Monday, July 20, 2015

မီဒီယာများ အသွင်ပြောင်းသည့်အခါ

Monday, July 20, 2015. The Voice Daily. 


၁၉ ဇူလိုင်နဲ့ တော်လှန်သော ရေဒီယိုတစ်လုံး


ဇူလိုင် ၁၉ ရက်နေ့မှာ အာဇာနည်နေ့ သတင်းတွေ လိုက်ရင်းနဲ့ ကိုယ့်မွေးနေ့ ကိုယ်ကျင်းပဖို့ မေ့ခဲ့တဲ့ရက်တွေ မနည်းလှပါဘူး။ ကိုယ့်မွေးနေ့ဆိုတာ ထက်အောင်ကျော် မွေးနေ့မဟုတ်ပါ။ တစ်ချိန်က တာဝန်ထမ်းခဲ့ဖူးတဲ့ ဒီမိုကရေစီ လှုပ်ရှားသူတွေရဲ့ အသံ၊ ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အသံ၊ အမျိုးသားညွန့်ပေါင်းအစိုးရ အမည်နဲ့ ထုတ်လွှင့်ခဲ့တဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ (Democratic Voice of Burma) ရဲ့ မွေးနေ့ကို ဆိုလိုတာပါ။

ဘယ်လိုစိတ်ကူးနဲ့ အာဇာနည်နေ့မှာ စလွှင့်မယ်လို့ ရွေးခဲ့မှန်း ကျွန်တော်မသိ။ ဒါပေမဲ့ သေချာတာကတော့ ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ဒီမိုကရက်တစ် မြန်မာ့အသံကို စတင်အသံလွှင့်ခဲ့တဲ့ အတွက် ဒီနေ့ဟာ ၂၃ နှစ်ပြည့် ဒီမိုကရက်တစ် မြန်မာ့အသံ (မူလ) ရဲ့ မွေးနေ့ဖြစ်ပါတယ်။ တကယ်တော့ ၂၃ နှစ်ဆိုတာ နည်းတဲ့ခရီးရှည် မဟုတ်။ ဒီမာရသွန် ခရီးစဉ်အတွင်း အတက်-အကျ၊ အစုန်-အဆန်မျိုးစုံကို အဲဒီကာလက အသက် ၂၀ ကျော်တန်းသာ ရှိသေးတဲ့ တောခိုကျောင်းသားဟောင်း လူငယ်တွေ ရင်ဆိုင်ခဲ့ရပေါ့။

၁၉၉၁ မှာ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရတော့ သူ့ကိုယ်စား (သူက ပထမအကြိမ် နေအိမ်အကျယ်ချုပ် ကျခံနေရ) သူ့မိသားစုက နော်ဝေနိုင်ငံ အော်စလိုမြို့တော်ခန်းမမှာ ဆုတက်ယူပါတယ်။ အဲဒီအခမ်းအနားဆီ အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ (NCGUB) ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းလည်း တက်ရောက်ခဲ့ပါတယ်။ နော်ဝေ အာဏာပိုင်တွေ၊ မြန်မာ့အရေး အားပေးတဲ့ နော်ဝေ-မြန်မာကော်မတီ (NBC) နဲ့ ဆွေးနွေးမှုတွေအရ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူတွေရဲ့အသံကို ထုတ်လွှင့်နိုင်ဖို့ ရေဒီယိုတစ်လုံးပေးမယ် ဆိုပြီး နော်ဝေဘက်က ဆုံးဖြတ်လိုက်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ရေဒီယိုအသံလွှင့်ဌာနကို အော်စလိုမှာ ရုံးစိုက်တယ် ဆိုပေမယ့် အဓိက ထုတ်လုပ်နေတဲ့ နေရာကတော့ တောခိုကျောင်းသားတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဗဟိုဌာနချုပ် မာနယ်ပလောစခန်း ဖြစ်ပါတယ်။ ကြက်ဥဖာ အဟောင်းတွေ၊ မုဒုံစောင်တွေနဲ့ ဖြစ်သလို ကာထားတဲ့ စတူဒီယို၊ အင်ဖက်မိုး၊ ဝါးတဲနဲ့ ဖြစ်သလို ဆောက်ထားတဲ့ ယာယီတဲနန်းမှာ အသံသွင်းထားတဲ့ ရေဒီယို အစီအစဉ်တွေကို မာနယ်ပလောကနေ တစ်ဆင့် သံလွင်မြစ်ကမ်းဘေးရှိ စောလဲထစခန်း၊ အဲဒီကတစ်ဆင့် မဲစရီယန်း၊ ချင်းမိုင်ကနေ အော်စလိုဆီ စာတိုက်နဲ့ ပို့ခဲ့ရတယ်လို့ DVB ရဲ့ ပထမဆုံး နေ့တွေမှာ တာဝန်ထမ်းခွင့်ရခဲ့သူတွေက ပြောပြကြပါတယ်။

