Friday, July 3, 2015

သန်းခေါင်ယံ နေ ဆီ ခရီးသွားခြင်း

Friday, July 3, 2015. The Voice Daily. 

နေ့တာ အရှည်ဆုံးနေ့

ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ဟာ နော်ဝေးအပါဝင် အနောက်ကမ္ဘာခြမ်းရဲ့ နေ့တာအရှည်ဆုံးနေ့ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ Summer Solstice လို့ခေါ်ပြီး နော်ဝေးဘာသာနဲ့ Sommersolverv လို့ခေါ်တဲ့ ဒီနေ့ဟာ တရားဝင်ရုံးပိတ်ရက်မဟုတ်ပေမဲ့ နိုင်ငံအတော်များများမှာတော့ နွေရာသီပွဲတော် Summer Party နဲ့ မီးပုံပွဲတွေ ကျင်းပလေ့ရှိပါတယ်။

(သန်းကောင်ယံနေ အဆင့်ဆင့်ပြပုံ။ ဓာတ်ပုံ- http://en.wikipedia.org)

ကျနော်တို့ငယ်ငယ်တုန်းက ကျောင်းမှာသင်ဖူးခဲ့တဲ့အတိုင်း၊ ၁၉၈၈ ၀န်းကျင်က ထင်ရှားခဲ့တဲ့ တေးသံရှင် ကိုင်ဇာရဲ့ သီချင်းစာသားတခုထဲကအတိုင်း ၂၃ နှစ်ပိုင်းတပိုင်းဒီဂရီ စောင်းနေတဲ့ ကမ္ဘာကြီးပေါ် ဒီနေ့မှာ နေရောင်ချည်က ၉၀ ဒီဂရီအတိ ဒေါင့်မှန်ကျပြီး ဖြာဆင်းလာပါတယ်။ ဒါကြောင့် မြောက်ဝင်ရိုးစွန်း၊ သို့မဟုတ် အာတိတ်စက်ဝန်းနဲ့နီးတဲ့ မြောက်ကမ္ဘာခြမ်းဖက်မှာ နေ့တာအရှည်ဆုံးနေ့ ဖြစ်သွားတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ 

တချိန်တည်းမှာပဲ တောင်ဝင်ရိုးစွန်း သို့မဟုတ် အန်တာတိတ်စက်ဝန်းနဲ့နီးတဲ့ ကမ္ဘာကြီးရဲ့အခြားတဖက်ခြမ်း မျက်နှာမှာတော့ ညတာအရှည်ဆုံးအချိန် သွားဖြစ်နေပါတယ်။ လာဒ်တီကျုအရပြောရမယ်ဆိုရင်တော့ 66°30' N (၆၆ ဒသမ နှစ်ပိုင်းတပိုင်း ဒီဂရီ-မြောက်) ဖက်မှာ ၂၄ နာရီစလုံး နေရောင်ရနေပြီး 66°30' S (၆၆ ဒသမ နှစ်ပိုင်းတပိုင်း ဒီဂရီ- တောင်) ဖက်မှာ ၂၄ နာရီစလုံး မှောင်နေတဲ့သဘောပါ။ 

ဒါတွေကို ငယ်ငယ်ကကျောင်းမှာသင်ဖူးပေမဲ့ သိပ်သဘောမပေါက်ခဲ့ပါ။ မပေါက်ဆို ၀င်ရိုးစွန်းဒေသတွေနဲ့ ဝေးပြီး အီကွေတာနဲ့နီးတဲ့ မြန်မာအပါဝင် အရှေ့တောင်အာရှဒေသကမှာက မနက် နာရီဝန်းကျင်မှာ နေထွက်ပြီး ညနေ နာရီဝန်းကျင်မှာ နေ၀င်တာဟာ ထာဝရ အမှန်တရားတခုမဟုတ်ပါလား။ ဒီတော့ သန်းကောင်ယံမှာ နေထွက်တာတို့၊ ၂၄ နာရီ နေရောင်ရှိနေတယ်ဆိုတာတို့ဟာ ပုံပြင်တခုလိုပါပဲ။

