Wednesday, July 16, 2014

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၁၉)

ရန်သူဟောင်းများနှင့် လက်ဆွဲနှုတ်ဆက်ခြင်း

မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) က ဦးစီးပြီး စစ်ဗိုလ်တွေနဲ့ သူပုန်ဗိုလ်တွေ နေ့စဉ်လိုလို လက်ဆွဲနှုတ် ဆက်နေတဲ့အခုခေတ်မှာ ရန်သူနဲ့ လက်ဆွဲနှုတ်ဆက်တယ်ဆိုတာဟာ အထူးအ ဆန်း မဟုတ်တော့ပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုကျော်၊ ၂၀၀၀ ခုနှစ်ဝန်းကျင်ကဆိုရင်တော့ ဒါမျိုး လုပ်တာဟာ တော်လှန်ရေး အပေါ်သစ္စာဖောက်မှု၊ အတွေးအခေါ်အရ ဖောက်ပြန်မှုကြီးဖြစ်ပါတယ်။ စစ် အစိုးရဘက်က ဗိုလ်ချုပ်တွေ၊ ၀န်ကြီးတွေ၊ အစိုးရ၀န်ထမ်းတွေနဲ့ လက်ဆွဲနှုတ်ဆက်ဖို့မပြောနဲ့ အစိုးရ ဘက်က ထုတ်ဝေနေတဲ့ မြန်မာ့ အလင်းသတင်းစာကို ဖတ်မိရင်တောင် ဒီကောင်တော့ ''ရန်သူ့အတွေး အခေါ် ၀င်နေပြီနဲ့တူတယ်'' ဆိုပြီး အပြောခံရတတ်တဲ့ အခြေနေမျိုးပါ။

(၂၀၀၀ ခုနှစ် အာဆီယံ အစည်းဝေးအတွင်း န၀တ နိုင်ငံခြားရေးဝန်ကြီးကို မေးခဲ့စဉ်)

အဲဒီလိုအပြောခံရဆဲအခြေနေမျိုးမှာ န၀တ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်၊ ပြည်ထဲရေးဝန်ကြီး သူရ မြင့်မောင်၊ စစ်ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးကြီးကျော်သိန်းအပါဝင် ၀န်ကြီးတွေ၊ အစိုးရအရာရှိတွေ အတော်များများကို ကျနော်လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ ''ခင်ဗျားက သတင်းထောက်ပဲ၊ အင်တာဗျုး ပေးသူတိုင်းကို တာဝန်အရ လက်ဆွဲနှုတ်ဆက်ရမှာပေါ့'' လို့ တချို့က ဆင်ခြေပေးနိုင်ပါတယ်။ ဟုတ်ပါ တယ်။ ဒါပေမယ့် ကျနော်ဟာ သာမန်အရပ်သား သတင်းထောက်မဟုတ်ပါ။

တောခိုကျောင်းသားဘ၀ကနေ သမိုင်းပေးတာဝန်အရ အတိုက်ခံသတင်းဌာန DVB အတွက် သတင်း ထောက်ဖြစ်လာသူ၊ အဲဒီအချိန်ထိ ABSDF ဗဟိုရုံးမှာနေပြီး တာဝန်ထမ်းနေသူ၊ ရန်-ငါ စည်းပြတ်ရ မယ်ဆိုတဲ့ အတွေးအခေါ်တွေနဲ့ ခရီးနှင်နေဆဲဖြစ်သူ တဦးပါ။ ဒီလို ရန်-ငါ စည်းပြတ်ရမယ်ဆိုတဲ့ တော် လှန်ရေးအတွေးအခေါ်ကတဖက်၊ အလုပ်သဘောအရ Professional ဖြစ်ရမယ်ဆိုတဲ့ သတင်းသမား တာဝန်ကတဖက် အားပြိုင်ပွဲမှာ သတင်းသမားဘက်ကို ယိမ်းသွားခဲ့တယ်လို့ထင်ပါတယ်။

