Monday, July 14, 2014

အခွန်လွတ် နော်ဝေ ဟောလီးဒေးနှင့် ဆက်ကြေးကောက် မြန်မာပြည်

သူ့အတွေး သူ့အမြင်

  
အခွန်လွတ် နော်ဝေ ဟောလီးဒေးနှင့် ဆက်ကြေးကောက် မြန်မာပြည်
ငြိမ်းချမ်းလှပတဲ့ နော်ဝေဟာ နိုင်ငံသားတွေသာမက တခြားနိုင်ငံက ခရီးသွားတွေကိုလည်း လာလည်ချင်စရာ ဖြစ်တယ်

ဇွန်လအကုန် ဇူလိုင်လထဲရောက်တာနဲ့ နော်ဝေးနဲ့ အနောက်ကမ္ဘာမှာ နွေရာသီ ဟောလီးဒေး Holiday သို့မဟုတ် နှစ်ပတ်လည် Vacation ရာသီစပါပြီ။ အတိအကျပြောရမယ်ဆိုရင် ဇူလိုင်လ ဒုတိယ သတင်းပတ်အစ ၇ ရက်နေ့ကနေ တတိယ သတင်းပတ် အကုန် ၂၅ ရက်နေ့အထိ၊ ဒီက အခေါ်တိုင်း ဆိုရင်တော့ သတင်းပတ် အမှတ် ၂၈ ကနေ ၃၀ အထိ သတင်း ၃ ပတ်ကို နွေရာသီဟောလီးဒေး ကာလအဖြစ် သတ်မှတ်ထားတာပါ။ အစိုးရရုံးတွေ၊ ကျောင်းတွေ အပါဝင် လုပ်ငန်းဌာနအတော်များများ ပိတ်ပြီး ၀န်ထမ်းတွေ အားလုံးနီးပါး အပန်းဖြေခရီးထွက်ကြပါတယ်။

တချို့ဆိုရင် ဇူလိုင်လအထိမစောင့်ပဲ ဇွန်လ ၂၁ ရက်၊ နေ့တာအရှည်ဆုံးနေ့ကတည်းက ဟောလီးဒေးယူ သွားကြပါပြီ။ တချို့ကတော့ ဟောလီးဒေးမန်းနီး ကိုယ့်ဘဏ်ထဲဝင်လာတဲ့ ဇွန်လနောက်ဆုံးသတင်းပတ်မှာ ခရီးထွက်ကြပါတယ်။ အဲဒီထဲမှာ နော်ဝေးရောက်မြန်မာတွေလည်း ဘယ်နည်းပါ့မလဲ။ တချို့က အိမ်နီးချင်း ဥရောပနိုင်ငံတွေဆီ သွားလည်ကြပြီး တချို့ကတော့ မြန်မာနိုင်ငံက မိဘဆွေမျိုးတွေဆီ ပြန်လည်ကြတာ ဒါဇင်နဲ့ချီ တွေ့နေရပါတယ်။

ကျနော်လဲ ပြီးခဲ့တဲ့နှစ်ဇွန်လတုန်းက ဟောလီးဒေးအဖြစ် သတင်းလေးပတ်ခွင့်ယူပြီး မြန်မာနိုင်ငံဆီ ပြန်လည်ခဲ့ပါတယ်။ ”မင်းက အလုပ်လက်မဲ့ဆိုတော့ တချိန်လုံးအားနေတာပဲ မဟုတ်ဘူးလား။ ဟောလီးဒေး ထပ်ယူစရာလိုသေးလို့လား” ဆိုပြီး မိတ်ဆွေတချို့က နောက်ပါတယ်။ ဒါပေမယ့် ပြဿနာက သူတို့နားလည်ထားတဲ့ မြန်မာနိုင်ငံက အလုပ်လက်မဲ့ ၁၀၉၊ ၁၀၁ ဆိုတဲ့လူတွေနဲ့ ဒီနိုင်ငံက အလုပ်လက်မဲ့ သို့မဟုတ် အလုပ်ရှာဖွေနေသူတွေအဖြစ် တရားဝင်မှတ်ပုံတင်ထားတဲ့လူတွေကြား အဓိပ္ပါယ်ဖွင့်ဆိုချက် မတူပါ။