ဒါပေမယ့် နော်ဝေးကိုရောက်ပြီးကတည်းက ဒါတွေဟာ ပုံပြင်မဟုတ်ဘူးဆိုတာ သဘောပေါက်ခဲ့ပါတယ်။ ဥပမာ အားဖြင့် အခုဇွန်လ တတိယပတ်ဆိုရင် နော်ဝေးနိုင်ငံ အော်စလိုမြို့ရဲ့ နေ၀င်ချိန်က ၁၀ နာရီ ၄၅ မီနစ်ဖြစ်ပြီး နေထွက်ချိန်က မနက် နာရီ ၅၅ မီနစ်ဖြစ်ပါတယ်။ ဇွန်၊ ဇူလိုင်၊ သြဂုတ် နွေရာသီ လစလုံး အမှောင်လွှမ်းချိန် မကျန်တော့လောက်အောင်ကို အလင်းရောင်ကရှိနေပါတယ်။ ဒါက နော်ဝေးတောင် ဖက်စွန်းကျတဲ့ မြို့တော် အော်စလိုကအခြေအနေကိုပြောတာပါ။

နော်ဝေးဟာလည်း မြန်မာနိုင်ငံလိုပဲ အရှေ့နဲ့အနောက်ကျဉ်းသလောက် တောင်နဲ့မြောက်က အတော်ရှည်ပါ တယ်။ ကော့သောင်နဲ့ ပူတာအို ထက်တောင် ပိုရှည်မလားမသိပါ။ ဒါကြောင့် မြောက်ဝင်ရိုးစွန်းနဲ့ပိုနီးတဲ့ နော်ဝေး မြောက်ပိုင်းကိုသွားမယ်ဆိုရင် နေမ၀င်တော့တဲ့ညပေါင်း လခန့်ကို တွေ့ရနိုင်ပါတယ်။


သန်းခေါင်ယံနေ၊ Midnight Sun ကို ဖမ်းဆုပ်ခြင်း

နော်ဝေးမှာ အခြေချနေထိုင်တဲ့ မြန်မာဦးရေ သုံးထောင်ကျော်လောက်ရှိတယ်ဆိုပေမဲ့ နေမ၀င်တဲ့အရပ် နော်ဝေး မြောက်ပိုင်းဆီ သွားရောက်လေ့လာသူ အတော်နည်းပါသေးတယ်။ ဘာကြောင့်လဲဆိုရင် ပြည်ပရောက်မြန်မာတွေဟာလဲ မြန်နိုင်ငံတွင်းက မြန်မာတွေလိုပဲ အားလပ်ရက်လည်ပတ်တဲ့အခါ သဘာဝအလှအပရှိတဲ့နေရာဆီသွားဖို့ထက် ဆွေမျိုး၊ မိတ်ဆွေတွေရှိတဲ့အရပ်ဆီသွားဖို့ကသာ အားသန် နေကြဆဲပါ။


(နော်ဝေး မြောက်ပိုင်းမြို့တော်Tromsø မြို့။ ဓာတ်ပုံ- http://www.bing.com)

တခါ ခရီးစရိတ်ကလည်း အဲဒီမြောက်ပိုင်းကိုတခေါက်သွားတာနဲ့ ထိုင်းဖြစ်ဖြစ်၊ မြန်မာပြည်ဖြစ်ဖြစ် အရှေ့တောင်အာရှဒေသဆီတခေါက်ပြန်တာနဲ့ သိပ်မကွာပါ။ ဒါက မြန်မာတွေရဲ့အစဉ်အလာစဉ်းစားချက်။ ဒါပေမယ့် နော်ဝေးတွေနဲ့ နိုင်ငံတကာက ပုဂ္ဂိုလ်တွေကတော့ မြန်မာတွေလိုစဉ်းစားတာမဟုတ်။ မရောက်ဖူးသေးတဲ့နေရာ၊ ထူးခြားတဲ့နေရာတွေကိုသာရွေးချယ်ပြီး လည်ပတ်လေ့ရှိပါတယ်။

