အသွင်ကူးပြောင်းရေး ကာလနှင့် တပ်မတော်များ ပြန်လည်စုဖွဲ့ရေး ပြဿနာ
တပ်ချုပ်နှင့် ဘီဘီစီ အင်တာဗျူး
ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းစာရင်းတွေ အပြိုင်အဆိုင် ထွက်လာခြင်းနဲ့အတူ အခုတစ်လော ကျွန်တော် စိတ်ဝင်စားမိတဲ့ အကြောင်းအရာ တစ်ခုကတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဘီဘီစီ အင်တာဗျုး ဖြစ်ပါတယ်။ ဇူလိုင်လ ၂၀ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အဲဒီအင်တာဗျူးဟာ မိနစ် ၃၀ ကျော်အထိ ရှည်ပါတယ်။ မြန်မာစစ်ဗိုလ်တစ်ဦး အနေနဲ့ နိုင်ငံခြားမီဒီယာတစ်ခုကို ဒီလို လက်ခံစကားပြောခြင်းဟာ ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။
အင်တာဗျူးလုပ်တဲ့ ဘီဘီစီ သတင်းထောက်ကိုယ်တိုင်က တပ်ချုပ် မင်းအောင်လှိုင်ဟာ သမ္မတဦးသိန်းစိန်ထက် ပိုမိုအေးဆေးတည်ငြိမ်ပြီး ပြုံးပြုံးရွှင်ရွှင် ဖြေကြားခဲ့တယ်လို့ ညွန်းထားပါတယ်။ တစ်ခါ တခြားစစ်ဗိုလ်တွေ၊ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ မတူဘဲ ဆိုရှယ်မီဒီယာ Facebook အကောင့်ဖွင့်ထားတာ Like လုပ်သူ နှစ်သိန်းကျော် ရှိတာတွေကိုလည်း ထူးခြားချက်အဖြစ် ဖော်ပြထားပါသေးတယ်။ (ဒီအင်တာဗျူးကို သူရဲ့ Facebook မှာ ဝင်ကြည့်နိုင်ပါတယ်)။
နောက်ထပ်တွေ့ရတဲ့ ထူးခြားချက်ကတော့ အရင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလို ပြည်ပမီဒီယာတွေကို ရန်သူအဖြစ် သဘောမထားတော့ဘဲ မေးသမျှကို ဖြေကြားခြင်းပါပဲ။ ဒါပေမဲ့ သူဖြေတာ လိုရင်းရောက်ရဲ့လား။ သမိုင်းကြောင်းတွေ သိပ်များနေသလား၊ Sound Bite ရအောင် ထုတ်နုတ် (သတင်းဖော်ပြလို့ ရအောင်) လိုတိုရှင်း မဖြေတတ်သေးဘူးလား ဆိုတာတွေကတော့ မီဒီယာနဲ့ ထိတွေ့မှု ဘယ်လောက်များများ ရှိနေပြီလဲ ဆိုတာအပေါ် မူတည်ပြီး တိုးတက်ကောင်းမွန်လာမယ် ထင်ပါတယ်။
သူပြောခဲ့တဲ့ Sound Bite တွေ (စကား) ကို အနှစ်ချုပ်လိုက်တော့ လိုရင်းက နှစ်ချက်ပဲ ကျန်ပါတယ်။ အများပြည်သူက ဆန္ဒရှိရင် သမ္မတအဖြစ် ဆက်တာဝန်ထမ်းချင်တယ်။ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခ ပြေလည်ပြီးမှ တပ်မတော်က စစ်တန်းလျားပြန်မယ် ဆိုတာတွေပါ။
ပထမအချက်ကတော့ သမ္မတဦးသိန်းစိန် အပါအဝင် စစ်ဗိုလ်လူထွက် နိုင်ငံရေးသမားတွေ ပြောနေကျစကားမို့ သိပ်မထူးခြားပါ။ (အခု အသက် ၅၉ နှစ် ရှိနေပြီဖြစ်တဲ့ တပ်ချုပ်ဟာ ၂၀၁၆ မှာ ပင်စင်ယူရဖို့ ရှိနေပါတယ်)။ ဒုတိယ စကားလုံးကလည်း အသစ်အဆန်းတော့ မဟုတ်ပါ။ ဒါပေမဲ့ လက်ရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင်က အတိအလင်း ထုတ်ပြောလာတာဆိုတော့ ဒီအချက်ကိုတော့ ဆွေးနွေးငြင်းခုံသင့်တယ် ထင်ပါတယ်။