ဒီနိုင်ငံမှာက အခွန်ဆောင်ဖူးတဲ့ အလုပ်သမားတွေ အလုပ်ပြုတ်တဲ့အခါ အစိုးရက အလုပ်လက်မဲ့ ခံစားခွင့် ပေးရပါတယ်။ ဒါကြောင့် အလုပ်လက်မဲ့ဦးရေ ဘယ်လောက် ရာခိုင်နှုန်းရှိတယ်ဆိုတာ သိပ်အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာတော့ အလုပ်ရှိသူနဲ့ အလုပ်မရှိသူ သိပ်မကွဲပြား၊ အလုပ်ရှိသူရော အလုပ်မရှိသူ အတွက်ပါ အစိုးရက ဘာမှ လုပ်ပေးဖို့တာဝန်မရှိတော့ အလုပ်လက်မဲ့ဦးရေ ဘယ်လောက်ရှိလို့ ရှိနေမှန်း အစိုးရကိုယ်တိုင် သိပုံမရပါ။

ဟောလီးဒေးဖက်ကို ပြန်လှည့်ရမယ်ဆိုရင် ကျနော်မြန်မာနိုင်ငံမှာနေစဉ်တုန်းက ဟောလီးဒေးဆိုတာကို ကြားဖူးသလိုလိုရှိပေမယ့် တခါမှ မကြုံဖူးခဲ့ပါ။ ရွာက လူတချို့ကတော့ နွေရာသီ စပါးပေါ်ပြီးချိန်မှာ အလုပ်နားပြီး ၅၄ မြို့ ဘုရားဖူး လိုက်ကြတာကို ဟောလီးဒေး သွားတယ်လို့ ပြောကြပါတယ်။ မြို့ပေါ်က မိတ် ဆွေတချို့ကတော့ သင်္ကြန်ကာလမှာ အလုပ်နားပြီး ရွာက မိဘဆွေမျိုးတွေဆီ ပြန်လည်ကြ တာကို ဟောလီးဒေးသွားတယ်လို့ ဆိုကြပါတယ်။ အခုဆိုရင်တော့ မောင်းမကန်၊ ချောင်းသာ၊ ငပလီကမ်းခြေတွေ အထိ။ ပုဂံ၊ တောင်သမန်အင်း၊ အင်းလေးအထိ ငွေကြေးတတ်နိုင်သူတချို့ ဟောလီးဒေး သွားနေကြပြီလို့ သိရပါတယ်။

ဒါပေမယ့် အဲဒီလို စိတ်ကူးရတဲ့အချိန် ကိုယ့်အစီစဉ်နဲ့ကိုယ်၊ ကိုယ့်စရိတ်နဲ့ကိုယ် ထသွားတဲ့ မြန်မာနိုင်ငံက ဟောလီးဒေးနဲ့ အခု ကျနော်ပြောနေတဲ့ နော်ဝေးက ဟောလီးဒေးမတူပါ။ မြန်မာနိုင်ငံမှာ ဟောလီးဒေးရာသီ သတ်သတ်မှတ်မှတ် မရှိပါ။ ဟောလီးဒေးကာလမှာ လစာ ဘယ်လိုပေးသလဲ။ အခွန်ငွေ ဘယ်လိုပြန်အမ်းသလဲဆိုတဲ့ လုပ်ထုံးလုပ်နည်းလည်း မရှိပါ။ တနည်းအားဖြင့် သင်္ကြန်ကာလ ၁၀ ရက်မှာ လစာအပြည့်နဲ့ ဟောလီးဒေးပေးတာမှအပ တခြားတရားဝင်ဟောလီးဒေး မရှိသေးတဲ့ သဘောပါ။

နိုင်ငံခြားသံရုံးဝန်ထမ်းတွေ၊ NGO ၀န်ထမ်းတွေ၊ သတင်းဌာနတွေက မိတ်ဆွေတချို့ကတော့ သူတို့လည်း အနောက်နိုင်ငံမှာလို လစာအပြည့်နဲ့ ဟောလီးဒေး တလ (သတင်း ၄ ပတ်၊ တချို့က သတင်း ၅ ပတ်) ရတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် ကျောင်းဆရာတွေအပါဝင် အစိုးရ၀န်ထမ်းတွေ၊ ကုပ္ပဏီဝန်ထမ်း တွေကတော့ အခုချိန်ထိ လစာအပြည့်နဲ့ သတင်း ၄ ပတ် ဟောလီးဒေးဆိုတာကို မကြားဖူးသေးဘူးလို့ ပြောကြပါတယ်။ ၀န်ထမ်းမဟုတ်တဲ့ သာမန် လက်လုပ်လက်စားတွေဆိုရင် ဟောလီးဒေးအကြောင်း သိဖို့တောင် မလွယ်တဲ့အခြေနေပါ။

