Tuesday, July 28, 2015

(22. Juli-senteret) ၄ နှစ်မြောက် ပြတိုက်မှ ပုံတချို့

22-July Center (22. Juli-senteret) ၄ နှစ်မြောက် ပြတိုက်မှ ပုံတချို့ မျှဝေလိုက်ပါတယ်။
ဒီနေ့ နေ့လည် ၂ နာရီမှာ အများပြည်သူကြည့်နိုင်ဖို့ ပြတိုက်ဖွင့်ပေးတဲ့အတွက် ၀င်ရောက်လေ့လာဖြစ် ခဲ့ပါတယ်။
....................
ဒီနေ့ ဇူလိုင် ၂၂ ဟာ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ကဖြစ်ပွါးခဲ့တဲ့ လူ ၈၀ နိးပါး အစုအပြုံ လိုက် သတ်ဖြတ်ခံရမှု ၄ နှစ်ပြည့် နှစ်ပတ်လည်ဖြစ်ပါတယ်။ ဒီနှစ်စဉ် အောက်မေ့ဘွယ်အခမ်း အနားကျင်းပနေကြဖြစ်ပေမဲ့ ဒီနှစ်မှာတော့ ထူးထူးခြာခြား အောက်မေ့ဘွယ်ပြတိုက်ပါ ဖွင့်မှာတဲ့။

ဖွင့်မဲ့နေရာက ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားခဲ့တဲ့ ၀န်ကြီးချုပ်ရုံး၊ အစိုးရရုံး (ဟောင်း) အဆောက်ဦမှာ။ အစိုးရဆိုလို့ နေပြည်တော်လို လူတွေနဲ့ဝေးတဲ့နေရာမှာ သံတတိုင်းကာပြီး ဆောက်ထားတယ်လို့ မထင်လိုက်ပါနဲ့။ အော်စလို မြို့လယ်ခေါင်တည့်တည့် ကားလမ်းဘေးမှာ ဘာအကာ အရံမှ မရှိပါ။
မနက်ပိုင်းတုန်းက လက်ရှိဝန်ကြီးချုပ်အပါဝင် နိုင်ငံရေးသမားတွေက အဲဒီရုံးရှေ့မှာ အောက်မေ့ ဘွယ်တရားဝင်အခန်းအနားကျင်းပပြီး အများပြည်သူအတွက်တော့ နေ့လည် ၂ နာရီမှ ဖွင့်ပေး မယ်လို့ TV က ကြေညာပါတယ်။ 
အဲဒီရုံးရှေ့ ကျနော်ရောက်သွားတော့ တနာရီခွဲပဲရှိသေးတယ်။ လူ ၅၀ လောက် တန်းစီစောင့်နေ ပြီ။ ဇူလိုင် ၂၂ ဟာ နော်ဝေးရဲ့နွေလယ်ရာသီဆိုပေမဲ့ မပြောမဆို မိုးရွာချလိုက်ပါတယ်။ ဒါပေမဲ့ လူတွေကနောက်ဆုတ်မသွားကြပါဘူး။ တဖြေးဖြေးနဲ့ ပိုများလာပါတယ်။ ၂ နာရီ ပြတိုက်စဖွင့် ချိန်မှာ တန်းစီလူ ၂၀၀ လောက်အထိ ရှိလာပါတယ်။
ပြတိုက်ဆိုလို့ တခြား အနုပညာပြတိုက်တွေလိုမျီုး အသေချာပြင်ဆင်ထားတာမျိုးမဟုတ်ပါ။ ဗုံးခွဲ ခံရတဲ့ (အထပ် ၂၀ လောက်ရှိမယ်ထင်ပါရဲ့) ရုံးရဲ့ လုံခြုံ့ရေးအခန်းတွင်းက အပျက်အစီးတွေ ကြားမှာ ဓာတ်ပုံမှတ်တမ်းတွေကိုပြသထားတာပါ။
နေရာကကျင်းပြီး ၀င်ကြည့်မဲ့သူကများတော့ တကြိမ်မှာ ၁၅ ဦးစီလောက်ပဲ ၀င်ခွင့်ပေးပါတယ်။ တနာရီကျော်ကြည့်ပြီး ပြန်ထွက်လာတဲ့အထိ အပြင်မှာစောင့်နေသူက တရာကျော်လောက်ရှိ နေဆဲ။
ဓာတ်ပုံတွေ၊ ဗီဒီယိုမှတ်တမ်းတွေအပြင် အဲဒီနေ့က လူသတ်သမားသုံးသွားတဲ့ (ဗုံးခွဲတဲ့) ကားအပျက်အစီးတွေကို ပြတိုက်အလယ်မှာပြသထားပါတယ်။ ပြီးတော့ Utøya ကျွန်းမှာ အသတ်ခံရတဲ့ လူငယ်လေးတွေဆီက ကျန်ခဲ့တဲ့ လက်ကိုင်ဖုန်းတွေ၊ ကင်မရာတွေကို ပြသထား ပါတယ်။ စိတ်ဝင်စားဖို့အကောင်းဆုံးကတော့ လူသတ်သမား Anders Behring Breivik ရဲ့ ရဲအတုမှတ်ပုံကပ်ပြားပါပဲ။

