Tuesday, July 8, 2014

အခွန်လွတ်ဟောလီးဒေးနှင့် ဆက်ကြေးကောက်ဆဲ မြန်မာပြည်

ဇွန်လအကုန် ဇူလိုင်လထဲရောက်တာနဲ့ နော်ဝေးနဲ့အနောက်ကမ္ဘာမှာ နွေရာသီ ဟောလီးဒေး Holiday သို့မဟုတ် နှစ်ပတ်လည် Vacation ရာသီစပါပြီ။ အတိအကျပြောရမယ်ဆိုရင် ဇူလိုင်လ ဒုတိယ သတင်းပတ်အစ ၇ ရက်နေ့ကနေ တတိယ သတင်းပတ် အကုန် ၂၅ ရက်နေ့အထိ၊ ဒီကအခေါ်တိုင်း ဆိုရင်တော့ သတင်းပတ်အမှတ် ၂၈ ကနေ ၃၀ အထိ သတင်း ၃ ပတ်ကို နွေရာသီဟောလီးဒေး ကာ လအဖြစ် သတ်မှတ်ထားတာပါ။ အစိုးရရုံးတွေ၊ ကျောင်းတွေအပါဝင် လုပ်ငန်းဌာနအတော်များများ ပိတ်ပြီး ၀န်ထမ်းတွေ အားလုံးနီးပါး အပန်းဖြေခရီးထွက်ကြပါတယ်။

(ထားဝယ်ခရိုင် လောင်းလုံးမြို့အနီးက စမ်းလမ်းကမ်းခြေ။ ဓာတ်ပုံ- ထက်အောင်ကျော်)

တချို့ဆိုရင် ဇူလိုင်လအထိမစောင့်ဘဲ ဇွန်လ ၂၁ ရက်၊ နေ့တာအရှည်ဆုံးနေ့ကတည်းက ဟောလီးဒေး ယူ သွားကြပါပြီ။ တချို့ကတော့ ဟောလီးဒေးမန်းနီး ကိုယ့်ဘဏ်ထဲဝင်လာတဲ့ ဇွန်လနောက်ဆုံး သ တင်းပတ်မှာ ခရီးထွက်ကြပါတယ်။ အဲဒီထဲမှာ နော်ဝေးရောက်မြန်မာတွေလည်း ဘယ်နည်းပါ့မလဲ။ တချို့က အိမ်နီးချင်း ဥရောပနိုင်ငံတွေဆီ သွားလည်ကြပြီး တချို့ကတော့ မြန်မာနိုင်ငံက မိဘဆွေမျိုး တွေဆီ ပြန်လည်ကြတာ ဒါဇင်နဲ့ချီ တွေ့နေရပါတယ်။

ကျနော်လည်း ပြီးခဲ့တဲ့နှစ်ဇွန်လတုန်းက ဟောလီးဒေးအဖြစ် သတင်းလေးပတ်ခွင့်ယူပြီး မြန်မာနိုင်ငံ ဆီပြန်လည်ခဲ့ပါတယ်။ ''မင်းက အလုပ်လက်မဲ့ဆိုတော့ တချိန်လုံးအားနေတာပဲ မဟုတ်ဘူးလား။ ဟောလီးဒေး ထပ်ယူစရာလိုသေးလို့လား'' ဆိုပြီး မိတ်ဆွေတချို့က နောက်ပါတယ်။ ဒါပေမယ့် ပြဿ နာက သူတို့နားလည်ထားတဲ့ မြန်မာနိုင်ငံကအလုပ်လက်မဲ့ ၁၀၉၊ ၁၀၁ ဆိုတဲ့ လူတွေနဲ့ ဒီနိုင်ငံက အလုပ်လက်မဲ့ သို့မဟုတ် အလုပ်ရှာဖွေနေသူတွေအဖြစ် တရားဝင်မှတ်ပုံတင်ထားတဲ့လူတွေကြား အဓိ ပ္ပာယ်ဖွင့်ဆိုချက် မတူပါ။