ဒီနိုင်ငံမှာကတော့ လူတိုင်း တန်းတူအခွင့်ရေးရှိတဲ့အတွက် ၀န်ကြီးချုပ်ကနေ သာမန် (အချိန်ပြည့်) အလုပ်သမားအထိ တနှစ်မှာ သတင်းလေးပတ်ကနေ ငါးပတ်အထိ လစာအပြည့်နဲ့ ဟောလီးဒေး ခံစားခွင့်ရှိပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာလို သင်္ကြန်ရုံးပိတ်ရက်နဲ့မတူပါ။ တရားဝင်အစိုးရရုံးပိတ်ရက်၊ ဘာသာ ရေးရုံးပိတ်ရက်တွေနဲ့ အခု ကျနော်ပြောနေတဲ့ ဟောလီးဒေး ဘာမှမဆိုင်ပါ။

နှစ်စဉ် ဒီလိုဟောလီးဒေး သွားဖို့အတွက် ဟောလီးဒေးမန်းနီးဆိုတာ သီးခြားရှိပါတယ်။ ဇွန်လ အတွက် ၀င်ငွေကို အစိုးရက အခွန်မဖြတ်တော့ပဲ ဟောလီးဒေးမန်းနီးအဖြစ် ပေးပါတယ်။ တခါ တနှစ်လုံးအတွက် အစိုးကိုဆောင်ထားတဲ့ အခွန်ငွေထဲက လိုအပ်တာထက် ပိုဖြတ်ထားမိတဲ့အခွန်ငွေကို Tax return အဖြစ် ဇွန်လနောက်ဆုံးသတင်းပတ်ထဲမှာ ကိုယ့်ဘဏ်ထဲ အစိုးရက ပြန်ထည့်ပေးပါတယ်။ ဒီငွေနှစ်ခုပေါင်းလိုက်ရင် ခရိုနာနှစ်သောင်း (ဒေါ်လာ ၃ ထောင်ကျော်) အထက်ရှိတဲ့အတွက် တလစာ ခရီးသွားဖို့ ဘာမှ ပူစရာမလိုတော့ပါ။

သာမန်အလုပ်သမားတဦးရဲ့ဝင်ငွေဟာ ၃ သောင်းကျော်ရှိပြီး အခွန်က ၃၅ ရာခိုင်နှုန်း ဖြတ်ပါတယ်။ ၁၀၀ ၀င်ရင် ၃၅ ကျပ်ကို အစိုးရကဖြတ်ယူလိုက်ပြီး ကိုယ်က ၆၅ ကျပ်ပဲရတဲ့သဘောပါ။ အဲဒီလိုဖြတ်ထားတဲ့ အခွန်ငွေတွေဟာ ကိုယ်အလုပ်လက်မဲ့ဖြစ်သွားတဲ့အခါ ၂ နှစ်အထိ ထောက်ပံ့ကြေးရနိုင်ပါတယ်။ အခမဲ့ ကျန်းမာရေး၊ အခမဲ့ ပညာရေးနဲ့ အခြားအရေးကြီးတဲ့ လူမှုဖူလုံရေးကိစ္စတွေအတွက် အစိုးရက ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် နှစ်စဉ်နှစ်တိုင်း အခုလို Tax return နဲ့ ဟောလီးဒေးမန်းနီးပေးတဲ့ အတွက် ဒီက လူတွေ အားလုံးနီးပါး ဒီရာသီမှာ ဟောလီးဒေးယူပြီး ခရီးထွက်နေကြတာပါ။