ဂျပန်၊ ကိုးရီးယား၊ တရုတ်နဲ့ အိမ်နီးချင်းထိုင်းနိုင်ငံလူတွေတောင် သန်းကောင်ယံနေကိုကြည့်ချင်လို့ဆိုပြီး နော်ဝေးနိုင်ငံဆီ ဇွန်လမှာ တကူးတကာလာလည်ကြပါတယ်။ ဥရောပနဲ့ အမေရိကားဖက်က လူတွေကတော့ အများကြီးပေါ့။ တချို့ ငွေကြေးတတ်နိုင်သူတွေကတော့ သတင်းတပတ်ကြာ ဇိမ်ခံသဘောင်္ကြီးစီးပြီး မြောက်ပိုင်းဒေသဆီ ခရီးသွားကြပါတယ်။ အဲဒီသတင်းတပတ်လုံးလုံး ညမရှိတော့ပဲ နေရောင်ကို ၂၄ နာရီမြင်နေရတဲ့အတွက် White Night အဖြူရောင်ညအဖြစ် လူသိများပါတယ်။

ဒီလို ထူးခြားမှုတွေရှိတဲ့ မြောက်ပိုင်းမြို့တော် Tromsø ဆီ အော်စလိုကနေ လေယဉ်ထွက်တော့ နာရီလောက် ရှိနေပြီ။ တောင်ကနေမြောက်ကိုပျံသန်းလာတဲ့လေယဉ်ဟာ စိမ်းစိုနေတဲ့တောတောင်တွေ ပေါ်ကနေတဆင့် ရေခဲတာင်တွေပေါ် ရောက်လာပါတယ်။ နွေလယ်ခေါင်ခေါင်ကြီးမှာ ဘယ်လို လုပ်ရေခဲတောင်တွေရှိနေပါလိမ့်။ ပူတာ အိုဆီရောက်လာတဲ့ ထားဝယ်သားတဦးလို ဖြစ်နေလေမလား မသိပါ။

Tromsø လေယဉ်ကွင်းဆီရောက်တော့ ၁၀ နာရီကျော်နေပြီ။ နေရောင်က တောက်ပ၀င်းလက်နေဆဲ။ မြန်မာနိုင်ငံက ညနေ နာရီဝန်းကျင် နေရောင်လိုမျိုးဖြစ်မယ်လို့ထင်မိပါတယ်။ တည်းမဲ့ဟိုတယ် ရောက်တော့ ၁၁ နာရီလောက်ရှိနေပြီ။ နေရောင်က တောက်ပနေတုန်း။

မူလစိတ်ကူးအတိုင်းဆိုရင်တော့ ဒီညနေ အေးဆေးနားပြိး မနက်ဖြန်ညမှ သန်းခေါင်ယံနေကို မှတ်တမ်း ရိုက်ဖို့ပါ။ ဒါပေမယ့် ‘’မနက်ဖြန်ဆိုတာ ဒီနေ့လောက်မသေချာဘူး’’ ဆိုတဲ့ သတင်းသမားဆုံးဆောင်ပုဒ်ကို သတိရမိပြီး နေသာတုန်းလေး ရသလောက်ရိုက်ထားမှလို့ အတွေးပေါ်လာပါတယ်။

ဒီအချိန်သွားကြည့်ရင် မီနိုင်သေးလား၊ ဘယ်နားကနေသွားကြည့်ရင် အကောင်းဆုံးမြင်ကွင်းရမလဲဆိုပြီး ဟိုတယ် ကောင်တာမှာမေးတော့တံတားကြီးရှေ့က ဘုရားကျောင်းကိုသာသွား၊ အဲဒီနေရာဟာ အကောင်း ဆုံးပဲလို့ ဟိုတယ်စာရေးက အကြံပေးပါတယ်။ 

ဒါနဲ့ ကင်မရာအိတ်နဲ့ ထရိုင်ပွတ်ကို ကတိုက်ကရိုက်လွယ်ပြီး တံတားထိပ်ဆီ ပြေးရပါတယ်။ တခါမှ မရောက်ဖူးတော့ ဘယ်လောက်ဝေးမှန်းလည်း မသိ။ ဟိုတယ်ကနေ ဒီဘက်တံတားထိပ်ကိုတင် ၁၅ မိနစ်၊ တံတားဒီဘက်ထိပ် ကနေ ဘုရားကျောင်းရှိတဲ့ ဟိုဘက်ထိပ်အထိက ၁၀ မိနစ်ဆိုတော့ ဘုရားကျောင်း ရှေ့မှာ ကင်မရာထောင်နိုင်တဲ့အချိန်က သန်းခေါင်ယံရောက်ဖို့ ၁၅ မိနစ်ပဲ လိုပါတာ့တယ်။