ဒီနိုင်ငံမှာက အခွန်ဆောင်ဖူးတဲ့ အလုပ်သမားတွေ အလုပ်ပြုတ်တဲ့အခါ အစိုးရက အလုပ်လက်မဲ့ခံစား ခွင့် ပေးရပါတယ်။ ဒါကြောင့် အလုပ်လက်မဲ့ ဦးရေ ဘယ်လောက်ရာခိုင်နှုန်းရှိတယ်ဆိုတာ သိပ်အရေး ကြီးပါတယ်။ မြန်မာနိုင်ငံမှာတော့ အလုပ်ရှိသူနဲ့မလုပ်မရှိသူ သိပ်မကွဲပြား၊ အလုပ်ရှိသူရော၊ အလုပ်မရှိ သူ အတွက်ပါ အစိုးရက ဘာမှလုပ်ပေးဖို့တာဝန်မရှိတော့ အလုပ်လက်မဲ့ဦးရေ ဘယ်လောက်ရှိလို့ရှိ နေမှန်း အစိုးရကိုယ်တိုင် သိပုံမရပါ။

ဟောလီးဒေးဘက်ကိုပြန်လှည့်ရမယ်ဆိုရင် ကျနော်မြန်မာနိုင်ငံမှာနေစဉ်တုန်းက ဟောလီးဒေးဆိုတာ ကို ကြားဖူးသလိုလိုရှိပေမယ့် တခါမှမကြုံဖူးခဲ့ပါ။ ရွာကလူတချို့ကတော့ နွေရာသီ စပါးပေါ်ပြီးချိန်မှာ အလုပ်နားပြီး ၅၄ မြို့ဘုရားဖူးလိုက်ကြတာကို ဟောလီးဒေးသွားတယ်လို့ ပြောကြပါတယ်။ မြို့ပေါ်က မိတ်ဆွေတချို့ကတော့ သင်္ကြန်ကာလမှာ အလုပ်နားပြီး ရွာကမိဘဆွေမျိုးတွေဆီ ပြန်လည်ကြတာကို ဟောလီးဒေးသွားတယ်လို့ ဆိုကြပါတယ်။ အခုဆိုရင်တော့ မောင်းမကန်၊ ချောင်းသာ၊ ငပလိကမ်းခြေ တွေအထိ။ ပုဂံ၊ တောင်သမန်အင်း၊ အင်းလေးအထိ ငွေကြေးတတ်နိုင်သူတချို့ ဟောလီးဒေး သွား နေကြပြီလို့ သိရပါတယ်။

ဒါပေမယ့် အဲဒီလို စိတ်ကူးရတဲ့အချိန် ကိုယ့်အစီစဉ်နဲ့ကိုယ်၊ ကိုယ့်စရိတ်နဲ့ကိုယ် ထသွားတဲ့ မြန်မာနိုင်ငံ က ဟောလီးဒေးနဲ့ အခုကျနော်ပြောနေတဲ့ နော်ဝေးက ဟောလီးဒေးမတူပါ။ မြန်မာနိုင်ငံမှာ ဟောလီး ဒေးရာသီ သတ်သတ်မှတ်မှတ်မရှိပါ။ ဟောလီးဒေးကာလမှာ လစာဘယ်လိုပေးသလဲ။ အခွန်ငွေ ဘယ် လိုပြန်အမ်းသလဲဆိုတဲ့ လုပ်ထုံးလုပ်နည်းလည်း မရှိပါ။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ သင်္ကြန် ကာလ ၁၀ ရက်မှာ လစာအပြည့်နဲ့ ဟောလီးဒေးပေးတာမှအပ တခြားတရားဝင်ဟောလီးဒေး မရှိသေး တဲ့ သဘောပါ။

(မောင်းမကန်ကမ်းခြေ။ ဓာတ်ပုံ ထက်အောင်ကျော်)

နိုင်ငံခြားသံရုံးဝန်ထမ်းတွေ၊ NGO ၀န်ထမ်းတွေ၊ သတင်းဌာနတွေက မိတ်ဆွေတချို့ကတော့ သူတို့ လည်း အနောက်နိုင်ငံမှာလို လစာအပြည့်နဲ့ဟောလီးဒေး တလ (သတင်း ၄ ပတ်၊ တချို့က သတင်း ၅ ပတ်) ရတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် ကျောင်းဆရာတွေအပါဝင် အစိုးရ၀န်ထမ်းတွေ၊ ကုမ္ပ ဏီဝန်ထမ်းတွေကတော့ အခုချိန်ထိ လစာအပြည့်နဲ့ သတင်း ၄ ပတ် ဟောလီးဒေးဆိုတာကို မကြားဖူး သေးဘူးလို့ ပြောကြပါတယ်။ ၀န်ထမ်းမဟုတ်တဲ့ သာမန်လက်လုပ်လက်စားတွေဆိုရင် ဟောလီးဒေး အကြောင်း သိဖို့တောင် မလွယ်တဲ့အခြေနေပါ။