ဒါဖြင့် အလုပ်လက်မဲ့က ၀င်ငွေလည်း မရှိပဲနဲ့ ဘယ်လိုလုပ် ဟောလီးဒေးမန်းနီးရသလဲလို့ မေးစရာရှိပါ တယ်။ ရှေ့မှာ ပြောခဲ့တဲ့အတိုင်း ဒီက အလုပ်လက်မဲ့က ၂ နှစ် (သတင်းပတ် ၅၂ ပတ်) တိတိ မူလ လစာရဲ့ ၆၂ ရာခိုင်နှုန်းကို ခံစားခွင့်ရှိပါတယ်။ အဲဒီ အလုပ်လက်မဲ့ခံစားခွင့်ကိုလည်း အခွန်က အလွတ်မပေးပါဘူး။ ၃၀ ရာခိုင်နှုန်းလောက် အခွန်ဖြတ်တာပါပဲ။ ဒီအတွက် အလုပ်လက်မဲ့လည်း အလုပ်ရှိတဲ့လူတွေလိုပဲ ဇွန်လမှာ အခွန်မဖြတ်တဲ့ထောက်ပံ့ကြေးနဲ့ အခွန်ပြန်အမ်းငွေရတာပေါ့။ အဲဒါနဲ့ ခရီးသွားနေတာပေါ့။

ဒီလိုဟောလီးဒေးငွေနဲ့ ခရီးထွက်လာကြတဲ့ အနောက်တိုင်းသားတွေကို ထိုင်းနိုင်ငံက ပင်လယ်ကမ်းခြေ တွေမှာ အများအပြား မြင်ရနိုင်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံက ကမ်းခြေတွေ၊ ထင်ရှားတဲ့ ရှေးဟောင်း နယ်မြေတွေမှာလည်း တွေ့နိုင်ပါတယ်။ သတင်း ၃-၄ ပတ်အတွင်း ဒီလူတွေ သုံးဖြုန်းတာကိုကြည့်ပြီး အ နောက်တိုင်းသားတွေအားလုံး နေ့စဉ် ဒီလိုသုံးဖြုန်းနေတယ်လို့ မထင်လိုက်ပါနဲ့။ ဟောလီးဒေးရာသီမို့ ဟောလီးဒေးဆန်ဆန် သုံးနေတာပါ။ တချို့ဆိုရင် အဲဒီတလစာမှာ အလွန်အကျွံသုံးမိတဲ့အတွက် တနှစ် လုံး အလုပ်လုပ်ပြီး အကြွေးကတ်ကို ပြန်ဆပ်နေကြရပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒီလိုဟောလီးဒေးစနစ်မရှိသေးတဲ့အပြင် တိကျတဲ့ အခွန်စနစ်တွေ၊ တနေ့အလုပ်ချိန် ဘယ်လောက်ရှိရမယ်ဆိုတာတွေ၊ အနိမ့်ဆုံးလစာ သတ်မှတ်မှုတွေ မလုပ်နိုင်သေးပါ။ ဒါပေမယ့် သမ္မတဦးသိန်းစိန်မှာတော့ ရုံးအားရက်အပန်းဖြေဖို့ နေပြည်တော်မှာ လယ်တောအိမ်ယာဆိုတာ ရှိနေပြီ လို့ သတင်းတွေထဲဖတ်ရပါတယ်။ အမေရိကန်သမ္မတ အိုဘားမားအပါဝင် အနောက်နိုင်ငံက ခေါင်းဆောင်တွေလို သမ္မတဦးသိန်းစိန်နဲ့ဝန်ကြီးအဖွဲ့ တနှစ်မှာ သတင်း ၄ ပတ် ဟောလီးဒေး ယူ မယူတော့ သတင်းတွေထဲ မတွေ့မိသေးပါ။

အနှစ်ပြန်ချုပ်ရရင်တော့ နော်ဝေးနိုင်ငံရဲ့ အုပ်ချုပ်မှုစနစ်နဲ့ လူမှုဖူလုံရေးစနစ်ကောင်းမွန်ကြောင်း အမွှန်းတင်ခြင်းမဟုတ်ပါ။ မြန်မာနိုင်ငံမှာလည်း ဒီလိုစနစ်မျိုး လုပ်နိုင်ရင် ကောင်းမလား၊ လက်ရှိမြန်မာ့နိုင်ငံရေးစနစ်က ဆိုရှယ်ဒီမိုကရေစီကို ဦးတည်နေတာလား။ ဘယ်စနစ်ဆီ ဦးတည်နေတာလဲ။ နိုင်ငံရေးပါတီ တွေကကော သူတို့ပါတီနိုင်ရင် ဘယ်လိုနိုင်ငံရေးစနစ်မျိုးကို ဦးတည်မယ်လို့ကြေညာထားသလဲ။ အခွန် စနစ်တွေကို ဘယ်လိုလုပ်ဖို့ စိတ်ကူးထားသလဲ။

