Tuesday, July 29, 2014

စက်ဘီးစီးနေတာ ဆိုင်ကယ်မစီးနိုင်လို့ မဟုတ်ပါ

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့က ကမ္ဘာမှာအထင်ရှားဆုံး စက်ဘီးစီးပြိုင်ပွဲကြီးဖြစ်တဲ့ Tour de France (ပြင်သစ်နိုင်ငံတပတ်) ပြိုင်ပွဲစတော့ မြန်မာနိုင်ငံက စက်ဘီးလောကအကြောင်းစဉ်းစားမိပါ တယ်။ စက်ဘီးလောကဆိုတာ ပြိုင်ဘီးစီးနေတဲ့လူနည်းစုလောကအပြင် ကျနော်တို့ ထားဝယ်ဒေသမှာ တဖြေးဖြေးပြောင်းလဲလာနေတဲ့ စက်ဘီးယဉ်ကျေးမှုမှ မော်တော်ဆိုင်ကယ်ယဉ်ကျေးမှုအကြောင်းလဲပါ ပါတယ်။

(၂၀၁၃ မေလအတွင်းက နေပြည်တော်မှာကျင်းပတဲ့ အရှေ့တောင်အာရှအားကစားပွဲအကြို စက်ဘီးပြိုင်ပွဲ)

ဒီနှစ်ကျရောက်တဲ့ ၁၀၁ ကြိမ်မြောက် Tour de France ပြိုင်ပွဲကို အင်္ဂလန်နိုင်ငံ Leeds မြို့ကနေ စတင်ပြီးမှ ပြင်သစ်နိုင်ငံတပတ် စီးနင်းမှာဖြစ်ပါတယ်။ ကမ္ဘာတလွှားက အကောင်းဆုံးစက်ဘီးသမား ၁၀၀ ကျော် သတင်း ၃ ပတ်ကြာစီးနင်းတဲ့ဒီပွဲဟာ ကမ္ဘာ့အထင်ရှားဆုံး စက်ဘီးစီးပြိုင်ပွဲကြီးဖြစ်ပါ တယ်။ ဒီပွဲမှာ သြစတေလျ၊ ဥရောပ၊ အမေရိကားနဲ့ လက်တင်အမေရိကားနိုင်ငံတွေက စက်ဘီး အ ကျော်အမော်တွေဝင်ပြိုင်ကျပေမဲ့ အာရှတိုက်ဖက်က၀င်ပြိုင်သူဦးရေ မရှိသလောက်ပါပဲ။ မြန်မာနိုင်ငံက စက်ဘီးသမားဆိုရင်တော့ အနားတောင်မသီနိုင်သေးတဲ့အခြေနေပါ။

ပြီးခဲ့တဲ့နှစ် မေလအတွင်းက နေပြည်တော်ရောက်တော့ အရှေ့တောင်အာရှအားကစားပွဲအကြို စက်ဘီး ပြိုင်ပွဲကျင်းပနေတာကို မြင်ခဲ့ရပါတယ်။ မြန်မာစက်ဘီးသမားတွေဟာ အရှေ့တောင်အာရှနိုင်ငံတွေက စက်ဘီးသမားတွေနဲ့ ယှဉ်စီးနိုင်တယ်ဆိုပေမယ့် ဆုတံဆိပ်ရအောင် စွမ်းဆောင်နိုင်မှုအားနည်းနေဆဲ ဖြစ်ပါတယ်။ အိမ်နီးချင်း ထိုင်းနဲ့မလေးရှားတို့က မြန်မာထက်များစွာသာနေဆဲဖြစ်ပါတယ်။ နည်းစနစ် အားနည်းလို့လား၊ လူတွေရဲ့ကြံ့ခိုင်မှုနဲ့ ထောက်ပံ့မှုအားနည်းလို့လား။ တာဝန်ရှိသူတွေဖက်က အသေ ချာစဉ်းစားပြီး နိုင်ငံတကာတန်းဝင်တဲ့ စက်ဘီးသမားတွေပေါ်လာအောင် ကြိုးစားဖို့လိုနေဆဲဖြစ်ပါ တယ်။