ပထမဆုံး မျက်နာချင်းဆိုင် မေးမြန်းခွင့်ရခဲ့တဲ့ န၀တ အရာရှိကတော့ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်း အောင်ပါ။ ၂၀၀၀ ပြည့်ုနှစ် ဇူလိုင်လအတွင်းက ဘန်ကောက်မှာကျင်းပတဲ့ အာဆီယံ အစည်းဝေး အတွင်း နိုင်ငံခြားသတင်းထောက်တွေကို ရှောင်ပြီးပြေးလာတဲ့ ဦးဝင်းအောင်ကို ကျနော်တို့ မြန်မာ သတင်းထောက်သုံးဦး (BBC မှ ဒေါ်ကြည်ကြည်မေနဲ့ RFA နဲ့ ဧရာဝတီမှ ကိုအောင်ဇော်အပါဝင်) က ဓာတ်လှေခါးဝမှာတားပြီး မိုက်ကလိုဖုန်းနဲ့ မေးခဲ့ပါတယ်။ ''ဘာမှမထူးပါဘူး၊ အားလုံးအဆင်ပြေပါ တယ်'' ဆိုတာလောက်သာ ဖြေသွားတဲ့အတွက် Sound Bite က သုံးလို့မရပါ၊ သတင်းမဖြစ်ခဲ့ဘူး ဆိုပါတော့။

ဒါပေမယ့် သတင်းထောက်တွေကို ရှောင်ပြေးလေ့ရှိတဲ့ န၀တ ၀န်ကြီးတွေ၊ န၀တ အရာရှိတွေကို ဒီလို လမ်းမှာတားပြီးမေးရင် အသံတခုခုရနိုင်တယ်ဆိုတဲ့ အသိတော့ ကျနော်တို့ရလိုက်ပါတယ်။ အစိုးရ အရာရှိတွေကို သတင်းထောက်တွေကိုယ်တိုင် တွေ့ဆုံမေးမြန်းခွင့်ရနေတဲ့ ဒီနေ့သတင်းသမားတွေအဖို့ တော့ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က အခြေနေဟာ အထူးအဆန်းဖြစ်နေနိုင်ပါတယ်။ အဲဒီကာလက အစိုး ရ အရာရှိအားလုံး သတင်းလောကို လုံးဝအင်တာဗျုးမပေးပါ။

ဒီလိုအခြေနေမျိုးမှာ သတင်းသမားတွေကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး မေးသမျှမေးခွန်းတိုင်းကို ပြန်ဖြေ တဲ့အပြင် သတင်းထောက်ကိုတောင် မေးခွန်းပြန်ထုတ်တဲ့အထိ လုပ်ပိုင်ခွင့်ရှိသူတွေကတော့ ဗိုလ်ချုပ် ခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေးဌာနက အရာရှိတွေပဲဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်နှောင်းပိုင်းတုန်းက ဘန်ကောက်အခြေစိုက် ကုလသမဂ္ဂရုံးမှာကျင်းပတဲ့ မူးယစ်ဆေးတိုက်ဖျက်ရေး ဆွေးနွေးပွဲတခုအတွင်း ဗိုလ်မှူးကြီးကျော်သိန်းကို ကျနော်တွေ့ခဲ့တာပါ။ ကိုယ်စားလှယ်အဖွဲ့ဝင်တဦးအဖြစ်သာ လိုက်ပါလာတဲ့ ဗိုလ်မှူးကြီးကျော်သိန်းက ကျနော့်ကို ပွင့်ပွင့်လင်းလင်း လက်ဆွဲနှုတ်ဆက်ပြီး မေးသမျှကိုဖြေနေ ပေ မယ့် သူ့ထက်တာဝန်ပိုကြီးတဲ့ ၀န်ကြီးဦးမြင့်မောင်ကတော့ တခုခုကို စိုးရိမ်တဲ့ပုံစံမျိုးနဲ့ စကားသိပ်မပြော ရဲပဲဖြစ်နေတာကို ကျနော်သတိထားမိပါတယ်။

