Tuesday, February 2, 2016

ပြောခွင့်ရပုဂ္ဂိုလ် ဘယ်သူလုပ်မလဲ

The Voice Daily, 02-02-2016.

အစိုးရသစ်နှင့် မီဒီယာလွတ်လပ်ခွင့်

စစ်တပိုင်းအစိုးရခေတ်နဲ့စာရင် ရွေးကောက်ခံအရပ်သားအစိုးရသစ်လက်ထက်မှာ မီဒီယာလွတ်လပ်ခွင့် အပါဝင် လူ့အခွင့်အရေးတွေ၊ နိုင်ငံသားအခွင့်အရေးတွေ ပိုတိုးတက်ရရှိလာမယ်ဆိုတာ သံသယရှိ စရာမလိုပါဘူး။ တနေ့က ထုတ်ပြန်လိုက်တဲ့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့အစီရင်ခံစာ ကလည်း မြန်မာနိုင်ငံရဲ့ လွတ်လပ်ခွင့်အဆင့်အတန်းဟာ အဆင့် ကနေ အထိ တိုးတက်လာတယ် လို့ညွှန်းဆိုထားတာ တွေ့ရပါတယ်။


ဒါက သီအိုရီအပိုင်းကိုပြောတာပါ။ လက်တွေ့ ကွင်းထဲကအခြေနေကတော့ အပေါ်ကညွှန်းကိန်းတွေနဲ့ မတူတာလေးတွေ နည်းနည်း ရှိနေဆဲဖြစ်ပါတယ်။ အဲဒီထဲက ပထမ အချက်ကတော့ စစ်တပိုင်းအစိုးရ ကိုရော၊ အသစ်တက်လာမဲ့ NLD အစိုးရကိုပါ ပွင့်လင်းစွာဝေဖန်တဲ့ ကာတွန်းဆရာမောင်မောင်ဖောင်တိန်ရဲ့ Facebook အကောင့် ဇန်နာဝါရီလဆန်းပိုင်းက Report ထိတဲ့ကိစ္စပါ။

ဇန်ဝါရီလ ၁၀ ရက်နေ့ညမှာ အခုလိုထိတာဖြစ်ပြီး တညလုံးသုံးခွင့်မရပဲ ယာယီအပိတ်ခံလိုက်ရတယ်လို့ မောင်မောင်ဖောင်တိန်က ပြောပါတယ်။အံ့အားသင့်တယ်။ လန့်သွားတယ်။ ဦးသိန်းစိန် အစိုးရ ခေတ်တလျှောက်လုံး ကျနော်ရေးလာခဲ့တယ်။ ဒီလိုမဖြစ်ခဲ့ဖူးဘူးလို့ ဧရာဝတီသတင်းဌာနဆီ သူပြောခဲ့တာကို  မောင်မောင်ဖောင်တိန်က သူ့ရဲ့ Facebook ပြန်သုံးခွင့်ရချိန်မှာ တင်ထားတာတွေ့ ရပါတယ်။ 

အဲဒီလို Report မထိခင် သူရေးခဲ့တဲ့ ကာတွန်းကတော့ မောနှမ သုံးဦးစကားပြောနေတဲ့ပုံဖြစ်ပါတယ်။ အမဖြစ်သူကို မောင်လေးနှစ်ဦးကအစ်မ လုပ်ချင်တာကြ ပြောပြီး၊ ကျနော်တို့ လုပ်ချင်တာပြောတော့ စိတ်ဆိုးတယ်နော်ဆိုပြီး မေးခွန်းထုတ်နေတဲ့ပုံ ဖြစ်ပါတယ်။ ဒါဟာ NLD ပါတီဥက္ကဌက ‘’ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့’’ ဆိုပြီး ပါတီ မှာ ဒုတိယခေါင်းမထားပဲ တဦးတည်းသြဇာပြနေတဲ့အပေါ် ညွှန်းဆိုတဲ့ သင်္ကေတဖြစ်တာကြောင့် ဒေါ်စုကို မျက်စိမှိတ် ထောက်ခံသူကတွေ အခုလို Report လုပ်တာဖြစ်နိုင်တယ် လို့ အကဲခတ်တွေက ဆိုပါတယ်။