အပစ်ရပ်စာချုပ် ဘယ်တော့လက်မှတ်ထိုးနိုင်မလဲ
တိုက်ဆိုင်မှု ဖြစ်ချင်တော့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဘီဘီစီ အင်တာဗျူး ထုတ်လွှင့်တဲ့အချိန်ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ် SD (Senior Delegation) အဖွဲ့နဲ့ အစိုးရဘက်မှ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) တို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) ရုံးခန်းမှာ အကြိတ်အနယ် ဆွေးနွေးနေချိန် ဖြစ်ပါတယ်။
MPC ခန်းမထဲက ၈ ကြိမ်မြောက် အပစ်ရပ်ဆွေးနွေးပွဲ (ဓာတ်ပုံ-ဧရာဝတီ)
“၈ ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) မူကြမ်း အချောသတ်ဆွေးနွေးပွဲ အောင်မြင်စွာ ပြီးဆုံး” ဆိုပြီး MPC ဝန်ထမ်းတစ်ဦးက သူရဲ့ Facebook မှာ ဂုဏ်ယူစွာ ဖော်ပြခဲ့ပေမယ့် တကယ်တော့ အဲဒီအောင်မြင်စွာဆိုတ ခေါင်းစဉ်ဟာ အစိုးရသတင်းစာတွေက သုံးနေကျ စကားလုံးထက် ဘာမှမပိုပါ။ နိုင်ငံတကာ အကူအညီနဲ့ ဖွင့်ထားတဲ့ MPC ခန်းမတွင်းက ၃ ရက်ကြာ ဆွေးနွေးပွဲဟာ အရင်က ဆွေးနွေးပွဲတွေလိုပဲ “မပြီးပြတ်သေးသော ကိစ္စများကို ရှေ့လာမယ့် အစည်းအဝေးတွင် ဆက်ဆွေးနွေးရန်” ဆိုပြီးသာ အဆုံးသတ်ခဲ့ရပါတယ်။ သတင်းသမားတွေရဲ့ အဆိုအရ သဘောမတူနိုင်တဲ့ အဓိက အချက်သုံးခု ကျန်နေဆဲ ဖြစ်ပါတယ်။
ပထမအချက်က အပစ်ရပ်လက်မှတ်ထိုးတဲ့အခါ တိုင်းရင်းသားတွေဖက်က (တိုက်ပွဲဖြစ်နေဆဲ ကိုးကန့်၊ တအာင်း၊ ရခိုင် အပါအဝင်) အဖွဲ့အားလုံး ပါဝင်စေချင်ပြီး အစိုးရဘက်ကတော့ အရင်လုပ်ထားတဲ့ ၁၇ ဖွဲ့နဲ့သာ ထိုးမယ်လို့ ဆိုနေပါတယ်။ ဒုတိယအချက်ကတော့ ဒီသဘောတူညီချက်ကို ဘယ်သူတွေက တာဝန်ခံ လက်မှတ်ရေးထိုးမှာလဲ။ နိုင်ငံတကာ အသိသက်သေအဖြစ် ဘယ်သူတွေကို ဖိတ်ကြားမှာလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။ တတိယအချက်ကတော့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းရေးကိစ္စများ Disarmament, Demobilization, and Reintegration (DDR) ကို ဆွေးနွေးခွင့် မရသေးခြင်းတို့ ဖြစ်ပါတယ်။
DDR နဲ့ SSR ဘာကွာသလဲ