ဒါပေမယ့် ၀ါဒဖြန့်ချိရေးလုပ်ဖို့တော့ သူက သတိမမေ့ပါဘူး။ မကြာခင်နှစ်ပိုင်းအတွင်း မြန်မာနိုင်ငံ မူး ယစ်ဆေးကင်းစင် ဇုန်ဖြစ်ရမယ်ဆိုတဲ့ စီမံကိန်းစာရွက်ကို ကျနော်ဆီလှမ်းပေးပြီး ထပ်သိချင်တာရှိရင် အဲဒီထဲက ဖုန်းနံပါတ်ကိုသာ မေးပါလို့ပြောပါတယ်။ အခု ဆယ်စုနှစ်တခုကျော်ကြာပြီးလို့ ၂၀၁၄ ရောက် တဲ့အချိန်မှာ လူတွေပြောင်း၊ မူတွေပြောင်းသွားတယ်ဆိုပေမဲ့ တိုးတက်မှုကတော့ နှေးကွေးဆဲ။ မြန်မာ နိုင်ငံဟာ ကမ္ဘာမှာ ဒုတိယ ဘိန်းအများဆုံးထုတ်နေဆဲနိုင်ငံ၊ စိတ်ကြွဆေးအများဆုံး ထုတ်နေဆဲနိုင်ငံ အဖြစ် မှတ်တမ်းဝင်နေဆဲဖြစ်ပါတယ်။


ကိုယ့်ဆရာကို ကိုယ့်ရန်သူအဖြစ် သဘောထားမိတဲ့ဘဝ

သူသေကိုယ်သေ သေနတ်ကိုင်ပြီးတိုက်လာခဲ့တဲ့ န၀တ ဗိုလ်ချုပ်တွေကို အလုပ်သဘောအရ လက်ဆွဲ နှုတ်ဆက်ခဲ့တဲ့ သူပုန်လူထွက် သတင်းသမားကျနော်ဟာ ကိုယ့်ရဲ့တက္ကသိုလ်က ကျောင်းအုပ်ကြီးနဲ့ တွေ့တဲ့ အခါကျမှ လက်ဆွဲနှုတ်ဆက်ဖို့လည်း ပျက်ကွက်၊ သူများတွေနဲ့အတူ ထိုင်ကတော့ဖို့လည်း ပျက်ကွက်ခဲ့ပါတယ်။

(၂၀၁၃ ခရီးစဉ်အတွင်း တွေ့ခဲ့ရတဲ့ မော်လမြိုင်တက္ကသိုလ်)

ဘန်ကောက်သံရုံးစီးနင်းမှုနဲ့ ရတ်ချပူရီဆေးရုံ စီးနင်းမှုတွေပြီးကာစ ထိုင်းနဲ့မြန်မာကြား ဆက်ဆံရေး တင်းမာနေချိန်မှာ နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေးအစီစဉ်အရ မြန်မာယဉ်ကျေးမှုအဖွဲ့တခု ဘန်ကောက် ချုလာလောင်ကွန်းတက္ကသိုလ်ဆီ ရောက်လာပါတယ်။ ဒီယဉ်ကျေးမှုအဖွဲ့ကို ဒါရိုက်တာကြည်စိုးထွန်း ကဦးဆောင်ပြီး ဆရာတက္ကသိုလ်ဘုန်းနိုင်၊ ဆရာချစ်ဦးညိုနဲ့ တခြားအဖွဲ့ဝင် ၁၀ ဦးလောက် ပါမယ်လို့ ထင်ပါတယ်။ နှစ်နိုင်ငံယဉ်ကျေးမှုကိစ္စ ဆွေးနွေးဖို့ဆိုပေမယ့် အဓိကအားဖြင့်ကတော့ ဆရာတက္ကသိုလ် ဘုန်းနိုင်ရဲ့ဝတ္ထုကို ဒါရိုက်တာ ကြည်စိုးထွန်း ရိုက်ကူးထားတဲ့ ”သူ့ကျွန် မခံပြီ” ရုပ်ရှင်ပြဖို့ ဖြစ်ပါတယ်။