ထားတော့။ ကျွန်တော် အဓိကပြောချင်တာက DVB ရဲ့ သမိုင်းကြောင်း မဟုတ်ပါ။ DVB အပါအဝင် လက်ရှိ မီဒီယာလောကမှာ လှုပ်ရှားရုန်းကန်နေသူတွေရဲ့ ၂၃ နှစ်တာအတွင်း ပြောင်းလဲတိုးတက်မှု အကြောင်းသာ ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အလွန်မှာ ဆင်ဆာအဖွဲ့ကို ဖျက်သိမ်းပြီး လွတ်လပ်စွာ သတင်းရေးခွင့်ရပြီ၊ နယ်စပ်နဲ့ ပြည်ပရောက် တောခိုကျောင်းသားဟောင်းတွေ ပြန်လာလို့ရပြီဆိုတဲ့ နောက်ပိုင်း ပြန်ဝင်သွားကြတဲ့ မီဒီယာတွေ တကယ်အလုပ်ဖြစ်ရဲ့လား။ ပြည်ပအခြေစိုက်နဲ့ ပြည်တွင်းအခြေစိုက် ကာလတွေကြား ဘယ်အချိန်မှာ သူတို့မီဒီယာရဲ့ သြဇာအကြီးမားဆုံး ကာလ ဖြစ်ခဲ့ပါသလဲ။


၂၃ နှစ်တာအတွင်း အပြောင်းအလဲများ


ဆယ်စုနှစ် နှစ်ခုကျော်ကာလ အတွင်း မီဒီယာလောကရဲ့ အဓိက အပြောင်းအလဲကတော့ နည်းပညာလို့ ပြောချင်ပါတယ်။ ၁၉၈၈ မတိုင်ခင်ကတည်းက ရုပ်-သံ နဲ့ ရေဒီယို (အသံလွှင့် မီဒီယာ) မြန်မာနိုင်ငံမှာ ရှိနေပြီ ဆိုပေမယ့် အားလုံးကို စစ်အစိုးရက ထိန်းချုပ်ထားပြီး လွတ်လပ်တဲ့ သတင်းထုတ်လွှင့်မှု လုံးဝမလုပ်နိုင်ခဲ့ပါ။ ဒါကြောင့် ၁၉၉၂ မှာပေါ်လာတဲ့ DVB ရေဒီယိုဟာ ပထမဆုံး အစိုးရမဟုတ်တဲ့ အဖွဲ့က ပိုင်တဲ့၊ လွတ်လပ်တဲ့ သတင်းတွေ ထုတ်လွှင့်ခဲ့တဲ့ အသံလွှင့်ဌာနလို့ ပြောနိုင်ပါတယ်။

အဲဒီအချိန်မှာ ပုဂ္ဂလိကပိုင် စာ-နယ်-ဇင်းတွေ ရှိပေမယ့် ဘာမှလွတ်လပ်စွာ ရေးသားခွင့်မရှိပါ။ ဒါကြောင့် DVB အပါအဝင် ပြည်ပရေဒီယိုတွေကိုသာ တစ်နိုင်ငံလုံး အာရုံစိုက် နားထောင်ခဲ့ရဖူးတဲ့ ကာလတစ်ခုကို လူတိုင်းမှတ်မိနေဦးမှာပါ။ ပထမပိုင်း အသံလွှင့်ချက်တွေဟာ နိုင်ငံတကာ သတင်းစာတွေထဲက မြန်မာနဲ့ဆိုင်တဲ့ သတင်းတွေကို ဘာသာပြန် ဖတ်ပြရုံသာ လုပ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နယ်စပ်ကနေစာနဲ့ ရေးပို့တဲ့ သတင်းတွေ၊ သတင်းဆောင်းပါးတွေ၊ ထင်မြင်ချက် ဆောင်းပါးတွေကို ကိုယ်ပိုင်ဟန်နဲ့ တင်ပြနိုင်တဲ့ အဆင့်အထိ တက်လာပါတယ်။

