Sunday, July 27, 2014

#BookReview: သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး။




(သူငယ်ချင်းတဦးရေးထားတဲ့ စာအုပ် Review ကိုတွေ့လို့ ကူးယူဖေါ်ပြလိုက်ပါတယ်)

ငယ်ငယ်ကကြောက်ခဲ့လူတမျိုး ရှိတယ်။ အဲဒါက "သူပုန်" တဲ့။ TV ကလာတဲ့ စစ်ကားတွေထဲမှာ သူပုန်ဆိုတဲ့ သူတွေက အတော်ဆိုးတာ။ အခေါ်အဝေါ်တွေကလည်း အမျိုးမျိုး ရှိတယ်။ ရောင်စုံ သူပုန်တဲ့။ သောင်းကျန်းသူတဲ့။ အဲဒီစကားလုံး က ရွံကြောက် ဖြစ်နေခဲ့တာပေါ့။
.
နည်းနည်း အသက်ကြီးလာတော့ စာဖတ်ဝါသနာပါလာတယ်။ မဟာဆွေရဲ့ သူပုန်ကြီး ဆိုတာကို ဖတ်လိုက်ရတော့ "အော် သူပုန် ဆိုတာ ဒါမျိုးကိုလည်း ခေါ်ပါလား" ဆိုတဲ့ အသိတခုရခဲ့တယ်။ လင်းယုန်မောင်မောင်ရဲ့ ချေကွေဗားရား ဖတ်လိုက်ရတဲ့ အချိန်ကြတော့ သူပုန်ထချင်စိတ်ပေါ် ခဲ့တယ်။ နိုင်ငံပြင်ပရောက်တော့ သူပုန်ဆိုတဲ့သူတွေနဲ့ ထိတွေ့လာခဲ့ရတော့ သြော် သူပုန်ဆိုတာလည်း ငါတို့လိုပါလား လို့ တွေးမိတယ်။
.
ဒီအပတ် သူပုန်နဲ့ ပတ်သက်ပြီး စာအုပ်တအုပ်လက်ဆောင်ရတယ်။ အမှန်ပြောရရင် ဒီစာအုပ် ထွက်ထားမှန်းမသိပါဘူး။ စာအုပ်မထွက်ခင်တုန်းကတော့ ဧရာဝတီအွန်လိုင်းမှာ အခန်းဆက် ဆောင်းပါးတွေ ဖတ်ဖူးတယ်။ ခက်တာက အွန်လိုင်းမှာ ဖတ်ရင် အပတ်တိုင်း မဖတ်ဖြစ်ဘူး။ အခုလို စာအုပ်ထွက်ထားတော့မှ တစုတဝေးဖတ်ရတယ်။
.
စာအုပ်က အတော်ထူတယ်။ စာမျက်နှာ ၅၀၀ ကျော်ရှိတယ်။ ဇာတ်လမ်း စတာကတော့ ထားဝယ်ကပေါ့။ သူက တနင်္သာရီတိုင်း လက်ရွှေးစင် စက်ဘီး သမား။ ပြီးတော့ ၈၈၈၈ အရေးအခင်းကာလမှာ သူ့ ရွာမှာ အုပ်ချုပ်ရေး အတွင်းမှူးပေါ့။ စစ်တပ်က အာဏာသိမ်းတော့ သူတို့ရွာကို စစ်တပ်လိုက်ဖမ်းတဲ့ ကျောင်းသားတွေ ရောက်လာတယ်။ အဲဒီကျောင်းသားတွေကို တောထဲ လိုက်ပို့ပေးရင်းနဲ့ သူပါတောခိုဖြစ်သွားတယ်တဲ့။ "လမ်းကြုံ့လို့ တောခိုလာသူ" လို့ သူ့ဘာသာတော့ ရေးထားပါတယ်။ ဒါပေမဲ့ ကျနော့် အထင်တော့ သူကိုယ်တိုင်လည်း သူပုန်စိတ်ရှိလို့ ခိုခဲ့တာပါ။
.
ဖတ်ရင်းနဲ့ စိတ်ထဲမှာ ငါတို့ငယ်ငယ်က ကြည့်တဲ့ ပါပီမ ကို သတိရတယ်။ ဟိုးတုန်းကတည်း ကတော့ ဒီ ပေါ်လစီကားတွေ မဟုတ်မကတွေ ရိုက်မှန်းတော့ သိပါတယ်။ ဒါပေမဲ့ ပါပီမတို့ တောစခိုတဲ့အခန်းမှာ စက်လှေကလေးစီးပြီး သီချင်းလေးတွေ ဆိုတာကို စိတ်ထဲ စွဲခဲ့ဘူးတယ်။။ သူတို့လိုတော့ တောင်တွေ ထမင်းမစားဖြတ်ရတာလည်း မပါဘူး။ လမ်းမလျှောက်နိုင်လို့ ထမ်းခေါ်ရတာလည်း မပါဘူး။
.
တချို့အခန်းတွေ ဖတ်ရင်း ရင်နစ်ရတယ်။ နားနားဖတ်ရတယ်။ ကိုယ်လည်း နိုင်ငံခြားတိုင်းပြည်မှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ဖူးပါတယ်။ ဒါပေမဲ့ သူတို့လို ဒုက္ခမျိုးတွေ မကြုံ့ဖူးဘူး။ ပေးဆပ်လိုက် ရတာတွေက မနည်းပါဘူး။ ဘဝတွေ၊ အသက်တွေ၊ ခြေလက်တွေ အစုံပါပဲ။ တချို့က ဒီသမိုင်းတွေကို မေးမှိန်သွားအောင် အမျိုးအမျိုး ကြိုးစားနေကြ တယ်။ တော်လှန်ရေး တိုင်းဟာ ကျောင်းသားကစတယ်တဲ့။ လက်ကိုင်တိုက်တာ မှန်တယ် မှားတယ်ဆိုတာနဲ့ သူတို့ရဲ့ ယုံကြည်ချက်ကို ရဲရဲလိုက်ခဲ့ကြတယ်။
.
ဒီကျောင်းသားတော်လှန်ရေး သမိုင်းဆိုတာ ဖျောက်ချင်တိုင်း လည်း ဖျောက်လို့ ရတာမှ မဟုတ်တာ ။ဒေါက်တာသန်းထွန်းပြောခဲ့တယ်။ သမိုင်းဆိုတာ မ အ အောင် သင်ရတာတဲ့။ သူ့စာအုပ်ဟာလည်း မြန်မာပြည် တော်လှန်ရေးသမိုင်းရဲ့ မှန်ကူကွက်တခုပါ။ ဖတ်လည်း ဖတ်ကြည့်သင့်တယ်။ သိမ်းလည်းသိမ်းထားသင့်တယ်လို့ ညွှန်းချင်ပါတယ်။
စာအုပ်နာမည်ကတော့ "သူပုန်ကျောင်းသားတစ်ဦးရဲ့ မာရသွန်ခရီး" တဲ့။ ရေးသူ ထက်အောင်ကျော်ပါ။
.
အေကေမိုး
၂၇၊၀၇၊၂၀၁၄

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More