အဲဒီတက္ကသိုလ်ဘုန်းနိုင်ဆိုတာ ကျနော်အလွန်လေးစားရတဲ့ စာရေးဆရာကြီးဖြစ်တဲ့အပြင် ၁၉၈၇ စက် တင်ဘာ ငွေစက္ကူအရေးခင်းနဲ့ ၁၉၈၈ မတ်လအရေးခင်းကာလတွေမှာ မော်လမြိုင်တက္ကသိုလ် ကျောင်း အုပ်ကြီးအဖြစ်တာဝန်ထမ်းခဲ့တဲ့ ဆရာဦးခင်မောင်တင့်ပေါ့။ ရှေ့အခန်းတခုမှာ တင်ပြခဲ့တဲ့အတိုင်း အ ရေးခင်း နှစ်ခုစလုံးမှာပါဝင်မှုနဲ့ သူရဲ့ရုံးခန်းဆီခေါ်ပြီး ကျနော်ကို သတိပေးမှုလုပ်ခဲ့သူ။ တနည်းအားဖြင့် ဒီမိုကရေစီလိုလားတဲ့ကျောင်းသားတွေကို ဖိနှိပ်တဲ့ စစ်အစိုးရအလိုတော်ရိလုပ်ခဲ့သူဆိုပြီး ကျနော်စိတ် ထဲစွဲနေသူ တဦးပေါ့။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကျောင်းသားဘ၀ကအစွဲဟာ သတင်းထောက်တဦးအဖြစ် တာဝန်ယူနေတဲ့ အထိ မပျောက်သေးပါ။ တခါ သူ့ကျွန်မခံပြီဆိုတဲ့ ရုပ်ရှင်ကိုလည်း အစိုးရ၀ါဒဖြန့်ချိရေးကားအဖြစ် ကျနော်က တဖက်သတ် သတ်မှတ်ထားသူ။ နောက်တခါ တိုက်တိုက်ဆိုင်ဆိုင် တက္ကသိုလ်ဘုန်းနိုင်နဲ့ တွေ့တဲ့အချိန်ဟာ ကဗျာဆရာကြီးဦးတင်မိုးတို့၊ မောင်စွမ်းရည်တို့ စစ်အစိုးရ ဖိနှိပ်မှုကိုမခံနိုင်လို့ နိုင်ငံ ရပ်ခြားဆီ ထွက်ပြေးလာတဲ့ အချိန်လည်း ဖြစ်နေပါတယ်။

“အဓိကကတော့ နယ်ချဲ့စနစ်ကို လက်မခံနိုင်တဲ့အကြောင်း၊ နယ်ချဲ့စနစ်ရဲ့ ဆိုးကျိုးတွေအကြောင်းကို ဒီဇာတ်ကားထဲမှာ တွေ့ရမှာပါ” ဆိုပြီး တက္ကသိုလ်ဘုန်းနိုင်က သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို စတင်ဖြေပါတယ်။ မြန်မာသတင်းထောက်တွေဖြစ်တဲ့ DVB က ကျနော်နဲ့ BBC က ဒေါ်ကြည်ကြည်မေ တို့နဲ့ သီးခြားတွေ့တဲ့အခါမှာတော့ စာရေးဆရာဖြစ်လာပုံ၊ အထူးသဖြင့် ”သူငယ်ချင်းလို့ပဲ ဆက်၍ခေါ် မည်ခိုင်” ၀ထ္ထု ဘယ်လိုရေးဖြစ်တဲ့အကြောင်း ဒေါ်ကြည်ကြည်မေက မေးပါတယ်။

ကျနော်အလှည့်ရောက်တဲ့အခါမှာတော့ အလိုက်ကန်းဆိုး မသိတတ်သေးတဲ့ သတင်းထောက်ပေါက်စ လည်းဖြစ်၊ နဂိုကတည်းက ဆရာကြီးကို အမြင်မကြည်မှုကလည်းရှိနေတော့ ဆင်ဆာကိစ္စကို တန်းမေး မိပါတယ်။ “စာရေးဆရာဆိုတာ ပြင်ပချုပ်ချယ်မှုကို မကြောက်ရဘူး။ တာဝန်သိတဲ့ စာရေးဆရာတဦး အနေနဲ့ ကိုယ်ဖာသာ ထိန်းသိမ်းတတ်ရမယ်။ ကျနော်ကတော့ လွတ်လွတ်လပ်လပ် ရေးနေတာပဲ” လို့ ဆရာကြီးက ဖြေပါတယ်။