ဘာမှမတတ်နိုင်။ ကိုယ့်အရင်ရောက်နေသူတွေအများကြီးထဲ အတင်းတိုးဝင်တော့ DVB ပိုင်တဲ့ ကင်မရာ ကြီးကို ကြည့်ပြီး အပျော်တန်းကင်မရာသားတွေက နေရာဖယ်ပေးကြပါတယ်။ ဒီလိုနဲ့ Tromsø မြစ် အနောက်ဘက် တောင်စွယ်မှာ ကွယ်တော့မလိုလိုဖြစ်နေတဲ့ နေလုံးကြီးကို အသေအချာ ရိုက်ခွင့်ရ လိုက်ပါတယ်။ 

သန်းခေါင်ယံ နေ ဆိုတာ မြန်မာတချို့ထင်နေကြသလို အမှောင်လွှမ်းနေတဲ့ ၁၂ နာရီတိတိမှာ ဖြုန်းဆိုပြီး နေလုံးကြီး ပြူထွက်လာတာမျိုးမဟုတ်ပါ။ နဂိုရှိနေတဲ့နေလုံးကြီးက ၁၂ နာရီရောက်တဲ့အထိ တောင်စွယ်မှာ ကွယ်မသွားတော့ပဲဒီတိုင်းကြီး ရှိနေခြင်းသာဖြစ်ပါတယ်။ သန်းကောင်ယံ မရောက်ခင် ၁၀ မိနစ်အထိ နေလုံးကြီးက တဖြေးဖြေး နိမ့်ဆင်းလာနဆဲလို့ ကျနော့်စိတ်ထဲ ထင်မိပါတယ်။ ဒါပေမယ့် ၁၂ နာရီထိုးဖို့ မိနစ်လောက်အလို မှာတော့ နေလုံးကြီးက အောက်ကို ဆက်မဆင်းတော့ပဲ ရပ်တန့်သွားသလို ခံစားမိပါတယ်။

ပြီးတော့ နေလုံးကြီးက အောက်ကိုဆက်မဆင်းပဲ နဘေးကို နည်းနည်းချင်းစီ ရွေ့သွားတယ်လို့ထင်မိ ပါတယ်။ အဲဒီ လို ၁၅ မီနစ်ခန့်ရွေ့အပြီးမှာတော့ အပေါ်ကို နည်းနည်းပြန်ထောင်တက်လာတယ်လို့ ကျနော့်မျက်စိနဲ့ စိတ်ထဲခံစားမိပါတယ်။ ကျနော့်ဘ၀မှာ ဒီလိုမြင်ကွင်းမျိုးတခါမှမမြင်ဖူးတော့ ဘယ်လို ပြောပြရမှန်းတောင် မသိပါ။

ဘေးနားကလူတချို့ကတော့ နာရီတကြည့်ကြည့်နဲ့ ‘’သန်းခေါင်ယံရောက်တဲ့အထိ နေမ၀င်သေးဘူးဟေ့’’ ဆိုပြီး ပြောနေကြပါတယ်။ တချို့ကတော့ နာရီကိုတောင် မကြည့်အား။ နေလုံးကြီးကိုသာ မျက်တောင် မခတ်ပဲငေးနေကြပါတယ်။ ကိုယ့်မျပ်စိကိုယ်တောင် မယုံနိုင်လောက်အောင် အံသြနေမိတယ်ဆိုပါတော့။


သန်းခေါင်ယံ အတွေးစများ

ဒီလိုကြည့်ကောင်းကောင်းနဲ့ငေးနေလိုက်တာ သန်းခေါင်ယံကိုလွန်ပြီးလို့ ၁၅ မီနစ်ကြာမှ ကင်မရာ ခလုတ်ကို ပိတ်ဖို့သတိရပါတယ်။ ငြိမ်သက်နေတဲ့ ဘေးနားကလူတွေလည်း အဲဒီအချိန်ကြမှ အသံ နည်းနည်းထွက်လာကြပီး အိမ်ပြန်ဖို့ပြင်ကြပါတယ်။ သူတို့အသံကိုကြားမှ သန်းကောင်ယံ နေလုံးကြီးအပြင် အဲဒီနေကို တကူးတကာ့ လာကြည့်ကြတဲ့ ပရိသတ်တချို့ကို အင်တာဗျုးလုပ်ဖို့ သတိရလာပါတယ်။