ဒီသုံးချက်ထဲက အဓိကပြဿနာဟာ တတိယအချက်ဖြစ်တဲ့ DDR ကိစ္စ ဖြစ်မယ်လို့ ယူဆပါတယ်။ တပ်ချုပ်မင်းအောင်လှိုင်က ဘီဘီစီ အင်တာဗျူးအတွင်း ဒီကိစ္စကို အရိပ်အမြွက် ပြောသွားပေမယ့် အသေးစိတ်ရှင်းပြသွားခြင်း မရှိပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာဌာန မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Sun Guoxiang နဲ့ တွေ့ဆုံစဉ် DDR ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်က လက်ခံဖို့ လိုတယ်လို့ တပ်ချုပ်က အသေအချာ ပြောခဲ့ကြောင်း မှတ်တမ်းတွေမှာ တွေ့ရပါတယ်။
အဲဒီတရုတ်သံအမတ်ကြီးဟာ ဇွန်လ ၂ ရက်ကနေ ၉ ရက်နေ့အထိ KNU ဌာနချုပ် လော်ခီးလာစခန်းမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များရဲ့ ထိပ်သီးအစည်းအဝေးဆီ တက်ခဲ့သူပါ။ အဲဒီကအပြန် နေပြည်တော်မှာ တပ်ချုပ်နဲ့ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် DDR ကိစ္စ အမြန်ဆုံးဖြစ်လာဖို့ တပ်မတော်ဘက်က လိုလားနေတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။
ဒါပေမဲ့ ဒီလောက်အရေးကြီးတဲ့ ကိစ္စကို နိုင်ငံတကာ သံတမန်တွေ၊ နိုင်ငံခြားသတင်းဌာနတွေနဲ့ တွေ့ဆုံစဉ်မှာသာ ပြောဆိုပြီး ပြည်တွင်းမီဒီယာနဲ့ အပစ်ရပ်ဆွေးနွေးပွဲတွေမှာ ဘာကြောင့် အကျယ်တဝင့် မဆွေးနွေးကြသေးတာလဲ ဆိုတာ မေးခွန်းထုတ်စရာပါ။ အချိန်စောသေးလို့ မပြောကြသေးတာလား။ ဒီကိစ္စ ပြောလိုက်တာနဲ့ လက်ရှိရထားတဲ့ သဘောတူညီမှုတွေကနေ ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်သွားမှာ စိုးလို့လား။
DDR ကို လုံခြုံရေးဆိုင်ရာ ပူးပေါင်းရေးကိစ္စလို့ တပ်ချုပ်က အလွယ်ပြောသွားပေမယ့် တကယ်တော့ ဒီစကားလုံးဟာ အတော်အဓိပ္ပာယ် ကျယ်ဝန်းပါတယ်။ Disarmament လက်နက်ဖြုတ်သိမ်းရေး၊ Demobilization စစ်မှုထမ်းအဖြစ်မှ နုတ်ထွက်ခွင့်ပြုရေးနှင့် Reintegration သာမန်အရပ်သားများ အဖြစ် ပြန်လည် ပေါင်းစည်းနေထိုင်ရေးလို့ အကြမ်းဖျင်း အဓိပ္ပာယ်ရပါတယ်။
ပြည်တွင်းစစ် ဖြစ်ခဲ့ဖူးတဲ့ တိုင်းပြည်တွေမှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွေက ကြားဝင်ညှိနှိုင်းပေးရာကနေ ဒီလုပ်ငန်းစဉ် DDR ဆိုတာ ပေါ်လာတာပါ။ ဒါပေမဲ့ မေးစရာ ကျန်နေတာကတော့ အဲဒီသုံးချက်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်ကချည်း လုပ်ရမှာလား။ တပ်မတော်ဘက်မှာကော ဒါမျိုးလုပ်ဖို့ မလိုဘူးလား ဆိုတာပါပဲ။ အခုအချိန်ထိ ကြားနေရသလောက်ကတော့ DDR ကို တိုင်းရင်းသားတပ်တွေဖက်က လက်ခံဖို့လိုတယ် ဆိုတာချည်း ဖြစ်နေပါတယ်။
ဒါကြောင့်ဖြစ်မယ်။ လော်ခီးလာမှာ ဆွေးနွေးခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင် တချို့ကဆိုရင် DDR ဆိုတဲ့ စကားလုံးကိုတောင် လက်မခံဘဲ SSR (Security Sector Reform) လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ တခြားစင်ပြိုင်စကားလုံး အသစ်ကိုသုံးဖို့ တင်ပြထားတယ ဆိုပါတယ်။ ဒီစကားလုံးနှစ်ခုဟာ အဓိပ္ပာယ် တူသလိုလိုနဲ့ အနှစ်သာရချင်း မတူပါဘူး။