တကယ်ကတော့ ဒီအဖြေလောက်နဲ့ တင်းတိမ်သင့်တယ် ထင်ပါတယ်။ ဒါက အခုမှ စဉ်းစားမိတာပါ။ အဲဒီကာလကတော့ ကျောင်းတော်က ရန်စတွေ၊ အမြင်မတူမှုတွေက ပရော်ဖက်ရှင်နယ် သတင်းသ မားဖြစ်ရမယ်ဆိုတဲ့ခံယူချက်ကို လွှမ်းမိုးသွားပုံရပါတယ်။ “ဆရာက လွတ်လွတ်လပ်လပ်ရေးလို့ ရနေ တယ်ဆိုပေမယ့် တချို့စာရေးဆရာ၊ ကဗျာဆရာတွေကတော့ စာရေးလို့ ထောင်ကျခံရ၊ တချို့က ပြည် ပကို ထွက်ပြေးရ ဖြစ်နေပါတယ်။ အဲဒါ ဆရာနဲ့သူတို့ ဘာကွာလို့လဲ” ဆိုပြီး မေးချလိုက်မိပါတယ်။

ဒေါ်ကြည်ကြည်မေက မျက်စိမျက်နှာပျက်ပြီး ဆက်မမေးဖို့ ကျနော့်ကို လက်တို့ သတိပေးပါတယ်။ “အဲဒါက စာပေကိစ္စ တခုတည်းကြောင့် ဟုတ်ရဲ့လားဗျာ” လို့ ဆရာကြီးကပြောပြီး မျက်နှာလည်း အ တော် ပျက်သွားပါတယ်။ ဒါကိုရိပ်မိတဲ့ ဒေါ်ကြည်ကြည်မေက ကြားဖြတ်ဝင်လာပြီး ဆရာသက်သောင့် သက်သာဖြစ်မယ့် မေးခွန်းတွေနဲ့ စကားလမ်းကြောင်း လွှဲလိုက်ပါတယ်။

ပြီးတော့ ရုပ်ရှင်ပြပွဲစမယ်ဆိုလို့ ကျနော်တို့အားလုံး အခန်းထဲ ၀င်လိုက်ကြပါတယ်။ ရုပ်ရှင် မပြခင်မှာ ယဉ်ကျေးမှုကပွဲလုပ်ပြီး ဆရာချစ်ဦးညိုကိုယ်တိုင် ဒဿဂီရိအက ကနေတာကို တွေ့လိုက်ရပါတယ်။ က ပွဲနဲ့ ရုပ်ရှင်ပြပွဲအပြီးမှာတော့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ စာဖတ်ပရိသတ်တွေ၊ လေးစားသူတွေက ဆ ရာကြီးကို ထိုင်ကန်တော့ကြပါတယ်။ ဘီဘီစီက ဒေါ်ကြည်ကြည်မေလည်း ပရိသတ်တွေနဲ့အတူ ထိုင် ကန်တော့ဖို့ပြင်နေတော့ ကျနော်လည်း အားလုံးနဲ့အတူ ထိုင်ကန်တော့မယ်လို့ ပြင်လိုက်ပါတယ်။

“တချိန်က ငါတို့ရဲ့ ဒီမိုကရေစီအခွင့်အရေး တောင်းဆိုဆန္ဒပြပွဲကို တားဆီးခဲ့သူတဦးကို ငါ ကန်တော့ လိုက်မယ်ဆိုရင် တသက်လုံး လုပ်လာခဲ့တဲ့ တော်လှန်ရေးအပေါ် သစ္စာဖောက်ရာ ကျသွားလေမလား” ဆိုပြီး ကျနော့်စိတ်ထဲ စဉ်းစားချက်ဝင်လာပါတယ်။ စိတ်ထဲမှာလည်း ဘာကိုအလိုမကျမှန်း မသိဘဲ တင်းကျပ်သလိုလို၊ အသက်ရှူကျပ်သလိုလိုနဲ့ ချွေးပြန်လာတဲ့အတွက် လူအုပ်ကြားထဲကနေ အခန်း အပြင်ဘက် အမြန်ထွက်လိုက်ရပါတယ်။ ကျန်တဲ့ ပရိသတ်တွေကတော့ ဆရာကြီးကို လက်အုပ်ချီ ကန်တော့၊ ဆရာကြီးကလည်း ဆုမွန်ကောင်းတွေ ခြွေလို့ပေါ့။ ကျနော်ကတော့ “ရန်-ငါ စည်းပြတ်ရ မယ်” ဆိုတဲ့ စဉ်းစားချက်ကြီးဝင်လာပြီး နောက်ပြန် မလှည့်တော့ဘဲ ချူလာလောင်ကွန်း တက္ကသိုလ် ၀င်း ထဲကနေ ထွက်လာခဲ့ပါတယ်။