ဒုတိယ တင်ပြချင်တဲ့ကိစ္စကတော့ NLD ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ဦးဝင်းထိန်ကနေ RFA (လွတ်လပ် သော အာရှအသံ- မြန်မာပိုင်းအစီစဉ်) သတင်းထောက်ကို မေးခွန်းမမေးခင် မေးသင့်မသင့် အသေအချာစဉ်းစားဖို့၊ မပြောချင်တာကို အတင်းမမေးဖို့၊ မီဒီယာမှာ သတင်းဖေါ်ပြခွင့် ၁၀ မီနစ်လောက်ရဖို့ထက် တိုင်းပြည်ရှေ့ရေးအတွက် နှစ် ၂၀ ကျော်ကြိုးပန်းလာခဲ့တဲ့ ရလာဒ်က ပိုအရေးကြီးတယ်ဆိုတာကို သတိချပ်ဖို့ စသဖြင့် သတင်းသမားတွေကို သတိပေးတဲ့သဘောမျိုး လေသံမာမာနဲ့ ဇန်နာဝါရီလ ပထမ သတင်းပတ်အတွင်း ပြောဆိုခဲ့တဲ့အချက်ဖြစ်ပါတယ်။

တတိယ တင်ပြချင်တာကတော့ ပူပူနွေးနွေး ပြီးခဲ့တဲ့သတင်းပတ် ဇန်နာဝါရီ ၂၂ ရက်နေ့ကမှ ထုတ်ပြန်လိုက်တဲ့ ပါတီမူဝါဒတွေ၊ အသွင်ကူးပြောင်းရေးဆိုင်ရာကိစ္စရပ်တွေကို ဥက္ကဌမှတပါး အခြားပုဂ္ဂိုလ်များပြောခွင့်မရှိဆိုတဲ့ ကြေ ညာချက်ဖြစ်ပါတယ်။ NLD ပါတီရဲ့အသုံးအနှုန်းတိုင်းဆိုရင် ‘’သိမ်သိမ်မွေ့မွေ့ လုပ်ကိုင်ဆောင်ရွက်နေရသည့် အချိန် ကာလ’’ ဖြစ်တဲ့အတွက် ဒီလိုအမိန့်ထုတ်လိုက် ရတာလို့ဆိုပါတယ်။

မြန်မာ့နိုင်ငံနှင့် ပြောခွင့်ရပုဂ္ဂိုလ်ရှားပါးမှုအကျပ်အတည်း

NLD ပါတီရဲ့ နောက်ဆုံးကြေညာချက်အပေါ် မီဒီယာသမားတွေဖက်က အနည်းအကျဉ်းဝေဖန် တာကြားရပေမဲ့ နိုင်ငံရေးနယ်ပယ်ကပုဂ္ဂိုလ်တွေ၊ သတင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေသူတွေ၊ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်အဖွဲ့တွေဆီက ဘာအသံမှ မကြားရသေးပါ။ ပြည်ပက ဝေဖန်သံမကြားရတဲ့အပြင် ပြည်တွင်းရှိ သာမန်ပြည်သူတချို့ကဆိုရင် ဒီအချိန်မှာ ဒီလိုကြေညာချက်ထုတ်ပြီး သတင်းပိတ်ပင်ထားတာဟာ လုပ်သင့်တဲ့ကိစ္စတခုဖြစ် တယ်လို့တောင် ထောက်ခံပြောဆိုနေကြပါတယ်။


တကယ်တော့ NLD ပါတီဖက်က ဒါမျိုး ကြေညာချက်ထုတ်တာ ဒါ ပထမ ဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ၂၀၀၃ ခု နှစ် ဒီပဲယင်းအရေးအခင်းအပြီး ထိပ်ပိုင်းခေါင်းဆောင်တွေအားလုံးနီးပါးအဖမ်းခံနေရချိန်မှာ အောက်ခြေပါတီဝင်တွေက သူတို့ရဲ့အမြင်တွေကို ပြည်ပအသံလွှင့်ဌာနတွေဆီ ထုတ်ပြောစဉ်ကလည်း ပါတီဗဟိုက အလားတူ အမိန့်ထုတ်ပြီး တားမြစ်ခဲ့ဖူးပါတယ်။ 

