Thursday, July 10, 2014

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၁၈)

DVB ဒေလီဗျုရိုနဲ့ ABSL ရုံးခန်းများဆီသို့

မဇ္ဈိမသတင်းဌာနက ဦးစီးကျင်းပတဲ့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲအပြီး DVB ဒေလီဗျုရို တာဝန်ခံ ဒေါက်တာဇော်ဝင်းအောင်ရဲ့ အခန်းမှာတည်းနေစဉ် ပထမဆုံး သွားဖြစ်တဲ့နေရာက ဒေလီ ဗျုရိုရုံးခန်းပါ။ ဗစ်ကပ်ပူရီရပ်ကွက်ထဲရှိ ၀န်ထမ်းအိမ်ရာလိုမျိုး နေရာသန့်သန့်ဝင်းတခုထဲက ၅ ထပ် လောက်ရှိတဲ့ တိုက်ခန်းတွဲတခုရဲ့ အောက်ဆုံးထပ်မှာ ဒေလီဗျုရိုရုံးခန်း ဖွင့်ထားပါတယ်။ ရုံးဝန်ထမ်းတွေ၊ ရုံးပစ္စည်းတွေ၊ အသံသွင်း စတူဒီယိုတွေနဲ့ စနစ်တကျနဲ့ဆိုတော့ အတော်အထင်ကြီးသွားပါတယ်။

(မြန်မာ့အရေးအားပေးတဲ့ အိန္ဒိယကာကွယ်ရေးဝန်ကြီး George Fernandes ကို DVB ဒေလီဗျုရိုမှ သတင်းထောက် ကိုခင်မောင်စိုးမင်း အင်တာဗျုးလုပ်နေစဉ်) ဓာတ်ပုံ- ကိုစိုးမင်း Facebook.

ကျနော်တို့ ဘန်ကောက်ဘက်မှာ ဒီလိုမျိုးစနစ်တကျ ဘာမှမရှိပါ။ ဗျုရိုအမည်ခံထားရုံပဲရှိပြီး ရုံးလည်း မရှိ၊ စတူဒီယိုလည်းမရှိပါ။ ဒေလီဗျုရိုမှာတော့ ရုံးအဖွဲ့မှူး၊ ငွေစာရင်းကိုင်၊ သတင်းထောက်၊ စတူဒီယို အသံပိုင်းဆိုင် ရာတာဝန်ခံ၊ အသံလွှင့်ဇာတ်လမ်းအတွက် ၀န်ထမ်းများ၊ တိုင်းရင်းသားဘာသာအစီစဉ် (ရခိုင်နဲ့ ချင်းကို အစီစဉ်ကို ဒေလီဗျုဘက်က တာဝန်ယူထားပါတယ်) အတွက် ၀န်ထမ်းများ စသဖြင့် အင်အားမနည်းလှပါဘူး။ ဒေလီဘက်က ထုတ်လုပ်မှုတွေထဲမှာတော့ ကိုအောင်ဒင် မရွှေပွင့် အစီစဉ်နဲ့ ဘုရင်ကြီးဇာတ်လမ်းတွေဟာ လူကြိုက်အများဆုံးဖြစ်ပါတယ်။ ဒါအပြင် အိန္ဒိယဘက်ကထုတ်သမျှထဲ မှာ နာမည်အကြီးဆုံးဖြစ်တဲ့ သင်္ကြန်သံချပ်တွေကိုလည်း ဒီစတူဒီယိုမှာ အသံသွင်းကြတယ်လို့ သိရပါ တယ်။

မြန်မာရပ်ကွက်က စတူဒီယိုကိစ္စပြီးတော့ သံတမန်ရပ်ကွက်ရှိ အိန္ဒိယကာကွယ်ရေးဝန်ကြီး ဂျော့ဖနဒတ် (George Fernandes) ရဲ့ နေအိမ်ဘေးမှာ ရုံးခန်းဖွင့်ထားတဲ့ ABSL (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများအဖွဲ့ချုပ်) ဆီ ရောက်သွားပါတယ်။ သံတမန်ရပ်ကွက်ဆိုတဲ့အတိုင်း ရှေ့မှာပြောခဲ့တဲ့ မြန်မာရပ် ကွက်နဲ့ အခင်းအကျင်း ဘာမှမဆိုင်။ တကယ့်သန့်သန့်ပြန့်ပြန့်နေရာတခုပါ။ ကျနော်သတိထားမိသ လောက်ဆိုရင် ဆင်းရဲသားတွေနေတဲ့ရပ်ကွက်နဲ့ သံတမန်တွေ၊ လူချမ်းသာတွေနေတဲ့ ရပ်ကွက် အ တော်အဆင့်တန်းကွာခြားပါတယ်။ အိန္ဒိယဂိတ်လိုနေရာမျိုး၊ အိန္ဒိယပါလီမန်လိုနေရာမျိုးတွေ သားနား သန့်ရှင်းသလောက် ဆင်းရဲသားရပ်ကွက်တွေက ညစ်ပတ်ပေရေလွန်းပါတယ်။