တလောက ထွက်ပေါ်လာတဲ့သတင်းတွေအရဆိုရင် တနှစ်ကို ၀င်ငွေ သိန်း ၂၀ နှင့်အထက် (တလကို ၀င်ငွေ ၂ သိန်းနီးနီး) ရှိသူတိုင်းကို ၀င်ငွေအခွန်ကောက်မယ်လို့သိရပါတယ်။ အမြင့်ဆုံးက ၂၅ ရာခိုင်နှုန်း (ငွေ ၁၀၀ ၀င်ရင် အခွန် ၂၅ ဖြတ်ပြီး ကိုယ်ဘဏ်ထဲ ၇၅ ကျပ်ပဲဝင်မယ်) ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကျနော်တွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံက လူများစုကြီးကတော့ ဒီအခွန်စနစ်ကို နားမလည်သလို သိပ်လည်း စိတ်မ၀င်စားကြပါ။ အစိုးရလုပ်တာ သူတို့နဲ့မဆိုင်သလိုပါပဲ။ တခါ လစာပေးတဲ့စနစ်ကို ဘဏ်နဲ့ လွဲ ပေးတဲ့အဆင့်ထိ မသွားနိုင်သေးတဲ့အတွက် ဘယ်သူတွေလစာ ဘယ်လောက်ဝင်နေမှန်း အစိုးရက စစ်ဆေးဖို့လည်း မလွယ်သေးပါ။

ဒါပေမယ့် ဘာဖြစ်ဖြစ် ၀င်ငွေအခွန်ကောက်ဖို့ အသေချာပြင်ဆင်နေပြီဆိုကတည်းက ဒီအခွန်စနစ်အပေါ် နှစ်ဖက်စလုံး (အစိုးရနဲ့ပြည်သူ) က အသေအချာ နားလည်သဘောပေါက်ထားဖို့ လိုပါတယ်။ ဒီ အခွန်ငွေတွေကို ဘယ်နေရာတွေမှာ သုံးမှာလဲ။ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍမှာ သုံးနေတယ်လို့ ပြောပြီး ဆေးမရှိတဲ့ဆေးရုံနဲ့ သင်ထောက်ကူပစ္စည်းမရှိတဲ့ စာသင်ကျောင်းတွေ ဆောက်ပေးလိုက်ရုံနဲ့ မပြီးပါ။ အခမဲ့ဆေးကုသခွင့်၊ အခမဲ့ပညာသင်ကြားခွင့်၊ အလုပ်သမားထောက်ပံ့ကြေးကနေ အခုပြော နေတဲ့ ဟောလီးဒေးမန်းနီးကိစ္စအထိ ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။

နို့မို့ရင် အစိုးရက အခွန်ကောက်တယ်ဆိုတာဟာ နယ်စပ်က သူပုန်အဖွဲ့တွေ ဆက်ကြေးကောက်တာနဲ့ ဘာမှထူးခြားလာဖွယ် မရှိပါ။ ပြည်သူတွေက ကြောက်လို့ပေးပေးလိုက်ရတာပဲရှိပြီး သူတို့အတွက် အကျိုးရှိမယ်ထင်လို့ ယုံယုံကြည်ကြည်ပေးလိုက်ရတာမျိုးဖြစ်လာဖို့ မလွယ်သေးပါ။ အခွန်လဲကောက်၊ အခွန်ထမ်းပြည်သူတွေအတွက်လည်း အစိုးရဖက်က အစွမ်းကုန်ဆောင်ရွက်ပေးနိုင်အောင် စတင်စဉ်းစားဖို့ လိုနေပြီဖြစ်ပါကြောင်း ဟောလီးဒေးထွက်ဖို့ အထုတ်အပိုးပြင်နေရင်းနဲ့ စဉ်းစားနေမိပါတယ်။

စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်။
......................


