Wednesday, July 2, 2014

ထီးခီးနယ်စပ်မှာ အားကစားပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပမည်။

ထိုင်း - မြန်မာ ချစ်ကြည်ရေး အားကစားပွဲနှင့် ဈေးရောင်းပွဲ ကျင်းပမည်

|Dawei Watch| ထားဝယ်၊ ဇူလိုင် ၁

ထိုင်းနိုင်ငံနယ်စပ် ကန်ချနပူရီခရိုင်၊ ဖူနမ်ရွန်ကျေးရွာတွင် ထိုင်း-မြန်မာချစ်ကြည်ရေး ဈေးရောင်းပွဲနှင့် အားကစားပွဲကို ဇူလိုင်လ ၅ရက်မှ ၆ ရက်နေ့အထိ ကျင်းပသွား မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းမှ ဒု-ဥက္ကဌ ဦးထိန်းဝင်းက ပြောကြားသည်။

ကန်ချနပူရီခရိုင်အုပ်ချုပ်ရေးမှူးနှင့် အကြီးတန်းအရာရှိများ၊ စီးပွားရေးလုပ်ငန်းရှင်းများ၊  စက်မှုလုပ်ငန်းရှင်များ ပါဝင်သော ၂၉ဦးအဖွဲ့မှ ဇွန်လနောက်ဆုံးအပတ်က ထားဝယ်မြို့သို့ လာရောက်သည့် ခရီးစဉ်အတွင်း တနင်္သာရီတိုင်း ဒေသကြီး ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းတို့ တွေ့ဆုံစဉ် ထိုင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယင်းပွဲတော် ကျင်းပမည့် အစီအစဉ်ကို အသိပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဈေးရောင်းပွဲနှင့်အတူ ထိုင်း-မြန်မာ၊ ဖူဆယ်ဘော်လုံးပွဲ၊ ခြင်းလုံးပြိုင်ပွဲ၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊
လှယဉ်ကျေးမယ် ပြိုင်ပွဲ၊ သစ်ပင်စိုက်ပွဲနှင့် အပျော်တမ်းစက်ဘီးစီးခြင်းတို့ကို ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူတစ်ဦးပြောဆိုချက်ကို ကိုးကား၍  ဦးထိန်ဝင်းက ပြောဆို သည်။

“ဈေးရောင်းပွဲနဲ့ အာကစားပွဲမှာ ပါဝင်မယ့် ကုန်သည်နဲ့  အာကစားသမားတွေကို စုဆောင်း ပြင်ဆင်နေတယ်၊ ဇူလိုင်လ ၄ ရက်နေ့မှာ ထားဝယ်မြို့ကနေ ထွက်ခွာမယ်”ဟု ဦးထိန်ဝင်းက ဆိုသည်။

အဆိုပါ ဈေးရောင်းပွဲတွင် ဆိုင်ခန်း ၈၀ခန့် ပါရှိမည်ဖြစ်ကာ မြန်မာဖက်ကို ဆိုင်ခန်း ၂၀ခန့် ရောင်းချ ခွင့်ပြုမည်ဟု သိရသည်။


ယှဉ်ပြိုင်မည့် အားကစားပြိုင်ပွဲများမှာ ဖူဆယ်ဘော်လုံးပွဲတွင် အာကစားသမား ၇ဦးပါဝင် ယှဉ်ပြိုင် မည်ဖြစ်ပြီး ၊ ခြင်းလုံးပြိုင် ပွဲတွင် ၃ဦးစီ၊ စားပွဲတင် တင်းနစ် ပြိုင်ပွဲတွင် ၂ဦးစီ၊ လွန်ဆွဲပြိုင်ပွဲတွင် ၅၀ဦးခန့်စီ၊ လှယဉ်ကျေးမယ်ပြိုင်ပွဲတွင် ၃၀ဦး နှင့် အပျော်တမ်း စက်ဘီးစီးခြင်းကို ထိုင်းဖက်မှ ၁၀၀၀ ဦး နီးပါး လာရောက် ပါဝင်စီးနင်းမည်ဟု ယင်းပြိုင်ပွဲကျင်းပရေးကော်မတီမှ အသိပေးထားကြောင်း သိရသည်။

အလှယဉ်ကျေးမယ်ပြိုင်ပွဲ၌ ကရင်အမျိုးသမီး ၇ ဦး၊ မွန်အမျိုးသမီး ၃ဦး၊ မြန်မာအမျိုးသမီး ၈ ဦးနှင့် ထိုင်း အမျိုးသမီး ၁၂ ဦးတို့ ပြိုင်ပွဲဝင်မည်ဟု သိရသည်။

ထိုင်းနိုင်ငံ ကန်ချနပူရီမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ ကျင်းပခဲ့သည့် အာဆီယံနိုင်ငံများ ကုန်စည်ပြပွဲတွင် ထားဝယ်ဒေသထုတ်ပစ္စည်းများကို သွားရောက်ပြသခဲ့ရာ အိမ်အလှဆင်ဖောက်ပန်း(ဒေသအခေါ် ပန်းပြား)များနှင့် ကြိမ်ထည်ပစ္စည်းများ အများဆုံးရောင်းချခဲ့ရသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More