အဲဒီလိုသားနားသန့်ပြန့်တဲ့ ကာကွယ်ရေးဝန်ကြီးရဲ့ အဖြူရောင်နှစ်ထပ်တိုက်လေးရဲ့ဘေးက တိုက်ခန်း အဆောင်လေးမှာ ABSL ရုံးကို တရားဝင်ဖွင့်ခွင့်ပေးထားပါတယ်။ ထိုင်းကနေရောက်သွားသူ တဦး အတွက်တော့ ဒီမြင်ကွင်းဟာ မယုံနိုင်စရာပါပဲ။ ထိုင်းမှာဆိုရင် မြန်မာကျောင်းသားတွေရဲ့ရုံးခန်းကို ကာကွယ်ရေးဝန်ကြီး အိမ်ဝင်းထဲမှာ ဖွင့်ဖို့နေနေသာသာ မြို့ဆင်ခြေဖုန်းက ဘယ်သူမှမသိတဲ့နေရာမှာ ခိုးဖွင့်ထားတာတောင် ရဲက ခဏခဏ၀င်ဖမ်းလို့ အမြဲတမ်းတိမ်းရှောင်ပုန်းအောင်နေရပါတယ်။ ABSL ဟာ အိန္ဒိယအပြင် ထိုင်းမှာလည်း ရုံးခန်းရှိပြီး နိုင်ငံရေးလှုပ်ရှားမှု အတော်များများကို ဆောင်ရွက် နိုင်ခဲ့ ပါတယ်။

ဒီရုံးခန်းနဲ့ ၀န်ကြီးအိမ်ရဲ့ နောက်ကျောဘက်က ခြံဝင်းထဲမှာတော့ ညောင်ပင်ကြီးတပင်နဲ့ အိမ်အဟောင်း တလုံးရှိပါတယ်။ အဲဒီညောင်ပင်အောက်မှာ ပန်းချီကားတချို့ ထောင်တားတွေ့ရပြီး ဆံပင်ရှည်ရှည် အ သားညိုညို အရပ်မြင့်မြင့် ပုဂ္ဂိုလ်တဦး စုတ်တံတွေနဲ့အလုပ်ရှုပ်နေပါတယ်။ အဲဒီပုဂ္ဂိုလ်ဟာ ၈ လေးလုံး ပန်းချီကားအပါဝင် ဒီမိုကရေစီအရေးလှုပ်ရှားမှု နောက်ခံပန်းချီကားများ စွာရေးဆွဲခဲ့သူ မန္တလေးက နာ မည်ကြီးပန်းချီဆရာ စစ်ငြိမ်းအေးပါပဲ။ ပန်းချီဆွဲတာအပြင် ဒေလီမှာထုတ်ဝေတဲ့ မြန်မာစာစောင်တွေ၊ မဂ္ဂဇင်းတွေမှာလည်း ကိုစစ်ငြိမ်းအေးက တာဝန်ယူထားပါသေးတယ်။

ဆရာမောင်သာရနဲ့ ဆရာဦးမောသီရိ

ဒေလီရောက်နေစဉ် နောက်ထပ်သွားဖြစ်တဲ့နေရာတခုက မြန်မာရိပ်သာခန်းမပါ။ နှစ်ပတ်လည်နိုင်ငံ ရေးအခမ်းအနားတခု ကျင်းပနေချိန်မှာ ကျနော်ရောက်သွားတာဖြစ်ပြီး မြန်မာကျောင်းသားတွေ၊ ၁၉၉၀ လွှတ်တော်အမတ်တွေ၊ NLD-LA အဖွဲ့ဝင်တွေ၊ တိုင်းရင်းသားအဖွဲ့စည်းအသီးသီးက ပုဂ္ဂိုလ်တွေ၊ ၈ လေးလုံးကျောင်းတိုက်က သံဃာတော်တွေ လူစုံတက်စုံ တက်ရောက်ကြပြီး အင်အား ၁၀၀ ကျော်မယ် လို့ထင်ပါတယ်။ ဘန်ကောက်မှာ ဒီလိုအခမ်းအနားလုပ်ဖို့ ဘယ်လွယ်ပ့ါမလဲ။ လုပ်ခွင့်ရရင်တောင် အပြန်မှာ ရဲ ဆွဲခံရနိုင်ပါတယ်။ ဒေလီမှာကတော့ အေးဆေးပါပဲ။ ဘာရဲမှ ကြောက်စရာမလို။