(နော်ဝေးမြောက်ပိုင်းအငူမှ သန်းကောင်ယံ နေ။ ဓာတ်ပုံ- http://en.wikipedia.org)

ဟန်းနီးမွန်းထွက်လာတဲ့ အင်္ဂလန်က စုံတွဲတတွဲကတော့ ‘’သန်းခေါင်ယံနေက သိပ် (Romantic) ရိုမင့်တင့်ဖြစ်တယ်၊ ဘာနဲ့မှနှိုင်းပြလို့မရတဲ့ အရသာမျိုး ခံစားမိတယ်၊ ဒါကြောင့် ဒီနေရာကိုရွေးပြီးလာမိတာ သိပ်ကံကောင်းသွားတယ်’’ လို့ပြောပါတယ်။

အဲဒီလိုအင်တာဗျုးနေတုန်း အနောက်ဖက်မှာ လူတွေအများကြီးတက်လာတာကိုတွေ့လို့ သွားမေးမိပြန်ပါ တယ်။ ‘’ဒီဘုရားကျောင်းမှာ သန်းခေါင်ယံဝတ်ပြုပွဲရှိတယ်လေ’’ လို့ ၀တ်ပြုဖို့လာတဲ့သူတွေထဲက တဦး ကရှင်းပြပါတယ်။ တကယ်က ဒီဘုရားကျောင်းဟာ နှယ်နှယ်ရရမဟုတ်။ နော်ဝေးမြောက်ပိုင်းဒေသရဲ့ အထင်ကရနေရာ၊ အဖြူရောင် ဘုရားကျောင်းဖြစ်ပါတယ်။

သန်းခေါင်ယံနေကိုစိတ်ဝင်စားလို့ ခရီးထွက်လာတယ်ဆိုပေမဲ့ Midnight Sun ကလွဲပြီး တခြားဘာမှ မသိပါ။တကယ်ဆို ဒီနေရာဆီ တကယ်လာသင့်တဲ့နေ့က ပြီးခဲ့တဲ့ စနေနေ့ ကတည်းက။ ဘာကြောင့်လဲ ဆိုရင် အဲဒီနေ့တာအရှည်ဆုံး စနေ့ညသန်းခေါင်ယံမှာ Midnight Sun Marathon ပြိုင်ပွဲကျင်းခဲ့လို့ပါ။ ဒီပွဲကိုဝင်ပြိုင်ဖို့ အတွက် ကမ္ဘာတလွှားကလာတဲ့လူတွေ ထောင်နဲ့ချီပြိး Tromsø ကို ရောက်နေကြပါတယ်။ သန်းခေါင်ယံမှာ အပြေးပြိုင်တယ်ဆိုတာ အိပ်မက်ထဲမှာ ပြေးသလိုများ ဖြစ်နေလေမလားမသိပါ။

အနောက်တောင်စွယ်ကနေ တဖြေးဖြေးပြန်မြင့်တက်လာနေတဲ့ နေလုံးကြီးကိုငေးမ၀ ဖြစ်နေပေမဲ့ မနက် တနာရီလောက်မှာတော့ ဘုရားကျောင်းရှေ့ကနေခွာပြိး ဟိုတယ်ဆီ ပြန်လာခဲ့ပါတယ်။ ဒါပေမယ့် စိတ်ထဲမှာ တော့ တမျိုးကြီး။ သန်းခေါင်ယံကျော်တဲ့အထိ နေကမ၀င်သေး။ မနက် တနာရီအထိလည်း နေကလင်း နေဆဲ။ ဒါပေမယ့် လင်းပုံလင်းနည်းကတော့ နေ့ဘက်မှာ လင်းတဲ့အလင်းရောင်နဲ့မတူသလိုပါပဲ။

နည်းနည်းအရောင်ဖျော့ပြီး လပြည့်ည လအလင်းရောင်ရဲ့ နှစ်ဆ၊ သုံးဆလောက်နီးပါး လင်းနေတဲ့ သဘောမျိုးလား၊ နေ၀င်ချိန်တိမ်တောက်စဉ် လင်းနေတဲ့ အလင်းမျိုးလားလို့ နှိုင်းယှဉ်မိပါတယ်။ တကယ်ကတော့ ဘာနဲ့မှနှိုင်းယှဉ်လို့မရတဲ့ ကျနော့်ဘ၀မှာ ဒီတခါသာ တွေ့ဖူးသေးတဲ့ သန်းခေါင်ယံနေရဲ့ ထူးခြားတဲ့အလင်းရောင်ပါ။