ဒါက နိုင်တကာနဲ့ယဉ်နိုင်အောင်ကြိုးစားနေတဲ့ မြန်မာ့လက်ရွေးစဉ် စက်ဘီးသမားတွေရဲ့အခြေနေပါ။ ပြည်နယ်-တိုင်း စက်ဘီးသမားတွေအခြေနေကော ဘယ်လိုရှိသလဲ။ ပြည်နယ်-တိုင်း ပြိုင်ပွဲနဲ့မကြုံခဲ့ရလို့ အတိအကျမသိရပါ။ ဒါပေမယ့် နည်းပြနဲ့ဒိုင်လူကြီးဖြစ်နေကြတဲ့ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က ကျနော်တို့နဲ့ စီးဖေါ်စီးဖက်တွေရဲ့အပြောတိုင်းဆိုရင် စက်ဘီးကိုအရူးအမူးစိတ်ဝင်စားတဲ့ လူငယ်တချိှု့ရှိနေဆဲဖြစ်ပေမဲ့ အများစုဟာ ဒီလိုပြိုင်ပွဲဝင်စက်ဘီးထက် Mountain Bike (တောစီး တောင်စီး စက်ဘီး) တွေကို စိတ် ၀င်စားသူကပိုများလာတယ်လို့ပြောပါတယ်။ ဒါကလဲ ခေတ်ပြောင်းကာလမှာပေါ်လာတဲ့ စက်ဘီးကုပ္ပ ဏီတွေ၊ ကြော်ငြာတွေ၊ ဈေးကွက်စီးပွါးရေးစနစ်ရဲ့ဆွဲဆောင်မှုကြောင့်ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

နေပြည်တော်ကနေ ထားဝယ်ဖက်ရောက်တော့ Mountain Bike တွေ အတော်ခေတ်စားနေတာကို ကိုယ်တိုင်မြင်ခဲ့ရပါတယ်။ ထားဝယ်မှာ Mountain Bike စက်ဘီးအသင်းရှိတဲ့အပြင် ထိုင်းဖက်က Mountain Bike စက်ဘီးသမားတွေလဲ ကန်ချနပူရီ-ထားဝယ် နယ်စပ်ဖြတ်လမ်မးသစ်ကြီးကနေ ထား ၀ယ်အထိ လာလည်ကြတာကိုတွေ့ရပါတယ်။ ဒါပေမယ့် တချိန်ကကျနော်တို့နဲ့အတူ စီးဖေါ်စီးဖက်တွေ ကတော့ စက်ဘီးမစီးတော့ပဲ မော်တော်ဆိုင်ကယ်ပဲစီးနေတာတွေ့ရပါတယ်။

''အခုက ငါတို့ခေတ်ကလို စက်ဘီးခေတ်မဟုတ်တော့ဘူးလေ။ အားလုံး ဆိုင်ကယ်တ၀ီဝီနဲ့ ဆိုင်ကယ် ခေတ်ဖြစ်သွားပြီ။ စက်ဘီးဆိုတာ ကလေးတွေပဲစီးတော့တာ'' လို့ ကျနော်မိတ်ဆွေတွေကပြောပါတယ်။ ဟုတ်ပါတယ်။ အရင်က စက်ဘီးစီးပြီး ရွာကနေ ထားဝယ်မြို့ပေါ်သွားနေကြတဲ့ အဖြူအစိမ်းဝတ် အလ က၊ အထက ကျောင်းသားတွေ၊ ကောလိပ်ကျောင်းသားတွေ၊ လက်သမား၊ ပန်းရံသမား၊ ဈေးသည်တွေ အားလုံး အခု ဆိုင်ကယ်နဲ့ ဖြစ်ကုန်ကြပြီ။

ဒါကိုတိုးတက်မှုတခုအဖြစ် ကြိုဆိုရမှာပေါ့။ အရင်က စက်ဘီးစီးနေတဲ့လူတွေ အခုဆိုင်ကယ်စီးနိုင်လာ တယ်ဆိုတာဟာ စီးပွါးရေးတိုးတက်လာတဲ့သဘော၊ လူနေမှုအဆင့်မြင့်လာတဲ့သဘော မဟုတ်ပါလား။ ဒါပေမယ့် ဒီတိုးတက်မှုအတွက်ပေးဆပ်နေကြရတာကလဲ မနည်းလှပါဘူး။ စက်ဘီးတိုက်လို့ လူသေ တယ်ဆိုတာ မကြားဖူးခဲ့ပေမဲ့ အခုတော့ ဆိုင်ကယ်တိုက်လို့လူသေတဲ့သတင်းတွေ နေ့စဉ်လိုလိုကြားနေ ရပါတယ်။