အဲဒီကာလက ပါတီပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ ဦးလွင်ဆိုရင် အခု ဦးဝင်းထိန်ပြောတယ်ဆိုတဲ့ အချက်ထက် ပိုပြင်းထန်တဲ့ သတိပေးချက်များစွာကို ပြည်ပအသံလွှင့်ဌာနတွေဆီပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဦးလွင်တာဝန်ယူရတဲ့အချိန်နဲ့ ဦးဝင်းထိန် တာဝန်ယူရတဲ့အချိန် အနေအထားချင်း မတူပါ။ ဦးလွင်က တကယ့်ကျင်းထဲကျပ်ထဲ စစ်အစိုးရရဲ့ဖိနှိပ်မှု အဆိုးဝါးဆုံးအချိန်ကို အတိုက်အခံပါတီအဖြစ် လည်စင်းခံနေရချိန်မှာ မီဒီယာကို အဲဒီလို သတိပေးခဲ့တာပါ။

အခု ဦးဝင်းထိန် တာဝန်ယူရတဲ့အချိန်က အဲဒီလို အဖိနှိပ်ခံ အတိုက်အခံပါတီ ဘ၀မဟုတ်တော့ပါ။ အာဏာရပါတီ ဖြစ်နေပြီ။ မနက်ဖြန် သဖန်ခါအစိုးရဖွဲ့တော့မဲ့ပါတီက ဘာမှထုတ်မပြောရဲပဲ၊ ဒါမှမဟုတ် ထုတ်ပြောသင့်တာကိုပြောပြီး မပြောသင့်တာကို ကိုယ်ဘာသာချန်ထားတာမျိုးမဟုတ်ပဲ မေးခွန်းမေးတဲ့ သတင်းသမားအပေါ် အခုလို ဟိန်းဟောက်တာကတော့ နည်းနည်းလွန်သွားတယ်လို့ဆိုချင်ပါတယ်။

တကယ်တော့ ဒီလိုမျိုး ပြောခွင့်ရပုဂ္ဂိုလ်ရှားပါးတဲ့ပြသာနာကို ရင်ဆိုင်နေရတာဟာ NLD ပါတီတခု တည်းတော့ မဟုတ်ပါဘူး။ လက်ရှိစစ်တပိုင်းအစိုးရအပါဝင် အဖွဲ့အစည်းအားလုံးနီးပါးမှာ Professional ပြောခွင့်ရပုဂ္ဂိုလ်ခန့် ထားတာမျိုး မတွေ့မိသေးပါ။ အရင် စစ်အုပ်ချုပ်ရေးခေတ်မှာ ဒါမျိုးခန့်အပ်ဖို့မလွယ်သေး ရင်တောင် အခုလို ဒီမို ကရေစီ အရပ်သားအစိုးရခေတ်မှာတော့ အစိုးရပြောခွင့်ရပုဂ္ဂိုလ်၊ အာဏာရ ပါတီပြောခွင့်ရပုဂ္ဂိုလ်အပါဝင် အဖွဲ့အစည်းအသီးသီး၊ ၀န်ကြီးဌာနအသီးသီး၊ စက်ရုံ၊ အလုပ်ရုံအသီးသီးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တွေကို Professional တွေထဲက ရွေးချယ်ခန့်အပ်ဖို့ လိုနေပြီထင်ပါတယ်။