ဒီနိုင်ငံမှာကတော့ လူတိုင်းတန်းတူအခွင့်အရေးရှိတဲ့အတွက် ၀န်ကြီးချုပ်ကနေ သာမန် (အချိန်ပြည့်) အလုပ်သမားအထိ တနှစ်မှာ သတင်းလေးပတ်ကနေ ငါးပတ်အထိ လစာအပြည့်နဲ့ ဟောလီးဒေး ခံစား ခွင့်ရှိပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာလို သင်္ကြန်ရုံးပိတ်ရက်နဲ့မတူပါ။ တရားဝင်အစိုးရရုံးပိတ်ရက်၊ ဘာ သာရေးရုံးပိတ်ရက်တွေနဲ့ အခု ကျနော်ပြောနေတဲ့ ဟောလီးဒေး ဘာမှမဆိုင်ပါ။

နှစ်စဉ် ဒီလိုဟောလီးဒေး သွားဖို့အတွက် ဟောလီးဒေးမန်းနီးဆိုတာ သီးခြားရှိပါတယ်။ ဇွန်လအတွက် ၀င်ငွေကို အစိုးရက အခွန်မဖြတ်တော့ပဲ ဟောလီးဒေးမန်းနီးအဖြစ် ပေးပါတယ်။ တခါ တနှစ်လုံး အ တွက် အစိုးကိုဆောင်ထားတဲ့ အခွန်ငွေထဲက လိုအပ်တာထက် ပိုဖြတ်ထားမိတဲ့အခွန်ငွေကို Tax return အဖြစ် ဇွန်လနောက်ဆုံး သတင်းပတ်ထဲမှာ ကိုယ့်ဘဏ်ထဲ အစိုးရကပြန်ထည့်ပေးပါတယ်။ ဒီငွေနှစ်ခုပေါင်း လိုက်ရင် ခရိုနာနှစ်သောင်း (ဒေါ်လာ ၃ ထောင်ကျော်) အထက်ရှိတဲ့အတွက် တလစာ ခရီးသွားဖို့ ဘာမှပူစရာမလိုတော့ပါ။

သာမန်အလုပ်သမားတဦးရဲ့ဝင်ငွေဟာ ၃ သောင်းကျော်ရှိပြီး အခွန်က ၃၅ ရာခိုင်နှုန်းဖြတ်ပါတယ်။ ၁၀၀ ၀င်ရင် ၃၅ ကျပ်ကို အစိုးရကဖြတ်ယူလိုက်ပြီး ကိုယ်က ၆၅ ကျပ်ပဲရတဲ့ သဘောပါ။ အဲဒီလိုဖြတ်ထားတဲ့ အခွန်ငွေတွေဟာ ကိုယ်အလုပ်လက်မဲ့ဖြစ်သွားတဲ့အခါ ၂ နှစ်အထိ ထောက်ပံ့ကြေးရနိုင်ပါတယ်။ အခ မဲ့ကျန်းမာရေး၊ အခမဲ့ပညာရေးနဲ့ အခြားအရေးကြီးတဲ့ လူမှုဖူလုံရေးကိစ္စတွေအတွက် အစိုးရက ထောက်ပံ့ပေးပါတယ်။ ဒါအပြင် နှစ်စဉ်နှစ်တိုင်း အခုလို Tax return နဲ့ ဟောလီးဒေးမန်းနီးပေးတဲ့ အတွက် ဒီကလူတွေအားလုံးနီးပါး ဒီရာသီမှာ ဟောလီးဒေးယူပြီး ခရီးထွက်နေကြတာပါ။