တကယ်တော့ စက်ဘီးဆိုတာ လိုရာခရီးကိုသွားနိုင်ဖို့ စီးတော်ယဉ်ဖြစ်တဲ့အပြင် စက်ဘီးစီးခြင်းဟာ အားကစားလုပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတမျိုးဖြစ်တယ်ဆိုတာကို လူအတော်များများက မေ့လျော့ နေကြပါတယ်။ ကျနော်တို့ရွာမှာတွေ့ရသလောက်ဆိုရင်တော့ လူတွေဟာ အရင်ကလို စက်ဘီးလဲ မစီး၊ လမ်းလဲမလျောက်ချင်တော့ပဲ တဖာလုံလောက်ခရီးကအစ ဆိုင်ကယ်နဲ့ပဲသွားပါတော့တယ်။ ဘုန်းကြီး ကျောင်းသွားလဲဆိုင်ကယ်၊ စာသင်ကျောင်းသွားလဲဆိုင်ကယ်၊ လယ်ထဲဆင်းလဲဆိုင်ကယ်၊ ခြံထဲဝင်လဲ ဆိုင်ကယ်၊ နေရာတကာဆိုင်ကယ်ချည်းဖြစ်နေပါတယ်။

နောက်တချက်သတိထားမိတာက ကျနော်ရွာကိုရောက်သွားတဲ့အချိန်ဟာ မေလ မိုးတွင်းကာလဖြစ်ပေ မဲ့ ရွာထိပ်က ဘော်လုံးကွင်းမှာ ဘောလုံးကန်နေတဲ့ လူငယ်တဦးမှမတွေ့မိပါ။ ကျနော်တို့ငယ်စဉ်တုန်း ကဆိုရင်တော့ ၀ါတွင်းကာလ ဥပုဒ်နေ့ကျောင်းပိတ်ချိန်ဆိုရင် နေ့လည်ကတည်းက ကန်လိုက်တာ ည မှောင်တဲ့အထိ၊ အဲဒီကာလကကျနော်တို့အခေါ် ''ဘုရားကြီး မီးထွန်းချိန်အထိ'' ပါပဲ။ လာကန်တဲ့လူတွေ ကလဲ ရွာထဲကလူငယ်တွေတင်မက။ ထားဝယ်မြို့ပေါ်ကလူတွေ၊ တခြားရွာကလူငယ်တွေပါ အသင်း လိုက် စိမ်ခေါ်ပွဲတွေကန်ကြတာ။

''အခုက အဲဒီခေတ်မဟုတ်တော့ဘူးလေ။ ဒီနေ့လူငယ်တွေက ဘော်လုံးကို ကိုယ်တိုင်အပင်ပန်းခံပြီး မကန်တော့ဘူး။ ကွန်ပြူတာပေါ်မှာ ဂိမ်းပဲဆော့တော့တယ်'' လို့ ကလေးမိဘဖြစ်နေကြတဲ့ တချိန်က ဘော်လုံးကန်ဖက် သူငယ်ချင်းတွေကပြောပါတယ်။ ''ဒီနေ့ကလေးတွေက ငါတို့ခေတ်ကလို ကစားချိန် လဲ မရှိတော့ပါဘူးကွာ။ ကျောင်းကပြန်ရင် ကျုရှင်ပြေးရတာနဲ့ ဘယ်မှာ ဘောလုံးကန်ချိန်ရှိပါတော့ မ လဲ'' လို့ သူကမှတ်ချက်ပေးပါတယ်။

(၂၀၁၄ Tour de France ချန်ပီယံဖြစ်သွားသူ အီတလီမှ Nabali)

တကယ်ဆိုရင် ညာဏနဲ့ ကာယဆိုတာ တပြိုင်တည်းဖွံဖြိုးဖို့လိုတယ်မဟုတ်ပါလား။ စာချည်းပဲနင်းကန် လုပ်နေပြီး ကျမ်းမာရေးမကောင်းရင်လဲ ရေရှည်မှာ သူများကိုဘယ်ယှဉ်နိုင်ပါ့မလဲ။ ဒီနေ့လူငယ်တွေဟာ လွန်ခဲ့တဲ့နှစ် ၂၀ ကျော် ကျနော်တို့ခေတ်ကလောက်တောင် ကာယဖက်မှာကြံခိုင်ဖွံဖြိုးမှုမရှိတော့ဘူး လို့ဝေဖန်သံတွေကြားလာနေရပါတယ်။ တလောကဖတ်ရတဲ့ဆောင်းပါးတပုဒ်မှာဆိုရင် အိမ်နီးချင်းထိုင်း နိုင်ငံက အသက် ၂၀ တန်းလူငယ်တွေဟာ အသက် ၄၀ တန်းလူတွေထက် ကိုယ်ကာယအများကြီး ဖွံဖြိုးတိုးတက်လာတယ်လို့ဖတ်ရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာကတော့ အသက် ၂၀ တန်းတွေက အသက် ၄၀ တန်းတွေထက် ကိုယ်ခန္တာပိုသေးငယ်သွားတဲ့သဘောမျိုး ရေးထားပါတယ်။