၁၉၉၆-၉၇ ဝန်းကျင်မှာတော့ နယ်သတင်းထောက်တွေက အသံနဲ့ ပေးပို့နိုင်တဲ့ အဆင့်အထိ တိုးတက်လာခဲ့ပါတယ်။ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာတော့ နယ်စပ်မျဉ်းကိုကျော်ပြီး ရန်ကုန်က နာမည်ကြီး အတိုက်အခံ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ တယ်လီဖုန်း အင်တာဗျူးလုပ် ထုတ်လွှင့်နိုင်တဲ့အထိ တိုးတက်လာခဲ့ပါတယ်။ ဒါတွေဟာ နိုင်ငံရေးအခြေအနေ ပြောင်းလဲလာလို့ မဟုတ်ဘဲ နည်းပညာ အခြေအနေ တိုးတက်လာတာကြောင့်သာ ဖြစ်တယ်လို့ စာရေးသူက ယူဆပါတယ်။

တစ်ခါ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ နည်းပညာတစ်ခုက အင်တာနက်ပါ။ အင်တာနက် ပေါ်လာတဲ့အတွက် သတင်းစီးကြောင်းကို တားဆီးပိတ်ပင်ဖို့ စစ်အစိုးရအတွက် ခက်ခဲသွားပါတယ်။ ဒီလိုနဲ့ ပြည်တွင်းမှာ ဘလော့ဂါတွေ ပေါ်လာသလို ပြည်ပနဲ့ နယ်စပ်မှာလည်း ဧရာဝတီ၊ မဇ္ဈိမ အပါအဝင် အင်တာနက်အခြေခံ သတင်းဌာနတွေဟာ ပြည်တွင်းပရိသတ်အပေါ် သြဇာရှိလာခဲ့ပါတယ်။

၂၀၀၅ ခုနှစ်နှောင်းပိုင်း ရောက်တဲ့အခါမှာတော့ DVB ဟာ လှိုင်းတို ရေဒီယိုအပြင် Satellite (စလောင်း) အခြေခံ ရုပ်-သံ လွှင့်နိုင်တဲ့အထိ နည်းပညာပိုင်းမှာ တိုးတက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တခြားပြည်ပအခြေစိုက် အသံလွှင့်ဌာနတွေ၊ အင်တာနက်အခြေခံ သတင်းဌာနတွေကလည်း စလောင်းအခြေခံ ရုပ်-သံနဲ့ အင်တာနက်အခြေခံ ရုပ်-သံတွေ ထုတ်လွှင့်လာနိုင်ခဲ့ပါတယ်။


အခု ၂၀၁၅ ရောက်တဲ့အခါမှာတော့ နည်းပညာအပြင် နိုင်ငံရေး အခြေအနေတွေပါ တစ်စုံတစ်ရာ ပြောင်းလာတဲ့အတွက် ပြည်တွင်း-ပြည်ပဆိုတဲ့ ခြံစည်းရိုးခတ် စဉ်းစားမှုအဆင့်ကိုကျော်ပြီး အင်တာနက်ပေါ်မှာ ဘယ်သူမဆို ရုပ်-သံ တင်လွှင့်နိုင်တဲ့ အခြေအနေအထိ တိုးတက်လာနေပါပြီ။ တစ်ချိန်တည်းမှာပဲ နှစ် ၅၀ ကျော် ပိတ်ပင်ခံထားရတဲ့ စာ-နယ်-ဇင်းတွေလည်း လွတ်လပ်စွာ ရေးခွင့်ရလာပြီဖြစ်တဲ့ အတွက် ပုံနှိပ်မီဒီယာရဲ့ သြဇာကလည်း အသံလွှင့်မီဒီယာကို စိန်ခေါ်နိုင်တဲ့အထိ ကြီးထွားလာခဲ့ပါတယ်။



မီဒီယာသမားတွေ ဘယ်သူ့အတွက် အလုပ်လုပ်နေတာလဲ

နည်းပညာတိုးတက်မှုနဲ့ နိုင်ငံရေးအရ ပွင့်လင်းမှုကို ပေါင်းစပ်လိုက်တဲ့အခါ မြန်မာ့မီဒီယာလောကဟာ ဘယ်တုန်းကနဲ့မှ မတူအောင် အံ့မခန်း တိုးတက်လာတယ်လို့ ပြောသင့်ပါတယ်။ ပုဂ္ဂလိကပိုင် သတင်းစာတွေ ဒါဇင်နဲ့ချီ ရှိလာသလို အပတ်စဉ်ဂျာနယ်တွေ ရာနဲ့ချီ ရှိလာခဲ့ပါတယ်။ အင်တာနက်အခြေခံ ရုပ်-သံ ဌာနတွေ၊ အွန်လိုင်းသတင်းဌာနတွေလည်း ပြည်တွင်းမှာတင် ပေါ်လာခဲ့ပါတယ်။