ရဲဝတ်စုံဝတ်၊ ဗင်ကားတစီးကိုမောင်း၊ အစိုးရရုံးဘေးနားမှာ ကားရပ်ပြီး (အချိန်ကိုက်ဗုံးလို့ ယူဆရ) ၂၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ အော်စလိုမြို့လယ်က အစိုးရရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း လူ ၈ ဦး သေဆုံးခဲ့ပါတယ်။
ဒီလို ဗုံးကွဲမှုကြောင့် ရဲတွေအားလုံး အလုပ်ရှုပ်နေချိန်မှာ ခပ်တည်တည်နဲ့ နောက်ကားတစီးကို Utøya ကျွန်းဆီ ဆက်မောင်းသွားပါတယ်။ အဲဒီကျွန်းမှာက အာဏာရ (အဲဒီအချိန်က) အလုပ်သ မားပါတီရဲ့ နိုင်ငံတကာလူငယ်ပွဲတော်ကျင်းပနေတာပါ။ ကျွန်းပေါ်ရောက်တဲ့အခါမှာတော့ တွေ့ သမျှလူငယ်တွောအားလုံးကို စက်သေနတ်နဲ့ပစ်တဲ့အတွက် ဆယ်ကျော်သက်လူငယ် ၇၉ ဦး ပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။
သူကို ရဲကဖမ်းပြီး ထောင်ထဲထည့်ထားပေမဲ့ နော်ဝေးမှာ သေဒဏ်မရှိပါ။ ထောင်ဆိုတာကလဲ မြန်မာနိုင်ငံကထောင်တွေနဲ့စာရင် ဟိုတယ်လိုဖြစ်နေတယ်လို့ပြောရမလားမသိပါ။ အကျဉ်းသား ရပိုင်ခွင့်အားလုံးပေးထားတဲ့အပြင် တနေ့ကဆိုရင် အော်စလိုတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ဗံဘာ သာရပ် သင်ကြားခွင့်တောင် ပေးလိုက်တယ်လို့သိရပါတယ်။
အခုတော့ အဲဒီလူသတ်မှု ၄ နှစ်ပြည့်အဖြစ် အောက်မေ့ဘွယ်ပြတိုက်ဖွင့်လိုက်ပါပြီ။ ဒီအပေါ်မှာ ပြတိုက်ထားသင့်သလား၊ မေ့ပစ်သင့်သလား စသဖြင့် နော်ဝေးလူထုကြား အပြန်အလှန် ငြင်းခုန် နေဆဲပါ။ 
စာဖတ်သူတွေကော ဘယ်လိုထင်ကြပါသလဲ။ အမှတ်တရ ပြတိုက်လုပ်ထားသင့်သလား။ မေ့ပစ်လိုက်သင့်သလား...။ သင်္ခန်းစာယူစရာ ဘာတွေရှိမလဲ...။ ။
............။     ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More