 (ဆရာမောင်သာရ နှင့် ဆရာဦးမောသီရိတို့ကို ဒေလီမှာတွေ့ရစဉ်) ဓာတ်ပုံ- ထက်အောင်ကျော်

ညနေပိုင်းတခုမှာတော့ ဆရာမောင်သာရတည်းတဲ့ ဦးမောသီရိအိမ်ကို ရောက်သွားပါတယ်။ ဦးမောသီရီ ဆိုတာ အရင် ၀န်ကြီးချုပ်ဟောင်းဦးနုခေတ်ကစပြီး AIR (အိန္ဒိယအသံ) မှာ တာဝန်ထမ်းခဲ့သူ။ အသံ လွှင့်ဇာတ်လမ်းတွေ၊ ပြဇာတ်စာအုပ်တွေ ရေးသားခဲ့သူဖြစ်ပြီး ကျနော်ရောက်သွားတဲ့ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်မှာတော့ Oxford Secondary School ကို တာဝန်ယူဆောင်ရွက်နေချိန်ဖြစ်ပါတယ်။ ကျောင်း ၀င်းကအကျယ်ကြီး၊ အစောင့်တွေဘာတွေနဲ့ဆိုတော့ ဒီတိုင်းဝင်လို့မရ။ အဲဒီလိုခြံကြီးဝင်းကြီးထဲရှိ ကျောင်းနောက်ကအိမ်မှာ ဆရာမောင်သာရကို အထူးဧည့်သည်အဖြစ် ဦးမောသီရီက လက်ခံထားပါ တယ်။

ဦးမောသီရီဟာ ဆရာမောင်သာရကို လေးစားတဲ့အပြင် မောင်သာရရဲ့ စာအုပ်တချို့ကိုလည်း ဒေလီမှာ ထပ်မံ ပုံနှိပ်ဖြန့်ချိခဲ့ဖူးတယ်လို့ သိရပါတယ်။ အဲဒီကာလအခြေနေအရ ပြည်တွင်းနဲ့ ပြည်ပဆက်သွယ်ဖို့ မလွယ်တဲ့အတွက် ဆရာမောင်သာရရောက်လာမှပဲ အကြောင်းစုံရှင်းပြခဲ့ရတယ်လို့ ဦးမောသီရိက ပြော ပါတယ်။ တနေ့မှာတော့ ဦးမောသီရီက ဆရာမောင်သာရနဲ့ကျနော့်ကို ဒေလီကနေ ၄-၅ နာရီ လောက် ကားမောင်းရတဲ့ အင်္ဂါမြစ်ဘေးက မြို့တခုဆီ လိုက်ပို့ပေးပါတယ်။ ဒေလီမြို့ပြင်က ဒေသခံတွေရဲ့ လူနေမှု ဘ၀တွေ၊ ဇာတ်နိမ့်ဇာတ်မြင့်အခြေနေတွေ၊ မြစ်ရေချိုးတာကအစ ခွဲခြားဆက်ဆံမှုရှိတာတွေကို မြင်ခွင့် ရခဲ့ပါတယ်။

ဒါက ပထမ ခရီးစဉ်တုန်းကပါ။ နောက်ထပ် ၆ လလား၊ တနှစ်လားကြာပြီးတဲ့အချိန်မှာ အိန္ဒိယကို ဒုတိ ယ အခေါက် ကျနော်ထပ်ရောက်ပါတယ်။ မဇ္ဈိမသတင်းဌာနကလုပ်တဲ့ အလားတူ သတင်းလွတ်လပ် ခွင့် ဆွေးနွေးပွဲတက်ဖို့ပါပဲ။ ဒီတကြိမ်ပွဲကတော့ ဒေလီမှာမဟုတ်တော့။ တောင်ဘက်ပိုကျတဲ့ ဘုံဘေ မြို့နဲ့နီးတဲ့ ပူနား (Pune) မြို့မှာပါ။ ကျနော်နဲ့အတူ ဖိတ်ကြားခံရသူတွေထဲမှာတော့ ဆရာဦးတင့်ဇော် ( 7 ဇူလိုင် ကျောင်းသားဟောင်း၊ RFA သတင်းထောက်)နဲ့ နေရှင်းသတင်းစာမှ Yindee Lertcharoenchok  တို့ ဖြစ်ပါတယ်။

ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားခြင်း

ပထမ အခေါက်တုန်းက အချိန်မရလို့ ဒေလီမြို့ပြင်ကို သိပ်မရောက်ဖြစ်လိုက်တဲ့ ကျနော်ဟာ ဒီအခေါက် မှာတော့ ဗုဒ္ဓဘာသာတွေစိတ်ဝင်စားလှတဲ့ ဗုဒ္ဓဂါယာကို ရောက်အောင်သွားမယ်လို့ စိတ်ကူးထားပါ တယ်။ တခါမှမရောက်ဖူးတော့ တကိုယ်တော်လည်းမသွားရဲ။ ကိုဇော်ဝင်းအောင်ရဲ့ စီစဉ်ပေးမှုအရ FTUB မှာ တာဝန်ထမ်းနေတဲ့ ကိုထင်ကျော်က ကျနော့်ကို လိုက်ပို့ပေးပါတယ်။ ဒေလီကနေ Bihar ပြည်နယ်ရှိ Gaya မြို့ဆီ ရထားနဲ့သွားတော့ လမ်းတလျှောက်မြင်ကွင်းက ထူးခြားနေပါတယ်။ တည အိပ်ခရီးမို့ အထူးတန်းအိပ်စင်ပါတဲ့ အခန်းကိုဝယ်ထားပေမယ့် ဒီကအထူးတွဲက ဘန်ကောက်-ချင်းမိုင် အထူးတွဲလို မသားနားပါ။

 (ဗုဒ္ဓဂါယာရှိ ဗောဓိစေတီ) ဓာတ်ပုံ- Google Search

ဈေးရောင်းတဲ့လူတွေက အထူးတန်းအထဲလဲ ၀င်လာတာပါပဲ။ ပြီးတော့ အိပ်စင်က တခန်းမှာ ၆ ခု တောင်ပါတော့ လူတွေကမနည်းလှ။ လေအေးစက်ဖွင့်ထားတာကလွဲရင် အထူးတန်းရဲ့အနှစ်သာရကို မ တွေ့မိသလောက်ပါပဲ။ ပြီးတော့ ဒီကရထားတွေမှာ ပြူတင်းပေါက်အားလုံးကို သံတိုင်တွေ ကာရံထား တဲ့အတွက် ထောင်ကျနေသလိုခံစားရပါတယ်။ နောက်တခါ အိန္ဒိယဟာ ကမ္ဘာမှာ အိမ်သာနဲ့ လူဦးရေ မမျှတဆုံး နိုင်ငံဖြစ်တယ်ဆိုတာနဲ့အညီ ရထားလမ်းတလျှောက်၊ ရထားဘူတာတွေမှာ အီးအီးပါနေသူ တွေ၊ အီးအီးပုံတွေ၊ အီးအီးအနံ့အသက်တွေကို ရှောင်လွဲဖို့ မလွယ်ကူပါ။

ဂါယာမြို့ကိုရောက်တော့ မမြင်ရတာကြာပြီဖြစ်တဲ့ မြင်လှည်းတွေကို တွေ့ရပါတယ်။ အဲဒီမြင်းလှည်း ကိုစီးပြီး ဗောဓိညောင်ပင်ဝန်းကျင်က မြန်မာဘုန်းကြီးကျောင်းမှာ သွားတည်းပါတယ်။ ဘုန်းကြီးကျောင်း ဆိုပေမယ့် လူတွေတည်းခိုနိုင်ဖို့ အခန်းတွေကို တည်းခိုခန်းလိုမျိုး အသေချာဆောက်ပေးထားပါတယ်။ တညဘယ်လောက်ပေးရမယ်ဆိုပြီး တည်းခိုခန်းလို အခန်းခမတောင်းပေမယ့် ထိုက်သင့်တဲ့ငွေကြေး ကိုတော့ လှူဒါန်းရပါတယ်။ တည်းခိုတာအပြင် အစားစာအတွက်လည်း ဒီကျောင်းက ၀န်ဆောင်မှုပေး ပါတယ်။