အဲဒီနေ့ကစပြီး ဆရာကြီးကို လူချင်းတွေ့လျက်နဲ့ မကန်တော့ဖြစ်လိုက်တဲ့ ကျနော်ဟာ ဒီဖြစ်စဉ်အပေါ် နေ့စဉ်လိုလို စဉ်းစားနေမိပါတယ်။ အထူးသဖြင့် ထောက်လှမ်းရေးမှူး ဗိုလ်မှူးကြီးကျော်သိန်းတို့လို ပုဂ္ဂိုလ်ကိုလက်ဆွဲနှုတ်ဆက်ပြီး ''အနန္တောအနန္တ ၅ ပါးထဲမှာပါတဲ့ ဆရာသမားတွေကို ဘာလို့နှုတ် မဆက် ရဲ၊ မကန်တော့ ရဲခဲ့တာလဲ” လို့ ကိုယ့်ဘာသာမေးခွန်းထုတ်နေမိပါတယ်။

တချိန်တည်းမှာပဲ သက်ကြီးးဝါကြီး ဆရာကြီးအပေါ် မထီမဲ့မြင် ပြုခဲ့မိလေသလားဆိုပြီးလည်း စဉ်းစား နေမိပါတယ်။ တခါ တက္ကသိုလ်မှာတုန်းက ဆရာကြီးဘက်က ကျနော်တို့လုပ်ရပ်ကို တားမြစ်တယ်ဆို တာကလည်း အစိုးရအကြိုက် လိုက်လုပ်တာမျိုးမဟုတ်ဘဲ လွန်လွန်ကျွံကျွံ မဖြစ်အောင် တာဝန်အရ ခေါ်ပြောရတာမျိုးရော မဖြစ်နိုင်ဘူးလားလို့ ပြန်စဉ်းစားနေမိပါတယ်။ ဒီလိုနဲ့ နောက်တခါ ဆရာကြီးနဲ့ တွေ့ရင်တော့ အရင်ကဖြစ်စဉ်တွေကို ပြန်ပြောပြပြီး အသေအချာ တောင်းပန်ကာ ထိုင်ကန်တော့မယ် လို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါပေမယ့် နောက်ကျသွားခဲ့ပါပြီ။ ဆရာ့ကို ကျနော် နောက်တကြိမ် ဘယ်တော့မှ ပြန်တွေ့ခွင့် မရနိုင် တော့ပါ။ ဘာကြောင့်လဲဆိုရင် အသက် ၇၂ နှစ်အရွယ် ဦးခင်မောင်တင့် ခေါ် စာရေးဆရာကြီး တက္က သိုလ်ဘုန်းနိုင်ဟာ ၂၀၀၂ ခုနှစ် မေလ ၁၀ ရက်နေ့က သံလျင်နေအိမ်မှာ ကွယ်လွန်သွားပြီဆိုတဲ့ သ တင်းကို မြန်မာ့အလင်းသတင်းစာ နာရေးမှာ်တွေ့လိုက်ရလို့ပါ။ တခါက သူ့တပည့်ဖြစ်ခဲ့ဖူးတဲ့ သူပုန် လူထွက်သတင်းထောက် ကျနော့်အဖြစ်ကို တမလွန်ဘ၀က ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် နားလည် ပေးနိုင်ပါစေလို့ ဆုတောင်းရုံမှတပါး ကျနော် ဘာများတတ်နိုင်ဦးမည်နည်း။     ။


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More