ဘာလဲ Professional ပြောခွင့်ရပုဂ္ဂိုလ်

ဒီမေးခွန်းကိုမဖြေခင် အရင် စစ်အစိုးရကြီးစိုးစဉ်ခေတ်က နော်ဝေးအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ DVB ရေဒီယို၊ အဝေးရောက်ညွန့်ပေါင်းအစိုးရရဲ့ မြန်မာ့ဒီမိုကရေစီအင်အားစု အသံလွှင့်ဌာနမှာ တာဝန်ထမ်းစဉ်က အတွေ့အကြုံတချိုကို နည်းနည်းတင်ပြချင်ပါတယ်။ 


ရှေ့မှာညွန်းဆိုခဲ့တဲ့အတိုင်း ၁၉၉၀ ပြည့်လွန်နှစ်တွေကနေ ၂၀၁၀ ခုနှစ်အစောပိုင်း ကာလတွေအကြား အခြေအနေဟာ စစ်အုပ်ချုပ်ရေး အပြင်းထန်ဆုံးကာလဖြစ်တာကြောင့် ကျနော်တို့ ဒီဗွီဘီကနေ ဖုန်းခေါ်ရင် ဘယ်သူကမှ လက်ခံစကားမပြောရဲပါ။ ပြည်ပအသံလွှင့်ဌာနဆီ သတင်ပေးလို့ဆိုပြီး ဖမ်းဆီးထောင်ချ ခံလိုက်ရသူတွေ အဲဒီခေတ်မှာ မနည်းလှပါ။ အဲဒီလိုအခြေအနေမျိုးမှာ ကျနော်တို့နေ့စဉ်နီးပါး မပျက်မကွက်ဖုန်းခေါ်ပြီး သတင်းမေးနေရတဲ့နေရာကတော့ NLD ဗဟိုရုံးပဲဖြစ်ပါတယ်။

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ NLD ပြောခွင့်ရပုဂ္ဂိုလ်တွေနဲ့ အမြဲတန်းမဟုတ်ရင်တောင် တလတခါနီးပါး လောက်ပြသာနာတက်ပါတယ်။ အထူးသဖြင့် ၂၀၀၃ နောက်ပိုင်း ကုလသမဂ္ဂအထူးကို်ယ်စားလှယ် မစ္စတာရာဇာလေ ရောက်လာပြီး အစိုးရနဲ့အတိုက်ခံတို့ လျှိုဝှက်ဆွေးနွေးတယ်ဆိုတဲ့ကာလပေါ့။ ဘာတွေဆွေးနွေးသလဲဆိုတာကို အများကသိချင်တော့ ကျနော်တို့ကလဲ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးလွင်ကို မကြာခဏမေးမြန်းရပါတယ်။

ဦးလွင်က မပြောချင်တာလား၊ သူကို်ယ်တိုင်မသိသေးတာလား မပြောတတ်ပါ။ ‘’ကျနော်မပြောချင်တဲ့ကိစ္စကို ခင်ဗျားတို့က ဘာလို့ ဒီလောက်သိချင်နေရတာလဲ’’ ဆိုပြီး ပြန်ဟောက်ပါတယ်။ မီဒီယာသမားရဲ့ သဘောသဘာဝကိုရှင်းပြပေမဲ့ သူကလက်မခံပါ။ ခင်ဗျားတို့သတ္တိရှိရင် ကျနော့်နေရာဆီလာပြီး တာဝန်ထမ်းကြည့်ပါလား၊ အပြင်မှာနေပြီး သတ္တိသိပ်ကောင်းမနေနဲ့ ဆိုတဲ့စကားလုံးတွေနဲ့ ဦးလွင်က ဆူပါတယ်။

အဲဒီအသံဖွိုင်ကို နားထောင်ပြီး နေ့စဉ်အလှည်ကျ အယ်ဒီတာတွေကြားဆွေးနွေးတော့ ‘’အဓိက ပြသာနာက မြန်မာ နိုင်ငံမှာ Professional ပြောခွင့်ရပုဂ္ဂိုလ်မရှိတဲ့ကိစ္စပဲ’’ ဆိုပြီး အယ်ဒီတာတဦးက မှတ်ချက်ချပါတယ်။ အဲဒီအချိန် စစ်အစိုးရဖက်ကပြောခွင့်ရပုဂ္ဂိုလ်က စစ်ထောက်လှမ်းရေးနဲ့ မဟာဗျုဟာလေ့လာရေးဌာနမှ ဗိုလ်မှုးကြီး လှမင်း။ ဘယ်လိုမှ မေးမြန်းဖို့မဖြစ်နိုင်ပါ။ ဒီတော့ ဆွေးနွေးပွဲတွေမှာ တခါတလေပါခွင့်ရတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေထဲက ခွန်ထွန်းဦးတို့၊ ကျင်ရှင်ထန်တို့ကိုပဲ မေးခဲ့ရပါတယ်။