နောက်တနေ့မနက်စောစောမှာတော့ မြင်းလှည်းလေးစီးပြီး ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ဘောဓိညောင်ပင်၊ ဘောဓိစေတီတွေဆီ သွားရောက်လေ့လာခဲ့ပါတယ်။ ဘုန်းကြီးဟောတရားတွေထဲ မှာ မကြာခဏကြားဖူးခဲ့၊ ဗုဒ္ဓစာပေတွေထဲမှာ မကြာခဏဖတ်ဖူးခဲ့တဲ့ ဗုဒ္ဓ၀င်ထဲက အခန်းတွေကို အခုမှ မျက်စိနဲ့ကိုယ်တိုင်မြင်ခွင့်ရပါတော့တယ်။ ဒါပေမယ့် ဗုဒ္ဓပွင့်တဲ့နေရာမှာ ဗုဒ္ဓဘာသာဝင်က အနည်းစု ဖြစ်ပြီး ဟိန္ဒူဘာသာဝင်က အများစုဖြစ်နေတာကတော့ ကျနော့်အတွက် မေးခွန်းတခုပါပဲ။

သတင်းသမားဖြစ်တဲ့ ကျနော်က ဒီလိုစဉ်းစားခန်းဝင်နေပေမယ့် မြန်မာနိုင်ငံကနေ ၁၀ သိန်းလောက် အကုန်ခံပြီး ဘုရားဖူးလာကြတဲ့အဖွဲ့ထဲက အသက် ၆၀ ဦးလေးကြီးတဦးကတော့ ''တသက်မှာ တခါ ရောက်ဖို့ဆိုတာ မလွယ်ဘူးလေ။ ဆယ်သိန်းကုန်လည်း တန်ပါတယ်။ အခုတော့ သေပျော်ပြီ'' လို့ပြော ပါတယ်။ အခုချိန်မျိုးမှာ ဂါယာရောက်ဘုရားဖူးတွေနဲ့ အင်တာဗျုးလုပ်ဖို့ သိပ်မခက်တော့ပေမယ့် အဲဒီ ကာလကတော့ ပြည်ပကို ထွက်လာတဲ့လူတွေဟာ DVB လို အပြင်က မီဒီယာတွေကိုတွေ့ရင် အင်တာ ဗျုးပေးဖို့ နေနေသာသာ တွေ့တာနဲ့ ခပ်ဝေးဝေးရှောင်နေလေ့ရှိပါတယ်။

အဲဒီလိုအချိန်မှာ ခုနက ဦးလေးကြီးက သူရင်ထဲရှိသမျှကို ပွင့်ပွင့်လင်းလင်းပြောပြနေပြီး ခရီးစဉ်အတွင်း အဆင်မပြေမှုတွေ၊ ပွဲစားတွေရဲ့ ညစ်ပတ်မှုတွေကိုပါ ပြောနေတော့ သူနဲ့ပါလာသူတွေက မျက်စိမျက် နှာပျက်ကာ သူ့ကိုပြန်လာခေါ်သွားပါတယ်။ ဂေါပကအဖွဲ့ရဲ့ အပြောတိုင်းဆိုရင်တော့ ဘုရားဖူးလာတဲ့ အထဲမှာ (ရှေ့ဟောင်းအမွေအနှစ်အဖြစ် လာလေ့လာကြတဲ့ အနောက်တိုင်းသားတွေမပါ) မြန်မာနိုင်ငံ က လာသူဦးရေက အများဆုံးလို့ သိရပါတယ်။ ဘောဓိစေတီရဲ့ဘေးမှာ ဘုရားရှိခိုးနေတဲ့ တိဘက် ဘုန်း တော်ကြီးတွေရဲ့ ရှိခိုးပုံကလည်း ထူးခြားလှပါတယ်။ ကျနော်တို့ငယ်ငယ်တုန်းက ဘုန်းကြီးကျောင်းမှာ သင်ဖူးတဲ့ ထိခြင်း ၅ ဖြာနဲ့မတူပါဘူး။ မတ်တပ်ရပ်ရှိခိုးရာကနေ တကိုယ်လုံးမြေပေါ် ၀မ်းလျားမှောက် တဲ့အထိ ဦးခိုက်တဲ့အတွက် မြင်ကွင်းက အထူးအဆန်းဖြစ်နေပါတယ်။