ဒီလိုနှိုင်းယှဉ်တွေးဆရင်း ငယ်ငယ်က ရွာဘုရားပွဲမှာ ကြည့်ဖူးတဲ့ မြန်မာ့ဇာတ်သဘင်ထဲက စကားလုံးတချို့ ကို သွားသတိရမိပါတယ်။တောင်စွယ်မှာ နေကွယ်ရင် ဒီလူဆိုးကို အသေသတ်စေဆိုတာမျိုး၊တောင်ထိပ်မှာ ကြာပေါက်ပြီး အနောက်က နေထွက်မှ ခင်ဗျားတို့ ကျုပ်ကို ဖမ်းနိုင်လိမ့်မယ်ဆို တာမျိုးတွေဟာ ရွာဘုရားပွဲ ပရိသတ်အတွက် သိပ်ကောင်းတဲ့ ဒိုင်ယာလော့တွေပေါ့။ ဒါပေမဲ့ နော်ဝေး မြောက်ပိုင်းမှာများ အဲဒီလိုပြောမိရင် လူဆိုးကိုလည်း မသတ်နိုင်၊ ဇာတ်လိုက်ကိုလည်း ခဏလေးနဲ့ ဖမ်းမိသွားနိုင်မယ့်သဘောမျိုး ဖြစ်နေပါတယ်။ 

နောက်တခါ အရုဏ်တက်ချိန်မှာ ဆွမ်းတော်တင်တာတို့၊ နေမွန်းမတည့်ခင်မှာ ဘုန်ကြီးဆွမ်း အမီကပ်ရတာ တို့၊ နေလွဲညစာ မစားရတို့၊ နေထွက်ချိန်ကနေ နေ၀င်ချိန်အထိ အလုပ်လုပ်ရမယ်ဆိုတာတို့တွေဟာ ဒီလိုနေရာမျိုးမှာတော့ အံဝင်ဂွင်ကျမဖြစ်နိုင်တော့ပါ။

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ’’နေထွက်ရာအရပ်သည် အရှေ့၊ နေ၀င်ရာအရပ်သည် အနောက်’’ ဆိုပြီး ငယ်ငယ်တုန်းက ကျောင်းမှာအသေကျက်ခဲ့ရတဲ့စာသားတွေဟာ နေရာတိုင်းအတွက် အမှန်တရား မဟုတ်ပါ။ ကမ္ဘာကြီးရဲ့ဒေသတခုရှိလူတွေက အမှန်တရားဆိုပြီး သဲသဲမဲမဲယုံကြည်ထားတဲ့ အရာတခုဟာ ကမ္ဘာကြီးရဲ့ အခြားတနေရာမှာတော့ အဲဒီ အမှန်တရားဟာ မှန်ချင်မှမှန်ပါလိမ့်မယ်။ 

မကွယ်တော့တဲ့ နေလုံးကြီးကို အရှေ့ကထွက်လာတယ်လို့ ပြောမလား၊ အနောက်ကထွက်လာတယ်လို့ ပြောမလား။ ထူးခြားတဲ့သဘာဝအလှတရားတွေဟာ တခါတရံမှာ လူသားတွေရဲ့ စိတ်ကူးယဉ်မှုထက် တောင် ပိုမိုဆန်းကျယ်နေတတ်သလား။ မကွယ်တော့တဲ့နေလုံးကြီးကိုငေးရင်း ညဟာ ဘယ်လိုပျောက်ဆုံး သွားမှန်း မသိလိုက်ပါ။ 
..................................................



...