2 comments:

ဝန်ခံချက်...။

ဟောလီးဒေးမန်းနီးရရှိပုံ့နဲ့ပတ်သက်ပြီး သီးခြားမေးမြန်းမှုမလုပ်ဖြစ်ပဲ ကိုယ်တိုင်ကြုံခဲ့ဖူးတာကို အားလုံး ဒီလိုပဲထင်ပြီး ဆွဲလိုက်တဲ့အတွက် အားနည်းချက်ဖြစ်သွားခဲ့ပါတယ်။

စာဖတ်ပရိတ်သတ်တချို့ရဲ့ထောက်ပြမှုအရ ဟောလီးဒေးမန်းနီးဟာ ကျနော်ရေးထားသလို အခွန်ငွေထဲကရတာမဟုတ်ပဲ လစာရဲ့ ၁၂ ရာခိုင်နှုံးကို အလုပ်ရှင်ကပြန်ပေးတာလို့သိရပါတယ်။ (Tax return ကတော့ ပုံမှန်အတိုင်းဖြစ်ပါတယ်)။

ဒါပေမယ့် ဆောင်းပါးရဲ့ အဓိကဆိုလိုချက်ဖြစ်တဲ့ နော်ဝေးက အခွန်ကောက်မှုနဲ့ မြန်မာနိုင်ငံက ဆက်ကြေးကောက်မှု မတူတဲ့အကြောင်းကတော့ စာဖတ်သူတွေအတွက် တစုံတရာအကျိုးရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်။

လေးစားစွာဖြင့်
ထက်အောင်ကျော်

Hla Myo Han · Mawlamyine
ကိုထက်အောင်ကျော်ရေ..အကြီးကြီးလွဲနေပါတယ်။ဟောလီးဒေးပိုက်ဆံကို အစိုးရကလည်း မပေးပါဘူး။ အလုပ်ရှင်ကလည်းမပေးပါဘူး။ လစာရတိုင်း ကိုယ့်ဝင်ငွေရဲ. ၁၀.၂ ရာခိုင်နူန်းကို အလုပ်ရှင်က ဖြတ်ပြီး သီးသန်.စုထားပေးရတာပါ။ ဥပမာဝင်ငွေ နှစ်သောင်းရရင် တလ ၂၀၀၀လောက် ဖြတ်ထားပါတယ်။ တနှစ်ဆိုရင် ၂၄၀၀၀ စုပြီးသားပါ။ ဟောလီးဒေးလကို ကိုယ်ဆီက ဖယ်ထားတဲ့ အဲဒီဟောလီးဒေးမန်းနီးနဲ. ဟောလီးဒေးယူ ဆိုတဲ့ သဘောပါ။ အလုပ်ပြုတ်တိုင်းလည်း အစိုးရဆီက ပိုက်ဆံမရပါဘူး။ သုံးနှစ်အတွင်း ၀င်ငွေ ဘယ်လောက်ရှိပြီးသား ဖြစ်ရမယ်ဆိုတဲ့ သူကိုသာ အလုပ်ပြုတ်ခံစားခွင့်ငွေပေး တာပါ။ အစ်ကိုပြောသလို ၀င်ငွေနဲ. အခွန်ငွေ၊ အလုပ်လက်မဲ့ နူန်း ဆိုတာတွေကတော့ တိတိကျကျ စာရင်းတွေ အစိုးရဆီမှာရှိပါတယ်။
Reply · Like · Follow Post · 8 July at 16:15 (သစ်ထူးလွင်မှ...)
..................

Facebook မှ..

Aung Htun-Zom ဟောလီးဒေ ပိုက်ဆံက ပြီးခဲ့တဲ့နှစ်က မိမိဝင်ငွေ စုစုပေါင်းတန်ဖိုးရဲ့ ၁၂% ကို အလုပ်ရှင်ကပေးရတာပါ။ အဲဒိငွေကိုလဲ အေပြီလကုန်ကစကြီးထုတ်လျု့ ရပါတယ်။ တနှစ်လုံးခွင့်မယူပဲ အလုပ်လုပ်နေရင် ထုတ်လို့မရပါဖူး။ နောက်နှစ်ခွင့်ယူတဲ့အချိန်ကြမှ ပေါင်းထုတ်ပေးပါတယ်။
2 hrs · Like

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More