တစ်ခါ ရုပ်-သံပိုင်းမှာလည်း Sky Net အပါအဝင် ပုဂ္ဂလိကပိုင် စီးပွားဖြစ် ရုပ်-သံ ကုမ္ပဏီကြီးတွေ ပေါ်လာပါတယ်။ အစိုးရဘက်ကလည်း သူတို့သွားနေကျ ဝါဒဖြန့်ချိရေး ရိုးရိုးလမ်းကြောင်းကနေ အများပြည်သူ စိတ်ဝင်စားမယ့် သတင်းနဲ့ ဖျော်ဖြေရေးဘက် ဇောင်းပေးပြီး ပြင်ဆင်မှုတချို့ လုပ်လာတာ တွေ့ရပါတယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ အသံလွှင့်မီဒီယာပဲဖြစ်ဖြစ်၊ ပုံနှိပ်မီဒီယာပဲဖြစ်ဖြစ်၊ အွန်လိုင်းမီဒီယာပဲဖြစ်ဖြစ် ဒီနေ့ မြန်မာ့မီဒီယာတွေဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ဝန်းကျင်က မီဒီယာတွေလို နိုင်ငံရေးယုံကြည်ချက် အတွက် တိုက်ပွဲဝင်တဲ့ မီဒီယာပုံစံမျိုး၊ အစိုးရကို ဝေဖန်ပြီး ဒီမိုကရေစီ အင်အားစုတွေကို ထောက်ခံတဲ့ မီဒီယာပုံစံမျိုး မဟုတ်တော့ပါ။ အားလုံးဟာ စီးပွားဖြစ် မီဒီယာ သို့မဟုတ် မီဒီယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ဆီ ရောက်သွားပြီလို့ ထင်မိပါတယ်။


ဒါကို ကြိုဆိုသင့်သလား၊ ဝေဖန်သင့်သလား။ မီဒီယာဟာ လူထုအတွက်လား၊ မီဒီယာဟာ စီးပွားရေးလုပ်ငန်း တစ်ခု သက်သက်လား။ မီဒီယာဟာ ယုံကြည်ချက်တွေကို တင်ပြတဲ့နေရာလား။ မီဒီယာဟာ ပညာတတ်တွေရဲ့ အသက်မွေးကျောင်း လုပ်ငန်းခွင်တစ်ခု သက်သက်လား။ နည်းပညာ တိုးတက်လာခြင်း၊ နိုင်ငံရေး ပွင့်လင်းလာခြင်းနဲ့အတူ မီဒီယာနယ်ပယ်ထဲက ပုဂ္ဂိုလ်တွေရဲ့ ရပ်တည်ချက်တွေကလည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

သေချာတာကတော့ မီဒီယာကို ထမင်းစားအလုပ် (အသက်မွေးဝမ်းကျောင်း အလုပ်) တစ်ခုအဖြစ် လုပ်တော့မယ်ဆိုရင် အခြေခံတတ်သင့်တာတွေ လေ့လာထားဖို့တော့ လိုပါလိမ့်မယ်။ ဒီအတွက် နိုင်ငံတကာ အကူအညီနဲ့ ဖွင့်ထားတဲ့ ဂျာနယ်လစ်ဇင် ကျောင်းတွေလည်း ပြည်တွင်းမှာ တိုးတိုးပြီး ဖွင့်လာနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ အရည်အသွေးပြည့်တဲ့ ဂျာနယ်လစ်တွေ ဘယ်လောက်အထိ ရှိနေပြီလဲ ဆိုတာကတော့ မေးခွန်းတစ်ခုအဖြစ် ရှိနေဆဲပါ။

နောက်တစ်ချက်က မြန်မာနိုင်ငံတွင်းက မီဒီယာအများစုကို ဘယ်သူတွေက ပိုင်သလဲ။ ဘယ်ကို ဦးတည်ရွေ့လျားနေတာလဲ ဆိုတဲ့ မေးခွန်းပါ။ တကယ်ဆိုရင် အသံလွှင့်မီဒီယာ အများစုကို အစိုးရနဲ့ နီးစပ်သူတွေ၊ ခရိုနီ၊ ခရိုပြာတွေက ပိုင်ထားဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုရှိနေတဲ့ ပုဂ္ဂလိကပိုင် အသံလွှင့်ဌာနတွေကို လွတ်လပ်တဲ့ သတင်းဌာနတွေ၊ အများပြည်သူအတွက် ဝန်ဆောင်မှု ပေးနေတဲ့ အသံလွှင့်ဌာနတွေလို့ ပြောဖို့ မဖြစ်နိုင်သေးပါ။