အဲဒီလို ဘယ်သူမှမပြောရဲတဲ့အချိန်မှာ ကျနော်တို့ DVB ကို အလေးထား ပြောပေးတဲ့ ၀ါရင့်နိုင်ငံရေးသမားတွေ ထဲက သခင်သိန်းဖေ၊ သခင်ချန်ထွန်းနဲ့ ဗိုလ်တထောင် ဦးထိန်လင်းတို့ဟာ အများပြည်သူကိုယ်စား တကယ့်ပြော ခွင့်ရပုဂ္ဂိုလ်တွေပါပဲ။ ဒါက စစ်အုပ်ချုပ်ရေးပြင်းထန်လွန်းတဲ့အချိန်မှာ လူငယ်တွေမပြောရဲလို့ ရှေ့မီနောက်မီ ပုဂ္ဂိုလ်ကြီးတွေက ၀င်ရောက်တာဝန်ယူပေးခဲ့တဲ့သဘောပါ။

အခုက စစ်အုပ်ချုပ်ရေးခေတ်မဟုတ်တော့။ ဒီမိုကရေစိခေတ်ရောက်နေပြီ။ လူတွေမပြောရဲတဲ့ခေတ် မဟုတ်တော့ပါ။ ပြောရဲလွန်းလို့၊ ပွင့်လင်းလှတဲ့ ဆိုရှယ်မီဒီယာ Facebook ပေါ်မှာ လိုတာထက်ပိုပြောနေကြလို့ ဆင်ဆာတောင် လုပ်မလိုဖြစ်နေတဲ့ခေတ်မှာ ပါတီကြီးတွေမှာ ပြောခွင့်ရပုဂ္ဂိုလ်မရှိတဲ့ကိစ္စဟာ အရင်ခေတ်ကလို မပြောရဲလို့ မဟုတ်တော့ပါ။ စနစ်တကျလေ့ကျင့် တတ်မြောက်ထားတဲ့ ပြောခွင့်ရပုဂ္ဂိုလ်မရှိခြင်းသာဖြစ်တယ်လို့ စာရေးသူက မြင်ပါတယ်။

ပြောခွင့်ရပုဂ္ဂိုလ်ဟာ ပါတီဝင်ဖြစ်ဖို့လိုအပ်သလား

မြန်မာနိုင်ငံလို စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းကာစနိုင်ငံတခုမှာ ပါတီကြီးတခုရဲ့ပြောခွင့်ရပုဂ္ဂိုလ်၊ အစိုးရအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်၊ သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ်တွေဟာ အာဏာရပါတီရဲ့ ပါတီဝင်ဖြစ်မှ သင့်တော်လိမ့်မယ်လို့ စဉ်းစားကောင်းစဉ်းစားနိုင်ပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတာ့ အဲဒီလိုမစဉ်းစားတော့ပါ။ 


(journalism, communications, public relations and public affairs) သတင်းစာပညာ၊ ဆက်သွယ်ရေးပညာ၊ လူထုဆက်ဆံရေးပညာနဲ့ ပြည့်သူ့ရေးရာတွေကို စနစ်တကျလေ့လာဆည်းပူးခဲ့သူ၊ မီဒီယာဖက်မှာ နားလည်တတ်ကျွမ်းသူ Media Professional တွေကိုရွေးပြီး ရှေ့နေငှားသလိုမျိုး အစိုးရသက်တန်း နှစ်စာ၊ နှစ်စာအတွက် တခါတည်းငှားလေ့ရှိတယ်လို့ဆိုပါတယ်။ 