DDR က အစိုးရတပ်မှအပ တခြားလက်နက်ကိုင်တပ်တွေ အားလုံး လက်နက်ဖြုတ်သိမ်းရေးလို့ အတော်များများက နားလည်ထားကြပါတယ်။ SSR ကတော့ ပြောင်းလဲလာတဲ့ နိုင်ငံရေး အခြေအနေနဲ့အညီ လုံခြုံရေးဆိုင်ရာ တပ်တွေအားလုံးကို ပြုပြင်ပြောင်းလဲရေး၊ ပြန်လည်ပြုပြင်တည်ဆောက်ရေး၊ ပြန်လည်စုဖွဲ့ရေးလို့ အများက နားလည်ထားကြပါတယ်။
ဆိုလိုတာက အစိုးရတပ်ရော၊ အစိုးရမဟုတ်တဲ့ တပ်တွေရော ရှိသမျှ လက်နက်ကိုင်တပ် အားလုံးကို ပြန်လည်ပေါင်းစပ် ဖွဲ့စည်းရေး၊ ရဲ၊ ပြည်သူ့စစ်၊ ထောက်လှမ်းရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ စသဖြင့် လုံခြုံရေးနဲ့ဆိုင်တဲ့ တပ်တွေ၊ ဝန်ကြီးဌာနတွေ အားလုံးကို ပြုပြင်ပေါင်းစပ် ပြန်လည်တည်ဆောက်ရေးလို့ ပြောနိုင်ပါတယ်။
လက်ရှိအစိုးရတပ်၊ ထောက်လှမ်းရေးတပ်၊ ရဲတပ်၊ ပြည်သူ့စစ်တပ် စတဲ့ တပ်ဖွဲ့တွေရဲ့ စံချိန်စံညွှန်းတွေ၊ လူ့အခွင့်အရေး မှတ်တမ်းတွေကို ကြည့်ခြင်းအားဖြင့် ဒီတပ်တွေကို ဒီတိုင်းဆက်ထားလို့ မဖြစ်ဘူး။ ပြန်လည်စုဖွဲ့မှု လုပ်နိုင်မှ အသစ်တက်လာမယ့် အရပ်သားအစိုးရ၊ ဒီမိုကရေစီ အခင်းအကျင်းနဲ့ အံဝင်ခွင်ကျ ဖြစ်လိမ့်မယ်ဆိုတာ နိုင်ငံရေး စိတ်ဝင်စားသူတိုင်း သိပါတယ်။
တစ်ချိန်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေရဲ့ စံချိန်စံညွှန်းတွေ၊ လူ့အခွင့်အရေး မှတ်တမ်းတွေကို ကြည့်မယ်ဆိုရင်လည်း ပြုပြင်စရာတွေ အများကြီးပါ။ အဲဒီဒေသတွေဆီ ရောက်ဖူးတဲ့ MPC ဝန်ထမ်းတွေ၊ တောခိုကျောင်းသားဟောင်းတွေ အသိဆုံး ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် DDR အစား SSR လုပ်ရေးဟာ ဒီနေ့ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလ လုပ်ငန်းစဉ်အတွက် ပိုကိုက်ညီလိမ့်မယ်လို့ ယူဆမိပါတယ်။
ရွေးကောက်ပွဲနှင့် ငြိမ်းအဖွဲ့များ
တကယ်တော့ လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခြေအနေက DDR၊ SSR အဆင့်တွေဆီ ရောက်ဖို့ အဝေးကြီး လိုပါသေးတယ်။ တရုတ်နယ်စပ်ရှိ ကချင်နဲ့ ရှမ်းပြည်နယ်ဘက်မှာရော၊ ထိုင်းနယ်စပ်ဖက်ရှိ ကရင်ပြည်နယ်ဖက်မှာပါ သေနတ်သံတွေ ကြားနေရဆဲပါ။ ဒီသေနတ်သံတွေ အားလုံးကို တိတ်အောင်လုပ်ပြီးမှ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ထိုးနိုင်မှာပါ။
တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီ ဒါမှမဟုတ် လက်ရှိ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ DDR၊ SSR ကိစ္စ ဆွေးနွေးရေး လုံးဝမဖြစ်နိုင်သေးပါ။ NCA စာချုပ် လက်မှတ်ထိုးဖို့တောင် ဒီအစိုးရသက်တမ်းအတွင်း ဖြစ်မယ်လို့ ထင်နိုင်တဲ့ အချက်အလက် မတွေ့ရသေးပါ။ သြဂုတ်အတွင်း လွှတ်တော်အမတ်စာရင်းတွေ အပြီးတင်ရမှာမို့ ဝန်ကြီးအားလုံး၊ ပါတီအားလုံး ရွေးကောက်ပွဲနဲ့ အလုပ်ရှုပ်ကြပြီမို့ အပစ်ရပ်ရေးဘက် လှည့်နိုင်မယ် မထင်တော့ပါ။
ဒါဖြင့် ငြိမ်း( ငြိမ်းချမ်းရေး ဆွေးနွေးဆဲ/ငြိမ်းချမ်းရေး ရယူထားသည့် အဖွဲ့) တွေက ရွေးကောက်ပွဲနဲ့မဆိုင်ဘဲ အရင်လိုပဲ ရှိနေဦးမှာလား။ ၂၀၁၂ ကြားဖြတ်တို့၊ ၂၀၁၀ တို့အပြင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း ငြိမ်းနယ် (အဲဒီတုန်းကတော့ ငြိမ်းတွေအားလုံး အစိုးရတပ်နဲ့ အကြိတ်အနယ် တိုက်နေဆဲပါ) မှာ ရွေးကောက်ပွဲကျင်းပခွင့် မရခဲ့ပါ။ ငြိမ်းအဖွဲ့တွေ၊ အဖွဲ့ခေါင်းဆောင်တွေလည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်ထဲ ပါဝင်ခွင့် မရခဲ့ပါ။ အခု ၂၀၁၅ မှာတော့ ငြိမ်းနယ်မှာ သန်းခေါင်စာရင်း ကောက်တယ်လို့ ကြားရပေမယ့် အဲဒီနယ်ထဲအထိ ရွေးကောက်ပွဲ ဝင်လုပ်မယ်လို့ ကြေညာတာမျိုးတော့ မကြားမိသေးပါ။
ပန်ဆန်းအပါအဝင် “ဝ” နယ်က ခြောက်မြို့နယ်၊ မိုင်းလားအပါအဝင် ရှမ်းမြောက်က နယ်မြေတချို့မှာ ရွေးကောက်ပွဲကျင်းပခွင့် မရတာ သေချာပါတယ်။ တစ်ချိန်တည်းမှာပဲ KIA မြို့တော် လိုင်ဇာ၊ SSA ဌာနချုပ် လွိုင်တိုင်လျန်၊ KNU ဌာနချုပ် လော်ခီးလာ အပါအဝင် တခြားတိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာလည်း ရွေးကောက်ပွဲ ကျင်းပနိုင်မယ်လို့ မထင်ပါ။
ဒါဖြင့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ငြိမ်းအဖွဲ့တွေ ဘာမှမဆိုင်သေးဘူးဆိုတဲ့ သဘောလား။ လက်ရှိသွားနေတဲ့ ရွေးကောက်ပွဲ၊ ပါလီမန်လုပ်ငန်းစဉ်ထဲ ပါဝင်ခွင့်မရဘဲ ဘေးဖယ်ခံထားရတဲ့ နိုင်ငံရေးအင်အားစု ဘယ်လောက်များများ ကျန်နေဆဲလဲ။ ၂၀၂၀ ရွေးကောက်ပွဲအထိ ဒါမျိုးဆက်ဖြစ်နေဦးမှာလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီအရေးနဲ့ ငြိမ်းချမ်းရေးကို ဟန်ချက်ညီသွားဖို့ လိုတယ်လို့ ယုံကြည်သူတိုင်းက NCA, DDR, SSR ကိစ္စတွေကို အဖြေတစ်ခု ထွက်တဲ့အထိ ဆွေးနွေးနိုင်အောင် ကြိုတင်စဉ်းစား ပြင်ဆင်ထားဖို့ လိုအပ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။
ထက်အောင်ကျော်
1 comments:
like
by AAo
Post a Comment