရတဲ့ သတင်းထောက် အဖြစ် တာဝန်ထမ်းနေရခြင်းသာဖြစ်ပါတယ်။ 

တကျောင်းတည်းဆင်းတွေမို့ သတင်းထောက်ဖက်က ဘာကိုသိချင်လို့မေးနေတယ်၊ ဘယ်အချက်ကိုအလေးထား ဖြေဖို့လိုတယ်၊ ဘယ်အချက်ကိုတော့ လုံးဝမဖြေနိုင်တဲ့အကြောင်း သံတမန်ဆန်ဆန် ဘယ်လိုငြင်းရမယ်ဆိုတာကို ဒီလူတွေက ကောင်းကောင်းသိပါတယ်။ သတင်းထောက်ဖက်ကလည်း ပြောခွင့်ရပုဂ္ဂိုလ် မဖြေချင်တဲ့မေးခွန်းကို ဘယ်လိုလှည့်ပတ် မေးရမယ်ဆိုတာကို ကောင်းကောင်းသိပါတယ်။


အနှစ်ပြန်ချုပ်ရရင်တော့ ပြောခွင့်ရပုဂ္ဂိုလ်တာဝန်ဟာ နိုင်ငံရေးရာထူးမဟုတ်ပါ၊ ရွေးချယ်တင်မြောက်ခံ ထားရတဲ့ ကို်ယ်စားလှယ်ဖြစ်စမရာမလိုသလို ပါတီဝင်ဖြစ်ဖို့လဲမလိုပါ။ ပြောခွင့်ရပုဂ္ဂိုလ်ဆိုင်ရာ အတတ်ပညာကို ကျွမ်းကျင်သူ၊ မီဒီယာကျင့်ဝတ်နဲ့ မီဒီယာသမားတွေနဲ့ဆက်ဆံရေကို ကောင်းစွာနားလည်သူ ဖြစ်ဖို့သာအဓိကလိုအပ်တာ ကြောင့် ခေတ်သစ်မြန်မာ့နိုင်ငံရေးမှာ Media Professional တွေကို ပြောခွင့်ရပုဂ္ဂိုလ်တွေအဖြစ် ခန့်အပ်တာဝန် ပေးဖို့ အချိန်ရောက်နေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။            

Share

Twitter Delicious Facebook Digg Stumbleupon Favorites More