ဒါကြောင့်ဖြစ်မယ်။ ဘန်ကောက်မှာ DVB သတင်းထောက်အဖြစ်တာဝန်ထမ်းစဉ်က EU ဥရောပသမဂ္ဂရုံးရဲ့ သတင်းစာရှင်းပွဲတွေမှာ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ်တွေ့ဖူးသူကို သိပ်မကြာခင်မှာ အေဂျင်စီသတင်းဌာနတခုရဲ့ သတင်းထောက်အဖြစ် ပြန်တွေ့ဖူးပါတယ်။ အဲဒီလိုမတွေ့ဖူးခင်အထိ EU ပြောခွင့်ရပုဂ္ဂိုလ်ဟာ သက်ဆိုင်ရာနိုင်ငံအလိုက် ကိုယ်စား ပြု ရွေးချယ်ထားတဲ့ နိုင်ငံရေးသမားတွေ၊ ပါတီဝင်တွေလို့ပဲ ထင်ထားခဲ့တာပါ။

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ Professional ပြောခွင့်ရပုဂ္ဂိုလ်တွေနဲ့ Professional သတင်းသမားတွေဟာ ဘာမှမကွာပါ။ တကျောင်းတည်း ထွက်လာသူတွေသာဖြစ်ပြီး လက်ရှိကိုယ်တာဝန်ထမ်းနေရတဲ့ အဖွဲ့အစည်းရဲ့ တာဝန်ပေပးမှုအရ တချို့ကမေးခွန်းဖြေကြားရတဲ့ ပြောခွင့်ရပုဂ္ဂိုလ်၊ တချို့က မေးခွန်းမေးရတဲ့ သတင်းထောက် အဖြစ် တာဝန်ထမ်းနေရခြင်းသာဖြစ်ပါတယ်။ 

တကျောင်းတည်းဆင်းတွေမို့ သတင်းထောက်ဖက်က ဘာကိုသိချင်လို့မေးနေတယ်၊ ဘယ်အချက်ကိုအလေးထား ဖြေဖို့လိုတယ်၊ ဘယ်အချက်ကိုတော့ လုံးဝမဖြေနိုင်တဲ့အကြောင်း သံတမန်ဆန်ဆန် ဘယ်လိုငြင်းရမယ်ဆိုတာကို ဒီလူတွေက ကောင်းကောင်းသိပါတယ်။ သတင်းထောက်ဖက်ကလည်း ပြောခွင့်ရပုဂ္ဂိုလ် မဖြေချင်တဲ့မေးခွန်းကို ဘယ်လိုလှည့်ပတ် မေးရမယ်ဆိုတာကို ကောင်းကောင်းသိပါတယ်။


အနှစ်ပြန်ချုပ်ရရင်တော့ ပြောခွင့်ရပုဂ္ဂိုလ်တာဝန်ဟာ နိုင်ငံရေးရာထူးမဟုတ်ပါ၊ ရွေးချယ်တင်မြောက်ခံ ထားရတဲ့ ကို်ယ်စားလှယ်ဖြစ်စမရာမလိုသလို ပါတီဝင်ဖြစ်ဖို့လဲမလိုပါ။ ပြောခွင့်ရပုဂ္ဂိုလ်ဆိုင်ရာ အတတ်ပညာကို ကျွမ်းကျင်သူ၊ မီဒီယာကျင့်ဝတ်နဲ့ မီဒီယာသမားတွေနဲ့ဆက်ဆံရေကို ကောင်းစွာနားလည်သူ ဖြစ်ဖို့သာအဓိကလိုအပ်တာ ကြောင့် ခေတ်သစ်မြန်မာ့နိုင်ငံရေးမှာ Media Professional တွေကို ပြောခွင့်ရပုဂ္ဂိုလ်တွေအဖြစ် ခန့်အပ်တာဝန် ပေးဖို့ အချိန်ရောက်နေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။            

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More