ခရီးသွားမှတ်တမ်းနဲ့ ဆင်ဆာပြဿနာ

နောက်တနေ့ မနက်စောစောမှာတော့ မြစ်ဟိုဘက်ကမ်းက ဗုဒ္ဓအထိမ်းအမှတ် စေတီဟောင်းတွေရှိရာ ရွာတန်းနဲ့ လယ်ကွင်းဘက် ကျနော်တို့ထွက်လာပါတယ်။ ဒီရွာတွေက အတော်ရှေးကျတယ်လို့ ပြော ရမယ်။ မြန်မာနိုင်ငံ ပုဂံနဲ့အညာဒေသက ရွာတွေထက် ပိုဆင်းရဲကြပါတယ်။ အိမ်တွေရော၊ လူတွေရော ပေပေရေရေဖြစ်နေတဲ့သဘော။ အိမ်တွေကလည်း သစ်သားအိမ်မဟုတ်ပဲ ရွံ့အိမ်တွေများပါတယ်။ ပိုဆိုးတာက အဲဒီရွာအလွန် တောင်ကုန်းလေးပေါ်က စေတီဟောင်းပုံသဏ္ဌာန်ရှိတဲ့နေရာဆီ ဓာတ်ပုံ ရိုက်ဖို့တက်သွားတော့ ချီးပုံကို နင်းမိပါတယ်။ သေပြီဆရာပါပဲ။ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ် ထားတဲ့နေရာမှန်း ဒီရွာကလူတွေသိပုံမရ။ ရွာထဲမှာ အိမ်သာမရှိတော့ မြက်ခင်းစိမ်းနဲ့ တောင်ကုန်း လေးရှိရာနေရာမှာ မနက်နေမထွက်ခင် ကိစ္စလာရှင်းထားကြတယ်ထင်ပါရဲ့။

 (နလန်ဒါမြို့မှ ဗုဒ္ဓအမွေအနှစ်တခု) ဓာတ်ပုံ- Google Search

ဂါယာမှာ ၂ ညအိပ် ၃ ရက်နေပြီးတဲ့နောက် (Patna) ပတ္တားနားမြို့ကနေတဆင့် ရာဇဲဂြိုဟ်နဲ့ (Nalanda) နယ်လန်ဒါမြို့တွေဆီ ခရီးဆက်ခဲ့ပါတယ်။ ဂါယာကိုလာတဲ့ မြန်မာနိုင်ငံကဘုရားဖူးတွေဟာ ရန်ကုန်က နေ ကလကတ္တား၊ အဲဒီကတဆင့် ပတ္တားနားအထိလေယဉ်နဲ့လာပြီး ဒီကနေမှ ကားတွေနဲ့ ဘုရားဖူးသွား ကြတာလို့ မြန်မာဘုန်းကြီးကျောင်းရှိ ဆရာတော်ကရှင်းပြပါတယ်။ ရာဇဲဂြိုဟ်အရောက်မှာတော့ တောင် ပေါ်စက်လှေကား သို့မဟုတ် ကျနော်တို့နော်ဝေးမှာဆိုရင် ဆောင်းရာသီ အမြင့်ခုန် နှင်းလျောစီးပြိုင်ပွဲ စင်မြင့်ဆီသွားတဲ့ ကေဘယ်ကားလိုမျိုး၊ ကေဘယ်ထိုင်ခုံလိုမျိုးဟာကိုစီးပြီး သစ်တောတွေ၊ မြစ်တွေကို အပေါ်ကနေဓာတ်ပုံရိုက်ရတဲ့ မြင်ကွင်းကို ကျနော်အကြိုက်ဆုံးဖြစ်ပါတယ်။

ညနေပိုင်းမှာတော့ မြန်မာစာသင်သား ရဟန်းတော်တွေရာနဲ့ချီရှိတဲ့ နလန်ဒါမြို့ဆီ ရောက်သွားပါတယ်။ ဒီမှာတော့ ဂါယာမှာလို တည်းခိုဖို့ မြန်မာဘုန်းကြီးကျောင်းမရှိ။ (ကျနော်မသိတာလည်း ဖြစ်နိုင်ပါ တယ်)။ ဒီတော့ ဂါယာကနေ ကျနော်တို့နှစ်ဦးနဲ့အတူ ပူးတွဲကားငှားလာတဲ့ မြန်မာရဟန်းပျိုနှစ်ပါး ဦး ဆောင်တဲ့အတိုင်း သူတို့ရဲ့အခန်းမှာပဲ စခန်းချမယ်ပေါ့။ သူတို့နေတဲ့အဆောင်တွေက ကျနော်တို့ တက္က သိုလ်မှာတုန်းကနေခဲ့တဲ့ အဆောင်တွေလိုပါပဲ။ ရန်ကုန်နဲ့စာရင် နယ်တက္ကသိုလ်၊ ကောလိပ်တွေက အ ဆောင်တွေနဲ့ ပိုတူမယ်ထင်ပါတယ်။