စာမျက်နှာ အကန့်အသတ်ရှိတဲ့အတွက် အရေးကြီးအချက်တခုကျန်ခဲ့ပါတယ်။ အဲဒါကတော့ ဒီလို သန်းခေါင်ယံနေနဲ့ မြောက်ပိုင်းရောင်ချည်တွေကို ကံမကောင်းရင် (ရာသီဥတုမကောင်းရင်) မြင်ခွင့်မရ နိုင်ဘူးဆိုတာပါ။

အဲဒီခရီးစဉ်အတွင်း ရောက်တဲ့ညမှာပဲ ဒီလိုမြင်ခွင့်ရပြီး နောက် ၃ ရက်စလုံး တိမ်ဖုံးနေတဲ့အတွက် နေ ရောင်ကိုမြင်ခွင့်မရတော့ပါ။ ဒါကြောင့် မနက်ဖြန်ဆိုတာ ဒီနေ့လောက်မသေချာဘူး။ အခွင့်အရေးဆိုတာ ၂ ခါမရနိုင်ဘူးလို့ သတင်းလောကမှာ ခေတ်စားနေတာဖြစ်မှာပေါ့။

ဒီခရီးစဉ်အကြောင်း (နေမ၀င်ညအပြင် တံတားဟိုဖက်ကမ်း တောင်တန်းပေါ်ကအခြေနေတွေကိုပါ) အသေး စိပ်သိချင်ရင် ၂၀၁၁ တုန်းကရေးထားတဲ့ မူလဆောင်းပါးကို အောက်ပါ လင့်ခ် မှာဖတ်နိုင်ပါတယ်။ 
ခင်မင်လေးစားစွာဖြင့်
ထက်အောင်ကျော်

https://www.scribd.com/doc/56355776/270511-HAK-Midnight-Sun-Edited



2 comments:

ဆောင်းပါးကို စာမျက်နှာကိုက်အောင် ရေးရင်းနဲ့ အရေးကြီးတာ တခုကျန်ခဲ့တယ်ဗျ။ အဲဒါက ဘာလဲဆိုတော့ သန်းခေါင်ယံနေကိုရော၊ မြောက်ပိုင်းရောင်ချည်ကိုပါ ကံမကောင်းရင် မြင်ရဖို့မလွယ်ပါဘူး။ ...ကံ မကောင်းဆိုတာကတော့ မြန်မာလိုပြောတာပါ။ နိုင်ငံတကာလိုကတော့ ရာသီဥတုမကောင်းရင် မြင်ခွင့်မရနိုင်ဘူးပေါ့။

ဆောင်းပါးထဲပါတဲ့အတိုင်း ရောက်တဲ့နေ့ ည သန်းခေါင်မှာသာ မရိုက်ဖြစ် လိုက်ရင် နောက် ၃ ရက်အတွင်း ဒီလိုနေရောင် ဘယ်လိုမှ မရနိုင်တော့ပါ။ ဘာကြောင့်လဲဆို အဲဒီမြိုမှ့ာ ကျနော် ၃ ညအိပ် ၄ ရက်နေခဲ့ပေမဲ့ ရောက်တဲ့ ညတညပဲ နေရောင်ကို အဲဒီလိုမြင်ခွင့်ရပြီး ကျန် ၃ ညစလုံး တိမ်ဖုံးနေတဲ့ အတွက် နေရောင်ကို ဒီလိုမြင်ခွင့်မရတော့ပါ။

ဒါကြောင့် ကံကောင်းဖို့ (ရာသီဥတုကို အရင်လေ့လာပြီးမှ သွားဖို့) လိုပါ တယ်။ ခရီးဝေးဆီ စရိတ်ကုန်ခံထွက်ပြိးမှ မြင်ချင်တာမြင်ခွင့်မရရင် အလကားဖြစ်သွားနိုင်တယ်မဟုတ်ပါလား။

ဒါကြောင့် မနက်ဖြန်ဆိုတာ ဒီနေ့လောက်မသေချာဘူး။ အခွင့်အရေးဆိုတာ ၂ ခါမရနိုင်ဘူးဆိုပြီး သတင်းလောကမှာ ခေတ်စားနေတာဖြစ်မှာပေါ့။ ။

အဲဒီခရီးစဉ်အကြောင်း အသေးစိပ်သိချင်ရင် ၂၀၁၁ တုန်းက (ပထမဆုံးအကြိမ်) ရေးထားတဲ့ အောက်ပါ လင့်ခ်မှာ ဖတ်ရှုနိုင်ပါကြောင်း...။

https://www.scribd.com/doc/56355776/270511-HAK-Midnight-Sun-Edited

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More