ဒါတွေဟာ ဒီနေ့လူငယ်တွေ ကိုယ်ကာယလှုပ်ရှားမှုနည်းလာတာနဲ့ ဆိုင်မလား။ အစာအဟာရ မလုံ လောက်မှုနဲ့ ဆိုင်မလား။ သေချာတာကတော့ ကျနော်တို့ရွာကလူတွေကိုကြည့်ရတာ လွန်ခဲ့တဲ့နှစ် ၂၀ ကလောက် ကျမ်းမာရေးမကောင်းတော့သလိုပါပဲ။ နေကောင်း ကျမ်းမာဖို့အတွက် လေ့ကျင့်ခန်းလုပ်ဖို့ စိတ်မကူးကြပဲ ဆေးဝါးမှီဝဲဖို့ပဲ စိတ်ကူးနေကြတာကလဲ လွဲချော်ခြင်းတခုပါပဲ။ ဒါတွေကို တာဝန်ရှိ သူတွေအချိန်ယူစဉ်းစား ပြင်ဆင်ဖို့လိုပါတယ်။ နိုင်ငံတခုဖွံဖြိုး တိုးတက်ဖို့ဆိုတာဟာ ''အိုဖွ'' ဆိုပြီး ည တွင်းချင်းပြောင်းလို့ မရပါ။ ဆယ်နှစ်၊ နှစ် ၂၀ စသဖြင့် အချိန်ယူပြီး မျိုးဆက်အလိုက်ပြောင်းမှ ရတဲ့ ကိစ္စဖြစ်ပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ စက်ဘီးစီးတယ်ဆိုတာဟာ ဆိုင်ကယ်မ၀ယ်နိုင်လို့ စီးနေခြင်းသက်သက် မ ဟုတ်ပါ။ ဒါဟာ ကိုယ်ကာယလှုပ်ရှားမှုတမျိုးဖြစ်တဲ့အတွက် အနောက်နိုင်ငံအတော်များများမှာ စက်ဘီး စီးကြဖို့နှိုးဆော်နေပါတယ်။ မြို့တွင်းစီးစက်ဘီးတွေကို နေရာတကာမှာအလွယ်တကူငှားနိုင်အောင် စီစဉ် ပေးထားပြီး စက်ဘီးလမ်းတွေကို ကားလမ်းတွေနဲ့အပြိုင်ဖေါက်ပေးထားပါတယ်။ စက်ဘီးစီးခြင်းနဲ့လမ်း လျောက်ခြင်းဟာ လူတဦးချင်းစီနေ့စဉ်လုပ်သင့်တဲ့ ကျမ်းမာရေးလေ့ကျင့်ခန်းတခုမဟုတ်ပါလား။

ဒီတော့ ဆိုင်ကယ်ယဉ်ကျေးမှုနဲ့ အင်တာနက်ယဉ်ကျေးမှုသိပ်ထွန်းကားနေတဲ့ ကျနော်တို့ တနသာင်္ရီ တိုင်းကမိတ်ဆွေတွေကို ''ဆိုင်ကယ်ချည်းစီးမနေနဲ့ စက်ဘီးလဲ စီးကြပါဦး''။ စက်ဘီးစီးခြင်းက ဆိုင် ကယ် စီးတာထက် ကျမ်းမာရေးပိုကောင်းစေပါတယ်။ အန္တာရယ်လဲ နည်းပါတယ်။ ''ကလေးတွေကို ကျောင်းစာနဲ့ ကျုရှင်ချည်းနင်းကန်ပို့မနေနဲ့။ ကစားချိန်လဲပေးပါဦး။ ညာဏနဲ့ကာယဟာ ဟန်ချက်ညီဖွံ့ ဖြိုးတိုးတက်ဖို့လိုတယ်'' လို့ Tour de France စက်ဘီးပြိုင်ပွဲကာလ အမှတ်တရအဖြစ် တိုက်တွန်း လိုက်ရပါတယ်။        ။

1 comments:

Tour de France အကြောင်း အသေးစိပ်ဖတ်လိုပါက...

http://www.htetaungkyaw.net/2012/06/blog-post_6934.html

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More