တထပ်တိုက်အဆောင်တွဲတွေကို စနစ်တကျဆောက်ပေးထားပြီး တခန်းမှာ ကုတင်လေးလုံးနဲ့ မီးဖိုး ချောင်ပါ ထည့်ပေးထားပါတယ်။ မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံက ဘုန်းကြီးတွေကိုသာ တွေ့ဖူးတဲ့ကျနော်အဖို့ ဒီက စာသင်သားမြန်မာရဟန်းတွေ နေပုံထိုင်ပုံက တမျိုးထူးခြားနေပါတယ်။ သူတို့ကိုကြည့်ရတာ၊ သူ တို့နဲ့ စကားထိုင်ပြောနေရတာ ဘုန်းကြီးကျောင်းတခုဆီ ရောက်နေတယ်လို့မခံစားရဘဲ တက္ကသိုလ်က အဆောင်တခုမှာ လူငယ်တွေဝိုင်းဖွဲ့ပြောနေသလိုပါပဲ။ တက္ကသိုလ်ကျောင်းသားတွေရဲ့ စရိုက်လက္ခဏာ တွေကို ဒီစာသင်သားသံဃာတော်တွေဆီမှာ တွေ့နေရပါတယ်။ ပြီးတော့ ဒီသံဃာင်္တော်တွေက DVB ရဲ့ အမာခံပရိတ်သတ်တွေ၊ ဘယ်နေ့လွင့်သွားတဲ့သတင်းက ဘယ်လို၊ ဘယ်ဆောင်းပါးက ဘယ်ပုံ စသ ဖြင့် အသေးစိပ်ဝေဖန်ဆွေးနွေးနိုင်ကြပါတယ်။

''ခင်ဗျားတို့ ဗိုက်ဆာနေတယ်မို့လား။ ကျူပ် ထမင်းချက်လိုက်မယ်။ ဘာစားချင်လဲပြော'' လို့ စာသင် သားသံဃာတပါးကပြောတော့ ကျနော်က အားနာနေပါတယ်။ ကိုထင်ကျော်ကတော့ အတွေ့အကြုံရှိ ပြီးသားဆိုတော့ စားချင်တဲ့အစာနဲ့ ဈေးဝယ်ဖို့ လိုအပ်တဲ့ကိစ္စတွေကို ဆက်ပြောနေပါတယ်။ မြန်မာ နိုင်ငံမှာတုန်းကတော့ ဘုန်းကြီးဆိုတာ သူများကပ်မှစားရတယ်လို့ ကျနော်ကြားဖူးပေမယ့် ဒီမှာတော့ ဘုန်းကြီး ချက်တဲ့ထမင်းကို ကျနော်တို့က စားရမယ့်ကိန်း၊ စားခဲ့ရတဲ့ အခြေနေပါ။

ဒီလို ဘုန်းကြီးချက်တဲ့ ထမင်းကို စားခဲ့ရတဲ့အခြေနေတွေ၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်မြတ်ဆုံး နေရာ ဗုဒ္ဓဂါယာကစေတီတဆူပ်ါမှာ ချီးပါထားတာတွေအကြောင်းအပါဝင် ဒီခရီးစဉ်အကြောင်း အခန်းဆက် အသံလွှင့်ဆောင်းပါးပို့တော့ ဒီအချက်နှစ်ခုကို အယ်ဒီတာက ဆင်ဆာဖြတ်ထားခဲ့ပါတယ်။ ဘာကြောင့် ဖြတ်တာလဲလို့ ကျနော်လည်း မမေးဖြစ်ခဲ့ပါဘူး။ အဲဒီအချိန်က သတင်းထောက်ပေါက်စဆိုတော့ ဒီလို မေးရ ကောင်းမှန်းလည်း မသိခဲ့ပါဘူး။ ကိုယ့်ပိုတဲ့သတင်းတွေ၊ ဆောင်းပါးတွေပါရင်တောင် ကျေနပ် နေတဲ့ ဘ၀ မျိုးမဟုတ်ပါလား။

အခု ၁၀ နှစ်ကျော်ကြာပြီးတဲ့အချိန်ကျမှ အယ်ဒီတာက ဘာကြောင့် ဒီလိုဖြတ်တာလဲလို့ ကျနော်ပြန်စဉ်း စားနေမိပါတယ်။ စာဖတ်ပရိသတ်ကော ဘာကြောင့်လို့ ထင်ပါသလဲ။ အယ်ဒီတာဟာ အစဉ်အလာ ဗုဒ္ဓဘာသာဝင်တဦးဖြစ်ပြီး ဘုရားပေါ်ချီးပါတဲ့ကိစ္စ၊ ဘုန်းကြီးက လူကိုထမင်းချက်ကျွေးတဲ့ကိစ္စတွေဟာ ဗုဒ္ဓယဉ်ကျေးမှုနဲ့ မကိုက်ညီဘူး၊ မသင့်တော်ဘူးလို့ ထင်တဲ့အတွက် ဖြတ်ထားခဲ့တာလို့ ကျနော်ယူဆ ပါတယ်။ ဒါပေမယ့် ဒါတွေဟာ တကယ်ဖြစ်နေတဲ့ အမှန်တရားတွေပါပဲ။ ထည့်ရင်ပိုကောင်းမလား၊ ဖြတ်ထားတာက ပိုကောင်းသလား။