ဒါဖြင့် အလုပ်လက်မဲ့က ၀င်ငွေလည်းမရှိဘဲနဲ့ ဘယ်လိုလုပ် ဟောလီးဒေးမန်းနီးရသလဲလို့ မေးစရာရှိပါ တယ်။ ရှေ့မှာပုလ္လင်ခံခဲ့တဲ့အတိုင်း ဒီကအလုပ်လက်မဲ့က ၂ နှစ် (သတင်းပတ် ၅၂ ပတ်) တိတိ မူလ လစာရဲ့ ၆၂ ရာခိုင်းနှုန်းကို ခံစားခွင့်ရှိပါတယ်။ အဲဒီအလုပ်လက်မဲ့ခံစားခွင့်ကိုလည်း အခွန်က အလွတ် မပေးပါဘူး။ ၃၀ ရာခိုင်းနှုန်းလောက် အခွန်ဖြတ်တာပါပဲ။ ဒီအတွက် အလုပ်လက်မဲ့လည်း အလုပ်ရှိ တဲ့လူတွေလိုပဲ ဇွန်လမှာ အခွန်မဖြတ်တဲ့ ထောက်ပံ့ကြေးနဲ့ အခွန်ပြန်အမ်းငွေရတာပေါ့။ အဲဒါနဲ့ ခရီး သွားနေတာပေါ့။

ဒီလိုဟောလီးဒေးငွေနဲ့ ခရီးထွက်လာကြတဲ့ အနောက်တိုင်းသားတွေကို ထိုင်းနိုင်ငံက ပင်လယ်ကမ်းခြေ တွေမှာ အများအပြားမြင်ရနိုင်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံက ကမ်းခြေတွေ၊ ထင်ရှားတဲ့ ရှေး ဟောင်း နယ်မြေတွေမှာလည်း တွေ့နိုင်ပါတယ်။ သတင်း ၃-၄ ပတ်အတွင်း ဒီလူတွေ သုံးဖြုန်း တာကို ကြည့်ပြီး အနောက်တိုင်းသားတွေအားလုံး နေ့စဉ်ဒီလိုသုံးဖြုန်းနေတယ်လို့ မထင်လိုက်ပါနဲ့။ ဟောလီး ဒေးရာသီမို့ ဟောလီးဒေးဆန်ဆန် သုံးနေတာပါ။ တချို့ဆိုရင် အဲဒီတလစာမှာ အလွန်အကျွံသုံးမိတဲ့ အတွက် တနှစ်လုံး အလုပ်လုပ်ပြီး အကြွေးကတ်ကို ပြန်ဆပ်နေကြရပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒီလိုဟောလီးဒေးစနစ် မရှိသေးတဲ့အပြင် တိကျတဲ့ အခွန်စနစ်တွေ၊ တနေ့ အ လုပ်ချိန် ဘယ်လောက်ရှိရမယ်ဆိုတာတွေ၊ အနိမ့်ဆုံးလစာသတ်မှတ်မှုတွေ မလုပ်နိုင်သေးပါ။ ဒါပေ မယ့် သမ္မတဦးသိန်းစိန်မှာတော့ ရုံးအားရက်အပန်းဖြေဖို့ နေပြည်တော်မှာ လယ်တောအိမ်ယာဆိုတာ ရှိနေပြီလို့ သတင်းတွေထဲဖတ်ရပါတယ်။ အမေရိကန်သမ္မတ အိုဘားမားအပါဝင် အနောက်နိုင်ငံက ခေါင်း ဆောင်တွေလို သမ္မတဦးသိန်းစိန်နဲ့ဝန်ကြီးအဖွဲ့ တနှစ်မှာ သတင်း ၄ ပတ်ဟောလီးဒေးယူ မယူ တော့ သတင်းတွေထဲ မတွေ့မိသေးပါ။

အနှစ်ပြန်ချုပ်ရရင်တော့ နော်ဝေးနိုင်ငံရဲ့အုပ်ချုပ်မှုစနစ်နဲ့ လူမှုဖူလုံရေးစနစ်ကောင်းမွန်ကြောင်း အမွန်း တင်ခြင်းမဟုတ်ပါ။ မြန်မာနိုင်ငံမှာလည်း ဒီလိုစနစ်မျိုး လုပ်နိုင်ရင်ကောင်းမလား၊ လက်ရှိမြန်မာ့ နိုင်ငံ ရေးစနစ်က ဆိုရှယ်ဒီမိုကရေစီကို ဦးတည်နေတာလား။ ဘယ်စနစ်ဆီ ဦးတည်နေတာလဲ။ နိုင်ငံရေး ပါတီတွေကကော သူတို့ပါတီနိုင်ရင် ဘယ်လိုနိုင်ငံရေးစနစ်မျိုးကို ဦးတည်မယ်လို့ကြေညာထားသလဲ။ အခွန်စနစ်တွေကို ဘယ်လိုလုပ်ဖို့ စိတ်ကူးထားသလဲ။