တစ်ခါ အသံလွှင့် သတင်းဌာနနဲ့ ပုံနှိပ်သတင်းဌာနတွေ အကြားမှာ အယ်ဒီတာ့အာဘော် ရှိခြင်း မရှိခြင်းကလည်း ကွာခြားချက်တစ်ခုလို့ ထင်မိပါတယ်။ VOA အမေရိကန်အသံမှာ အစိုးရအာဘော် (အယ်ဒီတာ့အာဘော် မဟုတ်ဘူးလို့ အမြဲတမ်းပြောလေ့ ရှိပါတယ်) ဆိုတာ ရှိပေမယ့် တခြားအသံလွှင့်ဌာနတွေမှာ အာဘော်ဆိုပြီး သီးခြားကဏ္ဍ မတွေ့မိပါ။ ဒါပေမဲ့ သတင်းစာတိုင်းမှာတော့ အယ်ဒီတာ့အာဘော်ဟာ အဓိက ဦးစားပေးဖတ်ရမယ့် နေရာ၊ သတင်းစာရဲ့ ရပ်တည်ချက်အဖြစ် အတိအလင်း ဖော်ပြထားတာ တွေ့ရပါတယ်။

နောက်ထပ်တွေ့မိတဲ့ ထူးခြားချက်တစ်ခုက အသံလွှင့်မီဒီယာသမားတွေက သတင်းဆောင်းပါး၊ သတင်းဝေဖန်ချက်၊ ဒီဘိတ် (အပြန်အလှန် ဆွေးနွေးငြင်းခုံခြင်း) အစီအစဉ်တွေ လုပ်တဲ့အခါမှာ သတင်းစာ အယ်ဒီတာတွေကို အလေးထား ဖိတ်ကြားမေးမြန်းလေ့ ရှိပါတယ်။ အသံလွှင့်မီဒီယာ အယ်ဒီတာတွေကို ဖိတ်ကြားမေးမြန်းတာမျိုး မတွေ့မိပါ။ ဘာကြောင့်လဲ။ ပုံနှိပ်မီဒီယာ အယ်ဒီတာတွေက အသံလွှင့်မီဒီယာ အယ်ဒီတာတွေထက် ပိုပြီးလေ့လာအား ကောင်းလို့လား။ အသံလွှင့်မီဒီယာ အယ်ဒီတာထက် ပုံနှိပ်မီဒီယာ အယ်ဒီတာတွေက အများစုဖြစ်နေလို့လား။ ဒါမှမဟုတ် အသံလွှင့်မီဒီယာတွေမှာ အယ်ဒီတာ့အာဘော် မရှိတဲ့အတွက် အသံလွှင့် အယ်ဒီတာတွေ ကိုယ်ပိုင်ထင်မြင်ချက် မပြောနိုင်တဲ့အထိ ဆွံ့အသွားကြလို့လား။

တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ဒီနေ့ မီဒီယာအများစုဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ဝန်းကျင်ကလို နိုင်ငံရေး ရပ်တည်ချက် မရှိတော့ဘဲ စီးပွားရေးလုပ်ငန်းသက်သက် ဖြစ်သွားပြီလားဆိုပြီး မေးခွန်းထုတ်သူတွေ ရှိလာနေပါတယ်။ မီဒီယာသမားတွေဟာလည်း နိုင်ငံရေးယုံကြည်ချက်အတွက် တာဝန်ထမ်းနေတာမျိုး မဟုတ်ဘဲ ကုမ္ပဏီပိုင်ရှင်အတွက် အလုပ်လုပ်ပေးနေရတဲ့ သဘော၊ စားဝတ်နေရေးအတွက် လုပ်နေရတဲ့ (တခြားလခစား ဝန်ထမ်းတွေလို) သဘောမျိုး ဖြစ်လာနေပြီလို့ ဝေဖန်သူတွေက ဆိုပါတယ်။

ဒါပေမဲ့ ကျွန်တော် တွေ့ဆုံမေးမြန်းခွင့်ရခဲ့တဲ့ မီဒီယာသမား အားလုံးကတော့ သူတို့ဟာ စားဝတ်နေရေးသက်သက် အတွက် မီဒီယာကို လုပ်နေတာ မဟုတ်ဘူး။ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်အတွက် တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ အစိုးရအတွက်လည်း မဟုတ်ဘူး။ အတိုက်အခံအတွက်လည်း မဟုတ်ဘူး။ အများပြည်သူ အခွင့်အရေးအတွက် တာဝန်ထမ်းနေတာ ဖြစ်တယ်လို့ ပြောကြပါတယ်။
ထက်အောင်ကျော် 
- See more at: http://www.thevoicemyanmar.com/index.php/perspective/item/7593-mda#sthash.fXcNE8gF.dpuf

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More