သတိရတုန်း အလားတူ ဆင်ဆာထိတဲ့ နောက်ထပ်ခရီးသွားဆောင်းပါးတပုဒ်ကို ဆက်တင်ပြချင်ပါ တယ်။ ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးခင်းပြီးကာစမှာ အလုပ်တာဝန်တခုနဲ့ ကျနော်ဟာ ထိုင်းနိုင်ငံဆီ ခရီးထွက်ရပါတယ်။ တနေ့မှာတော့ မယ်ဟောင်ဆောင်မြို့ကနေတဆင့် ကရင်နီဒုက္ခသည်စခန်းနဲ့ ကရင် နီအမျိုးသားတိုးတက်ရေးပါတီ KNPP စခန်းတွေဆီ ရောက်သွားပါတယ်။ အဲဒီမှာကျင်းပနေတဲ့ ဒီးကူ ပွဲကို မြင်စေချင်လို့ အတွင်းရေးမှုး ခွန်ဦးရယ်က ကျနော့်ကိုခေါ်သွားတာပါ။

ပွဲတွေရဲ့ထုံးစံအတိုင်း ကကြခုန်ကြ၊ တီးကြမှုတ်ကြတဲ့အပြင် ခေါင်ရည်သောက်ပြီး ကောက်ညှင်းထုတ် စားတဲ့အရာကလည်း အရေးကြီးတဲ့ ယဉ်ကျေးမှုတခုပါ။ ဘီယာတို့၊ အရက်တို့ကို ရုံးချိန် (အလုပ်လုပ် နေချိန်) တွင်း မသောက်ရတာ သတင်းသမားတွေရဲ့ ထုံးစံဖြစ်ပေမယ့် အခုဟာက ဘီယာလည်း မဟုတ်၊ အရက်လည်း မဟုတ်။ သူတို့ ရိုးရာအရ သောက်နေကျ ခေါင်ရည်။ ယဉ်ကျေးမှုအရ တလေး တစားတိုက်နေတဲ့ ခေါင်ရည်ကို သတင်းသမား ကျနော်က မသောက်ပဲနေသင့်တယ်ထင်ပါသလား။ ဘယ်သင့်တော်ပါ့မလဲ။ ခေါင်ရည်တဂျိုင့်၊ ကောက်ညှစ်တကိုက်နဲ့ အတော်အရှိန်ကောင်းတဲ့အထိ ကျ နော် သောက်ခဲ့ပေါ့။

ဒါပေမယ့် အဲဒီခရီးသွား အသံလွှင့်ဆောင်းပါးထဲမှာပါတဲ့ ကျနော်ခေါင်ရည်သောက်တဲ့အခန်းကို အယ်ဒီ တာက ဆင်ဆာဖြတ်ထားခဲ့ပြန်ပါတယ်။ အယ်ဒီတာဟာ အစဉ်အလာ ဗုဒ္ဓဘာသာဝင်တဦးဖြစ်နေလို့ လား။ ဒါမှမဟုတ် တာဝန်ချိန်မှာ သတင်းသမားခေါင်ရည်သောက်တယ်ဆိုတာကို မသိစေချင်လို့လား။ အဲဒီအချိန်က မစဉ်းစားမိပေမယ့် အခုတော့ ဒါတွေကိုဖြတ်သင့်မသင့် ကျနော်ပြန်စဉ်းစားနေပါတယ်။

တကယ်တော့ ခရီးသွားဆောင်းပါးဆိုတာ မှတ်တမ်းတင်ဆောင်းပါး Documentary တခုပဲ မဟုတ်ပါ လား။ နိုင်ငံတကာ ရုပ်သံ မှတ်တမ်းတွေမှာတော့ သောက်တာရော၊ စားတာရော အရှိအတိုင်း အကုန် ထည့်တာပါပဲ။ ဒါပေမယ့် ကျနော်တို့မြန်မာတွေကျမှ ယဉ်ကျေးမှုနဲ့မသင့်လျော်လို့၊ ဘာသာရေးနဲ့ လိုက် လျောညီထွေမဖြစ်လို့ဆိုပြီး အစစ်အမှန်အချက်လက်တချို့ကို ဆင်ဆာဖြတ်ထားသင့်ပါသလား။      ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More