တလောက ထွက်ပေါ်လာတဲ့သတင်းတွေအရဆိုရင် တနှစ်ကိုဝင်ငွေ သိန်း ၂၀ နှင့်အထက် (တလကို ၀င်ငွေ ၂ သိန်းနီးနီး) ရှိသူတိုင်းကို ၀င်ငွေအခွန်ကောက်မယ်လို့ သိရပါတယ်။ အမြင့်ဆုံးနှုန်းက ၂၅ ရာ ခိုင်နှုန်း (ငွေ ၁၀၀ ၀င်ရင် အခွန် ၂၅ ဖြတ်ပြီး ကိုယ်ဘဏ်ထဲ ၇၅ ကျပ်ပဲဝင်မယ်) ဖြစ်တယ်လို့ ဆိုပါ တယ်။ ဒါပေမယ့် ကျနော်တွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံက လူများစုကြီးကတော့ ဒီအခွန်စနစ်ကို နားမလည် သလို သိပ်လည်းစိတ်မ၀င်စားကြပါ။ အစိုးရလုပ်တာ သူတို့နဲ့မဆိုင်သလိုပါပဲ။ တခါ လစာပေးတဲ့စနစ်ကို ဘဏ်နဲ့ လွှဲပေးတဲ့အဆင့်ထိ မသွားနိုင်သေးတဲ့အတွက် ဘယ်သူတွေ လစာဘယ်လောက်ဝင်နေမှန်း အစိုးရဘက်က စစ်ဆေးဖို့လည်း မလွယ်သေးပါ။

(ပုဂံ ရှေးဟောင်းနယ်မြေ။ ဓာတ်ပုံ- ထက်အောင်ကျော်)

ဒါပေမယ့် ဘာဖြစ်ဖြစ် ၀င်ငွေအခွန်ကောက်ဖို့ အသေချာပြင်ဆင်နေပြီဆိုကတည်းက ဒီအခွန်စနစ် အပေါ် နှစ်ဖက်စလုံး (အစိုးရနဲ့ပြည်သူ) က အသေချာ နားလည်သဘောပေါက်ထားဖို့ လိုမယ်ထင်ပါ တယ်။ ဒီအခွန်ငွေတွေကို ဘယ်နေရာတွေမှာ သုံးမှာလဲ။ ကျန်းမာရေးနဲ့ပညာရေးကဏ္ဍမှာ သုံးနေတယ် လို့ပြောပြီး ဆေးမရှိတဲ့ဆေးရုံနဲ့ သင်ထောက်ကူပစ္စည်းမရှိတဲ့ စာသင်ကျောင်းတွေ ဆောက်ပေးလိုက်ရုံ နဲ့ မပြီးပါ။ အခမဲ့ဆေးကုသခွင့်၊ အခမဲ့ပညာသင်ကြားခွင့်၊ အလုပ်သမားထောက်ပံ့ကြေးကနေ အခုပြော နေတဲ့ ဟောလီးဒေးမန်းနီးကိစ္စအထိ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

နို့မို့ရင် အစိုးရက အခွန်ကောက်တယ်ဆိုတာဟာ နယ်စပ်က သူပုန်အဖွဲ့တွေ ဆက်ကြေးကောက်တာနဲ့ ဘာ မှထူးခြားလာဘွယ်မရှိပါ။ ပြည်သူတွေက ကြောက်လို့ပေးပေးလိုက်ရတာပဲရှိပြီး သူတို့အတွက် အကျိုးရှိမယ်ထင်လို့ ယုံယုံကြည်ကြည်ပေးလိုက်ရတာမျိုးဖြစ်လာဖို့ မလွယ်သေးပါ။ အခွန်လည်း ကောက်၊ အခွန်ထမ်းပြည်သူတွေအတွက်လည်း အစိုးရဘက်က အစွမ်းကုန်ဆောင်ရွက်ပေးနိုင်အောင် စတင်စဉ်းစားဖို့ လိုနေပြီဖြစ်ပါကြောင်း ဟောလီးဒေးထွက်ဖို့ အထုတ်အပိုးပြင်နေရင်းနဲ့ စဉ်းစားနေမိပါ တယ်။    ။
.................................

၂၀၀၇-၂၀၀၈ ၀န်းကျင်ကသွားခဲ့တဲ့ ထိုင်းနိုင်ငံ ခရီးစဉ်များ... ဗွီဒွီယို


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More